← Chapters

ကမ္ဘာ၏ အလယ်ဗဟိုချက်

Vol. 11 Ch. 141

ကမ္ဘာ၏ အလယ်ဗဟိုချက်

Vol. 11 Ch. 141

အခန်း (၁၄၁) :  ကမ္ဘာ၏ အလယ်ဗဟိုချက်

မဟာဝူပိုင်နက်၊ စစ်တန်းလျားအတွင်း ကျီစုန့်က အစည်းအဝေး ထိုင်နေသည်။ လျို့ဝှက်နယ်မြေနှင့် ပတ်သက်သည့် သတင်းများကို နားထောင်ပြီးနောက် သူက လက်စားချေဖို့ အခွင့်ကောင်း ဖြစ်မှန်း သိ၍ ချက်ချင်း သွားဖို့ ဆုံးဖြတ်လိုက်သည်။

သူ့အနေနှင့် လွယ်လွယ်ကူကူ မသွားနိုင်ပေ။

“ မင်း သွားလို့မရဘူး ”

“ဘာလို့လဲ” ကျီစုန့်က သူ့အစ်ကိုကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။ သူ့အနေနှင့် သူ့အစ်ကိုက သူ့လက်စားချေမှုကို အမြဲတမ်း ကာဆီးကာဆီးလုပ်နေသည်ကို ငြီးငွေ့လာပြီဖြစ်၏။ သူက သူ့အစ်ကိုစကားကို အချိန်အများစု နားထောင်ခဲ့သော်လည်း သူ့စိတ်ရှည်မှုကလည်း အကန့်အသတ်နှင့် ဖြစ်သည်။

“အဲဒါ အန္တရာယ်အရမ်းများလို့ပေါ့ကွာ ”ကျီစုက သူ့ညီလေး၏ စိတ်မရှည်မှုကို သတိထားမိလိုက်သည်။

“ ဒီလျို့ဝှက်နယ်မြေ ပွင့်လာတာက ဒီစစ်ဆေးမှုရဲ့ ပါဝင်ယှဉ်ပြိုင်သူအများစုက ကိုယ်တိုင်သွားကြမှာပဲ။ ကျွန်တော် သွားတဲ့အခါ ဝမ်ဝေ့ကို စိန်ခေါ်ပြီးတော့ စိတ်ဝိညာဉ်ခရီးလမ်းမှာ ကျွန်တော်ကို ထိခိုက်အောင် လုပ်ခဲ့တဲ့ အရှက်ရမှုကို ပြန်ပေးဆပ်ခိုင်းမယ်။ ပြီးတော့ ဘိုးလေးကျီရှန့်အတွက်လည်း လက်စားချေပေးမယ် ”

ကျီစုက သူ့ညီငယ်ကို ဆွံအစွာ ကြည့်နေမိသည်။ ထို့နောက် သူ့မျက်ရိုးကိုသာ နှိပ်နယ်လိုက်တော့သည်။

“ လျို့ဝှက်နယ်မြေက မဟာရှားတိုင်းပြည် ပိုင်နက်အတွင်းမှာဆိုတာတော့ သိတယ်မလား ”

“အဲတော့ ဘာဖြစ်လဲ ”

“ တကယ်လို့ တစ်ယောက်ယောက် ပြောင်ပြောင်တင်းတင်း ပေါ်လာရဲခဲ့ရင် ဝမ်ဝေ့က တပ်ကို အမိန့်ပေးပြီးတော့ သုတ်သင်ပစ်နိုင်တယ် ”

ကျီစုန့်က မျက်မှောင်ကြုတ်ကာ  “ အစ်ကိုတော်က အတွေးလွန်နေပြီ။ ကျွန်တော် ဝမ်ဝေ့နဲ့ ကိုယ်တိုင် တွေ့ဖူးတော့ သူ့ဆီမှာ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ရဲ့ မာနမျိုး ရှိမှန်း သိတယ်။ သူက ကျွန်တော့်စိန်ခေါ်မှုကို အားရဝမ်းသာ လက်ခံလိမ့်မယ် ”

ကျီစုန့်က ပြောချင်၍ ပြောလိုက်ခြင်း မဟုတ်ပေ။ သူ့အနေနှင့် စိတ်ဝိညာဉ်ခရီးလမ်း တိုက်ပွဲမှာ ကြုံတွေ့ပြီးကတည်းက ဝမ်ဝေ့ ဘယ်လိုလူစားမှန်း ပြောနိုင်လေသည်။ ထိုအချိန် ဝမ်ဝေ့က သာမန်သေမျိုးလိုမျိုး အားနည်းနေသော်လည်း ခန္ဓာကိုယ်သန့်စင်ခြင်း ခွန်အားရှိနေသည့် သူနှင့် ထိပ်တိုက် တိုက်ခိုက်ရဲလေသည်။

