သားရဲလှိုင်း
Vol. 11 Ch. 154
အခန်း(၁၅၄) : သားရဲလှိုင်း
ဝမ်ဝေ့ သီးသန့်လေ့ကျင့်ရေးမှ ပြန်ရောက်လာပြီး ရက်ပိုင်းအကြာတွင် မဟာရှားမြို့တော်နှင့် အလှမ်းဝေးလှသည့် မြို့တစ်မြို့အတွင်း …
ဤနေ့ရက်ကား အခြားနေ့ရက်များနှင့် အတူတူဟု ယူဆရပေမည်။ လူများက အိပ်ရာထကာ အရှင်၏ ကောင်းချီးအတွက် ဆုတောင်းပေးကြသည်။ ထို့နောက် မနက်စာစားကာ အလုပ်သွားကြလေသည်။
ကလေးများက မဟာရှားမှ ဖွင့်လှစ်ပေးထားသည့် အခမဲ့ကျောင်းတော်များဆီ သွားကြသည်။ တချို့က သူတို့မိသားစုပိုင် မြင်းပျံရထားလုံးများဆီ သွားကာ တချို့ကတော့ အများသုံး စီးနင်းကြသည်။ ချမ်းသာသည့်သူများအတွက် ကျောင်းတော်မှ သူတို့အိမ်မှ ကျောင်းတော်ဆီ အပို့အကြိုလုပ်ပေးဖို့ သီးသန့်မြင်းပျံရထားလုံးများကို စီစဉ်ပေးထားသည်။
ပြောရလျှင် သာမန်နေ့ရက်လေးလို ဖြစ်နေသည်။ သို့သော် ကံဆိုးစွာဖြင့် နေ့လယ်ပိုင်းကျ မြို့တစ်မြို့လုံး ရုတ်ချည်း တုန်ခါလာသည်။ ပထမပိုင်းက နဂါးကျောရိုး လှုပ်ရှားသည်ဟု ထင်ကြသည်။ ခေတ်စကားအရပြောရလျှင် ငလျှင်ကို ဆိုလိုခြင်း ဖြစ်၏။
သို့သော်လည်း တုန်ခါမှုက ထိုအရာနှင့် မတူပေ။ အရာအားလုံးကို လှုပ်ခါစေမည့်အစား တုန်ခါနှုန်းက စည်းချက်ကျနေသည်။ အတိအကျဆိုရလျှင် တိရစ္ဆာန်အုပ်လိုက် တစ်ပြိုင်နက် ပြေးလွှားနေသလိုမျိုး ဖြစ်နေသည်။
မြို့ထဲရှိ လူများ မတုံ့ပြန်နိုင်ခင် မြို့၏ သတိပေးခေါင်းလောင်း မြည်လာပြီး လူများကို မြို့က တိုက်ခိုက်ခံနေရကြောင်း သတင်းပေးလာသည်။ က့ဆိုးစွာဖြင့် မည်သူမှ မတုံ့ပြန်နိုင်ခင် ကောင်းကင်တစ်ခုလုံး ရုတ်ချည်း မှောင်ကျသွားသည်။
လူများက ခေါင်းမော့ကြည့်လိုက်သည့်အခါ မြို့တစ်မြို့လုံးကို အလျှင်အမြန် လွှမ်းခြုံသွားသည့် အနက်ရောင်အစုအဝေးကြီးကို မြင်လိုက်ရသည်။ ထိုအရာက တိမ်တွေပင် မဆိုထားနှင့် ကောင်းကင်ကိုပင် ဖုံးအုပ်လိုက်သလိုမျိုး ဖြစ်၏။
အနီးကပ်စစ်ဆေးကြည့်ပါက လူတချို့က ထိုအနက်ရောင်အစုအဝေးကြီးသည် နတ်ဆိုးသားရဲပျံများ အုပ်လိုက် ဖြစ်ကြောင်း သတိပြုမိသွားကြသည်။
