နောက်ထပ် ကစားသူအသစ်
Vol. 11 Ch. 153
အခန်း(၁၅၃) : နောက်ထပ် ကစားသူအသစ်
နှင်းကျားတောင်ထိပ်၊ လျို့ဝှက်နယ်မြေ ပေါက်ကွဲမှုကြောင့် ကျန်ရစ်နေခဲ့သည့် ဖရိုဖရဲ အာကာပြင်အတွင်း ဝမ်ဝေ့က မျက်လုံးပြန်ဖွင့်ကာ ထွက်လာခဲ့သည်။ သူက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် သူ့ရလဒ်ကို စစ်ဆေးကြည့်လိုက်သည်။
သူ ရရှိလိုက်သည့် အကြီးမားဆုံး အောင်မြင်မှုမှာ သူ့အရေပြားက နောက်တစ်ဆင့်ရောက်သွားသည့်အထိ လေ့ကျင့်ပေးနိုင်လိုက်ခြင်း ဖြစ်သည်။ ဝမ်ဝေ့က သေချာလေ့လာလိုက်ပြီးနောက် သူ့အရေပြားက အလွန်သိပ်သည်းနေသည့်အပြင် သူ့အား အလိုလိုကာကွယ်ပေးထားသည့် သံလိုက်စက်ကွင်းလိုမျိုး သို့မဟုတ် အပိုပင်ကိုယ်အငွေ့အသက်တစ်လွှာ ရှိနေလေသည်။
အကယ်၍ တစ်ယောက်ယောက်က သူ့ကာကွယ်နိုင်စွမ်းကို ဖြတ်ကျော်လိုလျှင် သံလိုက်စက်ကွင်းကို အရင်ဖြတ်ကျော်ရမည်။
ဝမ်ဝေ့က သူ့အရေပြား သိပ်သည်းမှုသည် ယခင်ဘဝမှ စကြဝဠာအတွင်း အသိပ်သည်းဆုံးသတ္တုအဖြစ် သတ်မှတ်ထားသည့် နြူထရွန်ကြယ်ဘက် ဦးတည်နေကြောင်း အလွယ်လေး သတိပြုမိလိုက်သည်။
ဝမ်ဝေ့က သူ့အရေပြားသည် ထိုအဆင့် မရောက်သေးမှန်း သိသော်လည်း အလျှင်အမြန် ချည်းကပ်လာနေပြီ ဖြစ်၏။ သူ့တိုးတက်နှုန်းကို စစ်ဆေးရန် မြေကမ္ဘာအဆင့်မြင့် ဓားကို ထုတ်ကာ သူ့အရေပြားထဲ ထိုးစိုက်လိုက်သည်။
လက်နက်က သူ့အရေပြားမထိခင် ဓားအား ဆက်လက် မတိုးနိုင်အောင် ကာဆီးနေသည့် ခုခံမှုတစ်ခုကို ဝမ်ဝေ့ ခံစားမိလိုက်သည်။ ထိုအရာကို သိကာ သူက ပြုံးလိုက်မိပြီး အားထပ်ထည့်လိုက်သည့်အခါ ဓားက အငွေ့အသက်အလွှာကို ထိုးဖောက်သွားပြီး အရေပြားဆီ ရောက်ရှိလာသည်။
ခုခံမှု စက္ကန့်ပိုင်းလောက်ကြာမြင့်ပြီးနောက် ဓားက အရေပြားမှတဆင့် ကြွက်သားဆီ ရောက်သွားသည်။ ဝမ်ဝေ့က ထပ်ပြုံးကာ ဓားကို ဖယ်ရှားလိုက်သည်။
ဤစစ်ဆေးမှုက သူ့ခုခံနိုင်စွမ်းမှာ အနည်းဆုံး ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အထိ ရောက်သွားကြောင်း သက်သေပြနေသည်။
ဝမ်ဝေ့က သူ့အရေပြားသာ ထိုအဆင့်အထိ ရောက်လာပြီး သူ့ခွန်အားက အနည်းငယ်သာ တိုးမြင့်လာကြောင်း သိလေသည်။ သို့သော် သူက ပျော်ရွင်မိ၏။ တိုက်ပွဲအတွင်း သူ မသေသရွေ့ အနိုင်ရနိုင်သည့် နည်းလမ်းကို ရှာနိုင်မည် ဖြစ်သောကြောင့် အရာအားလုံး အဆင်ပြေသည်။
