ချောက်နက်(၁)
Vol. 96 Ch. 954
ဆုံးဖြတ်ပြီးသည့်နောက်တွင်တော့ မည်သည့်အတွက် အချိန်ဆွဲနေတော့မည်နည်း။
သို့နှင့် ဤအခိုက်အတန့်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြသော ရေတပ်အုပ်စုကြီးသည် ပြင်စရာရှိသည်တို့ကို စတင်ပြင်ဆင်ကြတော့၏။
နှစ်ရက်အကြာတွင် ရေတပ်အုပ်စုကြီး ပင်လယ်ချောက်နက်ဆီသို့ စတင်ချီတက်ခဲ့ကြတော့သည်။
ပင်လယ်ချောက်နက်။
လူတို့၏ စိတ်နှလုံးကို ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုဟူသော ခံစားချက် နှစ်မျိုးလုံးကို ပေးစွမ်းနိုင်သော အမည်နာမတခု။
သူတို့အားလုံးအတွက် ဤခရီးသည် သမိုင်းတွင် ဥဒါန်းတခု တွင်သွားနိုင်သည် သို့မဟုတ် သူတို့အားလုံး ထာဝရပျောက်ဆုံးသွားနိုင်သည်။ မည်သို့ဆိုစေ စစ်သည်တိုင်းကား ရင်ဆိုင်ရမည့်တိုက်ပွဲအတွက် ကိုယ့်ကိုယ်ကို အသင့်ပြင်ဆင်ထားကြပြီးဟန်ဖြင့် တည်ကြည်လေးနက်နေကြ၏။
အံ့သြသင့်စရာကောင်းသည်မှာ စုချန်းပင်။ စုချန်းသည် မည်သို့သော စိုးရိမ်ပူပန်မှုမှ မရှိသည့်ဟန်ဖြင့် ကုချိန်းလွှာကို ပွေ့ဖက်ထားပြီး တီးတိုးစကားဆိုလျက်ရှိသည်။ သူ့ပုံစံမှာ သိပ်မကြာမီ တိုက်ပွဲကြီးတပွဲနှင့် ရင်ဆိုင်ရတော့မည်ကို မေ့နေသည်နှင့်ပင် တူနေသေး၏။
စုချန်း၏ အမူအရာကို ကြည့်ရင်း မည်သို့မှ မနေနိုင်တော့သည့် ဂျီဟန်းယင်က မေးလိုက်သည်။
"စုချန်း ရှင် ကိုယ့်ကိုယ်ကိုယ် ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား”
“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်လို့တော့လဲ ပြောလို့မရဘူးပေါ့လေ ဒါပေမယ့် ခင်ဗျားသာ အနာဂတ်ကို မြင်နိုင်မယ်ဆိုရင် ခင်ဗျားလည်း ကျုပ်လိုပဲနေလိမ့်မယ်”
စုချန်းက ပြန်ဖြေလိုက်လေသည်။
“အနာဂတ်ကို မြင်နိုင်တယ် ဟုတ်လား ဘာလဲ မူလအရိုးတောင်ဝှေးကိုသုံးပြီး ဒီစစ်ဆင်ရေးရဲ့ရလဒ်ကို ရှင် ခန့်မှန်းထားပြီးပြီပေါ့ ဟုတ်လား"
ယခုအချိန်တွင် မူလအရိုးတောင်ဝှေး စုချန်းလက်ထဲသို့ ရောက်နေခြင်းမှာ လျှို့ဝှက်ချက်တခု မဟုတ်တော့။ ထာဝရညပင် ဤအချက်ကို ခန့်မှန်းနိုင်ခဲ့လျှင် တခြားသူများလည်း ခန့်မှန်းနိုင်လိမ့်မည်သာ။
စုချန်း အားရပါးရ ရယ်မောလိုက်၏။
