← Chapters

ရုတ်တရက် မြင့်တက်လာမှု

Vol. 11 Ch. 146

ရုတ်တရက် မြင့်တက်လာမှု

Vol. 11 Ch. 146

အခန်း(၁၄၆)  :  ရုတ်တရက် မြင့်တက်လာမှု

စွင်းဝမ်က  သူ့ညီတော် စွင်းကျောင်းလုံထံ သစ္စာဖောက်ခံရလိမ့်မည်ဟု မယုံနိုင် ဖြစ်နေသည်။

သူတို့အဖေတွင် ကလေးများစွာ ရှိသလို ကိုယ်လုပ်တော်နှင့် ဇနီးများစွာလည်း ရှိပေသည်။ ထို့ကြောင့် မောင်နှမကြားမှ ပြိုင်ဆိုင်မှုက အတော်လေး ပြင်းထန်လှ၏။ သို့သော်လည်း စွင်းဝမ် ဒီလိုအခြေအနေအထိ မြင့်တက်လာနိုင်သည့် အကြောင်းအရင်းတစ်ချက်မှာ သူ့ညီတော်ကြောင့် ဖြစ်၏။ သူတို့နှစ်ယောက်က မိခင်တစ်ယောက်တည်းမှ မွေးဖွားလာသည်။

စွင်းဝမ်၏ မောင်နှမအများစုက နည်းဗျူဟာကျကျ စီစဉ်တတ်သူများ ဖြစ်သောကြောင့် တိုက်ရိုက်ရင်ဆိုင်တွေ့ရာ၌ အားနည်းတတ်ကြသည်။ ခြွင်းချက်က စွင်းကျာင်းလုံ ဖြစ်၏။ သူက ငယ်စဉ်ကတည်းက တိုက်ပွဲများ၌ အကြောက်အရွံ့ ကင်းမဲ့သလို အားကောင်းကာ သတ္တိလည်း ကောင်းပေသည်။

သူ့ညီတော်၏ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုနှင့်အတူ သူ့ဉာဏ်နီဉာဏ်နက်ဖြင့် စွင်းဝမ်က တခြားသော ယှဉ်ပြိုင်သူများကို ကျော်လွန်ကာ အိမ်ရှေ့စံ ရာထူးကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း ကိစ္စများက စွင်းဝမ် ထင်ထားသလောက် မရိုးရှင်းပေ။

စွင်းကျောင်းလုံက သူ့အစ်ကိုတော်ကို ဓားဖြင့် ထိုးလိုက်ပြီးနောက် သူ့မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။ သူက သူ့အစ်ကိုမျက်ဝန်းမှ အသက်ဓာတ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ပြောလိုက်သည်။

“ ကျွန်တော် အဲလိုမလုပ်ချင်ပါဘူး။ ကျွန်တော် အစ်ကိုတော်ကို တကယ့်ဘုရင်တစ်ယောက်နဲ့ တူအောင် … မိုးမြေကို ထောက်ပံ့ပေးနိုင်လောက်အောင် အားကောင်းပြီးတော့ ဘယ်လိုအရာနဲ့ ရင်ဆိုင်ရပါစေ ဆုံးဖြတ်ချက်ခိုင်မာမှုမျိုးရှိတဲ့သူမျိုး ဖြစ်အောင် လိုအပ်လာတဲ့အခါမှ နည်းဗျူဟာတွေ၊ လှည့်ကွက်တွေ ထုတ်သုံးဖို့ ခဏတိုင်း အကြံပြုဖို့ ကြိုးစားခဲ့တယ်။

ဒါပေမဲ့ အစ်ကိုတော်က ဘယ်တော့မှ နားမထောင်ဘူး။ အစ်ကိုတော် တွေးနေတာ  အစ်ကိုတော်ဘာသာ ဘယ်လောက်ဉာဏ်ကောင်းကြောင်း၊ အစီအစဉ်တွေကို ဘယ်လိုလှည့်စားနိုင်ကြောင်း ဒါလောက်ပဲ တွေးနေတာ။ အခု အစ်ကိုတော်ရဲ့ နည်းဗျူဟာတွေ၊ အကြံအစည်တွေ အောင်မြင်တာ ဘာရှိလဲ။ သူတို့က ဘာတွေများပေးနိုင်လိုက်လဲ … ”