ဒီလိုလူမျိုးက မဟာဝူတိုင်းပြည်မှ ပိုးကောင်များနှင့် မတူဘဲ မလိုအပ်ပါက အကြံဆိုးများကို အသုံးပြုမည် မဟုတ်ပေ။

“ မင်း မှန်ကောင်းမှန်နိုင်ပါတယ်” ကျီစုက ပြောလိုက်သည်  “ဒါပေမဲ့ လီကျွင်းကရော … ဝမ်ဝေ့ရဲ့ စစ်သူကြီးတစ်ယောက်ဖြစ်တဲ့ သူ့တာဝန်က သူ့အတွက် ဆူးညှောင့်တွေကို ဖယ်ရှားပေးဖို့ပဲ။ တကယ်လို့ မင်းသာ ရောက်သွားမှန်း သိသွားခဲ့ရင် သူက မဟာရှားက လူများစွာရဲ့ အသက်ကို အသုံးချပြီး မင်းအသက်နဲ့ လဲလိမ့်မယ် … အဲဒီအတွက် သူက တုံ့ဆိုင်းနေမယ်များ ထင်နေလား။

ဝမ်ဝေ့က သူ့ကို မလုပ်ဖို့ အမိန့်ပေးထားရင်တောင် ဒီလိုအခြေအနေထဲမှာ သူက အမိန့်ကို ဖီဆန်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”

ကျီစုက သက်ပြင်းချကာ ဆက်ပြောလိုက်သည်  “ ငါ လီကျွင်းရဲ့ စရိုက်ကို လေ့လာလာတာ နှစ်တွေကြာနေပြီ။ သူက ဝမ်ဝေ့အတွက် သူ့အသက်ကိုတောင် စတေးဖို့ တွေဝေနေမဲ့လူ မဟုတ်ဘူး။ သူ့အမိန့်ကို မပြောထားနဲ့တော့ … ”

ကျီစုန့်က ထိုအရာကိုကြားပြီး မျက်မှောင်ကြုတ်ကာ အစည်းအဝေးခန်းထဲမှ နောက်တစ်ယောက်ကို ကြည့်လိုက်သည်။ ထိုလူ့ကို ကျောင်းဖန်ဟု ခေါ်ပြီး သူက အမတ်ချုပ်ကျောင်းယန်၏ သား ဖြစ်ပေသည်။ သူ့ကို ကျီစုန့်၏ စစ်သူကြီးအဖြစ် အနာဂတ် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် လေ့ကျင့်ပေးထားသည်။

ကျီစုန့်က သူနှင့် ကျောင်းဖန်တို့ကြားရှိ ဆက်ဆံရေးသည် မနက်ရှိုင်းသောကြောင့် ဤကျောင်းဖန်သည် သူ့အတွက် သေပေးလိမ့်မည်ဟု မတွက်ထားသော်လည်း သူ့ရန်သူများကို ဖယ်ရှားပစ်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ထားမိသည်။

ထိုအရာကို တွေးလိုက်မိပြီးနောက် သူက သက်ပြင်းချလိုက်ကာ  “ အဲဆို ကျွန်တော်တို့ လျို့ဝှက်နယ်မြေကို မဟာရှားတိုင်းပြည်အတွက် လွှတ်ထားပေးလိုက်မှာလား ”

“ဘယ်ဟုတ်ပါ့မလဲ” ကျီစုက ပြန်ဖြေလိုက်သည်  “ ငါတို့တွေ အရင်ဆုံး တခြားကောင်းကင်ရွေးချယ်ခံတွေနဲ့ တွေ့ပြီး မဟာရှားတိုင်းပြည်ကို တိုင်းပြည်တစ်ခုစီအတွက် သတ်မှတ်ထားတဲ့ ဝင်ခွင့်အရေအတွက် ပေးဖို့ ဖိအားပေးရမယ်။ အဲဒီနောက် ငါတို့ဘက်ကနေ လျို့ဝှက်နယ်မြေထဲက ဆုလာဘ်အတွက် တိုက်ခိုက်ဖို့ လက်ရွေးစင်တွေ စေလွှတ်လိုက်မယ် ”

