နဂါးနဲ့ကျားတိုက်ပွဲ
Vol. 11 Ch. 147
အခန်း (၁၄၇) နဂါးနဲ့ကျားတိုက်ပွဲ
အစိမ်းရောင်အလင်းတန်းနှင့် ခရမ်းရောင်အလင်းတန်းက အဆင့်နိမ့်မှော်ဝင်လက်နက် (၂)ခုဖြစ်သော ကျောက်စိမ်းနဂါးဓားနှင့် ခရမ်းရွှေရောင်မိုးကြိုးဓားတို့ ဖြစ်သည်။
သိုင်းပညာရှင်အဆင့် ကျင့်ကြံသူဖြစ်သော ရန်ကျောက်ကဲအနေဖြင့် မှော်ဝင်ပစ္စည်း (၂)ခုကို တစ်ပြိုင်တည်း ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် သူက ပို၍ပြတ်သားသော နည်းလမ်းကို ရွေးချယ်ခဲ့သည်။
သူက ကျောက်စိမ်းနဂါးဓားကို ထိန်းချုပ်ပြီး ခရမ်းရွှေရောင်မိုးကြိုးဓားကို တိုက်ရိုက်ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။
ထို့နောက် သူနှင့် မှော်ဝင်ပစ္စည်းများ၏ ဆက်နွယ်မှုကို ဖြတ်တောက်လိုက်ပြီး နောက်ဆုံးအခိုက်အတန့်တွင် စွမ်းအားပေါက်ကွဲမှုတစ်ခု ထုတ်လွှတ်လိုက်ရာ ဓား (၂)လက်က တစ်ညီတစ်ညွတ်တည်း လင်ကျိုးဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားကြခြင်း ဖြစ်သည်။
“ရန်ရှန်းရဲ့ ခရမ်းရွှေရောင်မိုးကြိုးဓား”
ထိုမျှနီးကပ်သောအကွာအဝေးတွင် လင်ကျိုးအနေဖြင့် ရှောင်တိမ်းရန်လည်းခက်ခဲသလို သူ့ကိုယ်ပိုင်မှော်ဝင်လက်နက်ကိုလည်း ထုတ်ယူရန် မဖြစ်နိုင်တော့ပေ။
သူက အရေးကြီးဆုံးအခိုက်အတန့်တွင် မြန်နိုင်သမျှမြန်မြန် ရှောင်တိမ်းရင်း အရေးပါသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို မထိခိုက်မိအောင် တတ်နိုင်မျှ ကြိုးစားလိုက်သည်။
သို့သော် သူ့ပခုံးများထက်မှ ထူးခြားသည့် ရတနာပစ္စည်းဖြစ်သော လေမိုးကြိုးတောင်ပံတစ်စုံမှာတော့ မှော်ဝင်ဓား (၂)လက် ထိုးဖောက်သွားခြင်း ခံလိုက်ရသည်။
ရန်ကျောက်ကဲက ကောင်းကင်ဖုံးလွှမ်းကြယ်တာရာချီစွမ်းအားနှင့် လေမီးကပ်ဘေးသိုင်းပညာများကို ကျားဟိန်းမိစ္ဆာလက်သီးသိုင်း၏ လေပေါ်ခုန်ပျံသိုင်းကွက်ဖြင့် ပေါင်းစပ်ကာ တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ခြင်း ဖြစ်၏။
သိုင်းပညာ (၃)မျိုး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ရန်ကျောက်ကဲက လျှပ်စီးအလား လင်ကျိုးရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။
လင်ကျိုးက ရှန်ထျန်း အလယ်ဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ကောင်းကင်မိုးကြိုးခန်းမ၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော “လျှင်မြန်မှု” သိုင်းပညာကို ကျွမ်းကျင်သူ ဖြစ်သည်။ သို့တိုင် ရန်ကျောက်ကဲက သူ့ဘေးနားသို့ ချက်ချင်းရောက်လာခဲ့သည်။
