ဗာမီလီယမ်ငှက်၏ ရင်းမြစ်ရတနာများ
Vol. 33 Ch. 462
တံဆိပ်အား တည်ကြည်စွာ လက်ခံလိုက်ပြီးနောက် အန်လင်းက ကောင်းကင်ဘုံ မျှော်စင်ဖြူထဲသို့ အကြီးအကဲ ကျူ၊ စုရှောင်လန်တို့နှင့်အတူ ဝင်သွားလိုက်လေ၏။
သူတို့က ဝဲဂယက်ငယ်လေးများ ထနေသော အကာအကွယ်ကို ဖြတ်သွားပြီး အလွန်အမင်း ကျယ်ပြန့်လှသော စွမ်းအင် အတက်အကျက ရုတ်တရက် သူတို့ဆီသို့ တိုးဝင်လာလေ၏။
အန်လင်းက ရတနာ နှစ်ဒါဇင်ခန့်ကို မြင်လိုက်ရပြီး ထိုရတနာများ အားလုံးက တောက်ပနေကာ လေထဲတွင် ဝဲပျံနေလေ၏။ တစ်ချို့သော ရတနာများမှာ သက်ရှိများကဲ့သို့ ရွေ့လျားနေလေ၏။
သူက ရတနာများ အားလုံးကို ငေးကြည့်ကာ သူတို့၏ စွမ်းအင်အတက်အကျကို ထောက်လှမ်းလိုက်လေ၏။ ထိုသည်များအားလုံးက အင်မော်တယ် လက်နက်များ ဖြစ်နေလေ၏။
ကောင်းကင်ဘုံ မျှော်စင်ဖြူတွင် အဆင့် သုံးဆင့်ရှိလေ၏။ ဂိုဏ်းချုပ်များသာ အသုံးပြုနိုင်သော ဂိုဏ်း၏ အံ့ဖွယ် လက်နက်မှာ ထိပ်ဆုံးအထပ်တွင်ရှိသည်ဟု ဆိုကြလေ၏။ ဒုတိယအထပ်အတွက်မူ အန်လင်းကိုယ်တိုင်ပင် မသိပါချေ။ သို့ဖြစ်၍ ထိုသည်က သူ့ကို ပို၍ သိလိုစိတ်ပြင်းပြစေ၏။
ကောင်းကင်ဘုံ မျှော်စင်ဖြူ၏ ဒုတိယအဆင့်မှာ အနည်းငယ် ထူးဆန်းလှ၏။ ထိုသည်က အဆုံးအစရှိသော ရွှေရောင်နေရာလပ်ကြီးတစ်ခု ဖြစ်လေ၏။
"ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ရင်းမြစ်ရတနာတွေ ထွက်လာခဲ့။"
ထို့နောက် ချက်ချင်းပင် အရောင်ဖျော့ဖျော့လင်းနေသော ရတနာ ၆ခုက အန်လင်းနှင့် စုရှောင်လန်တို့ဆီသို့ တဖြည်းဖြည်း ပျံသန်းလာလေ၏။
ထိုသည်များက ဗာမီလီယမ်ငှက်ဂိုဏ်း၏ ရင်းမြစ်ရတနာများ ဖြစ်သည်ကို ကြားပြီးနောက် အန်လင်းနှင့် စုရှောင်လန်မှာ နေရာတွင် မလှုပ်မယှက်ရပ်ကာ ကြောင်နေလေတော့သည်။
ဗာမီလီယမ်ဂိုဏ်း၏ ရင်းမြစ်ရတနာများမှာ ဗာမီလီယမ်ငှက်ဂိုဏ်းအတွင်း အလွန်ကျော်ကြားလှ၏။ ထိုသည်များက အင်မော်တယ် လက်နက်များထက်ပင် အဖိုးတန်ကာ ထိုအရာများအားလုံးက ဆန်းကြယ်လှသော အရည်အသွေးများနှင့် အဖိုးမဖြတ်နိုင်သော ရတနာများပင်။