“ခင်ဗျား နောက်နေတာလား ဒီလောက်များတဲ့လူတွေအားလုံးရဲ့အနာဂတ်ကို ကျုပ် ဘယ်လိုလုပ်ခန့်မှန်းနိုင်ပါ့မလဲ ပြီးတော့ ဒါကိုခန့်မှန်းဖို့ မူလအရိုးတောင်ဝှေးကို သုံးနေစရာမှ မလိုတာပဲကို"
“ဒါဆို ဘယ်လိုများ ခန့်မှန်းလိုက်တာလဲ"
ဤတကြိမ်တွင်တော့ လူတိုင်းက ပြိုင်တူမေးလိုက်ကြ၏။
“ကျုပ်ရဲ့ ဉာဏ်ပညာ၊ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို သုံးပြီး ခန့်မှန်းလိုက်တာပေါ့ ဒါတွေက မူလအရိုးတောင်ဝှေးထက် ပိုပြီး ယုံကြည်စရာကောင်းတယ်လို့ ခင်ဗျားတို့ မထင်ဘူးလား”
“ဒါဆို သခင်လေးစု ဘာကိုများ မြင်ခဲ့သလဲ"
ဝက်မင်စတာက မေးလိုက်ခြင်းဖြစ်သည်။
စုချန်း ပြုံးလိုက်၏။
"အစီအစဉ်အတိုင်း အတားအဆီးမရှိ အေးအေးဆေးဆေး လုပ်ဆောင်နိုင်မယ့် စစ်ဆင်ရေးတခုကို ကျုပ် မြင်ခဲ့တယ်”
မကြာမီပင် ချောက်နက်သည် မျက်စိရှေ့သို့ တဖြည်းဖြည်း ရောက်ရှိလာ၏။
ထိုနေရာတွင် ကြီးမားလှသော ဝဲဂယက်ကြီးသည် အစဉ်အမြဲ လှည့်ပတ်နေပြီး ၎င်း၏ အောက်တွင်မှ ချောက်နက်ကတည်ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ချောက်နက်ကား သီးခြား နယ်မြေဒေသ တစ်ခုပင်တည်း။
ချောက်နက်နယ်မြေသည် သဘောတရားအရ ချောက်နက်၏ အစိတ်အပိုင်းဖြစ်သော်လည်း လက်တွေ့တွင်ကား ချောက်နက်နှင့် ၎င်းပတ်ပတ်လည်ရှိ နယ်မြေကြီးမှ လုံးဝခြားနားသော နေရာဌာနနှစ်မျိုးဟု ဆိုနိုင်သည်။
ရေတပ်အုပ်စုကြီး ချောက်နက်ဝင်ပေါက်သို့ ရောက်ရှိသည်နှင့် ခေါင်းဆောင်များ၏ အမိန့်သံများ ထွက်ပေါ်လာသည်။
“လှေတွေအားလုံး ရပ်မယ် ကျောက်မချဘူး ရေထဲကိုဆင်းဖို့ ပြင်ဆင်ကြ”
လှေများကို ကျောက်မချခြင်းမှ အလွယ်တကူ ထွက်ပြေးနိုင်ရန်ပင် ဖြစ်သည်။ လှေများပေါ်တွင် ကျန်နေရစ်မည့်အစောင့်စစ်သည်များသည် မည်သည့်အချိန်တွင်မဆို ဆုတ်ခွာနိုင်ရန် ပြင်ဆင်ထားရပေလိမ့်မည်။ ထိုမျှသာမကသေး လိုအပ်လာပါက သားရဲများကို အာရုံပြောင်းပေးရပေလိမ့်မည်။
သူတို့အနေနှင့် ချောက်နက်ထဲသို့ ဝင်ရောက်လိုလျင် ရေထဲသို့ သေချာပေါက် ဆင်းရပေလိမ့်မည်။
ဤကိစ္စမှာ ပင်လယ်လူသားများအတွက် အထူးတလည် ပြသနာမဟုတ်။
