← Chapters

ချောက်နက် (၂)

Vol. 96 Ch. 955

ချောက်နက် (၂)

Vol. 96 Ch. 955

ရေမျက်နှာပြင်အောက်မှ ထွက်ပေါ်လာသည်မှာ ပန်းကြီးတပွင့် ဖြစ်သည်။ ထိုပန်းသည် တောင်ကြီးတလုံးစာမျှပင် ကြီးမားပြီး ရေအောက်မှ တဖြည်းဖြည်း မြင့်တက်လာနေ၏။ ပန်း၏ပွင့်ချပ်များသည်လည်း ကြည့်နေရင်းနှင့်ပင် ပွင့်အန်လာ၏။ ထိုပန်းကြီး အထက်ပါအတိုင်း ပွင့်လန်းလာသည်ကို ကြည့်ရင်း စစ်သည်များ၏ အမြင်အာရုံသည် ဝေဝါးလာ၏။ ထို့နောက် သူတို့အားလုံး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ ပန်းကြီးရှိရာသို့ တရွေ့ရွေ့ချည်းကပ်ကုန်ကြတော့သည်။

"ပန်းကို မကြည့်ကြနဲ့"

စုချန်း၏ ကျယ်လောင်သော အော်သံ ထွက်ပေါ်လာ၏။

သူ့စိတ်ဝိညာဥ်စွမ်းအားမှာ မြင့်မားလှ​ပေရာ ထ်ိုပန်းကြီး ဖမ်းစားညှို့ငင်သည့် နည်းစနစ်တရပ်ကို အသုံးပြုနေကြောင်း စုချန်း ချက်ချင်း သဘောပေါက်လိုက်သည်။ သို့သော် ပန်းကြီး အသုံးပြုသည့် နည်းစနစ်၏ အကျိုးသက်ရောက်မှုက အံ့မခန်းဖြစ်ကြောင်းကိုတော့ စုချန်း ဝန်ခံရပေလိမ့်မည်။

စုချန်း၏ အော်သံသည် စစ်သည်များအပေါ် ခေတ္တမျှသာ လွှမ်းမ်ိုးနိုင်ပုံရ၏။ သိပ်မကြာမီ ရှေးနည်းအတိုင်း စစ်သည်များ ပန်းကြီးရှိရာသို့ ဆက်လက်ချည်းကပ်ကုန်ကြပြန်သည်။

၎င်းကိုကြည့်ရင်း စုချန်း နှာခေါင်းတချက်ရှုံလိုက်သည်။

"ကောင်းပြီ​လေ ဒီလိုဆိုရင်လဲ ငါ့အကြောင်းပြရသေးတာပေါ့"

ထို့နောက် သူက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ လေထဲတွင် လျှပ်စီးများ ဖြတ်ဖြတ်လက်လာ၏။ လျပ်စီးကွပ်မျက်ခြင်းနည်းစနစ်ကို စုချန်း ဖော်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။

စက္ကန့်ပိုင်းမျှအကြာတွင် များပြားလှသော လျှပ်စီးစွမ်းအင်များ စုချန်း၏လက်ထဲတွင် စုဝေးလာပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ တဖန် စုချန်းသည် လျပ်စီးလှိုင်းကြီးကို ပြင်းထန်စွာ ဖိသိပ်ပြီး နဂါးတကောင်အဖြစ် ပုံသွင်းယူလိုက်၏။

ထို့နောက် သူက လျှပ်စီးနဂါးကို ပန်းပွင့်ကြီးဆီသို့ ပစ်လွှတ်လိုက်တော့သည်။

"သွားစမ်း"

လျှပ်စီးနဂါးသည် လေကိုခွင်းပြီး ပန်း၏ ဗဟိုချက်ကို အရှိန်အဟုန်ဖြင့် တိုးဝင်သွား၏။

ထိုအချိန်တွင် ဖျားယောင်းသွေးဆောင်ခံနေရသည့် စစ်သည်များသည် ပန်းကြီးနှင့် အတော်လေးနီးကပ်သော အကွာအဝေးသို့ပင် ရောက်နေခဲ့လေပြီ။ ပန်းပွင့်ကြီး ပါးစပ်ကိုဟလိုက်တိုင်း ၎င်း၏ပွင့်ချပ်များမှာ တကယ့် ပွင့်ချပ်များမဟုတ်ပဲ အဆက်မပြတ် လည်ပတ်နေသော ဓားသွားများ ဖြစ်ကြောင်း မြင်တွေ့နေရ၏။