ထို့နောက် ကျီစုန့်က သူ့အစ်ကိုစကားကို သဘောတူလိုက်သည်။ တကယ်တော့ ကျီစုက ထိုလျို့ဝှက်နယ်မြေနှင့် ပတ်သက်ပြီး သံသယဝင်နေမိသည်။

ပထမတစ်ခုက ကမ္ဘာတစ်လွှား သတင်းပျံ့နှံ့နှုန်းသည် အတော်လေးကို မြန်ဆန်လွန်းနေသည်။ ဒုတိယအချက် အခြေအနေတစ်ခုလုံးက သူ့ညီလေး၏ အဖြစ်အပျက်နှင့် ဆင်တူနေပုံပေါ်သည်။

သတင်းတစ်ခု ပျံ့နှံ့လာပြီးနောက် လူများစွာက ဝင်ရောက်ရှာဖွေသည့်အခါ ထောင်ချောက်သာ ဖြစ်နေလေသည်။ ဤသည်မှာ စိတ်ဝိညာဉ်ခရီးလမ်းအတွင်း သူတို့မဟာကျိုးတော်ဝင်တိုင်းပြည်ဆီ ဖြစ်ခဲ့သည့်အရာနှင့် ကွက်တိ တူနေသည်။

ထိုအရာကို တွေးမိပြီး ကျီစု၏ သံသယက ပို၍ ကြီးထွားလာလေသည်။ သူက သူ့အမြင်ကို သေချာ၏။ သို့သော်လည်း သူ့ညီလေးကို ဘာမှမပြောလိုက်သည်မှာ အတိတ်မှ ဖြစ်ပျက်ခဲ့သမျှအား ပြန်လည်မနှိုးဆွလို၍ ဖြစ်သည်။

တခြားသော ကောင်းကင်ရွေးချယ်ခံများအတွက်မူ သူက ဘာမှပြောဖို့ မကြံစည်ထားပေ။ သူတို့ သူ့ကို ယုံကြည်သည် ဖြစ်စေ၊ မဖြစ်စေ ထည့်မပြောရသေးပေ။ သူတို့ကို သတိပေးနေဖို့ မလိုအပ်ပေ။ အချုပ်အားဖြင့် ကျီစုက ထိုအကြံအစည်ကို ထပ်ထည့်ဖို့ အတွေးပင် ရလာသည်။

ရက်အနည်းငယ်ကြာမြင့်ပြီးနောက် မဟာဝူတိုင်းပြည်အတွင်း စွင်းဝမ်က မဟာကျိုးတိုင်းပြည်၏ အမတ်ချုပ် ကျီစုဆီမှ စာရလာ၏။

ထိုစာတွင် ကျီစုက လျို့ဝှက်နယ်မြေအတွက် ခေတ္တစစ်ပြေငြိမ်းကာ မဟာရှားတိုင်းပြည်ကို ဖိအားပေးဖို့ အတူတကွ ယာယီလုပ်ဆောင်သင့်ကြောင်း ဆိုထားသည်။ နောက်ထပ် ပိုသည်က စာထဲတွင် ကျီစုက သူတို့လူများ လျို့ဝှက်နယ်မြေထဲ ဝင်ရောက်နိုင်သရွေ့ မဟာကျိုးမှ နေရာဝင်ခွင့်တချို့ ထပ်ပေးဖို့ ကတိပေးထားသေးသည်။

စွင်းဝမ်က ထိုသတင်းကို ရပြီး စိတ်လှုပ်ရှားလာသည်။ သူက လျို့ဝှက်နယ်မြေအကြောင်း ကြားထားပြီး အထဲဝင်ဖို့ အခွင့်အရေးလိုချင်သော်လည်း မဟာကျိုးတိုင်းပြည်ကို စိတ်ပူမိ၍ မလုပ်ရဲပေ။

ထိုအချိန် လူတစ်ယောက်ကတော့ မပျော်နိုင်ရှာပေ။ ထိုလူမှာ စွင်းကျောင်းလုံ ဖြစ်၏။ သူက ကိစ္စများသည် ဒီလောက်ရိုးရှင်းမနေကြောင်း ခံစားမိနေသည်။ သို့သော် ကံဆိုးသည်က သူ့အစ်ကိုတော်သည် သူ့သတိပေးချက်ကို ထပ်ခါတလဲလဲ ငြင်းနေသည်။ ထို့ကြောင့် သူက သက်ပြင်းချလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။

