← Chapters

ကံကောင်းသည့် အရူး

Vol. 11 Ch. 150

ကံကောင်းသည့် အရူး

Vol. 11 Ch. 150

အခန်း (၁၅၀)  :  ကံကောင်းသည့် အရူး

ဖန်းလီကျွမ်းက လုံအောင်းထျန်းအား ရူးမိုက်တာ မလုပ်ဖို့ ချက်ချင်း တားလိုက်သည်။ ထို့နောက် သူမက အေးစက်စက် ပြောလိုက်သည်  “ရှင်က သူ့ကို ဘယ်လိုသတ်မှာလဲ။ ရှင့်ရဲ့ ချိနှဲ့နေတဲ့ အင်အားနဲ့လား ”

လုံအောင်းထျန်းက အံ့ကြိတ်ကာ သူ့ဘာသာ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ရှေ့ပြန်နောက်ပြန်လျှောက်ကာ စဉ်းစားခန်းဝင်နေသည်။ သူက ဖန်းလီကျွမ်း သူ့ကို ငြင်းပယ်လိုက်သည်မှာ သူမ၏ အားကောင်းလှသည့် မိသားစုက သူတို့ပေါင်းစည်းမှုကို ခွင့်မပြုသည်ကို စိုးထိတ်နေ၍သာ ဖြစ်ရမည်ဟု ယုံထားသည်။

ထို့ကြောင့် လုံအောင်းထျန်းက သူ့ထိုက်တန်မှုကို ပြသဖို့ ပြင်ဆင်လိုက်သည်။ အကယ်၍ ထိုအရာက အလုပ်မဖြစ်လျှင် သူ့မိသားစုကို ဖိနှိပ်ပြီး သူတို့ကို အတူတူရှိခွင့်ပြုသည့်အထိ သူ့အင်အားကြီးမားလာသည့်အထိ စောင့်လိုက်မည်။

သို့သော် ယခုတွင် ကိစ္စများက အနည်းငယ် ရှုပ်ထွေးနေသည်။ စက္ကန့်ပိုင်းလေးကြာမြင့်ပြီးနောက် လုံအောင်းထျန်းက ဖန်းလီကျွမ်းအား ကြည့်လိုက်ကာ “ သူနဲ့ ဘယ်လိုလုပ် စေ့စပ်ဖြစ်သွားတာလဲ။ အဲဒီလူအပေါ် ခံစားချက်ရှိနေတာလား ”

“ ဒီနတ်ဘုရားမကို မစွပ်စွဲနဲ့။ အဲဒီလို ရွံ့စရာကောင်းတဲ့လူအပေါ် ဘယ်လိုလုပ် ခံစားချက်ရှိနိုင်မှာလဲ” ဖန်းလီကျွမ်းက ရွံ့ရှာနေသည့် အမူအရာဖြင့် ပြောလိုက်သည်။ ထိုစကားများက လုံအောင်းထျန်းအား စိတ်သက်သာရာရသွားစေသည်။

“ စေ့စပ်ထားတဲ့အကြောင်းအရင်းက နှစ်ဖက်လုံးရဲ့ အံ့ဖွယ်မျိုးနွယ်ကြောင့်ပဲ”

“အံ့ဖွယ်မျိုးနွယ် … အဲဒါဘာလဲ ”

“သူ့ဟွမ်မျိုးနွယ်နဲ့ တို့ဖန်းမျိုးနွယ်တို့က အံ့ဖွယ်တာအိုမျိုးဆက်ထဲမှာ အားအကောင်းဆုံး မျိုးနွယ်တွေပဲ။ နှစ်ဖက်လုံးက မဟာဧကရာဇ် နှစ်ယောက်ဆီ မွေးထုတ်ခဲ့ဖူးတဲ့ မျိုးနွယ်တွေပဲ …

အဲဒါကြောင့် မျိုးဆက်များစွာကြာတဲ့တိုင် နှစ်ဖက်မိသားစုရဲ့ ကောင်းကင်ရွေးချယ်ခံ သို့မဟုတ် အံ့ဖွယ်ကလေးတို့က ကောင်းကင်အလိုဆန္ဒတိုက်ပွဲ ဒါမှမဟုတ် နောက်ထပ် ပိုမိုသန့်စင်တဲ့ သွေးမျိုးဆက် နိုးထလာစေဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် အထောက်အကူဖြစ်အောင် မျိုးနွယ်က လက်ဆက်ပေးထားတာ … ဖြစ်ချင်တော့ ဒီမျိုးဆက်ထဲမှာ ဒီနတ်ဘုရားမနဲ့ ဟွမ်မင်က တို့မျိုးနွယ်တွေရဲ့ အံ့ဖွယ်ကလေးတွေ ဖြစ်နေတော့ မွေးဖွားလာကတည်းက စေ့စပ်ပေးထားခဲ့တာပဲ …”