စွင်းဝမ်က သူ့ညီတော်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူ့ညီတော်ထံ စိတ်ခံစားချက်အများအပြား ရှိနေလိမ့်မည်ဟု မထင်ထားမိပေ။ စွင်းဝမ်အတွက် သူ့ညီတော်က ခွန်အားဖြင့် ဖြေရှင်းဖို့သာ သိထားသည့် ငတုံးတစ်ယောက် ဖြစ်ပေသည်။ သူသာ မရှိလျင် တခြားမောင်နှမများ သတ်၍ သေသွားတာကြာလောက်ပြီဟု တွက်ထားဖူး၏။

သို့သော်လည်း သူက လုံးဝ မှားယွင်းနေခဲ့သည်။ သူ့ညီတော်၏ အကြည့်ထဲ သူကသာ လူပြက်တစ်ယောက်လို ဖြစ်နေသည်။ ထိုအရာကို သိသွားသော်လည်း သူက နားမလည်နိုင် ဖြစ်နေဆဲ ဖြစ်၏။

“ဘာ .. ဘာလို့လဲ ” စွင်းဝမ်က သွေးများစီးကျနေရင်း မေးလိုက်သည်။

“မဟာဝူတော်ဝင်တိုင်းပြည်အနာဂတ်အတွက်ပါ ” စွင်းကျောင်းလုံက တုန်တုန်ယင်ယင် လက်များဖြင့် ပြန်ဖြေလိုက်သည်  “ ကျွန်တော်တို့တိုင်းပြည်ရဲ့ နည်းလမ်းတွေအရ မဟာစင်မြင့်နဲ့ မသက်ဆိုင်တော့ဖို့ အချိန်တစ်ခုပဲ လိုတော့မယ်။ ပြောရရင် အဲထက်ပိုဆိုးရွားသွားနိုင်တယ် … ကျွန်တော်တို့ တိုင်းပြည်မှာ တကယ့် မဟာဧကရာဇ်အစစ် လိုအပ်တယ် ”

စွင်းဝမ်က သူ့ညီတော် စကားများကြောင့် အံ့ဩသွားပြီး သူ့နှလုံးသားထဲ စိုက်ဝင်နေသည့် သံချေးတက် ဓားကို ငုံ့ကြည့်လိုက်သည်။ သူက တစ်ခုခု တွေးမိဟန်ဖြင့် ပြောလိုက်သည်  “ ဒီလိုကိုး …”

ထို့နောက် သူ့နောက်ဆုံးထွက်သက် မထွက်ခင် ပြုံးလိုက်သည်။

စွင်းဝမ် သေဆုံးသွားပြီးနောက် စွင်းကျောင်းလုံ၏ လက်ထဲမှ သံချေးတက် ဓားက စွင်းဝမ်ခန္ဓာကိုယ်မှ တစ်ခုခုကို စုပ်ယူလိုက်ပြီး သံချေးတက်နေသည့် ဓားအဖြစ်မှ ရွှေရောင် ပြောင်းလဲသွားသည်။ လူသား စာလုံးသည်လည်း ပို၍ ထင်ရှားလာသလို စိတ်ဝိညာဉ်တစ်ခု ပါဝင်သွားသလိုမျိုး ဖြစ်နေသည်။

ထို့နောက် ရွှေရောင်အစက်အပြောက်များက စွင်းကျောင်းလုံ ခန္ဓာကိုယ်ထဲ စတင်ဝင်ရောက်သွားပြီး သူ့အား အပြည့်အဝ ပြောင်းလဲပစ်လိုက်သည်။ သူ့အင်အား၊ နားလည်နိုင်စွမ်း၊ ပါရမီနှင့် ဝိညာဉ်ကအစ သိသိသာသာ ပြောင်းလဲသွားသည်။

ပို၍ အရေးကြီးသည်က သူ့ကံကောင်းမှုက ရွှေရောင်နဂါးမှ ခရမ်းရောင်ကို ကျော်လွန်၍ ခရမ်းရွှေနဂါးအဖြစ် ပြောင်းသွားလေသည်။

ဖြစ်စဉ်က မိနစ်ပိုင်းမျှသာ ကြာမြင့်လိုက်ပြီး ရပ်တန့်သွားသည်။ ထို့နောက် စွင်းကျောင်းလုံက သူ့လက်ထဲမှ ဓားကို စိတ်ရှုပ်ထွေးသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။