တကယ်တော့ မဟာရှားတိုင်းပြည်အပေါ် ဖိအားပေးဖို့ ဖိတ်ကြားချက်ကို စွင်းဝမ်တစ်ယောက်တည်း လက်ခံရရှိခဲ့ခြင်း မဟုတ်ပေ။ ဖန်းလီကျွမ်း၊ ဟွမ်မင်နှင့် ကယ်တင်ရှင်မဟာမိတ်အဖွဲ့အစည်းအထိပါ ဖိတ်ကြားချက် လက်ခံရရှိလိုက်ကြသည်။

ယခု ကယ်တင်ရှင်မဟာမိတ် အဖွဲ့အစည်း ဌာနချုပ်တွင် အစည်းအဝေး ကျင်းပနေသည်။ ထိုအစည်းအဝေးက အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံများထံ တိုင်းပြည်များ ဆုံးရှုံးသွားရသည့် ဘုရင်ဟောင်းများ၊ အုပ်ချုပ်သူဟောင်းများ ပါဝင်နေသည်။ အုပ်ချုပ်သူများက တိုင်းပြည်ကို ဆုံးရှုံးပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ကာ ဖြည်းဖြည်းချင်းဖြင့် သူတို့အင်အားကို စုဆောင်းထားခဲ့သည်။

ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်း၏ ခေါင်းဆောင်က ဝမ်ဝေ့တို့နှင့် ရွယ်တူလောက်ဖြစ်သည့် လူငယ်လေးတစ်ဦး ဖြစ်ပေသည်။

“မဟာမိတ်ခေါင်းဆောင် ဒီလျို့ဝှက်နယ်မြေထဲ ကိုယ်တိုင်သွားလို့ မဖြစ်ဘူး ”

“ဟုတ်တယ်။ အရမ်းအန္တရာယ်များလွန်းတယ်။ အဲဒီနယ်ခြားနတ်ဆိုးတွေသာ ခေါင်းဆောင်ကို ဝိုင်းတိုက်ကြရင် ခေါင်းဆောင် အသက်ရှင်မှာ မဟုတ်ဘူး ”

“မဟာမိတ်အဖွဲ့အစည်းက ခေါင်းဆောင်ရဲ့ ဦးဆောင်မှုမရှိဘဲ မရှင်သန်နိုင်ဘူး”

“မဟာမိတ်ခေါင်းဆောင် အဖွဲ့ကလူတွေကို ထည့်တွေးပါဦး။ ခေါင်းဆောင် မရှိရင် နယ်ခြားနတ်ဆိုးတွေ လက်အောက်ကျရောက်သွားရလိမ့်မယ် ”

အစည်းအဝေးအလယ်တွင် ခန့်ညားချောမောပြီး အရှိန်အဝါကောင်းသည့် လူငယ်လေးက ထိုင်နေသည်။ သူ့နာမည်က လုံအောင်းထျန်း ဖြစ်၏။ အကယ်၍ ဝမ်ဝေ့သာ ဒီမှာရှိနေလျှင် သူတို့ ကမ္ဘာကို ပထမဆုံးစရောက်လာစက တွေ့ဖူးသည့် အံ့ဖွယ်ပင်လယ်အဆင့်ဖြင့် ထူးထူးဆန်းဆန်း မြေကမ္ဘာလွတ်မြောက်ရေး နည်းစနစ်ထုတ်သုံးသွားသော ကျင့်ကြံသူဖြစ်ကြောင်း သိလိမ့်မည်။

လုံအောင်းထျန်း၏ ဘဝက တကယ်တော့ ဇာတ်လိုက်ပုံစံ ဖြစ်၏။ သူက အားနည်းသည့် မိသားစုတွင် ပါရမီနည်းပါးစွာ မွေးဖွားလာခဲ့သည်။ သို့သော်လည်း တစ်ရက် ရေကန်ထဲ ရေချိုးနေရင်း သူက လူသားသာလွန်အဆင့် ကျင့်ကြံသူ၏ အလောင်းနှင့် တွေ့ကာ သူ့ခန္ဓာကိုယ်ရှိ အညစ်အကြေးများကို ဆေးကြောသန့်စင်သွားပြီး ပါရမီတိုးမြင့်လာကား သူ့အမွေအနှစ် လက်ဆင့်လက်ခံလိုက်ရသည်။

