← Chapters

တကယ်လား

Vol. 11 Ch. 143

တကယ်လား

Vol. 11 Ch. 143

အခန်း(၁၄၃)  :  တကယ်လား

နှင်းကျားတောင်ရှေ့တွင် အင်အားစုအသီးသီးမှ လက်ရွေးစင်အားလုံးက လျို့ဝှက်နယ်မြေ ပွင့်လာဖို့ စောင့်နေကြသည်။

လျို့ဝှက်နယ်မြေထဲ ဝင်မည့် မဟာကျိုးတိုင်းပြည်၏ လက်ရွေးစင်အဖွဲ့ခေါင်းဆောင်က ဘေးပတ်လည်ကို ကြည့်ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူ့အကြည့်တို့က မဟာရှားတိုင်းပြည်၏ လက်ရွေးစင်အဖွဲ့ဆီ ရောက်ရှိသွားသည်။

သူက တစ်ယောက်ချင်းစီကို သေချာကြည့်လိုက်သည်။ သူက စစ်သားများသည် အကောင်းဆုံး ချပ်ဝတ်များ ဝတ်ဆင်ထားပြီး လှံများလို တဖြောင့်တည်းရပ်နေကာ အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှင့်နေသည်ကို မြင်လိုက်ရသည်။

ခေါင်းဆောင်က ထိုလက်ရွေးစင် စစ်သားများဆီမှ ထုတ်လွှင့်နေသော အငွေ့အသက်သည် တိုက်ပွဲများစွာ ဖြတ်ကျော်လာရင်း ဆက်တိုက်သတ်ဖြတ်နေရာမှ ဖြစ်လာသည့်အရာမှန်း သတိပြုမိလိုက်သည်။

“အမတ်ချုပ် ပြောတာများ မှားနေမလား” သူက သူ့ဘာသာ ရေရွတ်လိုက်သည်  “ငါကိုယ်တိုင် လျို့ဝှက်နယ်မြေထဲ ဝင်လိုက်ရမလား”

သူက အတွေးများနေစဉ် သူ့အား တစ်ယောက် လာတွေ့လေသည်။ ထိုလူက မဟာဝူတိုင်းပြည်မှ လက်ရွေးစင်များကို ဦးဆောင်လာသည့် ခေါင်းဆောင် ဖြစ်နေသည်။

ထိုလူက လက်နှစ်ဖက်ယှက်ကာ  “ ခေါင်းဆောင်ကျန်းချီ … အုပ်ချုပ်သူအရှင်စွင်းဝမ်ကိုယ်စား  ကျုပ်တို့ကို ဝင်ခွင့်နေရာ ပိုပေးတဲ့အတွက် အမတ်ချုပ်ကျီစုကို ကျေးဇူးတင်ချင်လို့ပါ ”

ကျန်းချီက ပြုံးလိုက်ပြီး “ အားနာနေဖို့ မလိုပါဘူး။ ဒီလိုရေမြေခြားမှာ ရန်သူထက် မိတ်ဆွေရှိတာ ပိုကောင်းပါတယ် ”

ထို့နောက် နှစ်ယောက်သား စကားခဏ ပြောပြီးနောက် ကိုယ့်လမ်းကို သွားလိုက်ကြသည်။ ထိုစဉ် မဟာဝူတိုင်းပြည်မှ လူများ ထွက်သွားသည်ကို ကြည့်နေရင်း ကျန်းချီက စိတ်ပိုင်းဖြတ်လိုက်ဟန်ပေါ်သည်။

လျို့ဝှက်နယ်မြေ မဖွင့်ခင် မိနစ်အနည်းငယ်အလိုတွင် လူများစွာက ပျံသန်းရောက်လာကြသည်။ ထိုလူများက ဤကမ္ဘာ၏ သဘာဝလွန်နယ်ပယ်အဆင့် ကျင့်ကြံသူအချို့ဖြစ်ပြီး ကျန့်၊ လန်နှင့် ချန်မိသားစု ဘိုးဘေးများလည်း ပါဝင်လေသည်။

ထိုလူအများစုက ကမ္ဘာ့အရေးများမှ ကင်းဝေးကာ အမြဲလိုလို သီးသန့်ကျင့်ကြံနေလေ့ရှိကြသည်။ တချို့လူများက ကောင်းကင်ရွေးချယ်ခံများကို ရင်ဆိုင်တိုက်ခိုက်ဖို့ တိတ်တဆိတ် ပူးပေါင်းထားကြခြင်း ဖြစ်ပြီး တချို့သာ သူတို့ထံ အညံ့ခံထားကြသည်။

