ကံကောင်းသည့် အရူး
Vol. 11 Ch. 149
အခန်း(၁၄၉) : ကံကောင်းသည့် အရူး
ဟွမ်အံ့ဖွယ်တိုင်းပြည်နှင့် ကယ်တင်ရှင်မဟာမိတ်အဖွဲ့အစည်း နယ်စပ်ကြားတွင် ဟွမ်မင်က အသက်ရှင်ကျန်ရစ်သည့် စစ်သူကြီးတချို့ဖြင့် အစည်းအဝေးထိုင်နေသည်။ သူက အမူအရာပျက်ယွင်းနေပြီး အခန်းထဲရှိ တခြားသူများက ခေါင်းငုံ့ကာ တုန်ယင်နေကြသည်။
အခန်းတစ်ခုလုံး လူတစ်ယောက်တည်း ခေါင်းမငုံ့ခြင်း ဖြစ်၏။ ထို့အစား သူက အကြောက်အရွံ့မရှိ ဟွမ်မင် မျက်လုံးအား တည့်တည့်ကြည့်နေသည်။
“အရှင် ကျုပ်တို့လူတွေအများကြီး ဆုံးရှုံးထားပြီးပါပြီ။ နောက်ထပ်လူတွေ ထပ်စတေးခိုင်းလို့ မဖြစ်တော့ပါဘူး ”
“ မင်းက ဒီတိုင်းပြည်ရဲ့ အရှင်လား ငါက အရှင်လား ” ဟွမ်မင်က သတ်ဖြတ်ငွေ့အပြည့်ဖြင့် ပြောလိုက်သည်။
“ ဒီနယ်မြေကို အုပ်ချုပ်နေတာ အရှင်ပါ … ဒါပေမဲ့ ကျုပ်က ကျုပ်ဆုံးဖြတ်ချက်အတိုင်း ရပ်တည်မယ်။ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ကျုပ်တို့တိုင်းပြည်မှာ တော်လှန်မှုတွေများလာပြီးတော့ ပြိုလဲသွားဖို့ အချိန်တစ်ခုလောက်ပဲ ကြာလိမ့်မယ်”
“ကိစ္စမရှိဘူး” ဟွမ်မင်က ရက်စက်စွာ ပြောလိုက်သည် “ငါ ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်း ပိုင်နက်ကို အုပ်စိုးနိုင်သရွေ့ ကိစ္စမရှိဘူး။ ငါ့အမိန့်အတိုင်း လုပ် … တပ်ထဲ လူတွေထပ်ခေါ်လိုက် ”
ယခင် ပြောခဲ့သည့် အမတ်က သက်ပြင်းချကာ ဦးညွှတ်လိုက်ပြီး “ ဒီလိုဆိုရင်တော့ အရှင့်အမိန့်ကို နာခံဖို့ ငြင်းဆန်ပါတယ် ”
ထိုအရာကိုကြားပြီ ဟွမ်မင်က ထိုအမတ်ရှေ့ ရောက်လာကာ လည်ပင်းမှ ကိုင်မြောက်ထားလိုက်ပြီး “မင်း ဘာပြောလိုက်တာလဲ ”
“ အရှင် …ကျွန်… ကျွန်တော် တောင်းပန်ပါတယ် … ဒါပေမဲ့ သာမန်ပြည်သူတွေရဲ့ သွေးကို ထပ်အစွန်းထင်းမခံနိုင်တော့ဘူး”
“မင်း သေချင်နေလား။ မင်းရဲ့ မိသားစု မျိုးဆက် ကိုးခုလုံး သံသရာစက်ဝန်းထဲ မင်းနောက်လိုက်စေချင်နေတာလား”
“ တကယ်လို့ အရှင်က ဒီအမတ်ကို သေစေလိုရင် ဒီအမတ် သေရမှာပါပဲ” အမတ်က ပြန်ပြောလိုက်သည်။ ဟွမ်မင်က ခြိမ်းခြောက်ထားသော်လည်း သူ့မျက်နှာအထက် ဆုံးဖြတ်ချက်ခိုင်မာမှုများ ရှိနေသည်။