လင်ကျိုးကို ကြည့်ရသည်မှာ အနည်းငယ် ထုံပေပေဖြစ်သွားဟန်ဖြင့် သိုင်းသမားတစ်ယောက်၏ သွေးပူမှုများ ကင်းမဲ့နေသည့်အလားပင်။
အားဟူက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစအား ဖိနှိပ်ထားသည်ကိုကြည့်ရင်း လင်ကျိုး ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်သည်။ သူ့အသံက မိုးခြိမ်းသံပမာ မြေပြင်တစ်ခုလုံး ပြားပြားဝပ်သွားစေသည်။
လင်ကျိုး၏လက်မှ လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာပြီး စိမ်းပြာရောင်ဓားတစ်လက် ထွက်ပေါ်လာသည်။ ထိုဓားက လက်ကျိုး၏ မှော်ဝင်လက်နက်ပင် ဖြစ်၏။
သူက ဓားရှည်ကိုဝှေ့ယမ်းလိုက်ပြီး စောစောက ရန်ကျောက်ကဲပြုလုပ်သကဲ့သို့ပင် မှော်ဝင်လက်နက်ကို ပစ်လွှတ်လိုက်သည်။
ပြင်းထန်သော ဓားအလင်းတန်းက ရန်ကျောက်ကဲ လက်ထဲမှ ကျောက်စိမ်းနဂါးဓားကို တိုက်ရိုက်ထိမှန်သွားပြီး တုန်လှုပ်သွားစေသည်။
ကျောက်စိမ်းနဂါးဓားမှ အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး နဂါးဟိန်းသံများ ထွက်ပေါ်လာကာ လင်ကျိုး၏ ပျံသန်းမိုးကြိုးတစ်ဖက်သွားဓားဖြင့် ထိပ်တိုက်ဆုံသွားသည်။
လင်ကျိုးက သူ၏ဓားကို ပစ်လွှတ်လိုက်ပြီးသည်နှင့် အခြားလက်တစ်ဖက်တွင် ဓားသွားပုံသဏ္ဌန်တစ်ခု ဖြစ်တည်လာသည်။ လက်ကိုလေထဲသို့ ပင့်မြှောက်လိုက်သည်နှင့် ဓားသွားကိုပင့်မြှောက်လိုက်သည့်အလား ဖြစ်၏။
သိုင်းကွက်ထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး လျှပ်စီးကြောင်းများ ဖုံးလွှမ်းသွားသည်။
သူ၏ ကြယ်တာရာချီစွမ်းအားများက ပြင်ပသို့ထွက်လာပြီး များစွာသော လျှပ်စီးကြောင်းများက လေထဲတွင် စုဝေးသွားကာ ပေ (၁၀၀)ခန့် ရှည်လျားသည့် ကြီးမားသော ဧရာမလျှပ်စီးဓားကြီးတစ်လက် ဖြစ်ပေါ်လာသည်။ ထိုဧရာမဓားကြီးက လေထုတစ်ခုလုံးကို လွှမ်းမိုးသွားသည်။
ပြင်းထန်သည့် ခရမ်းပြာရောင်လျှပ်စီးက ရန်ကျောက်ကဲမျက်နှာကို ရောင်ပြန်ဟပ်နေပြီး သူ့မျက်နှာသည်ပင် ခရမ်းပြာရောင် တောက်ပနေသည်။
ထိုအရာက ကောင်းကင်မိုးကြိုးခန်းမ၏ တိုက်ရိုက်မူပိုင်သိုင်းပညာဖြစ်သော လေမိုးကြိုလျှပ်စီးဓားသိုင်း ဖြစ်သည်။
ထိုဓားသိုင်း၏လျှင်မြန်မှုက ခရမ်းရောင်လျှပ်စီးဓားသိုင်းနှင့် ယှဉ်နိုင်စွမ်းရှိပြီး လွှမ်းမိုးမှုလည်း မြင့်မားသည်။ ကျင့်ကြံခြင်းအဆင့်တူသူများတွင် ထိုဓားသိုင်းကို ယှဉ်နိုင်သူ မရှိနိုင်ပေ။
