← Chapters

  ကမ္ဘာ၏ အလယ်ဗဟိုချက်

Vol. 11 Ch. 142

  ကမ္ဘာ၏ အလယ်ဗဟိုချက်

Vol. 11 Ch. 142

အခန်း(၁၄၂)  :  ကမ္ဘာ၏ အလယ်ဗဟိုချက်

မဟာရှုတိုင်းပြည်၊ တာအိုဘုရားကျောင်း

ဖုန်းဟွမ်က အနက်နှင့်အဖြူစပ်ထားသည့် အခင်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့လက်ထဲတွင် ကျီစုဆီမှ ဖိတ်ကြားလွှာ ရှိနေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ် အမှတ်အသားက လင်းလက်လာပြီး လူလတ်အရွယ် ဆံပင်တိုတိုနှင့် အမျိုးသားတစ်ယောက် ထွက်ပေါ်လာသည်။ ထိုသူက သူ့ဆရာ ဖြစ်၏။

“ မင်း ဘာတွေ လုပ်နေတာလဲ” ရှစ်ဖူယွီက မေးလိုက်သည်။

“ အရှင်းဆုံးပြောရရင် ကျွန်တော့်အနေနဲ့ လျို့ဝှက်နယ်မြေကို စိတ်မဝင်စားဘူး” ဖုန်းဟွမ်က စဉ်းစားရင်း ဖြေလိုက်သည်။

“ဒါပေမဲ့ ကျွန်တော် စိုးရိမ်တာက အထဲမှာ တကယ်ကို ထူးခြားနေတဲ့အရာမျိုး ဖြစ်နေပြီးတော့ တခြားအပြိုင်တာအိုသားတော်တွေက ဒီကမ္ဘာမှာ တိတ်တဆိတ် လွတ်ထားတဲ့ လူတွေဆီကနေ တစ်ခုခုရသွားမှာပဲ ”

လတ်တလော ဖုန်းဟွမ်က ဒီကမ္ဘာဆီ ကျူးကျော်လာသည့် ဂိုဏ်းမှ သူ့ပြိုင်ဘက်များ၏ သူလျိုတစ်ချို့ကို နောက်ယောင်ခံနိုင်ခဲ့သော်လည်း သူတို့ကို မဖမ်းမိခဲ့ပေ။ ထို့ကြောင့် သူက အရမ်းအာရုံစိုက်မိနေသည်။

“ ပြီးတော့ သိပ်မကြာခင် ကျွန်တော်က မဟာကျိုးတိုင်းပြည်ရဲ့ တိုက်ခိုက်မှုကို စိုးရိမ်လာရတော့မှာ။ သူတို့ မဟာဝူကို အပိုင်သိမ်းပြီးရင် ကျွန်တော်တို့ကိုပါ တိုက်ခိုက်လာနိုင်ခြေရှိတယ် ”

ရှစ်ဖူယွီက သူ့တပည့်၏ စိတ်ရင်းပေါ် အခြေခံပြီး ရလဒ်ကို မှန်းဆထားမိ၍ ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် သူက ပြောလိုက်သည်  “ ဒီလိုဆိုရင် ငါကိုယ်တိုင် လျို့ဝှက်နယ်မြေကို သွားစစ်ဆေးကြည့်လိုက်မယ် ”

ဖုန်းဟွမ်က အနည်းငယ် အံ့ဩသွားက ချက်ချင်း ပြောလိုက်သည်  “ဆရာ အဆင်ပြေပါ့မလား ”

“တပည့်လေး … မင်း ငါ့ကို စိတ်ပူစရာ မလိုဘူး။ ငါ့ကမ္ဘာဦးစိတ်ဝိညာဉ်က တည်ငြိမ်သွားရုံတင် မကဘူး။ ငါ့အင်အားတချို့ပါ ပြန်ရလာပြီ။ ဒီစစ်ဆေးမှုကို အစစ်အမှန်အုပ်ချုပ်သူတွေကိုယ်တိုင် စောင့်ကြပ်နေတာမလို့ ငါကိုယ်တိုင် ဝင်မလှုပ်ရှားနိုင်ပေမဲ့ လျို့ဝှက်နယ်မြေထဲကိုတော့ ဘယ်သူမှ သတိမထားမိစေဘဲ ဝင်လို့ရပါသေးတယ် ”

ဖုန်းဟွမ်က ထိုအရာကို ကြားပြီး ခေါင်းညိတ်သဘောတူလိုက်သည်။

…………………..

