ကံကြမ္မာသားတော်
Vol. 11 Ch. 147
အခန်း(၁၄၇) : ကံကြမ္မာသားတော်
အစစ်အမှန် အုပ်ချုပ်သူ စွင်းချွမ်က စွင်းကျောင်းလုံ လက်ထဲမှ ဓားကို စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်နှင့် အံ့အားသင့်မှုအပြည့်ဖြင့် ကြည့်နေသည်။ အထူးသဖြင့် ထိုဓားက လူသားကံကြမ္မာဓား ဖြစ်ကြောင်း သိသွားပြီးသည့်နောက်တွင် ဖြစ်၏။
နာမည်အတိုင်း ထိုဓားက အသင်္ချေအင်ပါယာကမ္ဘာ၏ လူသားမျိုးနွယ်တစ်ခုလုံးစာ ကံကြမ္မာ သို့မဟုတ် ကံကောင်းမှုတို့ကို သယ်ဆောင်ထားလေသည်။ အတိအကျပြောရလျှင် ရှေးစဉ်အခါက မဟာချင်တော်ဝင်တိုင်းပြည်၏ ကံကောင်းမှုစုစည်းရေး လက်နက်အဖြစ် အသုံးပြုဖို့ လူသားဧကရာဇ်က ဖန်တီးထားခြင်း ဖြစ်၏။
ထိုအရာကို ကိုင်ဆောင်သည့် မည်သူမဆို မဟာချင်တော်ဝင်တိုင်းပြည်၏ စစ်မှန်သော အမွေဆက်ခံသူ ဖြစ်ကာ မဟာချင်တော်ဝင်တိုင်းပြည်ကို ပြန်လည်တည်ထောင်တာမျိုး သို့မဟုတ် ပြန်လည်ဖန်တီးခြင်းမျိုး လုပ်ပိုင်ခွင့်ရှိလေသည်။ ယနေ့ခေတ် ကျင့်ကြံသူများက ဓားတစ်ချောင်းကြောင့် ကြုံရာကျပန်းလူတစ်ယောက်အား သူတို့ခေါင်းဆောင် ဖြစ်လာဖို့ အသိအမှတ်ပြုကြမည် မဟုတ်ချေ။
တကယ်တော့ စွင်းကျောင်းလုံက ထိုဓားကိုင်ဆောင်သူ ဖြစ်လာသည့်နေက် တခြားအကျိုးမြတ်များစွာ ရှိလာသည်။
ပထမတစ်ခုက လူသားဧကရာဇ် ဖန်တီးထားခဲ့သည့် ဧကရာဇ်အဆင့် အသင်္ချေအင်ပါယာတာအိုကျမ်းကို ရသွားလေသည်။
နန်းစွန့်မင်းသား စွင်းချွမ်က သူတို့မဟာဝူတော်ဝင်တိုင်းပြည်တွင် ဒုတိယမြောက် ဧကရာဇ်အဆင့် ကျမ်း ရှိလာ၍ အလွန်စိတ်လှုပ်ရှားနေမိသည်။ သူတို့တည်ထောင်သူ ဖန်တီးထားသည့်တစ်ခုမှလွဲ၍ ကျန်သုံးခုက ဧကရာဇ်တပိုင်းအဆင့်မျှသာ ဖြစ်ပြီး အားကောင်းသော်လည်း သူတို့က တကယ့် ဧကရာဇ်အဆင့်ကို မရောက်သေးပေ။
စွင်းကျောင်းလုံ နောက်ထပ်ရလိုက်သည့် အကျိုးမြတ်တစ်ခုမှာ ပါရမီနှင့် ခွန်အား တိုးလာခြင်း ဖြစ်၏။ လူသားဧကရာဇ်၏ ဆက်ခံသူအနေနှင့် စွင်းကျောင်းလုံ၏ ပါရမီက အဆင့်တစ်ခုကို ရောက်ရမည်။ အကယ်၍ သူ မရောက်နိုင်လျှင် ဓားက သူ့အတွက် လုပ်ပေးလိမ့်မည်။