သို့သော် လူသားများအတွက်မူ ပြသနာရှိနေ၏။ ထို့ကြောင့် လူသားများကလည်း ကြိုတင်ပြင်ဆင်လာကြ၏။ ၎င်းမှာ နဂါးငါးပင် ဖြစ်သည်။
တချိန်က စုချန်းတီထွင်ခဲ့သော နဂါးငါး သွေးနီဥဆေးမင်သည် လူသားများကို ရေအောက်တွင် အသက်ရှူနိုင်စေသော စွမ်းရည်ကို ပေး၏။ နှစ်ပေါင်းများစွာကြာပြီးနောက် နဂါးငါးသွေးနီဥဆေးမင်သည် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ပညာရှင်များအတွက်သာ အသုံးဝင်၍ အချုပ်အနှောင်မဲ့ဂိုဏ်းမှ စွန့်ပစ်လိုက်သည်မှာ အချိန်တခုပင် ကြာသွားလေပြီ။ သို့သော် ဤစစ်ဆင်ရေးတွင်တော့ ဤဆေးမင်က နောက်တကြိမ် ပြန်လည် အသုံးဝင်လာတော့၏။
သို့သော် ရေတပ်အုပ်စုကြီးမှ စစ်သည်များ ရေးထွင်းထားသည့် နဂါးငါးသွေးနီဥဆေးမင်ကတော့ စုချန်း၏ လက်ရာမဟုတ်။ နှောင်းလူတို့ အထပ်ထပ် ပြုပြင်ထားသော လက်ရာသာ ဖြစ်သည်။
ခေါင်းဆောင်များ၏ အမိန့်ထွက်ပေါ်လာသည်နှင့် စစ်သည်တိုင်း ရေထဲသို့ ခုန်ဆင်းလိုက်လေရာ အဆက်မပြတ်လှည့်ပတ်နေသော ဝဲဂယက်အတွင်းသို့ တဦးပြီးတဦး နစ်ဝင်ကုန်ကြလေသည်။ အချိန်အတော်ကြာပြီးနောက် လှည့်ပတ်မှုသည် တဖြည်းဖြည်းနှင့် ရပ်တန့်သွား၏။
လူတိုင်း မျက်လုံးများ ဖွင့်ကြည့်လိုက်ကြလေရာ ၎င်းတို့ပတ်ဝန်းကျင်ရှိ ရေပြင်သည် လှိုင်းကြက်ခွပ်မျှပင် မရှိပဲ ငြိမ်သက်နေကြောင်း တွေ့လိုက်ရသည်။ ရေမှာလည်း အောက်ခြေကို ဖောက်မြင်နေရလောက်အောင်ပင် ကြည်လင်နေ၏။ စစ်သည်တိုင်း မြင်ကွင်းကိုကြည့်ရင်း အတော်လေး အံ့သြသင့်သွားကြသည်မှာ အမှန်ပင်။
ထိုအချိန်တွင် ပင်လယ်လူသားများသည် ပါးစပ်အဟောင်းသားဖြစ်နေကြသော လူသားစစ်သည်များကို ၎င်းတို့နောက်မှ လိုက်ပါလာရန် လက်ဟန်ခြေဟန်ပြကာ ရေမျက်နှာပြင်ဆီသို့ ကူးခတ်သွားကြ၏။
ချောက်နက်သည် တားမြစ်နယ်မြေပင်ဖြစ်သော်လည်း ပင်လယ်လူသားများအတွက်တော့ အကျွမ်းတဝင်ရှိသော နေရာပင် မဟုတ်ပါလော။
ထိုအခါ လူသားစစ်သည်များလည်း ပင်လယ်လူသားများ၏ နောက်မှ ထပ်ချပ်မကွာပင် လိုက်ပါသွားကြ၏။ သို့နှင့် စက္ကန့်ပိုင်းအတွင်းမှာပင် လူတိုင်း ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာကြသည်။
ဤနေရာရှိ ကောင်းကင်သည် အပြာရောင်တောက်ပနေပြီး ရေပြင်သည် ပကတိအတိုင်း ငြိမ်သက်နေ၏။ သူတို့အားလုံး ပင်လယ်ထဲတွင်မဟုတ်ပဲ ရေကန်တကန်အတွင်း ရောက်နေသလားဟုပင် မှတ်ထင်ရသည်။