သူက ဓားကို အသက်သွင်းရန် အားကောင်းသော ဘုရင်တစ်ပါးကို သတ်ပစ်ဖို့ လိုအပ်နေသည့်အတွက် ဓားကို မနှစ်မြို့ခဲ့ပေ။ တစ်ဖက်တွင် ထိုဓားက သူ့အနာဂတ် ဧကရာဇ်လမ်းစဉ် မူတည်နေသည်။

ပထမက စွင်းကျောင်းလုံသည် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ယောက်ကို သတ်၍ ဓားကို အသက်သွင်းဖို့ ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း ယခင်နှစ်များအတွင်း သူ့အစ်ကိုတော်၏ ဆိုးရွားလှသည့် စွမ်းဆောင်ရည်ပေါ် မူတည်၍ ကိစ္စများက ဖြစ်နိုင်ခြေ မရှိလောက်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူက ပြင်းထန်သည့် ဆုံးဖြတ်ချက်မျိုး ချခဲ့ခြင်း ဖြစ်၏။ အိမ်မှာရှိနေသည့် တခြားမောင်နှမများအတွက်မူ ကျင့်ကြံသူများက ကာကွယ်ပေးနေသောကြောင့် သတ်ပစ်ဖို့ အခွင့်အရေး မရှိပေ။

ပို၍ အရေးကြီးသည်က စွင်းကျောင်းလုံသည် သူ့ဓားကို အသင်္ချေအင်ပါယာကမ္ဘာတွင် အသက်သွင်းခဲ့ပါက ကမ္ဘာအနှံ့ အားကောင်းသည့် အမြင်အာရုံတစ်ခု ပေါ်ထွက်လာပြီး ဓားအကြောင်း အားလုံး သတိထားမိသွားကြမည်ကို သိထားလေသည်။

သူတို့မဟာဝူတော်ဝင်တိုင်းပြည်၏ အင်အားဖြင့်ပင် ဓားကို ထိန်းသိမ်းထားနိုင်ဖို့ အခက်တွေ့လိမ့်မည်။

စွင်းကျောင်းလုံက အတွေးများပြန်ရုတ်သိမ်းကာ ဘုရင် သေဆုံးသွားပြီးနောက် ပျောက်ကွယ်လာစပြုသည့် ကာကွယ်ရေး အစီအရင်ကို ကြည့်လိုက်သည်။ မဟာဝူတိုင်းပြည်၏ ချီကံကောင်းမှု နဂါးက ဝမ်းနည်းစွာ ငိုကြွေးပြီးနောက် အလင်းစက်များအဖြစ် ပျောက်ကွယ်သွားသည်။ ထိုသည်က တိုင်းပြည်တစ်ခု အဆုံးသတ်သွားသည့် လက္ခဏာ ဖြစ်ပေသည်။

ထိုစဉ် ကျီစုန့်နှင့် ကျီစုတို့က ရုတ်ချည်း အပြောင်းအလဲကြောင့် အံ့ဩနေကြသည်။ သို့သော်လည်း သူတို့က သိပ်မကြာခင် အသိပြန်ဝင်လာကာ တော်ဝင်နန်းတော်အထိ တဟုန်ထိုး ဝင်စီးခဲ့သည်။ သူတို့က စွင်းဝမ်တစ်ယောက် လက်လျော့ဖို့ ဆုံးဖြတ်လိုက်သည်ဟု ထင်ခဲ့ကြသည်။

နဂါးပလ္လင်အခန်းအတွင်း စွင်းကျောင်းလုံက ကျဆုံးသွားသော မဟာဝူကို ကြည့်ကာ မဟာဝူတော်ဝင်တိုင်းပြည်တွင် ဒီလိုမျိုး ကြုံတွေ့ခွင့်မပြုနိုင်ကြောင်း ကျိန်ဆိုလိုက်သည်။ ထို့နောက် သူက စွင်းဝမ်၏ အလောင်းကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီးနောက် အဆောင်တစ်ရွက်ကို ခြေမွပစ်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလို အက်ကြောင်းတစ်ခု ပေါ်လာပြီး စွင်းကျောင်းလုံအား ဝါးမျိုသွားကာ အဆုံးမဲ့လေဟာနယ်ထဲ ပို့ဆောင်ပေးလိုက်သည်။