ပျံသန်းလာသော ကျင့်ကြံသူများကြားတွင် သတိအပြုမိစေဆုံးအရာက နတ်ဆိုးသားရဲငှက်များ ဆွဲလာသည့် ရထားလုံးတစ်စီး ဖြစ်၏။

ထိုရထားလုံး ဆင်းသက်လာသည့်နောက် စစ်သားများစွာက ရထားလုံးကို ဝိုင်းထားလိုက်ကြသည်။ ထို့နောက် ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ထွက်လာသည်။ ထိုအမျိုးသားတွင် ခန့်ညားချောမော ငယ်ရွယ်သည့် မျက်နှာရှိသော်လည်း သူ့မောက်မာသည့် အမူအရာကြောင့် အလကားဖြစ်သွားရသည်။

ထိုအမျိုးသားက လုံအောင်းထျန်း ဖြစ်၏။ သူ ရထားလုံးထဲမှ ထွက်လာပြီးနောက် လက်ဝေ့ကာ ရွှေပလ္လင်ပုံဖော်နေသည့် သဘာဝလွန် ကျင့်ကြံသူကို ကြည့်လိုက်သည်။ သူ ထိုသဘာဝလွန် ကျင့်ကြံသူကို ခေါ်လာသည့်အကြောင်းအရင်းမှာ လျို့ဝှက်နယ်မြေထဲမှ ချမ်းသာကြွယ်ဝမှုတို့ကို သူနှင့် မျှဝေချင်၍ ဖြစ်သည်။

လုံအောင်းထျန်းက လက်အောက်ငယ်သားများကို ကောင်းမွန်စွာ ဆက်ခံသည့်သူ ဖြစ်၏။ အထူးသဖြင့် ထိုကျင့်ကြံသူက ဟွမ်မင်နှင့် သူ့တိုက်ပွဲကြား သူ့ကို အသက်ရှင်စေသည့် အကြောင်းအရင်း ဖြစ်နေသည့်အခါတွင် ဖြစ်သည်။

လုံအောင်းထျန်းက ပလ္လင်ပေါ်တွင် မထိုင်ခင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကယ်တင်ရှင်မဟာမိတ်အဖွဲ့အစည်းမှ လက်ရွေးစင်များက ဝင်ပေါက်ကို စောင့်ဆိုင်းရင်း ပလ္လင်ကို သယ်ဆောင်ထားကြသည်။ ထိုစဉ် လုံအောင်းထျန်းက သူ့အနားရှိ ဒေါသတကြီးဖြစ်နေကြသည့်လူများကို  မထီမဲ့မြင် ကြည့်လိုက်သည်။

သို့သော်လည်း မည်သူကမှ သူ့ကို မဆန့်ကျင့်ရဲကြပေ။ အကြောင်းမှာ သူတို့က ဘယ်သူ့ပိုင်နက်ထဲ ရောက်နေမှန်း ကောင်းကောင်းသိထားကြ၏။ မည်သို့ပင်ဆိုစေကာမူ လူများစွာက လုံအောင်းထျန်း၏ မျက်နှာကို သေချာမှတ်ထားပြီး လျို့ဝှက်နယ်မြေထဲရောက်သည်နှင့် လက်စားချေဖို့ ဆုံးဖြတ်ထားကြသည်။

ထိုစဉ် နှင်းကျားတောင်နှင့် မနီးမဝေးဆီ လူတစ်ယောက်က အလျှင်အမြန် ချည်းကပ်လာသည်။ သူ့ခြေလှမ်း တစ်လှမ်းတိုင်းက မီတာရာချီ သွားလာနိုင်လေသည်။

ထိုလူက ဖုန်းဟွမ်၏ ဆရာ ရှစ်ဖူယွီ ဖြစ်၏။ ဝင်ပေါက်နား ရောက်လာပြီးနောက် မည်သူမှ သူ့ကို သတိမထားမိကြပေ။ ထို့ကြောင့် သူက လျို့ဝှက်နယ်မြေထဲ မည်သူမှမဝင်ခင် တိတ်တဆိတ် ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ့ကျင့်ကြံဆင့်ဖြင့် လျို့ဝှက်နယ်မြေ တည်ရှိသည့် အာကာပြင်အား ချိုးဖောက်နိုင်လေသည်။ သူသာ အဆုံးမဲ့လေဟာနယ်အတွင်း စောင့်ဆိုင်းနေသည့် အစစ်အမှန် အုပ်ချုပ်သူများ မသိစေအောင် ဂရုစိုက်သရွေ့ အဆင်ပြေလေသည်။