“ဘယ်လောက်တောင် လှပပြီး ငြိမ်းချမ်းလိုက်သလဲဆိုတာကွာ"
“အံ့သြစရာမရှိပါဘူးကွာ ဒါက သီးခြားလေဟာနယ်တခုလို ဖြစ်နေတာကိုး ဒါကြောင့် တိတ်ဆိတ်ငြိမ်းချမ်းနေပြီး ကောင်းကင်ကလည်း အမြဲ ဒီအရောင်ပဲ ရှိနေတာပေါ့ ဒါပေမဲ့ ဒီလိုနေရာမှာ နှစ်ပေါင်းတသောင်းလောက် နေလိုက်ရရင်တော့ ခင်ဗျားတို့ရဲ့ ခံစားချက် ပြောင်းသွားမှာ သေချာတယ်”
ကြိုတင်လေ့လာထားဟန်တူသူတဦးက ရှင်းပြလိုက်သည်။
“ရှူး”
ပင်လယ်လူသားတဦးက လူတိုင်းကို တိတ်တိတ်နေရန် အချက်ပြလိုက်၏။
ထိုအချိန်မှာပင် အဝေးတနေရာဆီမှ လှိုင်းလုံးကြီးတလုံး ရိုက်ခတ်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
ထို့နောက် သူတို့ပတ်ဝန်းကျင်မှ ရေများသည် ရုတ်တရက်ဆိုသလို ကောင်းကင်သို့ ထိုးတက်သွား၏။ စစ်သည်တိုင်းသည်လည်း ရေစီးကြောင်းနှင့်အတူ ကောင်းကင်သို့ မြောက်တက်ကုန်ကြသည်။
တဖန် ကောင်းကင်သို့ ထိုးတက်လာသော ရေတံတိုင်းကြီးသည် အောက်သို့ပြန်လည် ပြုတ်ကျသွားပြန်၏။ သို့သော် စစ်သည်များကား လေထဲမှာပင် တွဲလောင်းချိတ်လျက် ကျန်နေရစ်ကြလေသည်။
ထို့ပြင် ဘယ်ကနေရောက်လာမှန်းမသိသော ကြီးမားလှသည့်သတ္တဝါကြီးတကောင်သည်လည်း လေထဲတွင် ကျန်နေရစ်၏။ ဤသတ္တဝါသည် မည်သည့်အမျိုးအစားမှန်း ရှင်းပြရန်ပင် ခက်လှ၏။ ၎င်း၏ ခန္ဓာကိုယ်သည် အဖြူရောင် ဘောလုံးကဲ့သို့ လုံးဝန်းပြည့်ဖြိုးနေပြီး မျက်လုံးမရှိပဲ ပါးစပ်ပေါက်တပေါက်ကိုသာ အတိုင်းသား မြင်တွေ့နေရသည်။
ထိုပါးစပ်သည် အံ့သြစရာကောင်းလောက်အောင် ၎င်း၏ ဘောလုံးပုံက်ိုယ်လုံးတွင် လွတ်လွတ်လပ်လပ်ပင် လှည့်လည်သွားလျက်ရှိ၏။ ထိုဘောလုံး သူတို့ဘက်သို့ မျောပါလာသည်ကို ကြည့်ရင်း စစ်သည်တိုင်း တုန်လှုပ်ကုန်ကြလေသည်။
ထိုအချိန်တွင် ပင်လယ်လူသားများနှင့် လူသားစစ်သည်များ ချောက်နက်ထဲသို့ တဖွဲဖွဲ ဝင်ရောင်လာကြပြီ ဖြစ်သည်။
ထိုသတ္တဝါကို မြင်သည်နှင့် တချို့က အထိတ်တလန့်ပင် ထအော်ကြတော့၏။
“မကောင်းတော့ဘူးဟေ့ ဒါ ကောင်းကင်ဝါးမြိုပိုးပျံကောင်ပဲ ဒီကောင်ကြီးက ဆွဲငင်အားကို ထိန်းချုပ်နိုင်စွမ်းရှိလို့ ရင်ဆိုင်ရအလွန်ခက်တယ်”