တတိယအကျိုးကျေးဇူးမှာ သူက မဟာချင်ရတနာတိုက်အား ဝင်ခွင့်ရသွားသည်။ တစ်ကမ္ဘာလုံးကို အုပ်စိုးလွှမ်းမိုးခဲ့သည့် တစ်ခုတည်းသော တိုင်းပြည်အဖြစ် မဟာချင်တော်ဝင်တိုင်းပြည်က ချမ်းသာကြွယ်ဝမှုများစွာ ရှိလေသည်။ ချမ်းသာမှုတစ်ခုတည်းက အရင်းအမြစ်အားလုံး တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်တို့ ပေါင်းထားသည်ထက်ပင် ကျော်လွန်သွားနိုင်သည်။ လူသားဧကရာဇ်က အသက်ရှည်ခြင်း နည်းလမ်းအား ရှာတွေ့ခဲ့ပြီး ရတနာတိုက်ထဲ ထားခဲ့သည်ဟုလည်း ကောလဟာလများ ရှိခဲ့ဖူးသည်။
လေးခုမြောက် အကျိုးကျေးဇူးမှာ စွင်းကျောင်းလုံက သေချာသည့် ကျင့်ကြံဆင့်တစ်ခုသို့ ရောက်ရှိပြီးနောက် ဓားမှတဆင့် လူသားတည်တံ့ရေးအစီအရင်ကို အသက်သွင်းနိုင်လာလိမ့်မည်။ ထို့ကြောင့် အသင်္ချေအင်ပါယာပိုင်နက်အတွင်း မည်သည့်နေရာမှဖြစ်ဖြစ် အစီအရင်စွမ်းအားကို ရရှိနိုင်လာလိမ့်မည်။
ထို့ကြောင့် စွင်းကျောင်းလုံက အစစ်အမှန် အုပ်ချုပ်သူစွင်းချွမ်အား သူ့ဓားကို ပြဖို့ မကြောက်ရွံ့ခြင်း ဖြစ်၏။ သူ့လက်ရှိကျင့်ကြံဆင့်ဖြင့် အစီအရင်ကို အသက်မသွင်းနိုင်သေးသော်လည်း တစ်ယောက်ယောက် သူ့ဆီမှ ဓားကို အတင်းယူဖို့ ကြိုးစားသည်နှင့် အစီအရင်က သူ့ကို ကာကွယ်ဖို့ အလိုလို အသက်ဝင်လာလိမ့်မည်။
သို့သော်လည်း စွင်းကျောင်းလုံက အနာဂတ်၌ သိုသိုသိပ်သိပ်လေး နေဖို့ ဆုံးဖြတ်ထားသည်။ ဒီဓား၏ အရေးပါမှုက အသင်္ချေအင်ပါယာကမ္ဘာအတွက် အရမ်းကို ကြီးလွန်းနေသည် မဟုတ်ပါလော။
ဤဓားက အသင်္ချေအင်ပါယာကမ္ဘာ တရားဝင် အုပ်ချုပ်ခွင့်ကို ကိုယ်စားပြုလေသည်။ ကျင့်ကြံသူအများစုက ထိုအရာကို လက်ခံကြမည် မဟုတ်သော်လည်း လက်ခံမည့် လူအများကြီး ကျန်ရှိနေသေးသည် မဟုတ်ပါလော။
စွင်းကျောင်းလုံက လူသားဧကရာဇ်၏ ဆက်ခံသူအဖြစ် သူ့အဆင့်အတန်းကို ထုတ်ဖော်ကြေညာလိုက်သရွေ့ လူများစွာက သူ့နောက်တွင် ရပ်တည်လာကြလိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် အားကောင်းသည့် အင်အားစုကို မြန်မြန်ဆန်ဆန် ဖွဲ့စည်းနိုင်လာလိမ့်မည်။