ဗာမီလီယမ်ငှက်ဂိုဏ်း၏ ရင်းမြစ်ရတနာ ၁၀ခုသာရှိရာ ဤနေရာတွင် ၆ခုရှိနေပြီး ကျန်၃ခုကိုမူ ဂိုဏ်းချုပ် ကျူရွှယ်၊ အကြီးအကဲ စစ်တုဖန်နှင့် အကြီးအကဲ ချန်ရှင်းရန်တို့က ပိုင်ဆိုင်ထားလေ၏။ ဗာမီလီယမ်ငှက်ဂိုဏ်း၏ ရင်းမြစ်ရတနာ တစ်ခုမှာမူ ပျောက်ဆုံးသွားပြီး ဖြစ်သည်။
"သွားလေ။ ကြိုက်တာ တစ်ခုရွေးလိုက်။" အကြီးအကဲ ကျူက ပြုံးကာ ပြောလိုက်၏။
"အဲဒါက... တကယ် ရွေးလို့ရလား။" အန်လင်းက တံတွေးများထွက်မကျစေရန် မျိုချလိုက်လေ၏။
"ဒါပေါ့။ မင်းတို့ နှစ်ယောက်လုံးက ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ တပည့်တွေပဲကို။ ပြီးတော့ မင်းတို့နှစ်ယောက်လုံးက ဂိုဏ်းအတွက် အများကြီး အထောက်အပံ့ဖြစ်စေခဲ့ပြီးပြီလေ။ အကြီးအကဲတွေ အကုန်လုံးရဲ့ ဆန္ဒကို ကောက်ခံပြီးတော့ ငါတို့က မင်းတို့ကို ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ ရင်းမြစ်ရတနာတွေထဲက တစ်ခုကို အမွေပေးဖို့ ဆုံးဖြတ်ခဲ့တာ။" အကြီးအကဲ ကျူက ပြန်ဖြေလိုက်၏။
စုရှောင်လန်က ရဲရဲနီနေသော လက်ကောက်တစ်ခုကို စိုက်ကြည့်ကာ တိတ်ဆိတ်နေလေ၏။ သူမက အတိတ်ကို တမ်းတနေဟန်ရပြီး စိတ်ကူးယဉ် ကမ္ဘာထဲသို့ ရောက်နေသည့်ဟန်ပင်။
သူမက လက်ကောက်ကို ညွှန်ပြလိုက်၏။ "အဲဒါယူမယ်။"
"ဗာမီလီယမ်ငှက် လက်ကောက်လား။ အင်း... အဲ့လက်ကောက်ကတော့ ဘယ်လိုဆိုဆို နင်အပြည့်အဝကို ပိုင်ဆိုင်ထားပြီးသားပါ။" အကြီးအကဲကျူက ခေတ္တမျှ တွေးတောနေလေ၏။ ထို့နောက် သူက ခေါင်းငြိမ့်ကာ စုရှောင်လန်၏ ရွေးချယ်မှုကို လက်ခံလိုက်၏။
ထို့နောက် ချက်ချင်းပင် အဖြူရောင် မန္တန်ဖွဲ့စည်းခြင်းတစ်ခုက ကြက်သွေးရောင် လက်ကောက်ပေါ်တွင် ပေါ်လာလေ၏။
လက်ကောက်မှာ မမြင်နိုင်သော အားတစ်ခု၏ ဆွဲယူခြင်းကို ခံနေရဟန်ပေါ်ပြီး စုရှောင်လန်ဆီသို့ သက်ရှိတစ်ကောင်ကဲ့သို့ ပျံသန်းလာကာ သူမ၏ လက်ကောက်ဝတ်ဆီသို့ သူ့အလိုလိုပင် ဝင်ရောက်သွားလေ၏။