သို့သော်လည်း သူ့ပုံစံက ဟွမ်မင်အား ပိုဒေါသထွက်စေလာပြီး သူ့တော်ဝင် အံ့ဖွယ်သွေးမျိုးဆက်ကို မထီမဲ့မြင်ပြုခဲ့သူများအား ပြန်လည် အမှတ်ရလာစေသည်။
သူက ဒေါသတကြီးဖြင့် မူလချီအားလုံးဖြင့် အမတ်ခေါင်းကို ဘောလုံးတစ်လုံးကို ညှစ်ချပစ်လိုက်သည်။ ရလဒ်အနေနှင့် အစည်းအဝေးခန်းထဲ နေရာအနှံ့ သွေးနှင့် ဦးနှောက်များ ပျံ့ကျဲသွားလေသည်။
အမတ်များအားလုံးက သူတို့အဝတ် သွေးများစွန်းကုန်သည်ကို ကြည့်ကာ ကြောက်လန့်နေကြသည်။ သူတို့လည်း ကံကြမ္မာ အတူတူ ဖြစ်သွားနိုင်ကြောင်း သိလိုက်၍ ခေါင်းပိုငုံ့ထားလိုက်ကြသည်။
ထိုစဉ် ဟွမ်မင်က သူ့အရာရှိများဆီမှ အကြောက်တရားကို ခံစားမိလိုက်သည်။ သူက သာယာမှုဖြင့် နှုတ်ခမ်းကို သပ်လိုက်ကာ ဒေသခံများ၏ ကြောက်လန့်မှုကို ရှုစားနေသည်။ သူတို့နှင့် ယှဉ်လိုက်လျှင် သူက သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည့် နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေသည် မဟုတ်ပါလော။
သူက သူတို့အား ကြည့်လိုက်က “ မင်းတို့အားလုံးက ဒီအရှင်ရဲ့ အမိန့်ကို မနာခံချင်သေးဘူးပေါ့ ”
မည်သူမှ မဖြေကြသောကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ အသက်ရှုသံပင် မကြားရပေ။ ထို့ကြောင့် ဟွမ်မင်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
ထို့နောက် အရာရှိတစ်ယောက်က သူ့အမိန့်အတိုင်း ပြည်သူများကို တပ်ထဲခေါ်ပြီး ရှေ့တန်းပို့ဖို့ရာ လုပ်ဖို့ ထွက်သွားလေသည်။
အသက်များစွာကို စတေးခြင်းဖြင့် ဟွမ်အံ့ဖွယ်တိုင်းပြည် နယ်နမိတ်က အလျှင်အမြန် ကြီးထွားလာသည်။
ထိုစဉ် ဟွမ်မင်က နယ်စပ်ရှိ တိုက်ပွဲကို လှမ်းကြည့်နေသည်။ သူက အလျှင်လိုနေသည့် အကြောင်းအရင်းမှာ သူ့ထံ တစ်ခုခု ဖြစ်သွားနိုင်သည့် ခံစားချက်မျိုး ရနေ၍ ဖြစ်၏။
သူက မဟာရှားတိုင်းပြည်က လူများ ဖန်းအံ့ဖွယ်တိုင်းပြည်ကို အုပ်စိုးပြီး သူ့နယ်စပ်ဆီ ရောက်လာဖို့ သို့မဟုတ် မဟာကျိုးမှ လူများ မဟာဝူကို ထိန်းသိမ်းပြီး သူ့ဆီ ရောက်လာဖို့ အချိန်တစ်ခုမျှသာ လိုကြောင်း တွက်ဆမိသည်။