တဝီးဝီး လှည့်ပတ်နေသောဓားသွားများကား စစ်သည်တိုင်းကို အပိုင်းပိုင်းခုတ်ဖြတ်ရန် အသင့်ရှိနေခဲ့လေပြီ။

ထိုအခိုက်အတန့်မှာပင် လျှပ်စီးနဂါးသည် ပန်း၏ ပွင့်ချပ်ဓားသွားများကို တိုက်ရိုက် ဝင်တိုက်မိတော့၏။

ဝုန်း!!!

နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အားကောင်းလှသော တုန်ခါမှုကြောင့် စစ်သည်များ နောက်သို့ လွင့်စင်ကုန်ကြသည်။ တချိန်တည်းမှာပင် အဆိုပါ နတ်ဆိုးပန်းကြီးသည် နာနာကျည်းကျည်း အော်သံ ထွက်ပေါ်လာ၏။

သိပ်မကြာမီ အလင်းရောင်များ ​ပျောက်ကွယ်သွား​၏။ ပန်းကြီး၏ အစိတ်အပိုင်းအများစုကား မီးလောင်ကျွမ်းသွားလေပြီ။ ပန်း၏ ဗဟိုတွင် ပင့်ကူခေါင်းကြီးကို အတိုင်းသား မြင်တွေ့နေရပးသည်။ ခရမ်းနက်ရောင် အရည်များ တဝေါဝေါ စီးကျနေ၏။ ထိုပင့်ကူသည် စုချန်းကိုကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

သို့သော် ပြင်းထန်လှသောဒဏ်ရာကြောင့် ပင့်ကူကြီး၏ ဖျားယောင်းသွေးဆောင်နိုင်သည့် စွမ်းရည် ဆုံးရှုံးသွားခဲ့လေပြီ။

"မှတ်ပြီလား"

စုချန်း အားရပါးရ ရယ်မောလိုက်၏။

စုချန်း၏ လျှပ်စီးဖြင့်ကွပ်မျက်ခြင်းနည်းစနစ်ကား ကြောက်စရာကောင်းလှသည်မှာ အမှန်ပင်။ နတ်ဆိုးဧကရာဇ်သားရဲတကောင်ကို တချီတည်းနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေသည်ကို ကြည့်လျင် ဤနည်းစနစ်၏ အစွမ်းကို မြင်သာနေသည်။

နာကျင်စွာ အော်ဟစ်နေသော ပင့်ကူကြီးကိုကြည့်ရင်း စစ်သည်များ အကြီးအကျယ် စိတ်ဓာတ်တက်ကြွကုန်ကြ၏။ သူတို့သည်လည်း တချိန်ချိန်တွင် ဤနည်းစနစ်ကို သင်ယူခွင့်ရပြီး ဂိုဏ်းချုပ်ကြီး၏ အဆင့်အတန်းသို့ ရောက်ရှိသွားနိုင်သည် မဟုတ်ပါလား။

ဤအချက်သည်ပင် အချုပ်အနှောင်မဲ့ဂိုဏ်း၏ အဓိကရည်မှန်းချက်ဖြစ်သည်။ စုချန်းအနေနှင့် သူ့အသိပညာအားလုံးကို သူ့တပည့်များထံသို့ လက်ဆင့်ကမ်းသွားမည်သာ။ ဤနည်းအားဖြင့် အချုပ်အနှောင်မဲ့ဂိုဏ်း၏ အင်အားသည်လည်း တရိပ်ရိပ် မြင့်မားလာပေလိမ့်မည်။