ထို့နောက် လုံအောင်းထျန်း၏ ဘဝက ပင်လယ်ထဲ ရွက်လွင့်သလို ချောမွေ့နေခဲ့သည်။ သူ့ကျင့်ကြံဆင့်လည်း အလျှင်အမြန် တိုးတက်လာကာ ရှားပါးသည့် အခွင့်အရေးများလည်း ရလာခဲ့သည်။ သူက သူ့အပေါ် အထင်သေးသူအားလုံးကို ပြန်ပေးဆပ်ခိုင်းခဲ့၏။

တကယ်တော့ လုံအောင်းထျန်းက ယခင်ဆယ်နှစ်အတွင်း သူ့ကံကောင်းမှုက သိသိသာသာ မြင့်တက်လာကြောင်း သတိထားမိလေသည်။ သူက ကံကောင်းမှန်း သိထားသော်ငြား ယခင်ဆယ်နှစ်နှင့် ယှဉ်လိုက်လျှင် သူ ကြုံတွေ့ခဲ့သည့် အခွင့်အရေးပမာဏက ရေတွက်မရနိုင်လောက်အောင် များပြားလွန်း၏။

သူ့ဘဝတစ်လျှောက် လုံအောင်းထျန်းက တောအုပ် သို့မဟုတ် တောင်ထဲ ဝင်နေသရွေ့ ကံကောင်းမှုတစ်ခု၊ နှစ်ခုနှင့် ကြုံရမည်မှန်း သိထားသည်။ ရှားပါးသည့် ဆေးပင်ဖြစ်ဖြစ်၊ အဖိုးတန် သတ္တုဖြစ်ဖြစ် သို့မဟုတ် အားကောင်းသည့် အမွေအနှစ်ဖြစ်ဖြစ် သူ့အတွက် တောအုပ်ထဲ နည်းနည်းသွားလိုက်တာမျိုး သို့မဟုတ် တောင်စောင်းမှ ခုန်ချလိုက်ရုံဖြင့် ရလာနိုင်သည်။

လုံအောင်းထျန်အနေနှင့် သူ့ဘဝကြီးက ပျင်းစရာကောင်းနေလိမ့်မည်ဟု ထင်ထားသော်လည်း လိုက်ဖမ်းခံနေရသည့် မိန်းမလှလေးတစ်ဦးကို ကယ်တင်မိသည့်အချိန်အထိသာ ဖြစ်သည်။ ထို့နောက် ထိုမိန်းကလေးမှာ နယ်ခြားနတ်ဆိုးများ ကျူးကျော်ခံလိုက်ရသည့် တိုင်းပြည်တစ်ခုမှ မင်းသမီးတစ်ပါး ဖြစ်ကြောင်း သိခဲ့ရသည်။

ထိုအရာကိုကြားပြီး မင်းသမီးလေးကို ပိုးပန်းဖို့အတွက် လုံအောင်းထျန်းက သူမတိုင်းပြည်နှင့် သူမအတွက် လက်စားချေပေးဖို့ ကတိပေးခဲ့သည်။ သူက နယ်ခြားနတ်ဆိုးများကို နှင်ထုတ်ကာ သူမတိုင်းပြည်ကို ပြန်လည်တည်ဆောက်ပေးမည်ဟုပါ ကတိပေးခဲ့သည်။

ထို့နောက် လုံအောင်းထျန်းက အုပ်စိုးမည့် လမ်းစဉ်ကို စတင်လိုက်သည်။ မင်းသမီး၏တော်ဝင်မိသားစု အထောက်အပံ့နှင့်အတူ သူ့စွန့်စားခရီးမှ ရထားသော အရင်းအမြစ်များဖြင့် သူက စစ်တပ်တစ်ခု ဖွဲ့စည်းလိုက်သည်။ သူက အရာအားလုံး ဆုံးရှုံးထားရသည့် တော်ဝင်မျိုးနွယ်နှင့် အထက်တန်းလွှာမျိုးနွယ်များကိုပါ စုစည်းကာ ကယ်တင်ရှင်မဟာမိတ်အဖွဲ့အစည်းကို တည်ထောင်ဖွဲ့စည်းနိုင်ခဲ့သည်။ အထူးသဖြင့် သူ့ကိုယ်သူ ဘုရင်ဟု သတ်မှတ်ပြီးသည့်နောက်တွင် ဖြစ်သည်။

ကံဆိုးစွာဖြင့် လုံအောင်းထျန်းက သူ့ရန်သူ ဟွမ်မင်နှင့် တိုက်ခိုက်ရာတွင် ပထမဆုံးအကြိမ် ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ရသည်။