ထိုအချိန်မှာပင် တစုံတဦးက မေးလိုက်၏။
“ဒါဆို ဒီကောင်ကြီးက ဆွဲငင်အားကို ဒေါင်လိုက်ပုံစံရော ပြောင်းပစ်နိုင်သလား”
“ပြောင်းနိုင်တယ်"
ထိုအချိန်မှာပင် စစ်သည်တိုင်း ရုတ်တရက် ဟန်ချက်ပျက်ကုန်ကြ၏။ သို့သော် ဤတစ်ကြိမ် ဆွဲငင်အားက အပေါ်မှ လာခြင်းမဟုတ်ပဲ ဘေးဘက်မှ လာနေခြင်း ဖြစ်သည်။
တနည်းအားဖြင့် ကောင်းကင်ဝါးမြိုပိုးပျံကောင်ရှိရာ အရပ်ဆီမှ လာနေသော ဆွဲအားပင် ဖြစ်သည်။
ကြည့်နေရင်းနှင့်ပင် စစ်သည်များသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ ကောင်းကင်ဝါးမြိုပိုးပျံကောင်ဆီသို့ ဆွဲယူခြင်းခံကြရတော့၏။ ထိုအချိန်တွင် ပိုးပျံကောင်သည် သူ့ပါးစပ်ကို ဖြည်းညှင်းစွာ စဖွင့်လိုက်ကြောင်း လူတိုင်း မြင်လိုက်ရသည်။
ထိုအသားလုံးပိုင်ဆိုင်ထားသည့် တခုတည်းသော အင်္ဂါ သို့မဟုတ် ပါးစပ်ကြီး။
ပါးစပ်သည် ပို၍ပို၍ ကျယ်လာ၏။ မကြာမီပင် ၎င်းသည် ဘောလုံးတခုလုံး၏ မျက်နှာပြင်အားလုံးကို ဖုံးအုပ်သွားတော့သည်။
ထိုအခါကျမှ ကောင်းကင်ဝါးမြိုပိုးပျံကောင်ဟူသည် လေပေါ်တွင် မျောနေသော ဧရာမပါးစပ်ကြီးမှန်း စစ်သည်တိုင်း သဘောပေါက်သွားကြ၏။
“အား”
လူတိုင်း ကြောက်လန့်တကြား အော်ဟစ်ပြီး ဆွဲငင်အား၏ သက်ရောက်မှုကို ခုခံရန် အပြင်းအထန် ကြိုးစားကြလေသည်။
သို့နှင့် လူတိုင်း ခြေထောက်နှင့်ကြမ်းပြင် ထိမိသည့်အချိန်မှာပင် ဆွဲငင်အားသည် ရုတ်တရက်ဆိုသလို သုံးဆ အထိ ခုန်တက်သွားပြန်၏။
ထိုအခါ စစ်သည်များကလည်း ဆွဲငင်အားကို ခုခံရန် အပြင်းအထန် ထပ်မံကြိုးစားကြပြန်၏။ သို့သော် ဆွဲငင်အားသည် ဆက်လက်တိုးလာနေလေသည်။
ဆယ်ဆ။ ထို့နောက် အဆနှစ်ဆယ်။
အခြေအနေမှာ မဟန်လှတော့။ ကြောက်မက်ဖွယ်ဆွဲငင်အားကြောင့် လူတိုင်း ပိုးပျံကောင်၏အစာဖြစ်တော့မည့်အခြေအနေနှင့် ကြုံနေရလေပြီ။
ထိုအချိန်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံတချက်ထွက်ပေါ်လာပြီး ဆွဲငင်အားမှာ ရုတ်တရက်ပျောက်ကွယ်သွား၏။
တကယ်တော့ ပေါက်ကွဲသံသည် လျှပ်စီးကြောင်း မပါသည့် မိုးခြိမ်းသံသက်သက်သာ ဖြစ်သည်။
သို့တိုင် ဤပေါက်ကွဲသံမျှနှင့်ပင် ကောင်းကင်ဝါးမြိုပိုးပျံကောင်၏ ပါးစပ်ကို ပိတ်သွားစေ၏။