လက်ကောက်မှာ စုရှောင်လန်နှင့် အလွန်လိုက်ဖက်ပြီး အန်လင်းက အနာဂတ်တွင် သူမအတွက် လက်ဆောင်ဝယ်ပေးရန်လိုအပ်လာပါက လက်ကောက်ဝယ်ပေးရန် မလိုသည်ကို မှတ်ထားလိုက်လေ၏။
ဗာမီလီယမ်ငှက်ဂိုဏ်း၏ ရင်းမြစ်ရတနာ ငါခု ကျန်နေပါသေး၏။ ၄င်းတို့မှာ ဒိုင်းတစ်ခု၊ ဓားတစ်ချောင်း၊ ပုတီးတစ်လုံး၊ စုတ်တံတစ်ခုနှင့် မှန်တစ်ချပ်ပင်ဖြစ်၏။
သက်တမ်းရင့် ဓားအင်မော်တယ် တစ်ဦးအနေဖြင့် အန်လင်းမှာ ချက်ချင်းပင် ရွှေရောင်မီးတောက်များဖြင့် တလက်လက်ဖြစ်နေသော ဓားရှည်ကို ညွှန်ပြလိုက်၏။ "ကျွန်တော် အဲ့ဓားကို လိုချင်တယ်။"
အကြီးအကဲ ကျူက အပြုံးတစ်ခုနှင့် ခေါင်းငြိမ့်ပြ၏။ "မီးလီယမ်ငှက်ဓား။ အဲဒါက ပြိုင်ဘက်ကင်းအောင် ချွန်ထက်ပြီးတော့ သူ့ရဲ့ လမ်းကြောင်းမှာရှိတဲ့ အရာအားလုံးကို အဆုံးသတ်ပေးဖို့ ကောင်းကင်ဘုံနဲ့ မြေကြီးရဲ့ မီးတောက်တွေကို ဆင့်ခေါ်နိုင်စွမ်းရှိတယ်။ အဲဒါက သေစေနိုင်တဲ့ လက်နက်ဖြစ်ပြီး မင်းနဲ့ တကယ်ကို လိုက်တယ်။"
အန်လင်းက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြလိုက်လေ၏။ ဓားအင်မော်တယ် တစ်ဦးအနေဖြင့် သူက အနက်ရောင်ဓားတစ်ချောင်းတည်းနှင့် မည်သို့ ကြွားဝါရမည်နည်း။ သူက သူ့၏ ကြွားဝါခြင်း ပါရမီကို အကောင်းဆုံးဖြစ်စေရန်အတွက် အစွမ်းထက်ပြီး ခမ်းနားကြီးကျယ်လှသည့် ဓားတစ်ချောင်းရှိရန် လိုအပ်ပေ၏။
အကြီးအကဲကျူက သူ့လက်များနှင့် ချိတ်စည်းတစ်သီတန်းကြီးကို ပြုလုပ်လိုက်ပြီးနောက် မန္တန်ဖွဲ့စည်းခြင်းတစ်ခုက ကြက်သွေးရောင် ဓားပေါ်တွင်ပေါ်လာပြီး ထိုသည်က စတင်မြည်ဟီးလာတော့သည်။
ထို့နောက် ဓားရှည်က တဖြည်းဖြည်း စတင် ရွေ့လျားလေသည်... သို့သော် ရုန်းကန်သည့်အနေဖြင့် နောက်သို့ ရွေ့လျားနေသည်မှ လွဲ၍ပင်...
အန်လင်း : "... ဘာတွေဖြစ်နေတာလဲ အကြီးအကဲ ကျူ..."
အကြီးအကဲ ကျူက အနည်းငယ် နေရခက်နေလေ၏။ "အာ... ဗာမီလီယမ်ငှက်ဓားက မင်းကို ငြင်းဆန်နေတဲ့ပုံပဲ...။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ဒီလိုအခြေအနေတွေက အတော်လေးရှားပေမဲ့ သာမန်အနေအထားအတွင်းမှာပဲ ရှိပါသေးတယ်..."