သို့သော်လည်း သူ့အကြံအစည်ကို အကောင်အထည်ဖော်တော့မည့်ဆဲဆဲတွင် ဒီလိုသာဆက်လုပ်လျှင် သူ ပေါက်ကြားသွားမည် ဖြစ်ကြောင်း စိတ်ထဲ အလန့်တကြားဖြစ်သွားသည်။

ရှစ်ဖူယွီက သူ့အလိုလိုသိစိတ် သို့မဟုတ် အာရုံခြောက်ပါးမှ သတိပေးချက်မှန်း သိ၍ မျက်မှောင်ကြုတ်လိုက်သည်။ သူ ပထမဆုံး တွေးလိုက်မိသည်က သူ့အကြံအစည် အကောင်အထည် ဖော်သည့်အခါ အစစ်အမှန် အုပ်ချုပ်သူတို့က သူ့ကို ရှာတွေ့သွားနိုင်ခြေကို ဖြစ်၏။

သူကိုယ်သူ ဖုံးကွယ်ထားသည့် နည်းစနစ်က အလွန်ထူးခြားကာ မဟာဧကရာဇ်ရှေ့ပင် ဖုံးကွယ်ထားနိုင်သည်။ ထို့ကြောင့် သူတို့ သတိပြုမိဖို့ မဖြစ်နိုင်ပေ။

တကယ်တော့ ကမ္ဘာငယ် ဖြစ်နေ၍ သူသာ လျို့ဝှက်နယ်မြေကို အတင်းဖွင့်လျှင် အာကာပြင် မတည်မငြိမ် ဖြစ်လာစေသည့် အချက်ကြောင့်သာ မဟုတ်လျှင် ရှစ်ဖူယွီက ရှာတွေ့ခံရမည်ကို စိုးရိမ်နေမည် မဟုတ်ပေ။

သို့သော်လည်း ယခု သူ့အာရုံက သတိပေးနေလေရာ သူက သတိထားဖို့ ဆုံးဖြတ်လိုက်သည်။ ယခင်အကြံအစည်လိုမျိုး အတင်းဝင်သွားမည့်အစား သူက လျို့ဝှက်နယ်မြေထဲ ဝင်မည့် လူတစ်ယောက်၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို တိတ်တဆိတ် တိုက်ခိုက်လိုက်သည်။

အချိန်ကျရောက်လာသည့်အခါ ကျန့်မိသားစု ဘိုးဘေးက အမှတ်အသားပြားကို ထုတ်ကာ အသက်သွင်းလိုက်သည်။ ထို့နောက် လေထုထဲ သင်္ကေတမြောက်များစွာပေါ်လာပြီးနောက် တံခါးတစ်ချပ် ဖြစ်လာသည်။

သူမက တုံ့ဆိုင်းမနေဘဲ မျိုးနွယ်သုံးခုအား အရင်ဝင်ခွင့်ပြုလိုက်သည်။ ထို့နောက် သူမနှင့် မဟာရှားတိုင်းပြည်မှ လူများ ဝင်ရောက်လိုက်ကြသည်။ ကျန်လူများက နောက်တွင် ဖြစ်၏။ ကံကောင်းစွာဖြင့် ဝမ်ဝေ့က အင်အားစုတစ်ခုစီတိုင်းကို သူတို့ဝင်ရောက်မည့် အစဉ်လိုက်ကို သူတို့ဘာသာ သတ်မှတ်ဖို့ ပြောခဲ့သည်။

မဟာကျိုးမှ လူများက ထူးဆန်းစွာဖြင့် နောက်ဆုံးမှ ဝင်ရောက်ကြလေသည်။ သို့သော်လည်း ခေါင်းဆောင်ကျန်းချီက အပြင်၌ နေရစ်နေခဲ့၏။

ထိုစဉ် အင်အားစုအားလုံး လျို့ဝှက်နယ်မြေထဲ ဝင်ရောက်သွားပြီးနောက် ရုပ်သေးရုပ်များ၏ တိုက်ခိုက်မှုကို ချက်ချင်း ကြုံတွေ့ကြသည်။

ကံဆိုးစွာဖြင့် ရုပ်သေးရုပ်များက သူတို့ပြိုင်ဘက်ကို တွေ့သွားလေပြီ။ သူတို့၏ အလိုလိုပြန်ဆောက်နိုင်စွမ်းနှင့်ပင် ထိုကျင့်ကြံသူများအတွက် ပြိုင်ဘက် မဖြစ်တော့ပေ။ ပြောရလျှင် လျို့ဝှက်နယ်မြေထဲ ဝင်ရောက်လာကြသူများက လက်ရွေးစင်ထဲမှ လက်ရွေးစင်များ ဖြစ်ကြသည်။