လင်ကျိုးနှင့် တိုက်ခိုက်ရသည်က ယခင်က တိမ်လွှာတောင်မှ ကျိဟန်ရူနှင့် တိုက်ခိုက်ရသည်နှင့် မတူညီပေ။ ကျိဟန်ရူသည် ရန်ကျောက်ကဲကို ရင်ဆိုင်စဉ်က အရေးသိပ်မစိုက်သလို စွမ်းအားကုန်အသုံးပြုတိုက်ခိုက်ခဲ့ခြင်းလည်း မရှိပေ။ သူက ကျင့်ကြံခြင်းအဆင့်ပိုမိုမြင့်မားသဖြင့် ရန်ကျောက်ကဲကို လျှော့တွက်ခဲ့သည်။ ယခု လင်ကျိုးကတော့ ရန်ကျောက်ကဲကို စတင်တိုက်ခိုက်ကတည်းက စွမ်းအားကုန် အသုံးပြုခဲ့သည်။
လင်ကျိုး ဓားကိုခုတ်ပိုင်းချလိုက်သည်နှင့် မရေမတွက်နိုင်သည့် မိုးကြိုးသွားများ လင်းလက်တောက်ပလာပြီး ကမ္ဘာသစ်တစ်ခု ဖြစ်တည်လာသည့်အလား ထင်ယောင်ထင်မှား ခံစားရသည်။
ကြယ်တာရာချီစွမ်းအားများဖြင့် ဖန်ဆင်းထားသော ထင်ယောင်ထင်မှားကမ္ဘာကြီးသည် တိမ်တိုက်များထူထပ်နေပြီး ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းများက မြွေများတွန့်လိမ်နေသည့်ပမာ ကောင်းကင်ကို ဖြတ်သန်းဆင်းသက်လာသည်။ ကမ္ဘာလောကတစ်ခုလုံးက မိုးကြိုးသွားများဖြင့် ပြည့်နက်နေ၏။
ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ တုန်လှုပ်သွားသည့်တိုင် ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
မီးနဂါးများအသွင်တောက်လောင်ပူပြင်းသော ကြယ်တာရာချီစွမ်းအားနှင့် ရေခဲနဂါးများပမာအေးစိမ့်သည့် ကြယ်တာရာချီစွမ်းအားများ ရောယှက်သွားပြီး တစ်ပြိုင်နက်တည်း အထက်သို့တက်လာကြသည်။
ရန်ကျောက်ကဲက သူ၏ ဘယ်ညာလက်နှစ်ဖက်ကို အဆက်မပြတ်ဝှေ့ယမ်းကာ လက်တစ်ဖက်က ပင်လယ်ငြိမ်သက်လက်သီးသိုင်းကိုထုတ်ဖော်ပြီး ကျန်တစ်ဖက်ကတော့ ကောင်းကင်မြွေဘုရင်လက်သီးသိုင်းကို ထုတ်ဖော်လိုက်သည်။
လက်သီးချက်တစ်ချက်က တိုက်ခိုက်လျှင် နောက်တစ်ချက်က ခံစစ် ၊ တစ်ချက်က ပြင်းထန်လျှင် တစ်ချက်က ပျော့ပြောင်းခြင်းဖြင့် လက်သီးချက်များကြား ယင်နှင့်ယန်ပြောင်းလဲမှု အစွန်းနှစ်ဖက်ကြား ချိတ်ဆက်ထားသည်။
လက်သီးစွမ်းအားများထဲတွင် လိပ်နှင်မြွေပေါင်းစပ်ထားသည့် ရွှမ့်ဝူနတ်ဘုရား ဆင်းသက်လာသည့်အလား ခံစားရသည်။
တောက်လောင်နေသည့် အပူရှိန်နှင့် အေးခဲနေသော မအေးဓာတ် ကြယ်တာရာချီစွမ်းအား (၂)ခု ပြီးပြည့်စုံစွာပေါင်းစပ်သွားပြီး ယခင်ကနှင့်မတူညီစွာ စွမ်းအားပြင်းထန်လာသည်။
ရုတ်တရက် ပေါက်ကွဲထွက်လာသည့် စွမ်းအားများက လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် လင်ကျိုး၏ဓားဝိညာဉ်နှင့် ကြယ်တာရာချီစွမ်းအား ပုံရိပ်ယောင်ကမ္ဘာကို ဖြတ်ကျော်သွားသည်။
လင်ကျိုး၏ အကြည့်များက အေးစက်ပြီးလေးလံနေသည်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် သူ့ပုံစံက ရုတ်တရက် ပြောင်းလဲသွားသည်။