ထိုသည်ကို ကြားပြီး အန်လင်း၏ ရင်ဘတ်မှာ တင်းကြပ်သွားလေ၏။ ဒီအခြေအနေက အတော်လေးရှားတယ်ဟုတ်လား။ ဒါပေမဲ့ အဆင်ပြေပါတယ် ဟုတ်လား။
အဲဒါက တကယ်ပဲ နှစ်သိမ့်စကားတွေ တဲ့လား။
သူသည် ကျန်ရှိသော ဗာမီလီယမ်ငှက်ဂိုဏ်း၏ ရင်းမြစ်ရတနာလေးခုကို လှည့်ကြည့်လိုက်သော်လည်း ကြက်သွေးရောင်ပုတီးစေ့နှင့် စုတ်တံသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး ဗာမီလီယမ်ငှက်ဂိုဏ်းဓားနှင့် ဝေးရာသို့ ပျံသန်းသွားလေ၏။
အန်လင်းက အကြီးအကဲကျူကို ကြောင်အကာ ကြည့်လိုက်လေ၏။
အကြီးအကဲကျူက ဘာမှမသိသော မျက်နှာပေးဖြင့် ပုခုံးတွန့်ပြလေ၏။ "ကျန်တဲ့ ရတနာတွေထဲက ရွေးရင်ရော။ တကယ်လို့ အဲဒါလဲ အလုပ်မဖြစ်ဘူးဆိုရင် အကြီးဆုံး အကြီးအကဲက ဘာလုပ်ပေးနိုင်မလဲဆိုတာကို မေးပေးလို့ရပါတယ်။"
အန်လင်းက ဒိုင်းနှင့် မှန်ကိုကြည့်ကာ နှုတ်ခမ်းများ တွန့်ကွေးသွားလေ၏။
ကျန်တဲ့ ရတနာတွေထဲက ရွေးရမယ်။ ရွေးစရာ ဘာကျန်သေးလို့လဲ။ နှစ်ခုပဲ ကျန်တော့တာကို။
"ဗာမီလီယမ်ငှက်ဒိုင်းက မဖျက်စီးနိုင်လောက်တဲ့ အထိပဲ။ အဲဒါက အသုံးပြုသူကို အတိုက်အခိုက်တွေကနေ ကာကွယ်ပေးဖို့ ဗာမီလီယမ်ငှက်ရဲ့ စိတ်ဆန္ဒကို ဆင့်ခေါ်နိုင်ရုံတင်မကဘူး ရန်သူ့ရဲ့ တိုက်ခိုက်မှုထဲမှာပါတဲ့ စွမ်းအားကို စုပ်ယူပြီးတော့ ကိုယ်ပိုင် စွမ်းအားအဖြစ်လဲ ပြောင်းပေးနိုင်တယ်။ အဲ့စုပ်ယူထားတဲ့စွမ်းအားက အသုံးပြုသူရဲ့ သက်ရှိစွမ်းအင်ကို ထပ်ဖြည့်ပေးဖို့လဲ သုံးလို့ရတယ် ဒါမှမဟုတ် စွမ်းအင် တိုက်ခိုက်မှုတစ်ခု အနေနဲ့ ပြန်ပြီး ထုတ်လွှတ်လိုက်လို့လဲရတယ်။"
“ဗာမီလီယမ်ငှက်ကြေးမုံက မေးခွန်းတိုင်းနီးပါးကို ဖြေနိုင်တဲ့ အထူးအသိပညာရှိသောမှန်တစ်ခုလေ။ အဲဒါအပြင် တစ်စုံတစ်ခုက အစစ်အမှန်လား အတုလားဆိုတာကို ဆုံးဖြတ်နိုင်စွမ်းရှိတယ်။ အဲဒါကို အားအပြည့်သွင်းပြီးရင်၊ ရန်သူ၏တိုက်ခိုက်မှုကို ပြန်တုန့်ပြန်နိုင်ဖို့ ရာနှုန်းပြည့်အခွင့်အရေးပေးတယ်လေ။” အန်လင်း၏အာရုံကို အာရုံလွဲစေရန်အတွက် အကြီးအကဲကျူသည် ကျန်ရှိသော ဗာမီလီယမ်ငှက် ရင်းမြစ်ရတနာနှစ်ခု၏ လုပ်ဆောင်ချက်များကို အသေးစိတ် ရှင်းပြလေ၏။