ထိုနေရာတွင် သူ့အား အကြည့်အမျိုးမျိုးဖြင့် ကြည့်နေသည့် အစစ်အမှန် အုပ်ချုပ်သူများစွာကို မြင်လိုက်ရသည်။ တချို့က သူ့အား နှာခေါင်းရှုံ့ကြည့်နေကြသလို တချို့ကား သူ့ဒုက္ခများအား သဘောကျနေသည့်အလား ကြည့်နေကြသည်။

သို့သော် အကြည့်တစ်ခုကတော့ အတော်လေး ပြင်းထန်နေပြီး ဒေါသအပြည့် ဖြစ်နေသည်။ ထိုသူမှာ သူ့အစ်ကိုတော်၏ တာအိုကာကွယ်သူ ဖြစ်သလို သူ့ဘိုးလေးဖြစ်သည့် နန်းစွန့်မင်းသား စွင်းချွမ် ဖြစ်၏။

“မင်း ဘာလို့ အဲလိုလုပ်လိုက်တာလဲ” အစစ်အမှန် အုပ်ချုပ်သူ စွင်းချွမ်က ဒေါသကို ချိုးနှိမ်ထားရင်း မေးလိုက်သည်။

“ဘိုးလေး ကျွန်တော့်မှာ အကြောင်းပြချက်တွေ ရှိပါတယ် ”

“နားထောင်ရတာပေါ့”

“ ဒီနေရာမှာတော့ ပြောလို့ အဆင်ပြေမယ် မထင်ဘူး ” စွင်းကျောင်းလုံက သူတို့စကားဝိုင်းကို ဆောင်ကြာမြိုင်အတွင်း ကပြနေသည့် ပြဇာတ်အလား ကြည့်နေကြသည့် တခြားအစစ်အမှန် အုပ်ချုပ်သူများကို ကြည့်လိုက်ရင်း ပြောလိုက်သည်။

စွင်းချွမ်က အသက်ပြင်းပြင်းရှုကာ စိတ်ထိန်းလိုက်သည်။ ထို့နောက် သုက အမှတ်အသားပြားတစ်ခု ထုတ်ကာ ကူးသန်းပို့ဆောင်ရေးကို အသက်သွင်းလိုက်သည်။ ဤကမ္ဘာကို မဟာဝူတော်ဝင်တိုင်းပြည်မှ ရှာတွေ့ထားသောကြောင့် ဒီနေရာနှင့် အသင်္ချေအင်ပါယာနေရာအား ဆက်သွယ်ပေးသည့် အစီအရင် ခင်းကျင်းထားလေသည်။

ထိုစဉ် ထိုနှစ်ယောက် ပျောက်ကွယ်သွားပြီးနောက် အစစ်အမှန် အုပ်ချုပ်သူများက ဆွေးနွေးလိုက်ကြသည်။

“ သူက သူ့အစ်ကိုကို ပြန်သတ်ပစ်တာ ယုံတောင် မယုံနိုင်ဘူး ”

“တော်ဝင်မိသားစုတွေက အရက်စက်ဆုံးဆိုတာ အကုန်သိပြီးသား မဟုတ်ဘူးလား။ အဖေက သားကို သတ်တယ်။ ညီအစ်ကိုအချင်းချင်း သတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် သတ်နေတာက ပုံမှန်ပဲ။ ပြီးတော့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက်ဆိုတော့ ဘာမဆို ဖြစ်သွားနိုင်တယ် ”

“အဟုတ်ပဲ … ဒါပေမဲ့ သူတို့က တိတ်တဆိတ်ပဲ လုပ်ကြတာလေ။ သူတို့မိသားစု မျက်နှာထောက်ထားရဦးမယ် မဟုတ်ဘူးလား ”

“ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်တာပေါ့ကွာ ”

“ ထားလိုက်ပါတော့ …” အံ့ဖွယ်တာအိုမျိုးဆက်မှ တစ်ယောက်က ပြောလိုက်သည်  “ ဒါနဲ့ သူ သုံးသွားတဲ့ ဓားကို သိကြလား ”

မည်သူကမှ ထိုမေးခွန်းကို မဖြေကြပေ။

ထိုစဉ် တစ်ယောက်က ဝင်ပြောလိုက်သည် “အဲဒီဓားများလား”