သူ့လက်ထဲမှ ဓားသွားက တောက်ပလင်းလက်နေပြီး ယခင်ကဓားဝိညာဉ်ကဲ့သို့ မပြင်းထန်သည့်တိုင် ပိုမိုလျှင်မြန်သည်။
ခရမ်းရောင်လျှပ်စီးဓားသိုင်း။
ဓားက ဓားအိမ်အတွင်းမှ ထွက်လာသည်နှင့် လျှင်မြန်မှုအရှိန်အဟုန်က အထွတ်ထိပ်သို့ ရောက်ရှိလာသည်။
ရှန်ထျန်း အလယ်ဆင့် သိုင်းပညာရှင်ဖြစ်သော လင်ကျိုးမှာ ခရမ်းရောင်လျှပ်စီးဓားသိုင်းကို ထုတ်ဖော်ရာတွင် ရန်ရှန်းထက် လျှင်မြန်ပြင်းထန်သည်။
ကောင်းကင်မိုးကြိုးခန်းမ၏ “လျှပ်စီးမိုးကြိုး” အကြောင်းကို တစ်ကမ္ဘာလုံး သိရှိကြသည်။ လျှပ်စီးဆိုသည်က နှစ်ဖက်သွားဓားသိုင်းပညာတွင် အလွန်ကျွမ်းကျင်သည့် ရန်ရှန်းကို ပြောခြင်းဖြစ်သည်။ မိုးကြိုးဆိုသည်ကတော့ တစ်ဖက်သွားဓားသိုင်းတွင် အထူးကျွမ်းကျင်သည့် မိုးကြိုးသခင်လေး’လင်ကျိုး’ကို ပြောခြင်း ဖြစ်၏။
ယခုတော့ လင်ကျိုးသည် နယ်ပယ်အားလုံးတွင် ရန်ရှန်းထက် များစွာသာလွန်ကြောင်း ရန်ကျောက်ကဲ အတည်ပြုနိုင်ခဲ့ပြီ။
သူ့အပေါ် လူတိုင်းထားရှိသည့်အထင်အမြင်ကိုချိုးဖျက်ကာ လင်ကျိုးက နှစ်ဖက်သွားဓားသိုင်းဖြစ်သည့် “ခရမ်းရောင်လျှပ်စီးဓားသိုင်း”ကို ထုတ်ဖော်အသုံးပြုလိုက်သည်။ မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသည့် ဓားချက်နှင့်အတူ မြေပြင်ထက်တွင် တုန်လှုပ်ချောက်ချားဖွယ် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ အခြားသူများဆိုလျှင် ထိုဓားချက်ကို ခုခံရန် အလွန်တရာ ခဲယဉ်းပေမည်။
ကျင့်ကြံခြင်းအဆင့် တူညီသည့်တိုင် လင်ကျိုး၏ ခရမ်းရောင်လျှပ်စီးဓားသိုင်းက ရန်ရှန်းထက် အဆပေါင်းများစွာ ပိုမိုခြိမ်းခြောက်နိုင်စွမ်းမြင့်မားသည်။
ဓားအရှိန်က အလွန်လျှင်မြန်သည့်အတွက် ရန်ကျောက်ကဲ၏အမြင်အာရုံသည်ပင် ဓားသွားရာလမ်းကြောင်းကို မခန့်မှန်းနိုင် ဖြစ်ရ၏။
ပိုဆိုးသည်မှာ ရန်ကျောက်ကဲ သိုင်းကွက် ထုတ်ဖော်လိုက်သည်နှင့် လင်ကျိုးလက်ထဲတွင် (၂)ပေခန့်ရှည်သည့် ဓားတိုတစ်လက်ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအားအလင်းတန်းများ ထုတ်လွှတ်လိုက်ခြင်းပင်။ ထိုအလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေသည်။
အံ့သြစရာမှာ ထိုဓားတိုလေးက မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်နေခြင်း ဖြစ်၏။ ထိုဓားကို တိမ်မှုံဓားဟု ခေါ်ဆိုသည်။
လင်ကျိုး ၊ ရန်ကျောက်ကဲနှင့် ရန်ရှန်းတို့သည် နောက်ခံတူညီကြသူများဖြစ်ကြပြီး သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများလည်း ဖြစ်လေရာ မှော်ဝင်ပစ္စည်းများကို သာမန်ကျင့်ကြံသူများထက် ပိုမိုပိုင်ဆိုင်ကြသည်။