သို့သော် မည်သူမှ မတုံ့ပြန်နိုင်ခင် သားရဲပျံများက မြို့သားများကို တိုက်ခိုက်လာသည်။ ကောင်းကင်မှ မီး၊ ရေခဲ၊ မိုးကြိုး၊ ဓားနှင့် လေ စွမ်းအားများ ရွာသွန်းဖြိုးလာသည်။ ဒြပ်ငါးပါးတိုက်ခိုက်မှုများက သားရဲပျံများ၏ လက်ချက် ဖြစ်သည်။
ရလဒ်အနေနှင့် လူအမြောက်အများက ချက်ချင်း သေဆုံးသွားကြသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း မြို့၏ သေဆုံးမှုဦးရေမှာ လူတစ်သိန်းနီးပါး ဖြစ်သွားသည်။ ထို့အပြင် တချို့သားရဲများက နယ်မြေတစ်ဝိုက်ကို အဆိပ်အသုံးပြုလိုက်သောကြောင့် သေဆုံးနှုန်းက ပို၍ တိုးမြင့်လာနေသည်။
မြို့အရှင်က အလျှင်အမြန် တုံ့ပြန်ကာ မြို့အစောင့်တပ်အား သားရဲပျံများကို တိုက်ခိုက်ခိုင်းသော်လည်း ငှက်တွေက များပြားလွန်းနေသည်။ ပို၍ဆိုးသည်က နောက်ထပ် သားရဲအုပ်က မြို့ဂိတ်ပေါက်ကို ဖျက်ဆီးကာ မြို့ထဲဝင်လာပြီး လူများကို စတင်သတ်ဖြတ်ကြတော့သည်။
မြို့အရှင်က ထိုအရာကို မြင်ပြီး ဒီတိုက်ခိုက်မှုအောက်တွင် မြို့ ဆက်လက် မရှင်သန်နိုင်တော့ကြောင်း သိ၍ သက်ပြင်းချလိုက်သည်။ မြို့အရှင်က သူ့မြို့ကို အစီအရင်မခင်းကျင်းထားမိသည့်အတွက် နောင်တရလာမိသည်။ မဟုတ်ပါက ဒီအခြေအနေက ဒီလောက်ဆိုးရွားသွားမည် မဟုတ်ပေ။
သို့သော်လည်း မြို့အရှင်က မဟာရှားတိုင်းပြည်သည် ပိုင်နက်ထဲရှိ မြို့အားလုံးကို အစီအရင် ခင်းကျင်းမပေးနိုင်ကြောင်း သိ၍ မငြီးတော့ပေ။ ထို့အတွက် လိုအပ်သည့် အရင်းအမြစ် ပမာဏက မဖြစ်နိုင်သလောက် များပြားလွန်းလှသည်။
မြို့အရှင်က သူနှင့် သူ့လူများကို လက်စားချေပေးဖို့ သူ့အရှင်က တပ်ဖွဲ့လွှတ်လိုက်စေဖို့အတွက် သူ့နောက်ဆုံးအင်အားဖြင့် မြို့တော်ဆီ ဒီမြို့ ဘာတွေ ဖြစ်နေကြောင်း သတင်းပို့ဖို့ လုပ်လိုက်သည်။
ကံဆိုးစွာဖြင့် သူက ဤသားရဲလှိုင်းသည် မဟာရှားတိုင်းပြည် တစ်ဝိုက်လုံး ဖြစ်ပျက်နေမှန်း မသိခဲ့ရှာပေ။ အတိအကျဆိုရလျှင် တစ်ကမ္ဘာလုံးအနှံ့ ဖြစ်၏။