ထို့နောက် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ကောင်းကင်ဝါးမြိုပိုးပျံကောင် ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားတော့သည်။
နောက်ဆုံးတော့ ပိုးပျံကောင်အား တိုက်ခိုက်လိုက်သူ မည်သူမည်ဝါမှန်း လူတိုင်း မြင်တွေ့လိုက်ရ၏။ ထိုလူမှာ စုချန်းမှန်း မေးခွန်းထုတ်နေစရာပင် မလိုတော့ချေ။
“မင်းက ပြေးချင်နေတာလား”
စုချန်း နှာခေါင်းတချက်ရှုံ့ရင်း ပိုးပျံကောင်နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုအချိန်မှာပင် မမျှော်လင့်ပဲ ဖြစ်ရပ်တခု ဖြစ်ပေါ်လာပြန်၏။ ၎င်းမှာ အားကောင်းသည့် ဆွဲငင်အားတရပ်ကို သူ့ကို နေရာမှာပင် ဆွဲငင်ထားသကဲ့သို့ စုချန်း ခံစားလိုက်ရခြင်းပင်။
ထို့မျှသာမကသေး သူ့ပတ်ဝန်းကျင်ရှိ စစ်သည်များသည်လည်း သူ့ဆီသို့ ဦးတည်ရွေ့လျားလာကြ၏။
ဤတစ်ကြိမ်တွင် ပိုးပျံကောင်က စုချန်းကို တနေရာတည်းတွင် ပိတ်မိနေစေရန် ဆွဲငင်အားတမျိုးကို သုံးထားပြီး ကျန်စစ်သည်များကို ဆွဲငင်ရန် စုချန်းကို ဆွဲငင်အား၏ ဗဟိုချက်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည့်သဘောပင်။ သူ လွတ်လွတ်လပ်လပ် ထွက်ပြေးနိုင်ရန် စုချန်းကို ဒုက္ခပြန်ပေးခဲ့သည် ပိုးပျံကောင်၏ လှည့်ကွက်ပင် ဖြစ်သည်။
ဤသို့နှင့် သောင်းနှင့်ချီသော စစ်သည်များသည် စုချန်းဆီသို့ ဆွဲငင်ခံနေရပြီး စုချန်းကိုယ်တိုင်မှာလည်း ထိုနေရာမှ ရွေ့လျားနိုင်ခြင်းမရှိတော့။ ဆွဲငင်အား နယ်ပယ်နှစ်ခုကို မတူညီသော လမ်းကြောင်းတွင် ထားရှိထားခြင်းမှာ ပိုးပျံကောင်၏ ပြောင်မြောက်လှသော အကွက်ဟုပင် ဆိုရပေတော့မည်။
ထိုအခါ စုချန်းက စွမ်းအင်အကာအကွယ်တခုကို ဖွဲ့စည်းပြီး စစ်သည်များ သူ့ကိုဝင်မတိုက်မိစေရန် ကာကွယ်ထားလိုက်ရသည်။
အချိန်အတော်ကြာမှ ဆွဲငင်အားများ အလိုအလျောက် ပျောက်ကွယ်သွားပြီး လူတိုင်း ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ကြ၏။
သို့သော် မလှမ်းမကမ်းရှိ ရေပြင်တွင် လှိုင်းဂယက်ထလာပြန်သည်။
ထို့နောက် ကြီးမားသော သားရဲကြီးတကောင် ရေမျက်နှာပြင်မှ ထပ်မံထွက်ပေါ်လာပြန်၏။