ဝမ်ဝေ့က သူ့ခုခံကာကွယ်နိုင်စွမ်းသည် အကြွင်းမဲ့ မဟုတ်ကြောင်း သိထားသည်။ အကယ်၍ ဝိညာဉ်ပေါ် အဓိက တိုက်ခိုက်မှုမျိုး၊ ထူးထူးဆန်းဆန်း ကျိန်စာမျိုး သို့မဟုတ် စိတ်တိုက်ခိုက်မှုမျိုးနှင့် တွေ့လာခဲ့လျှင် သူ့ကာကွယ်နိုင်စွမ်းသည် သူ့အား တန်ပြန်တိုက်ကွက် စဉ်းစားနိုင်ရန် အချိန်အနည်းငယ် ဆွဲထားပေးလိမ့်မည်။
ဝမ်ဝေ့က သူ့အရေပြားကို စစ်ဆေးပြီးနောက် နောက်ထပ် လေ့ကျင့်ဖို့ လိုအပ်နေသည့် ခန္ဓကိုယ် အစိတ်အပိုင်းအနက် အရိုးကို စစ်ဆေးလိုက်သည်။
ဤတစ်ခေါက် အစောပိုင်း ပြင်ဆင်ထားမှုက ပြီးဆုံးသွားလေပြီ။ သူ ဂိုဏ်းဆီ ပြန်ရောက်သည်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်း လျို့ဝှက်နယ်မြေထဲ နှစ်အနည်းငယ်ကြာ လေ့ကျင့်ဖို့ သွားရမည်။ ထို့နောက် ဖြစ်စဉ် ပြီးမြောက်ဖို့ လိုအပ်သည့် ပစ္စည်းကိုလည်း ထည့်သွင်းပေါင်းစပ်ရမည် ဖြစ်၏။
သူ့အကျိုးမြတ်ကို တွက်ချက်ပြီးနောက် ဝမ်ဝေ့က ဖရိုဖရဲ အာကာပြင်ကို သီးခြားလုပ်ပေးထားသည့် အစီအရင်အား သိမ်းလိုက်ကာ မဟာရှားမြို့တော်ဆီ တိုက်ရိုက်ပျံသန်းလာလိုက်သည်။ ထို့နောက် သူက အမတ်များကို ညီလာခံ ခေါ်လိုက်သည်။
ဝမ်ဝေ့က နဂါးပလ္လင်တွင် ထိုင်ရင်း အခြားသူများ ရောက်လာမည့်အချိန်ကို စောင့်နေစဉ် ပထမဆုံးရောက်လာသူမှာ ဧကရီ သုံ့လီဖန်း ဖြစ်၏။ သူမက အနီးဆုံးမှ လာရသည် မဟုတ်ပါလော။
သူမကို မြင်သည့်အချိန် ဝမ်ဝေ့၏ အကြည့်တို့ တောက်ပသွားကာ “ ကြည့်ရတာ မင်း အောင်မြင်သွားပုံပဲ”
ယခု အံ့ဖွယ်ပင်လယ်အဆင့် ရောက်နေသည့် သုံ့လီဖန်းက ထိုင်ခုံတွင် ဝင်မထိုင်ခင် ဦးညွှတ်လိုက်ပြီး “ ဒါတွေအားလုံးက အရှင့်ရဲ့ ကျေးဇူးကြောင့်ပါ ”
ဝမ်ဝေ့က အသာခေါင်းညိတ်ပြရင်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူ သီးသန့်မလေ့ကျင့်ခင် သုံ့လီဖန်းက ချီကံကောင်းမှုဖြင့် သူမ ကျင့်ကြံဆင့်ကို တိုးမြင့်နိုင်သည့် နည်းလမ်းအား ရှာတွေ့သွားခဲ့သည်။
ထိုနည်းလမ်းကတည့်တိုးဆန်လှပြီး သူမ လုပ်ဖို့လိုသည်ကား တိုင်းပြည်၏ ချီကံကောင်းမှုကို စုပ်ယူလိုက်ရုံ ဖြစ်သည်။ သို့သော် သူမက ကံကောင်းမှု တိုးမြင့်အောင် လုပ်မည့်အစား တာအိုအုတ်မြစ် ရအောင် လုပ်ခဲ့သည်။