အသင်္ချေအင်ပါယာကမ္ဘာကို အင်အားစုအသီးသီး ခွဲထွက်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထို့ကြောင့် မည်သည့်အင်အားစုကမှ တခြားအင်အားစု မြင့်တက်လာပြီး ခွဲထားပြီးသား အပိုင်းကို ဝေမျှယူဖို့ ခွင့်ပြုမည် မဟုတ်ပေ။
အကယ်၍ အင်အားစုတစ်ခုခုက အာဏာထပ်လိုချင်လာလျှင် မဟာဧကရာဇ် ပြုစုပျိုးထောင်ဖို့ နည်းလမ်းတစ်ခုတည်းသာ ရှိလေသည်။ ထိုအရာပင် မလုံလောက်နိုင်သေးချေ။ အသင်္ချေအင်ပါယာကမ္ဘာက မျှခြေညီနေသည်မှာ ကမ္ဘာတစ်ခုလုံး၏ လားရာကို ဆုံးဖြတ်ပေးနိုင်သည့် မဟာဧကရာဇ် မရှိသေး၍ ဖြစ်သည်။ ထိုသို့မဟာဧကရာဇ်မျိုးက ဒီလိုလုပ်ဆောင်နိုင်ဖို့ရာ အလွန်တရာ အားကောင်းနေရမည်။
အင်အားစုအသီးသီး ဖန်တီးထားသည့် ဤမျှခြေက ကောင်းကျိုးဆိုးကျိုး မျှနေသည်။ ကောင်းကျိုးက ကမ္ဘာကြီးသည် အလွန် အေးချမ်းပြီး အင်အားစုတချို့ကြား စစ်ပွဲအနည်းငယ်သာ ဖြစ်လေ့ရှိသည်။
နမူနာကောင်းအနေနှင့် အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလတွင် ဧကရာဇ်တာအိုစစ်ပွဲ မရှိခဲ့သည်ကို ကြည့်၍ သိနိုင်သည်။ တခြားနည်းဖြင့်ဆိုရလျှင် ဧကရာဇ်မျိုးဆက်များက တစ်ယောက်နှင့် တစ်ယောက် ပျက်သုန်းသည့်အထိ တိုက်ခိုက်ခြင်းမျိုး မရှိကြတော့ပေ။
ဆိုးကျိုးကား အသင်္ချေအင်ပါယာကမ္ဘာကြီးက နှစ်သန်းများစွာ ငြိမ်သက်တုံ့ဆိုင်းလာသည့်အချက် ဖြစ်၏။ နှစ်သန်းချီအတွင်း မည့်သည့်အရာမှ အသစ်သစ်များ မရှိတော့သလို ထင်မှတ်မထားသည့်အရာများလည်း မရှိတော့ပေ။
လူများစွာက ဤခေတ်ကာထဲ ဂုဏ်ကျက်သရေ ထွန်းလင်းတောက်ပမည့် အချိန် ရောက်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။ အကြောင်းမှာ ကောင်းကင်တာအိုက ကမ္ဘာ၏ မျှခြေကို လှုပ်ကိုင်လာပြီး ကမ္ဘာကြီးထံ ပိုမိုကောင်းလာစေမည့် အပြောင်းအလဲများ သယ်ဆောင်လာမည့် မဟာဧကရာဇ်တစ်ပါး ပြုစုပျိုးထောင်ဖို့ စီစဉ်ထား၍ ဖြစ်သည်။