မဟာကျိုး၊ မဟာရှားနှင့် အနောက်ပိုင်း ကန္တာရတိုင်းပြည်များအထိပင် သားရဲအုပ်ဖြင့် ရုတ်ချည်း တိုက်ခိုက်ခံရသည်။ ထိုသည်က ကြိုတင်ကြံစည်ထားသည့် ကိစ္စဖြစ်မှန်း သိသာလှ၏။
မဟာရှားတိုင်းပြည် မြို့တော်ရှိ မြို့တံတိုင်းပေါ်တွင် ဝမ်ဝေ့က နတ်ဆိုးသားရဲပျံ သန်းချီ ပျံသန်းနေသည်ကို အေးစက်စက် ကြည့်လိုက်သည်။
လွန်ခဲ့သည့် နာရီအနည်းငယ်ခန့်က ဝမ်ဝေ့သည် မြို့တော်ဆီ ချည်းကပ်လာသည့် ဝိညာဉ်လှိုင်းများစွာကို ခံစားမိခဲ့သည်။ ထို့ကြောင့် သူက မြို့တံတိုင်းဆီ ဘာဖြစ်နေလဲ အပြေးအလွှား လာကြည့်ခဲ့သည်။ ထို့နောက် သားရဲအုပ်က မြို့တော်ဆီ ချီတက်လာကြောင်း မြင်လိုက်ရသည်။
ဝမ်ဝေ့က တုံ့ဆိုင်းခြင်းမရှိ သူ့အစစ်အမှန် စိတ်ဆန္ဒစွမ်းရည်ဖြင့် ထိုသားရဲများကို သတ်ပစ်ခဲ့သည်။ သို့သော် အရေအတွက်က များပြားလွန်းနေ၍ သူ့အတွက် တော်ဝင်အစောင့်တပ်ဖွဲ့ အကူဖြင့်ပင် နာရီအနည်းငယ် အချိန်ယူလိုက်ရသည်။
ထိုစဉ် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားနေစဉ် သွေးရောင်အမျိုးမျိုး စွန်းကျန်နေသည့် လီကျွင်းနှင့် ယန်းလီလင်းတို့က သူ့အနား ရောက်လာကြသည်။
“ငါတို့ပိုင်နက်ထဲ အကုန် ဖြစ်နေတာမလား” ဝမ်ဝေ့က သူတို့ကို လှည့်ပင်မကြည့်ဘဲ မေးလိုက်သည်။
“ဟုတ်ပါတယ် ” ယန်းလီလင်းက ဝမ်းနည်းစွာဖြင့် “ ကျွန်မတို့ ပိုင်နက်ထဲမှာ မြို့အများစု တိုက်ခိုက်ခံရတယ်လို့ သတင်းရလိုက်တယ်”
“သေဆုံးမှု လူဦးရေရော ဘယ်လိုလဲ ”
ယန်းလီလင်းက သက်ပြင်းချကာ ဖြေလိုက်သည် “ အစီအရင်နဲ့ ကာကွယ်ထားတဲ့ မြို့တွေကတော့ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ တခြားမြို့တွေကတော့ အတော်လေး အခြေအနေဆိုးတယ်။ ပျံသန်းရေးယာဉ်အကူနဲ့ နေရာတချို့ကို အမီသွားနိုင်ခဲ့ပေမဲ့ ပြည်နယ်တစ်ခုစာ လူဦးရေ ဆုံးရှုံးလိုက်ရတယ်။ အဲဒါက မြို့ဂိတ်မရှိတဲ့ မြို့တွေ မပါသေးဘူး … ”
ဝမ်ဝေ့က ဘာမှမပြောပေ။
သို့သော် လီကျွင်းက သက်ပြင်းချကာ “အဲဒီနတ်ဆိုးတွေ ကျွန်တော်နဲ့ ဖန်းလီကျွမ်း ပထမတစ်ခေါက် တိုက်တုန်းကတည်းက သားရဲတွေ ရုတ်ချည်း လာဝင်တိုက်ခိုက်ကတည်းက တစ်ခုခု မှားနေပြီဆိုတာ သိခဲ့သင့်တာ ”