လင်ကျိုးက ဝှက်ဖွဲတစ်ချပ် ထုတ်သုံးလိုက်ကတည်းက ရန်ကျောက်ကဲကလည်း သတိထားစောင့်ကြည့်နေသည်။
လင်ကျိုးထံမှ ဓားတိုလေးထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် ရွှေရောင်အလင်းတန်းများက နေရောင်ခြည်အလား ထွက်ပေါ်လာသည်။
ပူပြင်းသည့်နေ့တစ်နေ့တွင် နေမင်းထွန်းလင်းနေသည့်အလား မဟာနေမင်းဘီးထွက်ပေါ်လာပြီး လင်ကျိုး၏ဓားတိုလေးဖြစ်သော တိမ်မှုံဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
“ရှောင်ရှန်းရဲ့ မဟာနေမင်းဘီးပဲ ၊ အဲဒါ တော်တော်ပြောင်းလဲသွားတာပဲ”
လင်ကျိုး၏အကြည့်များ အေးခဲသွားသည်။
သူက ရန်ကျောက်ကဲ၏ လက်သီးချက်ကို ခရမ်းရောင်လျှပ်စီးဓားသိုင်းဖြင့် ခုခံလိုက်၏။
“ကျီ ကျီ ကျီ ကျီ”
လင်ကျိုး၏တိုက်ခိုက်မှုကြောင့် ရန်ကျောက်ကဲ၏လက်များကို လျှပ်စီးအလွှာတစ်ထပ် ဖုံးလွှမ်းသွားပြီး သရဲတစ္ဆေတစ်ကောင်ပမာ အလင်းရောင်က ရိပ်ခနဲ ဖြတ်သန်းသွားသည်။
ထိုသိုင်းကွက်က ကောင်းကင်မိုကြိုးခန်းမ၏ တိုက်ရိုက်မူပိုင်သိုင်းပညာဖြစ်သည့် အစိမ်းရောင်မိုးကြိုးလက်သီး ဖြစ်သည်။
မဟာနေမင်းဘီးနှင့် တိမ်မှုံဓားတို့ ရောယှက်ရှုတ်ထွေးသွားပြီး တစ်ခုနှင့်တစ်ခု တွန်းကန်နေကြစဉ် လင်ကျိုး၏လက်သီးချက်က မိုးကြိုးတစ်စင်းပေါက်ကွဲသည့်ပမာ ရန်ကျောက်ကဲထံသို့ တိုက်ရိုက်ဝင်ရောက်လာသည်။
“ဝုန်း”
ပေါက်ကွဲသံကြီးက မိုးခြိမ်းသံပမာ ထွက်ပေါ်လာသည်။ သူ့ထံသို့ ဝင်ရောက်လာသည့် စိမ်းပြာရောင်ဧရာမလက်သီးချက်ကြီးကြောင့် သူ့ရှေ့မှ မိုးမြေတစ်ခုလုံး ပြိုကျသွားသည့်အလား ရန်ကျောက်ကဲ ခံစားလိုက်ရ၏။
ရန်ကျောက်ကဲမျက်ဝန်းများတွင် တောက်ပသည့်လရောင်ထွက်ပေါ်လာပြီး သူ့မျက်နှာအမူအရာက တည်ငြိမ်နေသည်။
လင်ကျိုး၏ သံမဏိလက်သီးချက်ကို ရင်ဆိုင်ရန် ရန်ကျောက်ကဲကလည်း လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
သို့သော် လမ်းတစ်ဝက်တွင် ရန်ကျောက်ကဲ၏လက်မောင်းက အမြီးများလေထဲလွင့်ပျံနေသည့် နတ်နဂါးတစ်ကောင်ပမာ ရုတ်တရက် တုန်ခါသွားသည်။
နတ်နဂါးက နောက်ပြန်ဆုတ် ၊ အပြင်ဘက်သို့ပြန်လှည့် သွား၏။
ရန်ကျောက်ကဲ၏ ကိုယ်ပိုင်ဓားသိုင်းဖြစ်သော အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားဝိညာဉ်ကို လက်သီးချက်တွင် ပေါင်းစပ်အသုံးပြုလိုက်သည်မှာ ထင်ရှားသည်။
အင်္ကျီလက်ထဲမှမိုးပြာနဂါး ၊ နတ်နဂါးအမြီးရိုက်ခတ်သိုင်းကွက်။
သူ၏လက်မောင်းတုန်ခါသွားသည်နှင့် ရန်ကျောက်ကဲက ခန္ဓာကိုယ်ကို ကြီးမားသောသံလိုက်အိမ်မြှောင်တစ်ခုအလား လှည့်ပတ်လိုက်သည်။