လုံအောင်းထျန်းက ထိုအရာကိုကြားပြီး နက်နက်နဲနဲ စဉ်းစားနေသည်။

“ မင်းတို့မျိုးနွယ်ထဲက တာအိုကလေးကို ဘယ်လိုသတ်မှတ်တာလဲ ”

ဖန်းလီကျွမ်းက ထိုမေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ သူမက လုံအောင်းထျန်း၏ အတွေးများကို ခန့်မှန်းမိသည့်အလား ခေါင်းအသာယမ်းကာ  “ တို့မွေးဖွားလာတာနဲ့ သွေးမျိုးဆက်ကို တစ်ခါတည်း စမ်းသပ်ပြီး အံ့ဖွယ်ကလေးအဖြစ် ဆုံးဖြတ်ပေးတာပဲ ”

“သွေးမျိုးဆက်နဲ့ သွေးမျိုးဆက်နဲ့ … အားလုံးက သွေးမျိုးဆက်ပဲ ပြောနေတာပဲ” လုံအောင်းထျန်းက အသံမြင့်ပြောလိုက်သည်  “ တခြားကောင်းကင်ရွေးချယ်ခံတွေမှာတော့ သွေးမျိုးဆက် မရှိဘူးလို့ ကြားထားတယ်။ မင်းတို့မိသားစုက သွေးမျိုးဆက်မရှိဘဲ ပါရမီရှိသူကို လက်ခံပေးလို့ မရဘူးလား”

ဖန်းလီကျွမ်းက ထိုအရာကို ကြားပြီး သက်ပြင်းချလိုက်ကာ ခေါင်းငုံ့လိုက်သည်  “တို့မိသားစုက သွေးမျိုးဆက်ရဲ့ သာလွန်မှု သဘောတရားကို ဆုပ်ကိုင်လာတာ နှစ်သန်းချီနေပြီ။ ရှင့်စကားလေးကြောင့် သူတို့စိတ်ပြောင်းသွားမယ်လို့ ထင်နေတာလား ”

လုံအောင်းထျန်းက ထိုစကားကြောင့် ပို၍ အမူအယာပျက်သွားသည်။ သူက ရှေးဟောင်းမျိုးနွယ်များသည် တင်းကျပ်သည့် စည်းမျဉ်းများရှိနေတတ်ကြောင်း သိထားသော်လည်း ဤမျှအထိ တစ်ယူသန် ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။

“ နောက်ဆုံးတော့ ကိုယ် အဲဒီဟွမ်မင်ကို သတ်ရဦးမှာပဲ ” လုံအောင်းထျန်းက ခက်ထန်စွာ ပြောလိုက်သည်။ ဤတစ်ကြိမ် ဖန်းလီကျွမ်းက ဘာမှဝင်မပြောပေ။

မည်သို့ပင်ဆိုစေကာမူ လုံအောင်းထျန်းက ဒေါသကို ထိန်းလိုက်နိုင်သည်။ သူ့နတ်ဘုရားမ ပြောထားသည့်အတိုင်း သူ့အနေနှင့် ဟွမ်မင်ကို ယှဉ်နိုင်မည့် နည်းလမ်း မရှိကြောင်း အသိအမှတ်ပြု လက်ခံလိုက်သည်။

လုံအောင်းထျန်းက လီကျွင်းနှင့် ဖန်းလီကျွမ်းတို့ တိုက်ပွဲကို မြင်တွေ့ဖူးထား၍ သူမ မည်မျှအားကောင်းကြောင်း သိနေသည်။ သူမ ပြောစကားအရ ဟွမ်မင်သည်လည်း သူမနှင့် သိပ်မကွာပေ။ ထို့အပြင် လုံအောင်းထျန်းက သူ့ဒဏ်ရာများသည် အပြည့်အဝ ပြန်မကောင်းသေးကြောင်း သိထား၏။ အလွန်ဆုံး သူက သူ့အင်အား ၇၀ - ၈၀ ရာခိုင်နှုန်းအထိသာ ထုတ်သုံးနိုင်သေးသည်။