“ ငါကိုယ်တိုင် အဲဒီနတ်ဆိုးတွေရဲ့ လှုပ်ရှားမှုကို လျစ်လျူရှုထားခဲ့တာဆိုတော့ မင်းဘာသာ အပြစ်တင်နေဖို့ မလိုဘူး” ဝမ်ဝေ့က ဆက်ပြောလိုက်သည် “သုံ့လီဖန်းကို သွားခေါ်လိုက် ”
မိနစ်အနည်းငယ်အကြာတွင် သုံ့လီဖန်းနှင့် အမတ်များက မြို့တံတိုင်းဆီ ရောက်လာကြသည်။ ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ နတ်ဘုရားအမည်စာရင်းနှင့် တော်ဝင်စည်းတံဆိပ်အား ထုတ်လိုက်ပြီး
“ မင်း ဒီတိုင်းပြည်ရဲ့ ချီကံကောင်းမှုကို အသုံးပြုပြီး ငါတို့ပိုင်နက်ထဲက မြို့အားလုံးမှာ ပြန့်ကျဲပျက်စီးနေတဲ့ အစီအရင်အားလုံးကို အသက်သွင်းဖို့ လိုတယ်”
သူ့စကားအဆုံးတွင် အမတ်များက အံ့ဩသွားပြီး သူ့အား အမြန်အဆန် ဖျောင်းဖျကြတော့သည်။
“အရှင် အဲလိုလုပ်လို့ မဖြစ်ပါဘူး။ ဒီလိုလုပ်လိုက်ရင် တိုင်းပြည်ရဲ့ ကံကောင်းမှု ကုန်ဆုံးသွားပါလိမ့်မယ်။ အဲဒီအခါ နေရာတိုင်းမှာ မငြိမ်သက်မှုတွေ ဖြစ်လာစေပါလိမ့်မယ် ”
“ဟုတ်ပါတယ် အရှင် အလျှင်စလို ဆုံးဖြတ်ချက် မချပါနဲ့လား ”
လူများစွာက ဝမ်ဝေ့၏ ဆုံးဖြတ်ချက်ကို သဘောမတူကြပေ။ သူတို့ စိုးရိမ်နေသည်မှာလည်း ဖြစ်သင့်ပေသည်။ အကယ်၍ တိုင်းပြည်၏ ကံကောင်းမှုသာ ပြိုကွဲသွားလျှင် ပြဿနာများစွာ ဖြစ်လာနိုင်သည်။
ဥပမာအားဖြင့် တိုင်းပြည် ကပ်ဘေးများစွာ ဖြစ်လာနိုင်သည်။ ရေကြီးတာမျိုး၊ အင်းစက်လှိုင်း ဖြစ်လာတာမျိုး အစရှိသဖြင့် ဖြစ်၏။ ထို့အပြင် ပြန့်ကျဲသွားသော ကံကောင်းမှုဖြင့် လူများက ပုန်ကန်လာတတ်သလို အရာရှိများကလည်း အလွယ်တကူ အကျင့်ပျက်လာနိုင်သည်။
ယေဘုယျအားဖြင့် တိုင်းပြည်တွင် ပြဿနာများစွာရှိနေလျှင် နောက်ဆုံး တိုင်းပြည်ငယ်အဖြစ် လျော့ကျသွားကာ နောက်ဆုံးတွင် ပျက်သုန်းသွားနိုင်သည်။
ထိုအရာကို ကြားပြီး ဝမ်ဝေ့က သူတို့အား သတ်ဖြတ်ငွေ့အပြည့်ဖြင့် ကြည့်ကာ အေးစက်စက် ပြောလိုက်သည် “ တိုင်းပြည်ရဲ့ ကံကောင်းမှုနဲ့ လူတွေရဲ့ ဘေးကင်းမှုထဲ ဘယ်ဟာက ပိုအရေးကြီလဲ။ တိုင်းပြည်မှာ လူဦးရေမရှိဘဲ ချီကံကောင်းမှုက ပေါကြွယ်ဝလာမယ်ထင်နေတာလား”