သုံ့လီဖန်း၏ နှစ်များစွာ ကြိုးစားအားထုတ်မှုဖြင့် အံ့ဖွယ်ပင်လယ်အဆင့်ရောက်ရှိပြီး မူလမြစ်ထဲ တိုက်ရိုက်ဝင်နိုင်ခဲ့သည်။
ဝမ်ဝေ့ သက်ပြင်းချရသည့် အကြောင်းအရင်းမှာ ချီကံကောင်းမှုကို လေ့လာနေရင်း အဓိကပြဿနာကြီး ကြုံတွေ့နေရ၍ ဖြစ်သည်။ သုံ့လီဖန်းမှတဆင့် သူ့ချီနဂါးကို ၉၉.၉၉ ရာခိုင်နှုန်းအထိ ခရမ်းရောင်အဖြစ် ပြောင်းလဲပစ်နိုင်သည့် နည်းလမ်းကို ရှာတွေ့ခဲ့သော်လည်း ကျန်ရှိနေသော ၀.၀၁ ရာခိုင်နှုန်းက ချောက်နက်ကြီးသဖွယ် ဖြစ်ကာ ဝမ်ဝေ့၏ အောင်မြင်မှုကို တားဆီးနေသည်။
ရလဒ်အနေနှင့် သူသာ အောင်မြင်လိုက်လျှင် သူ့ထံ အရေးပါသည့် တစ်စုံတစ်ခု ဖြစ်ပျက်လာလိမ့်မည်မှန်း ခံစားနေမိသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာမိသည်။ သို့သော်လည်း သူ ဘာပဲလုပ်လုပ် ကျန်ရှိနေသော ရာခိုင်နှုန်းအား မဖြည့်နိုင်ပေ။
ထို့ကြောင့် ဝမ်ဝေ့က အချိန်ယူကာ ဖြည်းဖြည်းချင်း သည်းခံမှုအတိုင်းအတာ ကုန်ဆုံးသွားသည့်အထိ ဖိအားပေးခံခဲ့ရသည်။ သို့မဟုတ်ပါက သူ့ဆီ အကြံပေါ်လာသည့်အထိ စောင့်ရပေဦးမည်။
နာရီအနည်းငယ်ကြာ စကားစမြည်ပြောနေပြီးနောက် အမတ်များအားလုံး ရောက်ရှိလာကြသည်။ မဟာရှားတိုင်းပြည်၏ ယာဉ်ပျံများဖြင့် ထိုလူများက မြိုတော်ဆီ နာရီပိုင်းအတွင်း ရောက်လာနိုင်ကြသည်။ ထိုစဉ် ဝမ်ဝေ့က သူ့သီးသန့်လေ့ကျင့်မှုသည် အချိန်ခြောက်လတာ ကုန်ဆုံးသွားကြောင်း သိလိုက်ရ၏။
တကယ်တော့ အမတ်များက ဝမ်ဝေ့ ပြန်ရောက်လာသည်ကို ပျော်နေကြသည်။ သူ မရှိစဉ် ယန်းလီလင်းက အမတ်ချုပ်အနေနှင့် တိုင်းပြည်ကို တာဝန်ယူထားပေးသောကြောင့် လူအများစုက မကြိုက်ကြပေ။ ယခု ဝမ်ဝေ့ ပြန်ရောက်လာပြီဖြစ်၍ သူတို့ ပျော်နေကြသည်။
ယန်းလီလင်း၊ လီကျွင်း သို့မဟုတ် ဝမ်ကျူတို့က ထိုအမတ်များ၏ ခေါင်းထဲမှ ကလိမ်ကကျစ် အတွေးများကို သိကြသည်။ သို့သော်လည်း မည်သူကမှ သူတို့ကို ဂရုမစိုက်ကြပေ။
ထိုအမတ်များက လုပ်ဆောင်နိုင်စွမ်း ရှိသော်လည်း သူတို့အမြင်များက နိမ့်ကျလွန်းနေသည်။ သူတို့က ဤကမ္ဘာ၏ သေးနုပ်သည့် တိုင်းပြည်ရေးရာကို ကျော်လွန်၍ မမြင်နိုင်ကြပေ။
.………………….