မဟာရှားတိုင်းပြည်၊ တော်ဝင်နန်းတော်

ဝမ်ဝေ့က ဤစစ်ဆေးမှု၏ ကျန်အင်အားစု၏ လက်မှတ်များ ပါဝင်သည့် စာကို ဖတ်နေသည်။ ထိုစာက သူ့အား ထိုအင်အားစုများမှ လက်ရွေးစင်များကို လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်ပြုရန်နှင့် အနှောင့်အယှက်မရှိ မျှတစွာ ယှဉ်ပြိုင်နိုင်ဖို့ရန် အဆိုပြုထားသည်။

ဝမ်ဝေ့က ထိုအရာမှာ ခြိမ်းခြောက်မှု ဖြစ်ကြောင်း သိထားသော်လည် ဂရုမစိုက်ပေ။ သူက သူ့ဘာသာ ပြုံးလိုက်ပြီး ရေရွတ်လိုက်သည်  “အချိန်ကျလာပြီပဲ ”

တစ်လကြာမြင့်ပြီးနောက် ဝမ်ဝေ့ဆီ ဧည့်သည်တော် တစ်ယောက် ရောက်လာလေသည်။ ထိုသူမှာ မိသားစုခေါင်းဆောင် ကျန့်ယုံ ဖြစ်၏။

ယခင်အခေါက်နှင့် မတူဘဲ သူက အချိန်အတော်ကြာ စိတ်ပင်ပန်းထားသလိုမျိုး မျက်တွင်းများကျနေသလို နုံးချိနေကြောင်း ဝမ်ဝေ့က သတိထားမိလိုက်သည်။ ပို၍အရေးကြီးသည်မှာ သူက ဒဏ်ရာရထားဟန်ပေါ်သည်။

“အမတ်ကျန့်ယုံက အရှင်ကို လာရောက်ခစားပါတယ် ”

“ထလို့ရပြီ … ခေါင်းဆောင်ကျန့် ဘာကိစ္စများရှိလို့လဲ ”

ထိုအရာကိုကြားပြီး ကျန့်ယုံက ချက်ချင်း ဒူးထောက်ကာ နဖူးကို ကြမ်းပြင်အထိ ထိထားလိုက်ပြီး  “ အရှင်  … ကျွန်တော်တို့ ကျန့်မိသားစုကို ကယ်ပေးဖို့ သနားခံပါတယ် ”

“ အိုး … ခင်ဗျားတို့ မျိုးနွယ်က ဘာများဖြစ်လို့လဲ။ ဒီအုပ်ချုပ်သူရဲ့ လက်အောက်မှာလေ ”

တကယ်တော့ ဝမ်ဝေ့က ကျန့်မိသားစု ဘယ်လိုဖြစ်သွားကြောင်းနှင့် သူတို့ခေါင်းဆောင် အဘယ်ကြောင့် လာတွေ့ကြောင်း အတိအကျ သိထားလေသည်။ ကျန့်မိသားစုမှ ရှာတွေ့ထားသည့် လျို့ဝှက်နယ်မြေ သတင်းဖြင့် လူများစွာက စုံစမ်းနေကြပြီး လျို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို ရှာတွေ့သွားကြသည်။ သို့သော် ကံဆိုးသည်က လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်အမှတ်အသားပြားက ကျန့်ယုံလက်ထဲ ရှိနေဆဲ ဖြစ်၏။

ထို့ကြောင့် လျို့ဝှက်နယ်မြေကို စိတ်ဝင်စားနေကြသူများက ကျန့်မိသားစု၏ လှုပ်ရှားမှုအားလုံးကို စတင်စောင့်ကြည့်လာကြသည်။ အစပိုင်းတွင် ထိုလူများက ဝမ်ဝေ့ ဝင်နှောင့်ယှက်မည်ကို စိုးရိမ်ကာ သတိကြီးကြီးထားပြီး စိတ်ရှည်ရှည်စောင့်ခဲ့ကြသည်။