ထိုအမတ်များကို ပြောလိုက်ပြီးနောက် လျစ်လျူရှုကာ သုံ့လီဖန်းကိုသာ ပြောလိုက်သည်။
“ အစီအရင်အားလုံးကို အသက်သွင်းပြီးတာနဲ့ သူတို့အားလုံး အတူတူပြန်ကောင်းလာတာကို တွေ့ရလိမ့်မယ်။ အဲဒါကြောင့် တိုင်းပြည် ကံကောင်းမှုကို စွမ်းအားအရင်းအမြစ်အဖြစ်ရော အထောက်အကူအဖြစ်ပါ အသုံးပြုလိုက်။
အဲဒီနောက် နတ်ဆိုးသားရဲတွေကို မတိုက်ဘဲနဲ့ စိတ်ဝိညာဉ်လှုံ့ဆော်မှုကို သုံးပြီး ဒီနေရာကို နေရာရွေ့ထားလိုက် ”
ဝမ်ဝေ့က မြေပုံထုတ်ကာ သူမ နတ်ဆိုးသားရဲများကို ရွေ့ပြောင်းရမည့် နေရာအား ပြသလိုက်သည်။ ဤသည်မှာ မဟာရှားတိုင်းပြည် ပိုင်နက်ထဲ မြောက်ပိုင်းတွင် တည်ရှိသော ကျယ်ပြောလှသည့် လွင်ပြင်ကြီး ဖြစ်ပေသည်။
တကယ်တော့ ဝမ်ဝေ့က ထိုအမတ်များ ပြောသည်က မှန်ကြောင်း သိလေသည်။ သို့သော် ပုံမှန်အတိုင်း သူတို့က အခြေအနေတစ်ခုလုံးကို မမြင်ကြပေ။ အကယ်၍ ကိစ္စများသာ ဒီအတိုင်းဆက်ဖြစ်နေလျှင် မဟာရှားတိုင်းပြည် ကျရှုံးသွားဖို့ အချိန်တစ်ခုမျှသာ ကြာလိမ့်မည်။
တစ်ချိန်တည်းတွင် ဝမ်ဝေ့က သူ့အနေနှင့် တိုင်းပြည်၏ ချီကံကောင်းမှုကို အသုံးမပြုနိုင်ကြောင်း သိထားလေသည်။ ဒီအခွင့်အရေးကို အသုံးချပြီး အားကောင်းသည့် အစီအရင်များဖြင့် နတ်ဆိုးသားရဲများကို သတ်မပစ်သည်မှာ တိုင်းပြည်၏ ချီကံကောင်းမှုများစွာ ကုန်ဆုံးစေသောကြောင့် ဖြစ်၏။
သူ့အစီအစဉ်က အားလုံးကို တစ်နေရာတည်းတွင် စုဝေးပြီး တပ်ဖွဲ့များစုကာ သတ်ပစ်ဖို့ ဖြစ်သည်။
ထိုစဉ် သုံ့လီဖန်းက သူကိုယ်တိုင်လုပ်မည့်အစား သူမကို တာဝန်ပေးလာသည့်အတွက် အနည်းငယ် ကြောင်အမ်းမိသွားသည်။ သို့သော် အရေးပေါ်အချိန်အတွင်း သူမ ဘာမှပြန်မမေးလိုက်ပေ။
သူမ စိတ်ထဲ တိုင်းပြည်၏ ချီနဂါးနှင့် ဆက်နွယ်လိုက်ပြီးနောက် မဟာရှားတိုင်းပြည်၏ မြေပုံကို အနီရောင်အစက်အပြောက်များစွာဖြင့် မြင်လိုက်ရသည်။ သူမက ထိုအစက်အပြောက်များသည် ပိုင်နက်ထဲရှိ နတ်ဆိုးသားရဲများကို ကိုယ်စားပြုမှန်း မှန်းဆမိလိုက်၏။