ထိုပင့်ကူသည် စူးစူးဝါးဝါး အော်ဟစ်ရင်း စုချန်းဆီသို့ ဒေါသတကြီး ပြေးဝင်လာ၏။ သို့သော် ၎င်း၏ ဖမ်းစားနိုင်စွမ်းများ မရှိတော့၍ စစ်သည်များက အလွယ်တကူပင် ကြားဖြတ်ဟန့်တားလိုက်ကြသည်။

ဤမျှဆိုလျင် လုံလောက်ပေပြီ။ သောင်းနှင့်ချီသော စစ်သည်များက ဤသားရဲတကောင်တည်းကို မနိုင်စရာအကြောင်းမရှိ။

စုချန်း၏ အဓိက တာဝန်ကလည်း ထူးထူးခြားခြား အနှောင့်အယှက်ပေးနေသော အခြေအနေများ ကို ကိုင်တွယ်ဖြေရှင်းရန်မျှသာ ဖြစ်သည်။ ကျန်အခြေအနေများကိုမူ တပ်ပေါင်းစု၏ စစ်သည်များက ဆက်လက်တာဝန်ယူပေလိမ့်မည်။

ထောင်ပေါင်းများစွာသော မူလစွမ်းရည်များနှင့် ဝိုင်းဝန်းတိုက်ခိုက်ခံရခြင်းကြောင့် ပင့်ကူကြီးသည် နာကျင်စွာ အော်ဟစ်ရင်း နောက်လှည့်ထွက်ပြေးရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုအချိန်မှာပင် အသံတသံ ထွက်ပေါ်လာသည်။

"မင်းကဘယ်ပြေးမလို့လဲ"

ထို့နောက် ကောင်းကင်ယံမှ ကြီးမားသော လက်တဖက်က ပင့်ကူကြီးကို ရိုက်ချလိုက်၏။ ကျုံးကျန်းကျွန်၏ ချိန်သားကိုက် လှုပ်ရှားမှုပေတည်း။

သို့သော် ထိုအချိန်မှာပင် ရေပြင်ကြီး သွက်သွက်ခါလှုပ်ရှားသွားပြီး နောက်ထပ် နတ်ဆိုးဧကရာဇ်သုံးကောင်​ ပေါ်ပေါက်လာပြန်၏။ ဤသည်မှာလည်း သိပ်တော့မဆန်းလှ။

ချောက်နက်ဟူသည် သားရဲမဟာဧကရာဇ်များ၏ နယ်မြေပင်ဖြစ်လေရာ သားရဲများအနေနှင့် အချိန်မရွေး ပေါ်ပေါက်လာနိုင်၏။

တကယ်လည်း တိုက်ပွဲမှ ဆူဆူညံညံအသံများကြောင့် သားရဲမဟာဧကရာဇ်များ တကောင်ပြီးတကောင် ထိုနေရာသို့ ရော​က်ရှိလာ၏။ ပတ်ဝန်းကျင်ရှိ ဖိအားမှာလည်း မြင့်သည်ထက်မြင့်လာလေရာ လူတိုင်း၏ ရင်ထဲတွင် အလိုလို ထိတ်လန့်တုန်လှုပ်ကုန်ကြလေသည်။

အချိန်ကျပြီမှန်း စုချန်း ချက်ချင်းသဘောပေါက်လိုက်သည်။

"ချိန်းလွှာ ခုလာခဲ့တော့"

စုချန်း၏အသံကိုကြားသည်နှင့် ကုချိန်းလွှာ လေထဲသို့ ချက်ချင်းပင် ပျံတက်လာ၏။ ထို့နောက် ချစ်သူနှစ်ဦးသည် တယောက်လက်ကို တယောက်ဆုပ်ကိုင်ပြီး ကြည်နူးစွာ ပြုံးပြလိုက်ကြသည်။

ထိုအချိန်တွင် ပင့်ကူကြီးသည် ယခုတိုင် မသေသေးပဲ စစ်သည်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို အလူးအလဲပင် ခံစားနေရ၏။ သူ့လူများ အခြေအနေကောင်းကြောင်း သေချာသည်နှင့် စုချန်းတို့နှစ်ယောက်သည် တိုက်ပွဲကို နောက်တကြိမ် ပြန်မကြည့်တော့ပဲ သားရဲမဟာဧကရာဇ်အများအပြား စုဝေးနေသည့် နေရာကို ဦးတည်ပျံသန်းလိုက်ကြသည်။ ထိုနေရာတွင် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု သေချာပေါက်ရှိနေပေလိမ့်မည်။