အန်လင်းက ထိုပစ္စည်းနှစ်ခု၏ လုပ်ဆောင်ချက်များကို ကြားပြီးသောအခါမှသာ ပို၍ နေသာထိုင်သာရှိသွားတော့၏။
ထိုသည်က ထိုအရာနှစ်ခုလုံးက ပြောမပြနိုင်အောင်ပင် အလွန်မိုက်သော လုပ်ဆောင်ချက်များရှိနေသော အချက်မှလွဲ၍ တခြားသော အကြောင်းပြချက် မရှိပါပေ။
ဗာမီလီယမ်ငှက်ဒိုင်းသည် သူ့အုတ်ခဲနှင့် သဘောသဘာဝတူ၏။ သို့သော် ရန်သူ၏ တိုက်ခိုက်ခြင်းမှ စွမ်းအင်ကို စုပ်ယူနိုင်သည့် အပိုစွမ်းရည်ရှိပေ၏။ ၎င်းမှာ အသုံးပြုသူ၏ သက်ရှိစွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်ခြင်း သို့မဟုတ် ၎င်းသည် ၎င်း၏ကိုယ်ပိုင်တိုက်ခိုက်မှုတစ်ခုတွင် သိုလှောင်ထားသောစွမ်းအင်ကို ထုတ်လွှတ်ပေးနိုင်၏။ ကြေးမုံသည်တော့ တိုက်ပွဲတွင် အသုံးမဝင်လှသော်လည်း သူ့ရဲ့ စွမ်းရည်မှာ အလွန် ထူးဆန်းလှပေ၏။ ဗဟုသုတ...။ အတုအစစ် ခွဲခြားနိုင်ခြင်း...။ တိုက်ခိုက်မှုများကို တုန့်ပြန်နိုင်ခြင်း...။ ထိုအရာက သူနည်းနှင့်သူ အလွန်ကြမ်းမည့်ပုံရလေ၏။
ဟင်... ဘယ်တစ်ခုကို ရွေးရမလဲ...။
အန်လင်းက တုံ့ဆိုင်းစွာ သူ့၏ မေးစေ့ကို ပွတ်လိုက်လေ၏။
"ကျွန်တော်က ဗာမီလီယမ်ငှက်ဒိုင်းကို ရွေးမယ်။" အန်လင်းက နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးသည်နှင့် ပြောလိုက်၏။
သူက ဗာမီလီယမ်ငှက်ဒိုင်းမှာ ဗာမီလီယမ်ငှက် ကြေးမုံ၏ တိုက်ခိုက်မှုတုံ့ပြန်နိုင်စွမ်းရည်နှင့် ဆင်တူသည်ဟု ခံစားရ၏။ သို့သော် နှိုင်းယဉ်ကြည့်ပါက ထိုသည်မှာ ပို၍ပြည့်စုံပြီး ဟန်ချက်ညီသည်ဟု ခံစားရ၏။
ဗာမီလီယမ်ငှက်ဒိုင်းမှာ ရန်သူ၏ တိုက်ခိုက်မှုများကို ပြောင်းလဲပစ်နိုင်ပြီး အန်လင်း၏ စတိုင်နှင့် လုံးဝပင်လိုက်ဖက်ပြီး ပို၍ ကြမ်းတမ်းသည့်ပုံ ပေါ်ပေ၏။
"ဟုတ်ပြီ။" အကြီးမကဲ ကျူက သူ့လက်များနှင့် ချိတ်စည်းတစ်ချို့ကို ပြုလုပ်လိုက်ပြီး အဖြူရောင် မန္တန်ဖွဲ့စည်းခြင်းတစ်ခုက ဗာမီလီယမ်ငှက်ဒိုင်းပေါ်တွင် ပေါ်လာလေ၏။
တစ်စုံတစ်ခုကို ကြောက်ရွံ့နေသကဲ့သို့ ဗာမီလီယမ်ငှက်ဒိုင်းက အနည်းငယ်တုန်ယင်ကာ အဝေးသို့ ထွက်သွားလေ၏။ ထိုသည်က မကြာမီပင် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
အန်လင်း : "..."