တကယ်တော့ စွင်းကျောင်းလုံက လူသားကံကြမ္မာဓား၏ ကြောက်စရာအကောင်းဆုံး အပိုင်းကို ဘယ်သူ့ကိုမှ ထုတ်မပြောရသေးပေ။
ကောင်းကင်ဘုံ အသွေဖယ်ဆုံး စွမ်းရည်မှာ ဤဓားက သူ့အား အသင်္ချေအင်ပါယာကမ္ဘာ၏ ကံကြမ္မာသားတော် ဖြစ်လာဖို့ ကောင်းချီးပေးထားသည့်အချက် ဖြစ်သည်။
စွင်းကျောင်းလုံက ဤဂုဏ်ပုဒ်ဖြင့် သူ့ဘဝက အင်မတန် ချောမွေ့တော့မည် ဖြစ်ကြောင်း သိလိုက်သည်။ အနည်းဆုံးတော့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲ မတိုင်ခင်အထိ ဖြစ်၏။ သူ မည်သည့်ဒုက္ခများ ကြုံတွေ့စေကာမူ၊ ရင်ဆိုင်ရသည့် ရန်သူများက မည်မျှအားကောင်းနေစေကာမူ သူသာ အမြဲတမ်း အောင်မြင်မည် ဖြစ်သလို ထွက်လမ်းလည်း ရှာတွေ့လိမ့်မည်။
ပို၍အရေးကြီးသည်က ယခုမှစ၍ သူ သွားလေရာတိုင်း သူ့အင်အား၊ ငွေကြေးဥစ္စာ သို့မဟုတ် အာဏာ တိုးပွားလာစေမည့် ကံကြမ္မာအခွင့်အလမ်းများစွာ ကြုံတွေ့လာလိမ့်မည်။ သူ ထိပ်ဆုံးဆီ ရောက်ဖို့ ကူညီပေးနိုင်သည့် အလှပဂေးများစွာနှင့်လည်း ကြုံတွေ့ရလိမ့်မည်။
တကယ်တော့ ထိုအရာက စွင်းကျောင်းလုံ၏ အတွေးသာ မကပေ။ အသင်္ချေအင်ပါယာကမ္ဘာ၏ သမိုင်းကြောင်းတစ်လျှောက် ကံကြမ္မာသားတော် တစ်ယောက်သာ ရှိခဲ့ဖူးပြီး ထိုသူက ကောင်းကင်ဘုံသားတော် ဧကရာဇ် ဖြစ်ခဲ့၏။
ကောင်းကင်ဘုံ သားတော် ဧကရာဇ်၏ တစ်ဘဝလုံးက ချောမွေ့ခဲ့သည်။ သူ သွားလေရာတိုင်း ရှားပါးသည့် ဆေးဝါးများ၊ ဆေးပင်များ သို့မဟုတ် ကျမ်းများကို ရှာတွေ့လေ့ရှိသည်။ အကယ်၍ သူ အနိုင်မယူနိုင်သည့် ရန်သူနှင့် တွေ့ခဲ့လျှင် ထိုရန်သူက ကံဆိုးမှုအပြည့် ဖြစ်လာပြီး ထူးထူးဆန်းဆန်း သေဆုံးသွားတာမျိုး ဒါမှမဟုတ် အဖြစ်အပျက်ဆန်းတွင် သေဆုံးသွားတာမျိုးအထိ ဖြစ်လေသည်။
သူ့ကိုယ်လုပ်တော်တစ်ယောက်က အားကောင်းသည့် ကျိန်စာတစ်ခုကို ခံစားခဲ့ရသည့် အချိန်တစ်ခု ရှိခဲ့ဖူးသည်။ သူက ရှားပါးဆေးလုံးဖြင့် သူမကို ပျောက်ကင်းအောင် ကုသပေးချင်သည်။ ထို့ကြောင့် သူက အိမ်မှထွက်လာစဉ် အနီးအနားတွင် ပေါက်ကွဲသံကြားရ၍ သွားစစ်ဆေးကြည့်လိုက်သည်။