သို့သော်လည်း တိုက်ပွဲတစ်လျှောက် ရုပ်သေးရုပ်အများစုက အမြုတေနှင့်အတူ ပျက်စီးသွားသည့်အခါ ဝင်ရောက်သူများက အချင်းချင်း ပြန်တိုက်ခိုက်လာကြသည်။ အားလုံးက လျို့ဝှက်နယ်မြေထဲမှ ရတနာများကို သူတို့အတွက်ပဲ လိုချင်ကြလေသည်။

ထို့ကြောင့် သွေးသံရဲရဲ တိုက်ပွဲကြီး ဖြစ်လာသည်။ သဘာဝလွန်နယ်ပယ်အဆင့် ကျင့်ကြံသူများက မပျံသန်းနိုင်တော့သော်လည်း အရေးသာချက်များစွာ ရှိနေသေး၏။ သို့သော်လည်း စစ်သားများတွင် အားကောင်းသည့် ကျင့်ကြံသူများနှင့် ရင်ဆိုင်နိုင်စေဖို့အတွက် အစီအရင်များ ရှိနေကြသည်။

ပြင်းထန်သည့် တိုက်ပွဲအလယ်တွင် လျို့ဝှက်နယ်မြေက စတင်တုန်ခါလာသည်။ မြေပြင်လည်း အပြင်းအထန် တုန်ခါလာကာ လူအများစုပင် မတ်မတ်မရပ်နိုင်ကြတော့ပေ။ ထို့နောက် အက်ကြောင်းများ စတင်ပေါ်လာသည်။

မြေကြီး၊ ပတ်ဝန်းကျင်တစ်လျှောက်လုံး အက်ကြောင်းအပြည့် ဖြစ်လာပြီး‌ လေထုထဲအထိ အက်ကြောင်းများ ပေါ်လာသည်။ လျို့ဝှက်နယ်မြေထဲမှ အာကာပြင်က မတည်ငြိမ်တော့ကြောင်း ပြသနေလေသည်။

လူများစွာက ထောင်ချောက် ဖြစ်နိုင်ကြောင်း စတင်သဘောပေါက်သွားကြသည်။ သို့သော်လည်း အလွန်နောက်ကျသွားလေပြီ။ လျို့ဝှက်နယ်မြေ ဝင်ပေါက်က ပျောက်ကွယ်သွားတာ ကြာလှပြီ ဖြစ်၍ အထဲရှိ လူများက ထိတ်ထိတ်ပျာပျာ ဖြစ်လာကြသည်။

သို့သော်လည်း သူတို့က ထွက်ပေါက်ဖြစ်နိုင်သည့် နေရာဆီ ဦးတည်နေကြဆဲ ဖြစ်၏။ အားလုံးက ဒီအတိုင်း ပြုမူကြခြင်း မဟုတ်ပေ။ တချို့လူများက အာကာပြင် ပျက်စီးလာမှုကို လျစ်လျူရှုကာ အတွင်းပိုင်းထဲ ဦးတည်သွားနေကြသည်။

ထိုလူများကြား လုံအောင်းထျန်းလည်း အပါအဝင် ဖြစ်၏။ အတွင်းပိုင်းရောက်သည့်အခါ လူများစွာက ရုပ်သေးရုပ်များနှင့် တိုက်ခိုက်နေကြောင်း မြင်လိုက်ရသည်။ ထို့နောက် သူက သိုလှောင်လက်စွပ်ထဲမှ သူ့အား ကိုယ်ပျောက်သွားစေမည့် အဆောင်တစ်ရွက်ကို ထုတ်သုံးလိုက်သည်။

သူက ကံကောင်းမှုအခွင့်အလမ်းနှင့် ကြုံကြိုက်ရင်း ထိုအဆောင် ရလာခြင်း ဖြစ်ကား သူ့အသက်ကို အကြိမ်များစွာ ကယ်တင်ပေးခဲ့သည်။ ထို့ကြောင့် သူက ရုပ်သေးရုပ်များကို ကျော်ဖြတ်ကာ ဆေးလုံး၊ ရွှေ၊ ရတနာနှင့် မူလကျောက်တုံးများကို ယူလိုက်သည်။

ထို့နောက် သူက ရွှေရောင်စာအုပ် တင်ထားသည့် စင်မြင့်ဆီ သွားလိုက်သည်။ သူ စာအုပ်ကို ထိလိုက်သည်နှင့် စာအုပ်က သဲမှုန့် ဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။