သူမက စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် မြေပုံပေါ်တွင် အစိမ်းရောင် အစက်အပြောက်များကိုလည်း သတိထားမိလိုက်သည်။ ထိုအစိမ်းရောင်အစက်အပြောက်များက မြို့အသီးသီးမှ အစီအရင်များ ဖြစ်လေသည်။
သူမစိတ်ဝိညာဉ်ကို အာရုံစိုက်လိုက်ပြီး အစိမ်းရောင် အစက်အပြောက်များအားလုံးကို အသက်သွင်းလိုက်သည့်အခါ သုံ့လီဖန်း စိတ်ထဲရှိ မြေပုံပေါ်၌ ထူးဆန်းသည့် ပုံစံတစ်ခု ဖြစ်တည်လာသည်။ ထို့နောက် သူမက အနီရောင် အစက်အပြောက်များအားလုံးကို လွှမ်းမိုးလိုက်သည်။
သုံ့လီဖန်းက သူမတာဝန်၏ ခက်ခဲမှုကို ရုတ်ချည်း သဘောပေါက်သွားခဲ့သည်။ ခက်ခဲမှုက အစီအရင်ခင်းကျင်း အသက်သွင်းရာတွင် ရှိနေခြင်း မဟုတ်ပေ။ ထိုအနီရောင် အစက်အပြောက်များအား သူတို့လမ်းကြောင်းရှိ မြို့များကို မတိုက်ခိုက်စေဘဲ သတ်မှတ်ထားသည့် ဦးတည်ရာဆီ ရွေ့ပြောင်းဖို့ ဖြည်းဖြည်းချင်း လမ်းညွှန်ပေးရသည့်အခါတွင် ဖြစ်၏။
ထိုစဉ် ဝမ်ဝေ့က သုံ့လီဖန်း နဖူးမှ စီးကျလာသည့် ချွေးများကို ကြည့်ကာ ဘာမှဝင်မပြောပေ။ သူက ယန်းလီလင်း သို့မဟုတ် လီကျွင်းကို ထိုတာဝန်မပေးသည်မှာ အကြောင်းအရင်း ရှိလေသည်။
တိုင်းပြည်၏ ချီကံကောင်းမှုကို အတိအကျ ထိန်းချုပ်နိုင်ဖို့ မည်မျှခက်ခဲကြောင်း သိ၍ ဖြစ်သည်။ ကံကောင်းမှုကို အသေးစိတ် လေ့လာခဲ့သည့် သူနှင့် သုံ့လီဖန်းသာ ဒီလိုအရာမျိုး လုပ်နိုင်လိမ့်မည်။
ထိုစဉ် မဟာရှားပိုင်နက်တစ်လျှောက် အားကောင်းသည့် စွမ်းအားအခုံးကြီး ပေါ်လာကာ မြို့များကို လွှမ်းခြုံသွားသည်။ ထို့နောက် ရွှေရောင်နဂါးက ပိုင်နက်အတွင်း လူးလွင့်သွားလာနေသည်။
ထို့နောက် နတ်ဆိုးသားရဲ သန်းပေါင်းများစွာက မြောက်ဘက်ကို ဦးတည်သွားလာနေကြသည်။ သူတို့ပြေးလွှားသံများက ကောင်းကင်တခွင် ပဲ့တင်ထွက်နေသည်။
လူများစွာက သူတို့ချစ်ရသူတို့နှင့် သူတို့အိမ်အတွင်း ပုန်းအောင်းကာ နောက်တစ်ရက် မိုးသောက်ယံကို မြင်နိုင်ဖို့ ဆုတောင်းနေကြသည်။
မည်သို့ပင်ဆိုစေကာမူ ဒီနေ့ညကား မဟာရှား … အတိအကျဆိုရလျှင် တိုက်ပွဲတိုင်းပြည်ကမ္ဘာတစ်ခုလုံး အိပ်ရေးပျက်သည့် ည ဖြစ်ပေလိမ့်မည်။