သို့သော်လည်း သူတို့က မည်သူမှ သူတို့အပြုအမူများကို မစုံစမ်းကြောင်း သတိပြုမိသွားသည့်အခါ ပိုမိုရဲတင်းလာကြသည်။ သူတို့က ကျန့်မိသားစု အိမ်တော်ထဲ ကျုးကျော်ဝင်ရောက်ဖို့ နည်းလမ်းမျိုးစုံ သုံးသလို မိသားစုဝင်များဆီမှ အမှတ်အသားပြားအကြောင်း သတင်းအချက်အလက်ရယူခဲ့သည်။

သို့သော်လည်း လတ်တလော ထိုလူများ၏ ရဲတင်းမှုက ပိုဆိုးလာသည်။ သူတို့က သတင်းရရှိရန် ကျန့်မျိုးနွယ်၏ အရေးကြီး မိသားစုဝင်ကို ပြန်ပေးဆွဲလာကြသလို ထိုလူများ၏ အသက်ဖြင့် လျို့ဝှက်နယ်မြေ အမှတ်အသားပြားအား လဲလှယ်ဖို့ ခြိမ်းခြောက်လာကြသည်။

ယမန်နေ့ညက တစ်ယောက်က ကျန့်မိသားစုအိမ်တော်ကို တိုက်ရိုက်တိုက်ခိုက်ခဲ့သောကြောင့် ခေါင်းဆောင် ကျန့်ယုံ ဒဏ်ရာရသွားခြင်း ဖြစ်သည်။

ထိုစဉ် ကျန့်ယုံက ထိုမေးခွန်းကို ကြားသည့်အခါ လက်ကို တင်းတင်းဆုပ်ထားလိုက်မိသည်။ သူ့အရှင်သည် မြို့တော်အတွင်း ဖြစ်ပျက်နေသမျှအရာအားလုံးကို သတိထားမိမှန်း သိထားသည်။ အကယ်၍ သူသာ ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုမပေးထားလျှင် ထိုနယ်ခြားများက မည်မျှမောက်မာရဲမည်နည်း။

သို့သော်လည်း ကျန့်ယုံက မျက်နှာအထက် မကျေမနပ်အမူအရာ မပြရဲပေ။ သူက အကူအညီတောင်းခံဖို့ ရောက်လာသူမှန်း သိ၍ ဦးညွှတ်ကာ “  ကျန့်မိသားစုရဲ့ လျို့ဝှက်နယ်မြေသတင်း ပေါက်ကြားသွားတဲ့အချက်ကြောင့် ကျွန်တော်တို့မျိုးနွယ်အပေါ် ကျူးကျော်မှုတွေ ရှိလာပါတယ်။ အဲဒါကြောင့် အရှင် ကျွန်တော်တို့ ကျန့်မျိုးနွယ်ကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ကလည်း မဟာရှားပြည်သူတွေပဲလေ။ ကျွန်တော်တို့က တိုင်းပြည်ထဲက ကျန်တဲ့သူတွေအတိုင်း အခွန်တွေလည်း ပေးဆောင်ထားပါတယ် ”

ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် မေးထောက်ကာ  “ ခင်ဗျား ပြောတာ အမှန်ပါပဲ။ ခင်ဗျားတို့က ကျုပ်ရဲ့လူတွေ။ ဒါပေမဲ့ ကျုပ် မှတ်မိသလောက် လွန်ခဲ့တဲ့ တစ်လလောက်က ခင်ဗျားတို့မျိုးနွယ်မှာ လျို့ဝှက်နယ်မြေ မတွေ့ထားပါဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ တိုင်းပြည်ရဲ့ စည်းမျဉ်းဥပဒေအရ ဒီအုပ်ချုပ်သူကို လိမ်ညာတဲ့အတွက် ခင်ဗျားနဲ့ ခင်ဗျားတို့ တစ်မျိုးနွယ်လုံးကို သုတ်သင်ပစ်လို့ ရတယ်။ ”

ကျန့်ယုံက ကြမ်းပေါ်မှ ထလာကာ ချက်ချင်း ပြန်ဖြေလိုက်သည်။

“အရှင် … ဒီအမတ်က မလိမ်ညာပါဘူး။ ဒီလျို့ဝှက်နယ်မြေက ကျန့်မိသားစုရဲ့ အမွေအနှစ် အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့တာ မျိုးဆက်များစွာရှိပါပြီ။ အဲဒါကြောင့် ကျွန်တော်တို့ တွေ့ရှိခဲ့တာ မဟုတ်သလို အထဲမှာလည်း အသက်ရှည်ခြင်း လျို့ဝှက်ချက်လည်း မရှိထားပါဘူး။ အဲဒါကြောင့် အဲဒီကောလဟာလတွေက အမှားတွေပါလို့ ပြောခဲ့တာပါ ”