စုချန်းတို့နှစ်ယော​က်ကို မြင်သည်နှင့် သားရဲမဟာဧကရာဇ်များက ဝိုင်းဝန်းတိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြ၏။ ထိုအချိန်မှာပင် ကုချိန်းလွှာက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး တောက်ပခြင်းနဂါးသွေးဗီဇကို နှိုးဆွလိုက်လေသည်။

သွေးဗီဇသန့်စင်မှု ၆၀ရာခိုင်နှုန်းအဆင့်နှင့် နှိုးဆွလိုက်ခြင်းဖြစ်လေရာ သူမ၏နောက်ကျောမှ တောက်ပခြင်းနဂါးပုံရိပ်သည် ရုပ်ပိုင်းဆိုင်ရာအရ အပြည့်အဝနီးပါးပင် ထွက်ပေါ်လာ၏။ တိမ်ထုများကို ဖြတ်သန်းသွားလာနေသော နဂါးကြီး၏ ခြေသည်းများသည် မဟာပထဝီမြေထုကြီးကို ကုတ်ခြစ်ဆွဲဖြဲလိုက်ရာ ထိုဧရိယာအတွင်းရှိ သားရဲအတော်များများ အသက်ပျောက်သွားကြသည်။

၆၀ရာခိုင်နှုန်းတည်းဟူသော သွေးဗီဇသန့်စင်မှုသည် သားရဲမဟာဧကရာဇ်များကိုပင် သွေးပျက်သွားစေ၏။ မူလသားရဲ တောက်ပခြင်းနဂါး၏ အရှိန်အဝါမှာကား ကြောက်စရာကောင်းလှချေသည်တကား။

ထိုအချိန်မှာပင် စုချန်းကလည်း စတင်လှုပ်ရှားလိုက်၏။ သူသည် ချက်ချင်းပင် မူလပုံစံငွေပြားငယ်တခုကို ထုတ်ယူပြီး ရေထဲသို့ ပစ်ချလိုက်သည်။ အဆိုပါငွေပြားသည် ရေအောက်သို့ အလွန်လျင်မြန်စွာပင် နစ်မြုပ်ပျောက်ကွယ်သွား၏။

ဤမူလပုံစံငွေပြားကား နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို စူးစမ်းလေ့လာရန် ဒာထူးဖန်တီးထားခြင်း ဖြစ်သည်။ ငွေပြားသည် ဧရိယာအတွင်းရှိ လှိုင်းကြိမ်နှုန်းအပြောင်းအလဲများကို ရှာဖွေထောက်လှမ်းပြီး မှတ်တမ်းတင်ကာ စုချန်းထံသို့ အချက်အလက်များ ပြန်လည်ပေးပို့ပေလိမ့်မည်။ ဤနည်းအားဖြင့် အရေးပါသော အချက်အလက်များကို ရရှိလာမည်ဖြစ်သည်။

စစ်ဆင်ရေး၏ အဓိက ရည်မှန်းချက်ကား ပြီးမြောက်သွားပေပြီ။

ထို့​နောက် စုချန်းက ကုချိန်းလွှာဘက်သို့ လှည့်ကြည့်လိုက်၏။ ကုချိန်းလွှာကား ယခုတိုင် အခြေအနေကောင်းနေဆဲပင်။ ထိုအခါ သူက​ မေးလိုက်၏။

"အဆင်ပြေရဲ့လားချိန်းလွှာ"

"ပြေပါတယ်"

"ဒါဆိုလဲ ကျုပ်ကို အချိန်နည်းနည်းလောက် ဆွဲပေးထားအုံး"

ထို့နောက် စုချန်းက ချိတ်ပိတ်ထားသော သလင်းခဲတခုကို ထုတ်ယူပြီး၊ လက်ဖြင့် အမှတ်အသားတချို့ ပြုလုပ်လိုက်၏။