အားလုံးရောက်ရှိလာပြီးနောက် ဝမ်ဝေ့က ဝမ်ကျူဆီမှ သူ သီးသန့်လေ့ကျင့်နေစဉ် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို စတင်နားထောင်လိုက်သည်။
“အရှင် လေ့ကျင့်နေတုန်း တိုင်းပြည်ထဲက ဆွေကြီးမျိုးကြီးတွေအားလုံးကို အမွေဆက်ခံသူ မကျန်စေဘဲ ရှင်းလိုက်ပါပြီ။ ဒါပေမဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ စုဆောင်းထားတဲ့ သတင်းအချက်အလက်အရ အဲဒီလူတွေဆီမှာ ကမ္ဘာအနှံ့ ပျံ့နှံ့နေတဲ့ တရားမဝင် ကလေးတွေအများကြီး ရှိနေပါတယ်တဲ့ … ဒါပေမဲ့ အားလုံးက အလုံခန္ဓာကိုယ်မရှိတဲ့လူတွေ ဖြစ်ပုံပါပဲ။ အဲဒါကြောင့် သူတို့ကို သတ်မဲ့စာရင်းထဲ ထည့်ရမလား၊ မထည့်ဘဲ နေရမလား မသိဘူး ဖြစ်နေပါတယ်”
ဝမ်ဝေ့က သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်သော မကျင့်ကြံနိုင်သည့် လူများကို ဂရုမစိုက်သောကြောင့် လက်ဝေ့လိုက်သည်။ သူက ဒီကမ္ဘာမှ မကြာခင် ထွက်သွားမည် ဖြစ်ရာ ထိုလူများက လက်စားချေဖို့ ရောက်လာနိုင်ခဲ့လျှင်ပင် သူက သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိနေသည်။
ဝမ်ကျူက ခေါင်းညိတ်ကာ ယခင်လပိုင်းအတွင်း ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များ၏ တိုးတက်မှုအကြောင်း ဆက်ရှင်းပြလိုက်သည်။
ထို့နောက် ယန်းလီလင်း အလှည့် ကျရောက်လာသည်။
“အရှင် မရှိတုန်းအချိန်လေးမှာ ကျွန်မတို့ ဖန်းအံ့ဖွယ်တိုင်းပြည်ကို အုပ်စိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖန်းလီကျွမ်းက ကျွန်မတို့ သူမပိုင်နက်ကို မသိမ်းခင် ထွက်သွားပါတယ်။ ကြည့်ရတာ သူမ စစ်ဆေးမှုက ထွက်သွားဖို့ အဆောင်ကို ခြေမွပစ်ခဲ့တယ် တူတယ်။ ကျွန်မတို့ ဖန်းအံ့ဖွယ်တိုင်းပြည်ကို အုပ်စိုးပြီး မကြာခင် လူတချို့က ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်း ခေါင်းဆောင်နဲ့ ဟွမ်မင်တို့ သေဆုံးသွားကြောင်း လာသတင်းပို့သွားပါတယ်။ အဲဒါကြောင့် သူတို့ပိုင်နက်တွေက ဖရိုဖရဲတွေ ဖြစ်ကုန်တယ်။
အဲဒါနဲ့ ကျွန်မက တပ်ဖွဲ့ကို နယ်မြေတွေကို မြန်မြန်သိမ်းပိုက်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ကံမကောင်းတာက မဟာကျိုးတိုင်းပြည်ကလည်း အဲဒီသတင်းကို ရလိုက်တယ်။ လက်ရှိ ကျွန်မတို့က ဟွမ်အံ့ဖွယ်တိုင်းပြည်ရဲ့ လေးပုံသုံးပုံကို အပိုင်သိမ်းထားပြီးပါပြီ။ မဟာကျိုးကတော့ ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်း ပိုင်နက်တစ်ခုလုံးနဲ့ ဟွမ်အံ့ဖွယ်တိုင်းပြည် လက်ကျန်ပိုင်နက်ကို သိမ်းထားပါတယ်”
ဝမ်ဝေ့က ထိုအကြောင်းကြားလိုက်ပြီး နက်နက်နဲနဲ စဉ်းစားလိုက်ပြီး မေးလိုက်သည် “အဲဆိုတော့ ငါတို့ပိုင်နက်က မဟာကျိုးနဲ့ ထိသွားပြီပေါ့”
“ဟုတ်ပါတယ် ”