ထိုအရာကိုတွေးမိပြီးနောက် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်  “ သူ့ကို ကိုယ်တိုင် မသတ်နိုင်ရင် အဆိပ်သုံးလို့ ရသေးတာပဲ ”

“အဆိပ်လား” ဖန်းလီကျွမ်းက အလန့်တကြား ကြည့်ကာ မေးလိုက်သည်။

“ ဘယ်လိုများ ထူးထူးဆန်းဆန်း တွေးမိတာလဲ ”

“ ကိုယ့်ဒဏ်ရာကို ကုသပေးနိုင်တဲ့ ရှားပါးဆေးပင်တွေ ရှိနေမှတော့ သူ့ကို သတ်နိုင်မဲ့ အားကောင်းတဲ့ အဆိပ်ဆေးပင်လည်း ရှိမှာပဲမလား”

သို့သော်လည်း ဖန်းလီကျွမ်းက မြန်မြန် ခေါင်းခါကာ “ ဟွမ်မင်ရဲ့ အားကောင်းတဲ့ ကျင့်ကြံဆင့်ကို ထည့်မပြောနဲ့ဦး။ သူ့အပေါ် သက်ရောက်နိုင်တာ ဆေးပင်နည်းနည်းပဲ ရှိတယ်။ ရှင်က သူ့ကို အဆိပ်နဲ့ ဘယ်လိုလုပ်မှာလဲ”

“ အဲဆိုတော့ မင်း ပြောတာ ဖြစ်နိုင်တယ်ဆိုတဲ့ သဘောပေါ့ ”

“သဘောတရားအရ ဟုတ်တယ် … ဒါပေမဲ့ ဆေးပင်က အရမ်းအားကောင်းပြီး ထူးခြားရှားပါးဖို့ လိုတယ်။”

“ ဘယ်လိုဆေးပင်မျိုး လိုအပ်လဲဆိုတာသာ ပြောလိုက်” လုံအောင်းထျန်းက ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။

“ဟွမ်မင်ကို အဆိပ်ခတ်မဲ့ကိစ္စကိုတော့ ကိုယ့်ဆီမှာ နည်းလမ်း ရှိပါတယ် ”

ဖန်းလီကျွမ်းက နားမလည်နိုင် ဖြစ်နေမိသည်။ သို့သော်လည်း သူမက လုံအောင်းထျန်း၏ စိတ်လှုပ်ရှားမှုကို မပျောက်ကွယ်သွားစေချင်သောကြောင့် ဟွမ်မင်လိုမျိုး လူကို သတ်နိုင်လောက်အောင် အားပြင်းသည့် ဆေးပင်မျိုးကို ပြောပြလိုက်သည်။

လုံအောင်းထျန်းက သူ့သိုလှောင်လက်စွပ်ထဲ စစ်ဆေးလိုက်ပြီးနောက် ထိုကဲ့သို့သော ဆေးပင်မျိုး မရှိကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူက စိတ်ဓာတ်မကျပေ။ ကောင်းကင်ဘုံမှ ရွေးချယ်ခံထားရသူတစ်ဦးအနေနှင့် သူ လုပ်ဖို့လိုအပ်သည်ကား လိုအပ်သည့်အရာကို အပြင်ထွက်ရှာလိုက်ရုံ ဖြစ်၏။

ထို့ကြောင့် သူက ဖန်းလီကျွမ်းအား လှမ်းဆွဲကာ ရုတ်ချည်း သူမပါးကို နမ်းရှိုက်လိုက်ပြီးနောက် တစ်နေရာ ပြေးထွက်သွားတော့သည်။ မျက်နှာပူကာ အရှက်သည်းနေသည့် နတ်ဘုရားမနှင့် လုံအောင်းထျန်း၏ နောက်ဆုံးစကားသာ ကျန်ရစ်ခဲ့သည်။

“ကျွမ်းအာ ကိုယ့်ကို စောင့်နေ … အဲဒီကောင် ဟွမ်မင်ကို သေတာထက်ဆိုးအောင် လုပ်ပြမယ်လို့ ကတိပေးတယ်”