မည်သို့ဆိုစေ သားရဲမဟာဧကရာဇ်များ၏ တုန်လှုပ်ချောက်ချားဖွယ်ရာ ခွန်အားက ကုချိန်းလွှာအပေါ် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်မှာ အမှန်ပင်။ သို့သော် သူမ လုပ်နိုင်သည်မှာ ဘာမှမရှိ။ တောက်ပခြင်းနဂါးသွေးဗီဇကို ဖော်ထုတ်ထားရင်း အတိုင်းသား အချိန်ဆွဲထားရန်သာ ရှိ၏။

သူ့တွင် အချိန်များများစားစား မရှိတော့မှန်း စုချန်း သဘောပေါက်လိုက်လေသည်။

ထိုအခါ သူသည် သားရဲအုပ်ကို တပတ်လှည့်ကြည့်ပြီး သင့်လျော်ဆုံးသော ပစ်မှတ် ကို ရွေးချယ်လိုက်၏။

"ခနလေးတောင့်ထားအုံးချိန်းလွှာရေ"

စုချန်း အထက်ပါအတိုင်း အော်ဟစ်လိုက်ပြီး ပစ်မှတ်ဆီသို့ ခုန်ဝင်လိုက်၏။

သူ့ပစ်မှတ်မှာကား ဧရာမ ငါးမန်းကြီးတကောင်ပင် ဖြစ်သည်။ ၎င်း၏ ကိုယ်ခန္ဓာသည် သင်ဓုန်းဓားကဲ့သို့ ထက်မြက်သော ဆူးချွန်များ ဖြင့် ဖုံးလွှမ်းနေလေရာ ကြောက်မက်ဖွယ်ပုံစံ ပေါ်လွင်နေ၏။

ပစ်မှတ်ဆီသို့ ခုန်ဝင်ရင်း စုချန်းတယောက် လေထဲမှာပင် စီးဆင်းရွှေဓားကို ဆွဲထုတ်လို​က်သည်။ တန်ဖိုးကြီးသတ္တုအမြောက်အမြားကျွေးမွေးထားပြီး အာကင်နာနည်းစနစ်များကိုပါ ပေါင်းစပ်ထားလေရာ စီးဆင်းရွှေဓားမှာ နတ်ဘုရင်းအဆင့်ဓားတလက်ပင် ဖြစ်နေခဲ့လေပြီ။

စီးဆင်းနေသောရွှေဓားသည် လေဟုန်ကို ထိုးခွင်းသွားပြီး ငါးမန်း၏ ခေါင်းကို စိုက်ဝင်သွား၏။

ငါးမန်းကြီး နာကျင်စွာ အော်ဟစ်လိုက်လေသည်။ တောက်ပခြင်းနဂါး၏ အရှိန်အဝါကြောင့် ကြောက်လန့်နေသည့်တိုင်အောင် အသားနာသွားခြင်းကြောင့် သားရဲမဟာဧကရာဇ်ပီပီ ငါးမန်းကြီး ဒေါသထွက်သွား၏။ ထို့နောက် ၎င်း၏ ကျောပေါ်ရှိ ဆူးချွန်များကို စုစည်းပြီး စုချန်းကို ရန်ပြုလိုက်လေသည်။

သို့သော် မျက်စေ့တမှိတ်အတွင်း စုချန်း ငါးမန်း၏ ​ကျောပေါ်တွင် ပြန်ပေါ်လာလေသည်။ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းပင်တည်း။

တဖန် သူသည် သူ့လက်ထဲမှ သလင်းကို ငါးမန်း၏ ဒဏ်ရာထဲသို့ နက်ရှိုင်းစွာ ထိုးထည့်လိုက်ပြီး ဒဏ်ရာပြန်ပိတ်သွားစေရန် အနာကျက်စေသည့် မူလစွမ်းရည်တမျိုးကို သုံးကာ နောက်သို့ ပြန်လည်ခုန်ထွက်လိုက်၏။ ထို့နောက် သူ စက္ကန့်ပိုင်းအတွင်း ကုချိန်းလွှာ၏ ဘေးသို့ ပြန်လည်ရောက်ရှိသွားလေသည်။