“နှစ်ဖက်ကြား တိုက်ပွဲရော ဖြစ်ခဲ့သေးလား ”
“မဖြစ်သေးပါဘူး” လီကျွင်း ဖြေလိုက်သည် “လက်ရှိ တိုင်းပြည်နှစ်ခုကြား အရင်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ငြိမ်ဝပ်အောင်လုပ်ဖို့ အာရုံစိုက်ထားကြပါတယ်”
ဝမ်ဝေ့က ထိုအရာကိုကြားပြီး မေးလိုက်သည် “အဲဒီသတင်းလာပို့တဲ့သူတွေက ဘယ်သူလဲ သိလား ”
“ကျွန်မတို့ စုံစမ်းကြည့်သလောက် မဟာရှုတိုင်းပြည် လူတွေဆီက လာတာ ဖြစ်နေပါတယ် ” ဝမ်ကျူက ဖြေလိုက်သည်။
“ဘယ်လိုဖြစ်ပြီးတော့လဲ ”
“ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်က မဟာရှုတိုင်းပြည်ရဲ့ တည်ငြိမ်မှုကို အောက်ခြေကနေ ဖောက်ဖျက်ဖို့ ဆုံးဖြတ်ထားတဲ့ လူအုပ်ကို တွေ့ခဲ့ရတယ်။ အဲဒါထက် အရေးကြီးတာက ဖုန်းဟွမ်က အဲဒီလူတွေကို ဖမ်းဆီးဖို့ အချိန်နဲ့ အရင်းအမြစ်အများကြီး ထုတ်သုံးထားပုံပါပဲ။ ကျွန်မတို့ သုံးသပ်ချက်အရ အဲဒီလူတွေက သူတို့ဂိုဏ်းထဲက ပြိုင်ဘက်တွေက ဒီစစ်ဆေးမှုဆီ လွှတ်လိုက်တဲ့ သူလျိုတွေ ဖြစ်ပုံပဲ”
“ကြည့်ရတာ ထိုက်ယီနက်နဲမုဒ်မှာ ဖုန်းဟွမ်ရဲ့ အဆင့်အတန်းက အပြည့်အဝ တည်ငြိမ်နေတာ မဟုတ်ဘူးပဲ” ဝမ်ဝေ့က တွေးရင်း ပြောလိုက်သည်။
သူ မရှိစဉ်အတွင်း အရေးကြီးဆုံး အဖြစ်အပျက်များကို ကြားလိုက်ပြီးနောက် သူ့တိုင်းပြည်အတွင်း အသေးစိတ်အချက်အလက်ကို စတင်ကြည့်ရှုလိုက်သည်။
နမူနာအနေနှင့် တိုင်းပြည်ပိုင်နက် ကြီးမားလာမှုကြောင့် မြို့၊ ခရိုင်နှင့် ပြည်နယ် သဘောတရားလောက်ဖြင့် ပိုင်နက်အားလုံးကို အုပ်စိုးဖို့ မလုံလောက်တော့ပေ။ ထို့ကြောင့် စီရင်စု စနစ် အသစ်ကို ထပ်ပေါင်းလိုက်ရသည်။
ပြည်နယ်အုပ်စုကို စီရင်စုဟု ခေါ်ပြီး ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသည့် အုပ်စိုးသူကို စီရင်စုနယ် အုပ်ချုပ်ရေးမှူးဟု ခေါ်မည်။ အုပ်ချုပ်ခွင့်သက်တမ်းက နှစ်အနည်းငယ်မျှသာ ကြာမြင့်ပြီး ထိုလူ၏ လုပ်ဆောင်ရည်ပေါ် မူတည်၍ အဆင့်တိုးမည်လား ဒါမှမဟုတ် တခြားစီရင်စုဆီ ရွေ့ပြောင်းရမလား ဆုံးဖြတ်မည်။
ဤနည်းလမ်းဖြင့် အုပ်ချုပ်သူတစ်ယောက်တည်း တစ်နေရာတည်း အကြာကြီးနေကာ အာဏာအများအပြား ရခြင်းကို ကာကွယ်နိုင်လေသည်။ ဝမ်ဝေ့က ဒီလိုအရာမျိုး ထည့်မစဉ်းစားသော်လည်း သူ ဒီကမ္ဘာမှ ထွက်သွားပြီးသည့်နောက်တွင် သူ့တိုင်းပြည်အနာဂတ်အတွက် စတင်အစီအစဉ် ချမှတ်ပေးနေခြင်း ဖြစ်၏။
အားလုံးပြီးဆုံးသွားသည့်အခါ ဝမ်ဝေ့က မဟာကျိုးတိုင်းပြည် သို့မဟုတ် အတိအကျဆိုရလျှင် ကျီစုန့်ဖြင့် စတင် ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်သည်။
ကံဆိုးစွာဖြင့် အကောင်ကြီး နှစ်ကောင် မတွေ့ဆုံခင် တစ်ကမ္ဘာလုံးနှင့် ကျန်ရှိနေသော ကောင်းကင်ရွေးချယ်ခံများအပေါ် သက်ရောက်မှု ဖြစ်သွားစေသည့် တစ်စုံတစ်ခု ဖြစ်ပွားသွားခဲ့သည်။