“ ဟားဟား ” ဝမ်ဝေ့က စိတ်ဝင်စားဖွယ် အပြုံးမျိုးဖြင့် ရယ်မောလိုက်သည်  “ အခြေအနေက ဒီလိုမျိုးအထိ ဖြစ်လာတာတောင် မင်းက ငါနဲ့ ကတ်သီးကတ်သတ် ပြောချင်နေသေးတယ်ပေါ့ ”

ကျန့်ယုံက ခေါင်းအသာမော့ကာ ဝမ်ဝေ့ကို ကြည့်လိုက်သည်။ သူက စက္ကန့်ပိုင်းလောက် စဉ်းစားလိုက်ပြီးနောက် အံကြိတ်ကာ ဖွင့်ဟပြောတော့မည်ဆဲဆဲတွင် ဝမ်ဝေ့၏ တားဆီးခြင်းကို ခံလိုက်ရသည်။

“ မင်း ဒီအခြေအနေကနေ ရုန်းထွက်တာကို စောင့်ကြည့်နေရလောက်အောင် ငါ စိတ်မရှည်ဘူး ”

ထိုသို့ပြောပြီးနောက် သူက ကမ္ဘာအနှံ့ အင်အားစုများ လျို့ဝှက်နယ်မြေ ဝင်ခွင့်ရရေး လက်မှတ်ရေးထိုးထားပြီး တောင်းဆိုထားသည့် စာကို ကျန့်ယုံဆီ လွှင့်ပစ်လိုက်သည်။

ထိုစာကို ဖတ်ပြီး ကျန့်ယုံ၏ မျက်နှာထားက ပို၍ ပျက်ယွင်းသွားလေသည်။ သူ့အစီအစဉ်အရ တခြားလူများ ဝင်မပါလာစေရန် တော်ဝင်မိသားစုနှင့်သာ လျို့ဝှက်နယ်မြေကို ဝေမျှလိုက်မည်ဟု တွေးထား၏။

သို့သော်လည်း လက်ရှိအခြေအနေအရ ကိစ္စများက ထိန်းချုပ်မှုအတွင်း မရှိတော့ပေ။

“ အရှင် ဆိုလိုချင်တာက … ”

“အင်အားစုတစ်ခုစီတိုင်းကို ဝင်ခွင့်နေရာ ပေပြီး နောက်သုံးလနေရင် သူတို့ လျို့ဝှက်နယ်မြေထဲ ဝင်ဖို့အတွက် ရက်သတ်မှတ်ပေးရမယ်”

ကျန့်ယုံက စတင် စဉ်းစားလိုက်သည်။ ဤအခြေအနေက သူတို့ကျန့်မိသားစုအတွက် အဆိုးကြီးတော့ မဟုတ်ပေ။ သူတို့က အထဲတွင် ဘာကြုံတွေ့ရမှန်း သိထားပြီးပြီ မဟုတ်ပါလော။ သူတို့သာ အထဲမှ ချမ်းသာကြွယ်ဝမှု သို့မဟုတ် ဆေးလုံးအနည်းငယ် ရလာခဲ့လျှင် အရှင် ဒီကမ္ဘာမှ မထွက်သွားခင်အထိ အသက်ရှင်နိုင်လေပြီ။

ထို့အပြင် ကျန့်ယုံက ကောင်းကင်ရွေးချယ်ခံအများစုသည် လျို့ဝှက်နယ်မြေအတွင်းရှိ မြေကမ္ဘာအဆင့် ဆေးလုံးများကို တပ်မက်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်ထားသည်။ သူတို့က ရွှေရောင်စာအုပ်နောက် လိုက်နေကြခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့ကျန့်မိသားစုရှိ လူများက ကယ်တင်ရှင်မဟာမိတ် အဖွဲ့အစည်းကိုသာ စိတ်ပူဖို့ လိုလေသည်။