ပထမတိုက်ပွဲ၌ လုံအောင်းထျန်းက တိုက်ကွက်အနည်းငယ်ပင် ခံနိုင်ရည်မရှိဘဲ သတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုအခါမှ လုံအောင်းထျန်းသည် နယ်ခြားနတ်ဆိုးများ၏ ကြောက်စရာကောင်းမှုကို သတိပြုမိလာသည်။ သူ ဂုဏ်ယူနေခဲ့ရသည့် အင်အားက အလွှာမြင့်မှ ထိုလူများရှေ့တွင် ဘာမှမဟုတ်ဘဲ ဟာသသာ ဖြစ်နေသည်။

သူ့အတွက် ထူးခြားသည်မှာ  အမြဲတမ်း ကံကောင်းနေလေ့ရှိ၏။ ထို့ကြောင့် သူ ဟွမ်မင်ထံ မည်မျှရှုံးနိမ့်သွားစေကာမူ အမြဲတမ်း လွတ်မြောက်လေသည်။ လွတ်မြောက်ပြီးသည့်အခေါက်တိုင်း သူက ပိုမိုအားကောင်းလာတတ်သည်။

လတ်တလော သူ့အင်အားကြီးလာမှုကြောင့် လုံအောင်းထျန်းက ဘဝင်မြင့်လာကာ နယ်ခြားနတ်ဆိုးများ သူ့ထက် အားကောင်းနေသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူတို့မိသားစုနောက်ခံကြောင့် ဖြစ်လိမ့်မည်ဟု ယုံကြည်လာသည်။

သူသာ အချိန်လုံလုံလောက်လောက်ရှိသရွေ့ မကြာခင် သူတို့အားလုံးကို ကျော်လွန်သွားလိမ့်မည်ဟု ယုံကြည်သည်။ သူ့ခွန်အားက သူတို့ကို ကျော်လွန်သွားသည့်အခါ သူတို့အားလုံးကို သူ့ကမ္ဘာမှ မောင်းထုတ်ပစ်မည်။

ထို့နောက် သူက ဒီရှားပါး အခွင့်အရေးကို အသုံးချကာ ရှေးဟောင်းဧကရာဇ်များလိုမျိုး တစ်ကမ္ဘာလုံးကို အုပ်စိုးနိုင်လေသည်။ တစ်ကမ္ဘာလုံး၏ ချီကံကောင်းမှုဖြင့် သူ့အနေနှင့် လူသားသာလွန်နယ်ပယ်အဆင့်သို့ ရောက်ဖို့ သိပ်ကြာမည် မဟုတ်ပေ။ သိပ်မကြာခင် ကောင်းကင်စမ်းသပ်ချက်ကို ဖြတ်ကျော်ကာ အလွှာမြင့်များဆီ သွားနိုင်လိမ့်မည်။

တကယ်တော့ လုံအောင်းထျန်းက ပိုမိုကြီးမားသည့် ရည်မှန်းချက်တို့ ရှိသည်။ ထိုအရာက မဟာဧကရာဇ် ဖြစ်လာရန် ဖြစ်၏။ သူက အလွှာမြင့်ထဲ ဝင်ရောက်ပြီးမှ သူ့ပါရမီနှင့် ကံကောင်းမှုဖြင့် ကျင့်ကြံရေးလမ်းကြောင်း ထိပ်သီးသို့ ဖြည်းဖြည်းချင်း တက်လှမ်းသွားကာ တစ်ရက်ကျ ဧကရာဇ်အဖြစ် ခံယူနိုင်လိမ့်မည်ဟု ယုံထားသည်။

သူ့အကြံအစည်အားလုံးက ထိုလျို့ဝှက်နယ်မြေနှင့် အစပြုထား၏။ လုံအောင်းထျန်းက သူ့ကံကောင်းမှုဖြင့် အသက်ရှည်ခြင်း လျို့ဝှက်ချက်ကို အမွေအနှစ်ဆက်ခံဖို့ သူ့ထက် ပိုသင့်တော်သည့်သူ မရှိဟု မှတ်ယူထားသည်။ ထို့အပြင် တစ်ခုခု မှားယွင်းသွားပါက သူကတော့ ဘာမှဖြစ်မည် မဟုတ်ချေ။

ထို့ကြောင့် သူက မဟာကျိုး လူများဆီမှ ဖိတ်ကြားချက်ကို လက်ခံရစဉ် လက်အောက်ငယ်သားများက သဘောမတူသော်လည်း လျို့ဝှက်နယ်မြေကို သူကိုယ်တိုင်သွားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

All Chapters