အကြီးအကဲ ကျူ : "..."
စုရှောင်လန် : "..."
အန်လင်းက အနည်းငယ် အေးလာသည်ဟု ခံစားရ၏။
ထိုအေးစက် ကြမ်းတမ်းလှသော လောကကြီးထဲတွင် သူက သူ့၏ အေးခဲနေသောနှလုံးသားကို နှစ်သိမ့်ရန် အနွေးဓာတ်လေး အနည်းငယ်သာ လိုချင်မိပါတော့သည်။
"ငါက ဒီလိုဖြစ်အောင် ဘာများလုပ်မိလို့လဲ။ ငါဒီနေ့ လက်မဆေး ဒါမှမဟုတ် မျက်နှာ မသစ်ရသေးလို့လား။" အန်လင်းက အကြီးအကဲ ကျူနှင့် စုရှောင်လန်တို့ကို ပူဆွေးနေဟန်ဖြင့် လှည့်ကြည့်လိုက်လေ၏။
"အရှုံးမပေးပါနဲ့ အန်လင်း။ ကြေးမုံတစ်ခု ကျန်သေးတယ်လေ။" စုရှောင်လန်က နှစ်သိမ့်ပေးလိုက်၏။
ကြေးမုံတစ်ခု ကျန်သေးတယ် ဟုတ်လား။
အန်လင်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားလေ၏။ သူက လေးကြိမ်ဆက်တိုက် အငြင်းခံခဲ့ရသည်ဖြစ်ပြီး သူ့နှလုံးသားလေးမှာ အသက်ရှုကြပ်သည်အထိ နာကျင်နေပြီဖြစ်၏။ သူက နောက်ထပ်သော ငြင်းပယ်မှုကို လက်ခံနိုင်သေးသည်လား။
သူက မိစ္ဆာရှင်းဓားကို ထုတ်လိုက်ပြီး ညင်သာစွာ ပွတ်သပ်လိုက်၏။ "ရှဲ့လေး၊ ဘာပဲဆိုဆို နင်က အကောင်းဆုံးပဲ။ နင်က ငါ့ကိုထားမသွားဘူး။ သစ္စာလဲ မဖောက်ဘူး။ နင်က အပြင်က အစုတ်မပြတ် ဓားတွေနဲ့ မတူဘူး။ ငါတို့က တကယ်ကို နတ်ဖက်တဲ့ စုံတွဲပဲ။"
အေးစက်စက်အသံတစ်ခုက ပမာမခံ ထွက်ပေါ်လာလေ၏။ "ဟွန့်... နင်က ခုဏတုန်းကတော့ ငါဘယ်လောက်တောင် ရုပ်ဆိုးနေတယ်ဆိုတာကို ပြောပြီး ငါက အဲ့ဗာမီလီယမ်ငှက်ဓားလောက် လှဖို့ ဆုတောင်းနေတာ မဟုတ်ဘူးလား။"
အန်လင်း : "... နင်ဘယ်လိုလုပ်သိတာလဲ။ နင်က တစ်ချိန်လုံး သိုလှောင်လက်စွပ်ထဲမှာ ရှိနေတာမဟုတ်ဘူးလား။"
မိစ္ဆာရှင်းဓား : "လစ်စမ်းပါ..."
အန်လင်း : "..."