ထို့ကြောင့် ဟွမ်မင်၏ အစီအစဉ်က သူ့ပိုင်နက်ကို ချဲ့ထွင်ပြီး တိုင်းပြည်ကံကောင်းမှုကို တိုးမြင့်ရန် ဖြစ်ပြီး ဒီစစ်ဆေးမှုမှ ထွက်မသွားခင် ချီကံကောင်းမှု ခရမ်းရွှေရောင်အထိ ရောက်အောင် စုပ်ယူဖို့ ဖြစ်သည်။
ဟွမ်မင်က သူ့အစီအစဉ်သည် အတော်လေး ပြစ်ချက်များနေကြောင်း သိထားလေသည်။ သူက ဒီလိုအရာမျိုး လုပ်၍ တန်ပြန်သက်ရောက်မှု ခံရလိမ့်မည်။ သို့သော်လည်း သူက အစီအစဉ်ကောင်းကောင်းချမှတ်နိုင်ရန် အချိန် မရှိတော့ပေ။
သူ့အပြုအမူများကြောင့် ဂယက်ရိုက်မှုများအတွက် ဟွမ်အံ့ဖွယ်မျိုးနွယ်က သူ့အတွက် ဖြေရှင်းနည်း ရှာပေးလိမ့်မည်ဟု ယုံကြည်ထားသည်။
ထိုစဉ် ကယ်တင်ရှင်မဟာမိတ် အဖွဲ့အစည်းအတွင်း မင်းသမီးလင်းဟွာက လက်ရှိအရေးပေါ် အခြေအနေအရ အစီအစဉ်တစ်ခု ရေးဆွဲထားသည်။ သူမ အစီအစဉ်က ရိုးရှင်းလှသည်။ သူမက နည်းစနစ်တစ်ခုသုံးကာ လုံအောင်းထျန်းအဖြစ် ပုံပြောင်းပြီး သူမပိုင်နက်ထဲရှိ လူများအား လှုံ့ဆော်ပေးနိုင်ရန် မိန့်ခွန်းပြောဖို့ ဖြစ်သည်။
သူမက ဟွမ်အံ့ဖွယ်တိုင်းပြည်၏ လူများ၏ ရက်စက်သည့် နည်းလမ်းများအား ပြောပြကာ လုပ်နိုင်စွမ်းရှိသည့် အမျိုးသား၊ အမျိုးသမီးအားလုံးကို သူတို့ကိုယ်ပိုင်အိမ်ကို ကာကွယ်ဖို့အတွက် လှုံ့ဆော်ရန် ဖြစ်သည်။
လင်းဟွာက သူမ သွင်ပြင်ကို အားနည်းဖျော့တော့နေအောင် သေချာလုပ်ထားသည်။ ထိုအခါမှ အဖွဲ့အစည်းခေါင်းဆောင်သည် ကိုယ်တိုင် ပါဝင်မလှုပ်ရှားရသည့် အကြောင်းအရင်းကို ရှင်းပြပြီးသား ဖြစ်သွားလိမ့်မည်။
သူမ အစီအစဉ်က ဆန်းကြယ်စွာ အလုပ်ဖြစ်လေသည်။ လူများက သူတို့အိမ်ကို ကာကွယ်ဖို့အတွက် စုစည်းသွားကြသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ကလေးများပင် ရရာလက်နက်ဆွဲ၍ ကျူးကျော်လာသည့်လူများအား စတင်တိုက်ခိုက်ဖို့ နယ်စပ်ဆီ သွားကြသည်။
စစ်တပ်ထဲ အတင်းဝင်ဖို့ ဖိအားပေးခံရသည့် ဟွမ်အံ့ဖွယ်တိုင်းပြည်ရှိ လူများနှင့် မတူဘဲ ကယ်တင်ရှင်မဟာမိတ် အဖွဲ့အစည်းသည် ကိုယ်ပိုင်ဆန္ဒဖြင့် သူတို့နယ်မြေ၊ ပိုင်နက်ကို ကာကွယ်ဖို့ရာ လိုလိုလားလား စစ်တပ်ထဲ ဝင်ရောက်လာကြခြင်း ဖြစ်သည်။
ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်းမှ လူများသည် သူတို့အသက်ကို မြင့်မြတ်သည့် အကြောင်းပြချက်ဖြင့် စတေးနေစဉ် သူတို့ခေါင်းဆောင်ကား နတ်ဘုရားမလေးဖြင့် သေရည်သောက်ရင်း ကြည်ကြည်နူးနူး စကားပြောနေကြသည်။
လုံအောင်းထျန်းက သူ့အားကောင်းသည့် ခန္ဓာကိုယ်ကြောင့် မြေကမ္ဘာအဆင့် ဆေးလုံးသောက်ပြီးသည့်နောက်တွင် ဒဏ်ရာများ ပြန်ကောင်းလာဖို့ သုံးရက်မျှသာ ကြာမြင့်ခဲ့သည်။ ယခု သူက ဖန်းလီကျွမ်းနှင့် ချစ်ကြည်နူးရင်း ညစာစားသုံးနေသည်။
“ကျွမ်းအာ … မင်းတို့အိမ်က သေရည်က ကိုယ့်ဘဝမှာ သောက်ဖူးသမျှအထဲ တကယ်ကို အကောင်းဆုံးပဲ ”
“ ဒီနတ်ဘုရားမကို ကျွမ်းအာလို့ မခေါ်နဲ့လို့ ဘယ်နှခါပြောရမလဲ။ ဒီနတ်ဘုရားမကို နာမည်အတိုင်း ခေါ်ခွင့်ရတာကိုက ဂုဏ်ယူသင့်နေပြီ ”
“ကိုယ် သိပါတယ် … မေ့သွားလို့ပါ။ အဲဆိုတော့ ကျွမ်းအာ စစ်ပွဲက ဘယ်လိုဖြစ်သွားပြီလဲ ”
ဖန်းလီကျွမ်းက သက်ပြင်းချရင်း အမျိုးသား၏ ရဲရဲတင်းတင်း အပြုအမူများကို လျစ်လျူရှုထားလိုက်သည်။
“ ဆိုးတာပေါ့ … မဟာရှားက မြို့တော်ဆီ ရောက်လာဖို့ အချိန်တစ်ခုပဲ လိုတော့တယ်။ အဲဒီအခါ ဒီနတ်ဘုရားမရဲ့ တိုင်းပြည်လည်း လုံးဝ ပျက်စီးသွားတော့မှာ ”
“ ကိုယ် ကူညီနိုင်တာ ဘာရှိလဲ။ ကိုယ်တို့သာ ပူးပေါင်းလိုက်ရင် လီကျွင်းကို သေချာပေါက် တားနိုင်မှာပါ ”
“ ဒီနတ်ဘုရားမက ရှင့်အကူအညီကို ငြင်းတာတော့ မဟုတ်ပေမဲ့ ရှင့်အင်အားနဲ့ ဝင်ပါလည်း မထူးဘူး။ လီကျွင်းဆီမှာ သူနဲ့ သိပ်မကွာတဲ့ အမျိုးသမီးတွဲဖက်တစ်ယောက်ရှိတဲ့အကြောင်း ထည့်မပြောရသေးဘူး။ ပြီးတော့ မဟာရှားရဲ့ တကယ့်ခေါင်းဆောင် ဝမ်ဝေ့က အခုထိ ထွက်မလာသေးဘူး ”
လုံအောင်းထျန်းက တိတ်တဆိတ် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ ယခင်ရက်ပိုင်းအတွင်း လီကျွင်းနှင့် ဖန်းလီကျွမ်းတို့ကြားမှ တိုက်ပွဲကို ကြည့်နေခဲ့ရသည်။ ထိုအခါမှ သူက မည်မျှအားနည်းနေကြောင်း သဘောပေါက်လာခဲ့သည်။
သူနှင့် ဟွမ်မင်ကြားက တိုက်ပွဲမှာ ဟာသတစ်ခုလို ဖြစ်နေသည်။ သူက အသက်ရှင်ခဲ့သည်မှာ အမှန်တကယ် ကံကောင်း၍ ဖြစ်၏။
ပို၍ဆိုးသည်က လုံအောင်းထျန်းသည် မဟာရှားတိုင်းပြည်နောက်ကွယ်တွင် ပို၍ ကြောက်စရာကောင်းသည့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက် ရှိနေသေးကြောင်း သိလိုက်ရသည်။