လုံအောင်းထျန်း ထွက်သွားပြီး မိနစ်အနည်းငယ်ကြာပြီးနောက် ဖန်းလီကျွမ်း၏ အရှက်သည်းနေသည့် မျက်နှာထားက အေးစက်စက် တန်းပြောင်းသွားသည်။ သူမက ပိုးလက်ကိုင်ပဝါကို ထုတ်ကာ ပါးပြင်အား ရွံ့ရှာစွာ သုတ်ပစ်လိုက်သည်။ ထို့နောက် သူမဘာသာ ရေရွတ်လိုက်သည်။

“ ဝိညာဉ်လှုံ့ဆော်ရေးသေရည်က အလုပ်ဖြစ်သားပဲ။ သူ့ကို အဆိပ်အကြောင်း သိလာအောင် အရိပ်အခြေပြဖို့ ကြာဦးမယ် ထင်နေတာ ”

ထိုသို့ပြောလိုက်ပြီးနောက် ဖန်းလီကျွမ်းက ခေါင်မိုးပေါ်မှ သူမအခန်းဆီ ပြန်လာကာ ရလဒ်အား စောင့်ဆိုင်းနေလိုက်သည်။

ထိုစဉ် လုံအောင်းထျန်းက အနီးဆုံးတောအုပ်ဆီ သွားကာ လိုအပ်သည့် ဆေးပင်များ စတင်ရှာဖွေနေသည်။ သို့သော်လည်း ရက်သတ္တပတ် တစ်ပတ်ကြာ ရှာဖွေပြီးသည့်နောက်ပင် လုံအောင်းထျန်းက ဘာမှမတွေ့ပေ။ ထို့ကြောင့် သူက အနည်းငယ် စိတ်ဓာတ်ကျလာမိသည်။

သူက လက်လျော့တော့မည့်ဆဲဆဲ နောက်ထပ် တစ်နေရာ သွားကြည့်လိုက်စဉ်  နတ်ဆိုးသားရဲပျံတစ်ကောင်က သူ့အား တိုက်ခိုက်လာသည်။ လုံအောင်းထျန်းက ချက်ချင်း ပြန်တိုက်ခိုက်လိုက်၏။ သို့သော် သိပ်မကြာခင် ထိုနတ်ဆိုးသားရဲက အဆင့် ၄ ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။

ထို့ကြောင့် သူက ချက်ချင်း ထွက်ပြေးခဲ့သည်။ သူ့ဒဏ်ရာရနေသော ခန္ဓာကိုယ်ဖြင့် ရင်ဆိုင်တိုက်ခိုက်လျှင် ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်နေပေမည်။ သို့သော်လည်း နတ်ဆိုးသားရဲက အတွေးမတူပေ။ ထိုအကောင်က လုံအောင်းထျန်းနောက် ဆက်တိုက်လိုက်ကာ တိုက်ခိုက်နေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် နတ်ဆိုးသားရဲက အလွန်ဒေါသထွက်လာဟန်ပေါ်သည်။ ထို့ကြောင့် ပါးစပ်ဟကာ အားကောင်းသည့် လျှပ်စီးများ စုစည်းပြီး လုံအောင်းထျန်းထံ ပစ်ခတ်လိုက်သည်။

ဝုန်း

တိုက်ခိုက်မှုအပြီး အားကောင်းသည့် ပေါက်ကွဲမှု ဖြစ်လာစေသည်။ လုံအောင်းထျန်းက အချိန်မီ ခုန်ရှောင်လိုက်နိုင်သော်လည်း ပေါက်ကွဲမှု သက်ရောက်အားက သူ့အပေါ် ထိမှန်ဆဲ ဖြစ်သည်။ သူ့အတွက် ကံဆိုးသည်က တောင်စွန်းနှင့် အရမ်းနီးကပ်နေသည့်အတွက် တိုက်ခိုက်မှုအပြီးတွင် တောင်စွန်းမှ လိမ့်ကျသွားခဲ့သည်။

လုံအောင်းထျန်းက သားရဲကို ကျိန်ဆဲလိုက်ပြီးနောက် တောင်စောင်းပေါ် ခြေချနိုင်ရန် သူ့မူလချီများကို အသုံးပြုဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ့ဒဏ်ရာများက ရုတ်ချည်း ဆိုးရွားလာသောကြောင့် သူ့အား သွေးတစ်ပွက် အန်သွားစေကာ တောင်စောင်းမှ ပြုတ်ကျသွားစေသည်။