“မဖြစ်နိုင်တာ … အဲဒီဓားက ပျောက်ဆုံးနေတာ ခေတ်ကာလကြာနေပြီ ”

“တကယ်တော့ လူတော်တော်များများက အဲဒီဓား တကယ်မရှိဘူး ဒါမှမဟုတ် ပိုင်ရှင်နဲ့အတူ ပျောက်ကွယ်သွားတယ်လို့တောင် ယုံနေကြတာ ”

“ဒီလိုဆိုရင် ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲက ပိုစိတ်ဝင်စားစရာပဲ ”

လူတော်တော်များများက ထိုအရာကို ကြားပြီး တွေးတောလိုက်ကြသည်။ အတိအကျဆိုရလျှင် သူတို့က မျက်မှောင်ကြုတ်သွားကြသည်။ အကယ်၍ ထိုဓားသာ သူတို့ထင်နေသည့် ဓား ဖြစ်နေခဲ့လျှင် သူတို့ကောင်းကင်ရွေးချယ်ခံအတွက် ခက်ခဲလာနိုင်သည်။

သို့သော် လူတစ်ယောက်ကတော့ တခြားသူများနှင့် အတွေးမတူပေ။ ထိုသူမှာ ယန်းချန် ဖြစ်၏။ သူက သူ့သခင်လေးအပေါ် အပြည့်အဝ ယုံကြည်ထားပြီး လက်နက်တစ်ခုက ကောင်းကင်အလိုဆန္ဒ တိုက်ပွဲ၏ ကံတရားကို ပြောင်းလဲပစ်နိုင်သည့် အတွေးအခေါ်မျိုးကို သရော်မိလေသည်။

ထိုအတွေးရှိသူတိုင်းက ဂုဏ်ကျက်သရေကြီးမားဖွယ် အချိန်ကာလ၏ အဓိပ္ပါယ်ကို နားမလည်၍ ဖြစ်သည်။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲရှိသည့် မျိုးဆက်က နောက်မျိုးဆက်အတွက် စတေးထားသောကြောင့် အားကောင်းသည့် မဟာဧကရာဇ်တစ်ယောက် ပြုစုပျိုးထောင်နိုင်ဖို့ရာ ကြမ်းတမ်းခက်ထန်သည့် တိုက်ပွဲ ဖြစ်ပျက်လိမ့်မည် ဖြစ်၏။

ယန်းချန်၏ အတိတ်ဗဟုသုတပေါ် အခြေခံ၍ ခန့်မှန်းချက်အရ ဤမျိုးဆက်အတွင်း ထာဝရဧကရာဇ် မွေးဖွားလာလိမ့်မည့် အခွင့်အရေးပင် မြင့်မားလေသည်။ ထို့ကြောင့် စွင်းကျောင်းလုံ လက်ထဲမှ လက်နက်က မည်မျှအားကောင်းစေကာမူ သူ့သခင်လေး သို့မဟုတ် အိမ်ရှေ့စံ ကျီစုန့်တို့လိုမျိုး ကောင်းကင်ရွေးချယ်ခံများနှင့် ယှဉ်ရပ်နိုင်ရုံမျှသာ ဖြစ်လိမ့်မည်။

အကယ်၍ စွင်းကျောင်းလုံက လက်နက်တစ်ခုက သူ့တာအိုကို သက်သေပြဖို့ လုံလောက်သည်ဟု ထင်နေသည့် စိတ်ထားမျိုးရှိလျှင် သူ့တာအိုနှလုံးသားက မတည်မငြိမ် ဖြစ်ပြီး ဧကရာဇ်လမ်းစဉ်အတွက် အနာဂတ်ရှိလာမည် မဟုတ်ပေ။

ထိုစဉ် စွင်းချွမ်က အသင်္ချေအင်ပါယာကမ္ဘာဆီ ပြန်ရောက်လာပြီးနောက် စွင်းကျောင်းလုံအား ခက်ထန်စွာ ကြည့်လိုက်သည်။

စွင်းကျောင်းလုံက သူ့ဓားကို ထုတ်ကာ ရှေ့ရောနောက်ပါ ပြလိုက်သည်။

“လူသားကံကြမ္မာဓားလား ” စွင်းချွမ်က အံ့အားမှုအတိုင်းသားဖြင့် ရေရွတ်လိုက်သည်။

All Chapters