လုံအောင်းထျန်းက သေရည်တစ်ငုံ သောက်လိုက်ရင်း သက်ပြင်းချလိုက်သည်။ မဟာဧကရာဇ် ဖြစ်လာဖို့ သူ့လမ်းကြောင်းသည် အရှည်ကြီး လိုနေသေးမှန်း သဘောပေါက်သွားသည်။
ဖန်းလီကျွမ်းက သူမစကားများသည် လုံအောင်းထျန်းအား နာကျင်စေသွားကြောင်း သိ၍ ချက်ချင်း ပြောလိုက်သည် “ ရှင် ထောက်ပံ့ပေးတဲ့ ထူးကဲအစီအရင်နဲ့ ဒီနတ်ဘုရားမရဲ့ စစ်တပ်က မဟာရှားတိုင်းပြည် အရေးသာနေတာကို လျော့ချနိုင်ခဲ့တယ် ”
လုံအောင်းထျန်းက ပြုံးလိုက်သည်။ ထို့နောက် နှစ်ယောက်သား တခြားခေါင်းစဉ် ဆက်ပြောရင်း သေရည်သောက်လိုက်ကြသည်။
သူတို့ သောက်ပြီးသည့်နောက်တွင် နှစ်ယောက်က ရှေးဟောင်းသစ်သား အဆောက်အဦးပေါ်မှ ကြယ်များကို သွားကြည့်ကြသည်။ လရောင်က သူတို့အပေါ် ဖြာကျနေပြီး နှစ်ယောက်လုံးကို ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် မသေမျိုးမောင်နှံဟု ထင်မှတ်ရစေသည်။
လုံအောင်းထျန်းက ရုတ်ချည်းဆိုသလို ဖန်းလီကျွမ်းနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး လက်ကို ကိုင်လိုက်ကာ “ကျွမ်းအာဆီမှာ မြင့်မားလှတဲ့ နောက်ခံနဲ့ အဆင့်အတန်းရှိတာ သိပါတယ်။ ဒါပေမဲ့ ကိုယ့်နှိမ်ကျတဲ့ နောက်ခံကို ကျော်ပေးရင် ကိုယ် မင်းနဲ့အတူတူ တစ်ဘဝလုံးကုန်ဆုံးချင်တယ်”
ဖန်းလီကျွမ်းက ရုတ်ချည်း ကြေညာမှုကြောင့် အံ့ဩသွားကာ ရှက်သွေးဖြာသွားလေသည်။ ထို့နောက် သူမ မျက်နှာအထက် ပျော်ရွင်သည့် အပြုံးလေး ပေါ်လာကာ တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် မျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်သည်။
“တစ်ခုခု ဖြစ်လို့လား။ ကိုယ့်လို အတူတူ မခံစားရဘူးလား” လုံအောင်းထျန်းက စိုးရိမ်စွာ မေးလိုက်သည်။
“အဲလိုမဟုတ်ပါဘူး ” ဖန်းလီကျွမ်းက သက်ပြင်းချကာ “တကယ်တော့ ကျွန်မက စေ့စပ်ထားပြီးသား ”
“ ဘယ်လို … ဘယ်သူနဲ့လဲ ” လုံအောင်းထျန်းက ကပျာကယာ မေးလိုက်သည်။
“ဟွမ်မင်နဲ့ ”
“သူလား ” လုံအောင်းထျန်းက ဒေါသတကြီး ပြောလိုက်သည် “ အဲလိုဆိုရင် စေ့စပ်မှုပျက်သွားအောင် သူ့ကို သတ်လိုက်မယ် ”