ပြင်းထန်လွန်းသည့် စွမ်းအားကြောင့် ရန်ကျောက်ကဲခြေထောက်အောက်မှလေထုတွင် မီးလောင်သည့်ရနံ့များပင် ထွက်ပေါ်လာသည်။
ထိုသို့လှည့်ပတ်ပြီးသည်နှင့် ရန်ကျောက်ကဲက လင်ကျိုး၏လက်ကောက်ဝတ်ကိုထိုးနှက်လိုက်ကာ အစိမ်းရောင်မိုးကြိုးလက်သီးကို ဦးတည်ချက်ပြောင်းလဲသွားစေသည်။
လင်ကျိုးထိတ်လန့်သွားပြီး ချက်ချင်းရပ်တည်ချက်ပြောင်းရန် ဟန်ပြင်လိုက်သော်လည်း ရန်ကျောက်ကဲက သူ့ထက်လျှင်မြန်သည်။
ရန်ကျာက်ကဲ၏လက်သီးချက် ထိမှန်သွားသည်နှင့် လင်ကျိုး၏ အစိမ်းရောင်မိုကြိုးလက်သီးက လည်ထွက်သွားသည်။ သူတို့ (၂)ယောက် ထိပ်တိုက်တွေ့သည့် ရိုက်ခတ်မှုစွမ်းအားကြောင့် သူ့ခန္ဓာကိုယ်က ဆန့်ကျင်ဘက်အရပ်သို့ မထင်မှတ်သောအရှိန်ဖြင့် လွင့်ထွက်သွားသည်။
ရန်ကျောက်ကဲ၏ နောက်ထပ်ဘယ်ဝိုက်လက်သီးက နဂါးကြီးတစ်ကောင် အမြီးဖြင့် ရိုက်ချလိုက်သည့်အလား လင်ကျိုး၏ ခန္ဓာကိုယ်ဆီသို့ ဆက်တိုက်ဝင်ရောက်လာသည်။
နှစ်ဂါးနှစ်ကောင်အမြီးဝှေ့ယမ်းသိုင်းကွက်။
လင်ကျိုး မျက်လုံးများ ပြူးကျယ်သွားပြီး ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ မြင့်တက်လာပြီး သူ၏ အရိုးစုတစ်ခုလုံး ပေါက်ကွဲထွက်ကာ ကွဲအက်သံများ အပြင်သို့တိုင် ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်က မူမမှန်စွာ နောက်ထပ်အမြင့်ပေတစ်ပေကျော်ထိ မူမမှန်စွာ ကြီးထွားလာပြီးနောက် တစ်ချိန်တည်းပင် အလျှင်မြန်ဆုံးသောအရှိန်ဖြင့် နောက်ဆုတ်သွားသည်။
သို့သော် ရန်ကျောက်ကဲထံမှ ပေါက်ကွဲထွက်လာသည့်စွမ်းအားက မယုံကြည်နိုင်စရာ တုန်လှုပ်ဖွယ်ကောင်းလှပြီး လျှင်မြန်ပါသည့်ဆိုသည့် လင်ကျိုးသည်ပင် နှစ်ဂါးနှစ်ကောင်အမြီးဝှေ့ယမ်းသိုင်းကွက်ကို အပြည့်အဝ မရှောင်တိမ်းနိုင်ခဲ့ပေ။
ခန္ဓာကိုယ်ကို ထိမှန်ခဲ့ခြင်းမရှိသော်လည်း ရန်ကျောက်ကဲ၏လက်သီးက သူ့မျက်နှာသို့ တည့်တည့်ဝင်ရောက်လာသည်။
လင်ကျိုးမျက်လုံးထဲ ကြယ်များကိုသာ တွေ့မြင်လိုက်ရပြီး သူ့မျက်နှာတစ်ခြမ်း ထုံကျဉ်သွားကာ ခေါင်းများမူးဝေသွားပြီး သွားများအားလုံးနီးပါး ကျွတ်ထွက်ကာ လေထံပျံသွားသလို ခံစားလိုက်ရသည်။
ရန်ကျောက်ကဲက သူ ခန့်မှန်းထားသည်ထက် ပိုမိုသန်မာသည်။ သို့သော် ခံလိုက်ရသည့်အတွက် လင်ကျိုးဒေါသထွက်သွားပြီး အကြမ်းတမ်းအရက်ဆုံး အခြေအနေသို့ တွန်းပို့ခံလိုက်ရသည်။
“ဟမ်...”
လက်သီးချက်ကြောင့် ဒဏ်ရာရသွားသည့်တိုင် လင်ကျိုးက အရေးမစိုက်ဘဲ ခြေကန်ချက်တစ်ချက်ဖြင့် ပြန်လည်တိုက်ခိုက်လိက်သည့်အခါ ရန်ကျောက်ကဲ မျက်မှောင်ကြုတ်လိုက်မိလေတော့၏။