"အဆင်ပြေရဲ့လား"

ကုချိန်းလွှာ၏ မေးခွန်း ဖြစ်သည်။

"အောင်မြင်တယ်"

စုချန်းက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

"ဒါဆို ပြန်ကြစို့"

ကုချိန်းလွှာက အားနည်းလာသောအသံနှင့် ပြောလိုက်သည်။ ထိုအချိန်တွင် သူမ၏ မျက်နှာမှာလည်း သိသိသာသာပင် ဖြူလျော်နေခဲ့လေပြီ။

ကုချိန်းလွှာတယောက် ဆက်လက်တောင့်မခံနိုင်တော့ကြောင်း ထင်ရှားနေ၏။ သူမ၏ ပတ်ပတ်လည်တွင် သားရဲမဟာဧကရာဇ် အကောင်တရာနီးပါးပင် စုဝေးနေလေရာ အတိုင်းအတာတခုထိ အချိန်ဆွဲနိုင်ရုံနှင့်ပင် သူမကို များစွာ ချီးကျူးဖွယ်ရာ ဖြစ်နေခဲ့လေပြီ။

စုချန်းက ခေါင်းတချက်ညိတ်ပြီး ကုချိန်းလွှာ၏ လက်က်ို လှမ်းဆွဲလိုက်၏။

ထိုအချိန်မှာပင် တောက်ပခြင်းနဂါး၏ဖိအားမှ လွတ်မြောက်သွားသော သားရဲကြီးများသည် ချက်ချင်းပင် ဧရာမလှိုင်းလုံးကြီးများကို ဖန်တီးပြီး စတင်တိုက်ခိုက်လိုက်ကြသည်။

ဤလှိုင်းလုံးကြီးများ၏ ဖျက်ဆီးနိုင်စွမ်းကား ထိတ်လန့်စရာကောင်းလှသည်။ လမ်းကြောင်းတလျှောက်ရှိ မည်သည့်အရာကိုမဆို နင်းချေဖျက်ဆီးသွားမည့်ဟန် ပေါ်နေ၏။

သို့သော် စုချန်းနှင့်ကုချိန်းလွှာတို့ကား ပျောက်ကွယ်သွားကြလေပြီ။

ထိုအချိန်တွင် စစ်သည်အုပ်စုသည်လည်း ပင့်ကူကြီးကို အပြီးတိုင် ချေမှုန်းထားပြီး ဖြစ်သည်။

စုချန်းသည် လေထဲမှ ဖြတ်ခနဲ ပေါ်ထွက်လာ၏။ သူ့ပုံစံမှာ အခြေမဟန်လှပဲ လဲကျလုလုအနေအထားတွင် ရှိနေ၏။

အနီးတွင် အသင့်ရှိနေသော လီကုံးရှန်ကပင် စုချန်းကို အချိန်မီ ဖေးမလိုက်ရသည်။

"ဂိုဏ်းချုပ်ကြီး"

"စစ်ဆင်ရေး အောင်မြင်ပြီ ကျုပ်တို့ ဒီနေရာကနေ လစ်ကြစို့"

ပြောရင်းနှင့် စုချန်းတယောက် ပါးစပ်မှ သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်သည်။

အလင်းတုန်ခါခြင်းတစ္ဆေသည် သူနှင့်အတူ နောက်တယောက်ကို ခေါ်သွားနိုင်သော်လည်း တန်ပြန်သက်ရောက်မှုက ပြင်းထန်လှပေရာ စုချန်းပင် မခံနိုင်ချေ။

"အားလုံး ချက်ချင်း ဆုတ်ကြမယ်"

လီကုံးရှန်၏ ကျယ်လောင်လှသော အမိန့်သံကြီး ထွက်ပေါ်လာသည်။

ချောက်နက်အတွင်း ခြေချပြီး ဆယ်မိနစ်အတွင်းမှာပင် သူတို့ ခွာစစ်ဆင်နိုင်ခဲ့လေပြီ။

စုချန်း ကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်း သူတို့၏ စစ်ဆင်ရေးမှာ ချောချောရှုရှုပင် အောင်မြင်ခဲ့၏။

All Chapters