လုံအေင်းထျန်းက သူ ကစားခံလိုက်ရကြောင်း သိ၍ အမူအရာ ပျက်ယွင်းသွားလေသည်။ ဤလျို့ဝှက်နယ်မြေတစ်ခုလုံးက နယ်ခြားနတ်ဆိုးတစ်ယောက်ယောက် ဆင်ထားသည့် ထောင်ချောက်တစ်ခုသာ ဖြစ်၏။

ထိုအရာကို သိရှိပြီးနောက် အတွင်းပိုင်းမှ ထွက်လာကာ ထွက်ပေါက်ကို ရှာလိုက်သည်။ လုံအောင်းထျန်းက ဒီလိုနေရာမျိုး၌ မသေလိုပေ။ မဟာဧကရာဇ် ဖြစ်လာမည့် လူတစ်ယောက်အနေနှင့် ထောင်ချောက်တစ်ခုအတွင်း မည်သို့အလွယ်တကူ သေဆုံးနိုင်မည်နည်း။

ထွက်ပေါက်ရှာနေကြသည့် လူများကြား တည်ငြိမ်နေသည့် တစ်ဦးတည်းသောသူမှာ ရှစ်ဖူယွီ ဖြစ်၏။ သူက လေထဲလွှင့်မျှောနေကာ သူအနားရှိ ကျင့်ကြံသူများ၏ ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာကို ကြည့်နေသည်။ သူက လူတစ်ယောက် အာကာပြင် အက်ကြောင်း ဝါးမျိုခံရပြီး မတည်ငြိမ်သည့် အာကာပြင်အလွှာကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်ကို မြင်လိုက်ရ၏။

သူက လျို့ဝှက်နယ်မြေအတွင်း အက်ကြောင်းများစွာ ပေါ်လာသည်ကို ဆက်ကြည့်နေလိုက်သည်။ ရလဒ်အနေနှင့် လူများစွာ သေဆုံးသွားကြသည်။ သူက သက်ပြင်းချကာ လက်ဝေ့လိုက်သည်။

သူက မတည်မငြိမ် အာကာပြင်အတွင်း သူ့အတွက်သူ အာကာပြင်လမ်းကြောင်းတစ်ခု ဖွင့်လိုက်ပြီးနောက် တုံ့ဆိုင်းမနေဘဲ ဝင်သွားလိုက်သည်။

တစ်ယောက်က ထိုထူးဆန်းသည့် အာကာပြင်လမ်းကြောင်းကို သတိထားမိကာ ပြေးဝင်သွားခဲ့သည်။ သို့သော်လည်း ကံဆိုးစွာဖြင့် လမ်းကြောင်းက ရှစ်ဖူယွီ ထွက်သွားပြီးနောက် ချက်ချင်း ပြန်ပိတ်သွားခဲ့ပြီး အာကာပြင်စွမ်းအားတချို့သာ ကျန်ရစ်နေစေခဲ့သည်။

ထိုစွမ်းအားများက အလွန်ကို သေးငယ်သောကြောင့် ချက်ချင်းဆိုသလို ပြန့်ကျဲသွားလေသည်။ အာကာပြင်စွမ်းအားက အတွင်းပိုင်းဘက် ရောက်သွားသည့်အခါ အနုမြူအမှုန့်လောက် သေးငယ်သွားလေပြီ။

ထိုစဉ် အတွင်းပိုင်းအလွှာမှ ထွက်လာသည့် လုံအောင်းထျန်းက အားပြင်းသည့် ငလျှင်ကို ခံစားမိလိုက်ပြီး မြေပေါ် လဲကျသွားခဲ့သည်။ ထိုအချိန် သူက မူလချီဖြင့် သူ့ခန္ဓာကိုယ်ကို  ကာကွယ်ထားလိုက်သည်။

လုံအောင်းထျန်း မြေပေါ် လဲကျသွားသည့် အခိုက်အတန့် ထိုအနုမြူအရွယ် အာကာပြင်စွမ်းအားပေါ် ကွက်တိ ကျရောက်သွားလေသည်။ သူ့မူလချီက အာကာပြင်စွမ်းအားနှင့် ပေါင်းစပ်သွားပြီး ချက်ချင်းဆိုသလို အသက်ဝင်လာကာ အာကာပြင် လမ်းကြောင်းကို ဖွင့်ပြီး သူ့အား လျို့ဝှက်နယ်မြေအပြင်ဘက်သို့ ထုတ်ပေးလိုက်လေသည်။

လုံအောင်းထျန်း ထွက်သွားပြီးနောက် စက္ကန့်ပိုင်းလေးအကြာတွင် လျို့ဝှက်နယ်မြေက ပေါက်ကွဲထွက်သွားပြီး အထဲရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

All Chapters