ဆေးဝါးပညာရှင်တစ်ယောက်က ဆေးဖော်စပ်နေရင်း ပေါက်ကွဲသွားတာမျိုး ဖြစ်နေသည်။ သူ ထိုနေရာဆီ ရောက်သည့်အခါ ဆေးဝါးပညာရှင်က အသက်မရှိတော့ဘဲ ဆေးအိုးထဲမှ ဆေးလုံးများသာ ကျန်ရှိခဲ့လေသည်။ ဖြစ်ချင်တော့ ထိုဆေးလုံးများက သူ လိုအပ်နေသည့် ဆေးလုံးများ ဖြစ်နေခဲ့၏။
သူက အပြုံးလေးဖြင့် ချက်ချင်း အိမ်ပြန်သွားလေသည်။ သူက ဝေးဝေး မသွားလိုက်ရသည့်အတွက် ပျော်နေမိ၏။
အဆိုးဆုံးက ကောင်းကင်ဘုံ သားတော်ဧကရာဇ်ထံ ဖြစ်ပျက်ခဲ့သမျှအထဲ ဒါက မယုံကြည်နိုင်ဆုံးကိစ္စရပ် မဟုတ်သေးပေ။ သူ့မျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း သူက တစ်စက္ကန့်ပင် မတိုက်ခိုက်လိုက်ရပေ။
တိုက်ပွဲဖြစ်ပြီး မိနစ်ပိုင်းကြာမြင့်ပြီးနောက် တောင်တစ်လုံးထဲ လူလုပ်ဂူထဲတွင် နေနေသည့် ကောင်းကင်ဘုံ သားတော်ဧကရာဇ်ရှေ့မှောက် ကောင်းကင်အလိုဆန္ဒ ပေါ်ထွက်လာခဲ့သည်။
သူက ဘာမှအားမစိုက်ထုတ်လိုက်ရဘဲ ကောင်းကင်အလိုဆန္ဒကို ရယူကာ မဟာဧကရာဇ် ဖြစ်သွားခဲ့သည်။ ထို့နောက် သူက မိုးမြေသားတော် ဖြစ်ကြောင်း ကောင်းကင်ဘုံမှ မျက်နှာသာပေးမှုကို ပြသရန် ကောင်းကင်ဘုံသားတော် ဧကရာဇ်ဟု ခံယူခဲ့သည်။
စွင်းကျောင်းလုံက ကံကြမ္မာသားတော် ဖြစ်ခြင်းက မဟာဧကရာဇ် အလိုလိုဖြစ်လာလိမ့်မည်ဟု မယုံကြည်ပေ။ ဂုဏ်ကျက်သရေ ထွန်းလင်းတောက်ပမည့်အချိန်ကာလ၌ ကံကောင်းမှုက ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် နောက်ဆုံးအနိုင်ရသူ ပေါ်ထွက်မလာခင်အထိ ပါဝင်ယှဉ်ပြိုင်မည့်လူများကို သတ်ပစ်ရတာလောက် အသုံးမဝင်ပေ။
ထို့အပြင် ကောင်းကင်ဘုံ သားတော်ဧကရာဇ်က တကယ့် စွမ်းအားကြီးသူသည် ကံကောင်းမှုပေါ်သာ မမှီခိုသင့်သည့် နမူနာကောင်းတစ်ခု ဖြစ်ပေသည်။
ကောင်းကင်သားတော် ဧကရာဇ် မဟာဧကရာဇ် ဖြစ်သွားသည့်နောက်ပိုင်း မည်သူကမှ ဒီလိုရှုံးနိမ့်မှုမျိုးကို လက်မခံကြပေ။ ထို့ကြောင့် ကောင်းကင်ဘုံ သားတော်ဧကရာဇ်၏ စွမ်းရည်ကို အများက သံသယဝင်ခဲ့ကြပြီး ကံကောင်း၍သာ ဧကရာဇ် ဖြစ်လာသည်ဟု ဆက်တိုက် ပြောနေခဲ့ကြသည်။ ထိုအရာက သူ့အား ဒေါသထွက်စေသည်။