လုံအောင်းထျန်းက သူ့အတွက် အဆုံးသတ်ဖြစ်သွားနိုင်ကြောင်း သိထား၍ မူလချီဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ထားလိုက်ပြီး အကောင်းဆုံး မျှော်လင့်ကာ မျက်လုံးမှိတ်ထားလိုက်သည်။

သို့သော်လည်း လုံအောင်းထျန်းက သူ ထင်ထားသလို မသေသွားဘဲ မြစ် သို့မဟုတ် ရေအရင်းအမြစ်တစ်ခုခုထဲ ပြုတ်ကျသွားခဲ့သည်။

မြစ်ထဲ ရေကူးလာပြီးနောက် သူ့ကံကောင်းမှုကို တဖန် ချီးကျူးလိုက်မိသည်။ ထို့နောက် သူက ထွက်လမ်းကို ရှာလိုက်၏။ သိပ်မကြာခင် လုံအောင်းထျန်းအား ဆွဲဆောင်နေသည့် ရနံ့တစ်မျိုး ထွက်လာသောကြောင့် သူက ထိုရနံ့အတိုင်း လိုက်ခဲ့သည်။

ထိုနေရာတွင် သူက သက်တံများထုတ်လွှင့်နေသည့် ကြည်လင်နေသော ရေကန်ကို မြင်လိုက်ရသည်။ သူက တံတွေးမျိုချမိလိုက်ပြီး ချက်ချင်း ရေဆာလာမိသည်။ သူက တုံ့ဆိုင်းမနေဘဲ ရေကို လက်တစ်ခုပ်စာ ခပ်၍ သောက်လိုက်သည်။

လုံအောင်းထျန်းက ထူးခြားဆန်းကြယ်သည့် အငွေ့အသက်တစ်ခု သူ့ခန္ဓာကိုယ်အနှံ့ တွားသွားနေပြီး သူ့ဒဏ်ရာများအားလုံးကို ကုသပေးနေကြောင်း ခံစားမိလိုက်သည်။ ယခင် အတိတ်တုန်းက သူ ခံစားခဲ့ရသည့် ဒဏ်ရာများလည်း အပါအဝင် ဖြစ်၏။

လုံအောင်းထျန်းက မိနစ်အနည်းငယ်ကြာပြီးနောက် သာယာမှုဖြင့် ငြီးလိုက်ပြီး အသိပြန်ဝင်လာသည်။ သူက တစ်ယောက်ယောက် ကြားသွားလားဟု ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်မိသည်။ ထို့နောက်မှ သက်ပြင်းချနိုင်၏။

ထို့နောက် သူက ခန္ဓာကိုယ်ကို အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်သည်။ သူ့ကို အံ့ဩသွားစေသည်က သူ့ဒဏ်ရာများ ပြန်ကောင်းသွားရုံသာမက သူ့အင်အားလည်း သိသိသာသာ မြင့်တက်လာသည်။ သတိအထားမိစေဆုံးအချက်မှာ သူ့ခန္ဓာကိုယ် ဖြစ်၏။ ဖရိုဖရဲ အာကာပြင်စွမ်းအားထဲ အသက်ရှင်ကျန်ရစ်ပြီးနောက် သူ့ခန္ဓာကိုယ်က အတော်လေး အားကောင်းလာပြီး သူ့သက်လုံနှင့် ကာကွယ်နိုင်စွမ်းလည်း မြင့်တက်လာစေသည်။

လုံအောင်းထျန်းက ခဏကြာ ပြုံးလိုက်ပြီးနောက် ရေကန်အလယ်တွင် ထူးထူးဆန်းဆန်း အရာတစ်ခု မျှောနေကြောင်း သတိထားမိလိုက်သည်။ သူက သေချာအနီးကပ်ကြည့်လိုက်ပြီးနောက် အားပါးတရ ရယ်မောလိုက်တော့သည်။ သူ ရှာနေသည့် ဆေးပင် ကွက်တိ ဖြစ်နေသည်။

“ငါက တကယ်ကို ကံကောင်းမှု နတ်ဘုရားမရဲ့ တရားမဝင်သားပဲ ”လုံအောင်းထျန်းက ပြုံးဖြီးလျက် ပြောလိုက်သည်။

All Chapters