အန်လင်း၏ နှလုံးသားမှာ နာကျင်မူကြောင့် တုန်ယင်နေပေတော့၏။ သူက နှစ်သိမ့်ပေးမည့်သူတစ်ယောက်ထက် မည်သည်ကိုမှ အလိုမရှိတော့ပါချေ။
အကြီးအကဲကျူက အချိန်အကြာပြီး နှုတ်ဆိတ်နေပြီး နောက်ဆုံးတွင် စကားပြောလာလေ၏။
ဗာမီလီယမ်ငှက် ရင်းမြစ်ရတနာများမှ ရွေးချယ်ခွင့်ရသူများက အများအပြားမရှိပါပေ။ အမှန်တကယ်မှာ ထိုသူများက ရာဇဝင်တွင် တစ်ဒါဇင်ခန့်သာရှိခဲ့ပြီး သူတို့ရဲ့ ဗာမီလီယမ်ငှင် ရင်းမြစ်ရတာနာများအားလုံးကို သူတို့သေဆုံးပြီးနောက် ဂိုဏ်းထဲသို့ ပြန်ပေးခဲ့ရ၏။ သို့သော် ထိုသူများထဲမှ တစ်ဦးတစ်ယောက်မျှ အန်လင်းကဲ့သို့ အခြေအနေမျိုး မကြုံဖူးခဲ့ပါချေ။ သူက ဗာမီလီယမ်ငှက် ရင်းမြစ်ရတနာများအားလုံး၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။
ဤမခြေအနေတွင် အကြီးအကဲ ကျူက မည်သို့လုပ်ရမည်ကို မသိ၍ အန်လင်းအား နောက်ဆုံးတစ်ခေါက် ကြိုးစားကြည့်ရန်သာ တိုက်တွန်းနိုင်ပေတော့သည်။
အန်လင်းက သူ့၏ ဆိုးဝါးလှသော ကံကို ယံုကြည်ရန် ငြင်းဆန်လိုက်ပြီး သူ့၏ သိုလှောင်လက်စွပ်ထဲမှ ဂမ်ဒမ်နှစ်ကောင်ကို ထုတ်လိုက်၏။ "ဂမ်ဒမ် ၁၊ ဂမ်ဒမ် ၂ မင်းတို့ရဲ့ သတ္ထုချို့တဲ့ခြင်း အကာအကွယ် ဖွဲ့စည်းခြင်းကို ထုတ်လွတ်ပြီးတော့ ဒီထဲမှာရှိတဲ့ ဗာမီလီယ်ငှက်ကြေးမုံကို ခြေရာခံလိုက်။ အခု အဲဒါက လွတ်အောင် ကြိုးစားနိုင်သေးလားဆိုတာ ကြည့်ကြတာပေါ့။"
ဂမ်ဒမ်နှစ်ကောင်သည် အန်လင်း၏ တောင်းဆိုချက်အရ ဗာမီလီယမ်ငှက်ကြေးမုံဆီသို့ ချက်ချင်း ပျံသန်းသွားကာ အချင်းဝက် ပေရာဂဏန်းမျှ အတိုင်းအတာရှိသော သတ္ထုချို့တဲ့ခြင်း အကာအကွယ် ဖွဲ့စည်းခြင်းကို ဖန်တီးရန်အတွက် သူတို့၏ လက်နှစ်ဖက်ကို ဖြန့်ထားလိုက်လေ၏။ ဗာမီလီယမ်ငှက် ကြေးမုံသည် အလွန်ခိုင်မာလှသော ထောင်တစ်ခုထဲတွင် ပိတ်မိနေတော့သည်။
"အကြီးအကဲ ကျူ၊ အခု ကျွန်တော် စဖို့ အဆင့်သင့် ဖြစ်ပါပြီ။" အန်လင်းက ပြုံးကာ ပြောလိုက်၏။
အကြီးအကဲ ကျူ : "..."
စုရှောင်လန် : "..."
---------------