ထို့ကြောင့် သူက သူ့အားကောင်းသည့် အင်အားဖြင့် တခြားလူများကို ဖိနှိပ်ခဲ့သည်။ သို့သော်လည်း မည်သူကမှ လက်မခံကြပေ။ သူက အဆင့်ပိုမြင့်သည့် ကျင့်ကြံဆင့်ဖြင့် အားနည်းသူများကို အနိုင်ကျင့်နေခြင်းသာ မဟုတ်ပါလော။
တကယ်တော့ နာမည်အကြီးဆုံး ဖြစ်ရပ်တစ်ခုမှာ ကောင်းကင်ရွေးချယ်ခံတစ်ယောက်က ကောင်းကင်ဘုံသားတော် ဧကရာဇ် မျက်နှာတည့်တည့် တံတွေးဖြင့် ထွေးကာ သူ့ကို သတ်မည်ဆိုလျှင်ပင် ဦးညွှတ်ဖို့ ငြင်းဆိုခဲ့သည်။
ကောင်းကင်ရွေးချယ်ခံသူက သူ့အား တစ်ဘဝလုံး ကံကောင်းမှုပေါ် မှီခိုနေသည့် ငကြောက်ဟု ခေါ်ဆိုခဲ့သည်။ ထိုအဖြစ်အပျက်အပြီးတွင် ကောင်းကင်ဘုံသားတော် ဧကရာဇ်က ကောင်းကင်ရွေးချယ်ခံကို မသတ်ခဲ့ဘဲ အသင်္ချေအင်ပါယာကမ္ဘာထဲ အားအကောင်းဆုံး လျို့ဝှက်နယ်မြေ တစ်ခုဖြစ်သည့် ငရဲကမ္ဘာကို တိုက်ခိုက်ပြီး အားလုံးကို သက်သေပြဖို့ လုပ်ခဲ့သည်။
ကံဆိုးစွာဖြင့် ကောင်းကင်ဘုံ သားတော်ဧကရာဇ်၏ အပြုအမူက တစ်ကမ္ဘာလုံး ထင်နေကြသလို မှန်ကန်ကြောင်း သက်သေပြသွားခဲ့သည်။ ငရဲကမ္ဘာထဲ ဝင်ရောက်ပြီးနောက် သူ ဘယ်တော့မှ ပြန်မထွက်လာတော့ပေ။ ထို့ကြောင့် ကံကြမ္မာသားတော်လည်း အရာအားလုံးကို ကံကောင်းမှုအပေါ် မှီခိုနေ၍ မရကြောင်း ပြသသွားခဲ့သည်။
ထိုစဉ် စွင်းကျောင်းလုံ လက်ထဲမှ ဓားကို စစ်ဆေးလိုက်ပြီးနောက် နန်းစွန့်မင်းသား စွင်းချွမ်က မဟာဝူတော်ဝင်တိုင်းပြည်ဆီ အုပ်ချုပ်သူနှင့် အကြီးအကဲများနှင့်အတူ ရှေ့ဆက်အကြံအစည်များ ချမှတ်ဖို့ ပြန်သွားခဲ့သည်။
……………..
စစ်ဆေးမှုကို ပြန်ကြည့်ကြမည်ဆိုလျှင် ဖန်းအံ့ဖွယ်တိုင်းပြည်အတွင်း လုံအောင်းထျန်းက ရက်အနည်းငယ် မေ့မြောနေပြီးနောက် နှိုးထလာသည်။ သူက ဘေးပတ်လည်ကို ခက်ခက်ခဲခဲ ကြည့်လိုက်ပြီး နွမ်းလျစွာ ရေရွတ်လိုက်သည် “ဒါက ဘယ်နေရာလဲ .. ငါ အသက်ရှင်နေသေးတာလား ”
“ဒီနတ်ဘုရားမရဲ့ အကူအညီနဲ့ ရှင့်ကံကောင်းမှုကြောင့် ရှင် အသက်ရှင်နေသေးတယ် ” ချိုသာသည့် အသံလေး ထွက်ပေါ်လာသည်။