ထိုလူများလည်း လျို့ဝှက်နယ်မြေထဲ ဝင်မည်မှန်း သိ၍ တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဆိုင်ကြလိမ့်မည်မှန်း သိထားလေသည်။ သို့သော်လည်း သူတို့ကျန့်မိသားစုက လန်နှင့် ချန်တို့ဖြင့် မိသားစုချင်း အင်အားပေါင်းကာ မဟာမိတ် ဖွဲ့ထားသည်။

ကျန့်ယုံက ရလဒ်ကို အသာတကြည် လက်ခံနိုင်လေသည်။ သူ စိတ်ကူးထားသည့် အရှင်က သူတို့တစ်မိသားစုလုံးကို သတ်ကာ အမှတ်အသားပြား ယူသွားသည် ဟူသော အဆိုးရွားဆုံး ရလဒ်နှင့် ယှဉ်လိုက်လျှင် ဒီနောက်ဆုံးရလဒ်ကို လက်ခံနိုင်လေသည်။

ထို့ကြောင့် ခေါင်းဆောင်ကျန့်ယုံက ဝမ်ဝေ့၏ အဆိုပြုချက်ကို လက်ခံကာ တော်ဝင်နန်းတော်မှ ကျေကျေနပ်နပ် ထွက်သွားတော့သည်။

ထို့နောက် မဟာရှား၏ တော်ဝင်အစောင့်တပ်ကက မြို့တော်အတွင်း ရုတ်ရုတ်သည်းသည်း ကျူးကျော်လာသူအားလုံးကို ဖမ်းဆီးတာမျိုး သို့မဟုတ် သတ်ဖြတ်တာမျိုး လုပ်ဆောင်လာကြသောကြောင့် ကျန့်မိသားစုအတွက် အသက်ရှုချောင်သွားစေသည်။

သို့သော် တိုက်ခိုက်မှုများက မရပ်တန့်သွားပေ။ သူတို့က ကွယ်ရာမှ လုပ်ဆောင်လာကြ၏။

ဝမ်ဝေ့က ကောင်းကင်ရွေးချယ်ခံအားလုံးထံ သူတို့အဆိုပြုချက်ကို လက်ခံကြောင်း စာပြန်ပို့ပေးခဲ့ပြီး နောက်သုံးလကြာလျှင် လျို့ဝှက်နယ်မြေ ဖွင့်မည်  ဖြစ်ကြောင်း သတ်မှတ်ပေးလိုက်သည်။

ထိုကဲ့သို့ သုံးလတာက မြန်မြန်ဆန်ဆန် ကုန်လွန်သွားလေသည်။ ထိုသုံးလတာအတွင်း တစ်ကမ္ဘာလုံးက ငြိမ်သက်သွားသည်။ စစ်ပွဲအားလုံး ရပ်တန့်သွားကာ အားလုံးက ဖွင့်ပွဲရက်ကို စောင့်နေကြသည်။

ရလဒ်အနေနှင့် လူများစွာက မဟာရှားတိုင်းပြည်ဆီ ရောက်လာကြသောကြောင့် ကုန်သွယ်ရေးက ပိုမိုစည်ကားလာခဲ့သည်။ တိုင်းပြည်၏ စီးပွားရေးလည်း သုံးလအတွင်း အရှိန်အဟုန်မြင့်စွာ တိုးတက်လာခဲ့သည်။

ဖွင့်ပွဲရက် ရောက်လာသည့်အခါ ဝတ်စုံ မတူညီသည့် လက်ရွေးစင် စစ်သားများစွာက လျို့ဝှက်နယ်မြေ ဝင်ပေါက်တည်ရှိသည့် နှင်းကျားတောင်ရှေ့တွင် ရပ်နေကြသည်။

ထိုလူများက ကမ္ဘာအနှံ့မှ ရောက်လာကြခြင်း ဖြစ်ကာ တိုင်းပြည်အသီးသီး၏ လက်ရွေးစင်ထဲမှ လက်ရွေးစင်များ ဖြစ်ကြသည်။

နာရီအနည်းငယ်ကြာစောင့်ဆိုင်းပြီးနောက် ကျန့်မိသားစု၊ လန်မိသားစုနှင့် ချန်မိသားစုတို့ ပေါင်းထားသည့် မဟာမိတ်က လျို့ဝှက်နယ်မြေ ဖွင့်ရန် အချိန်နီးကပ်လာကြောင်း အချက်ပြလိုက်သည်။

All Chapters