ပြန်လည် ငယ်ရွယ်ခြင်း
Vol. 33 Ch. 465
ဘုန်း...
အန်လင်းက အသက်ကိုးသက် ဆေးတောင့်ကို သောက်လိုက်ပြီးနောက် ဆေးတောင့်အတွင်းရှိ စွမ်းအင်မှာ သူ့၏ အမြဲစိမ်းနည်းစနစ်၏ သက်ရောက်မူအောက်တွင် သူ့ခန္ဓာကိုယ်တွင်းသို့ လျှင်မြန်စွာ ပျံ့နှံ့လာခဲ့၏။
အလွန်အမင်း အစွမ်းထက်လှသည့် အသက်စွမ်းအားများနှင့် ပြည့်နေသော မတူညီသည့် စွမ်းအင်စီးကြောင်း ကိုးခုက သူ့တစ်ကိုယ်လုံးဆီသို့ တိုးဝင်လာလေ၏။
အန်လင်း၏ ဦးခေါင်းထက်တွင် အစိမ်းရောင် ရောင်ခြည်တစ်ခု ပေါ်ထွက်လာလေ၏။ ထိုသည်က အမြဲစိမ်း နည်းစနစ်ကို အဆုံးစွန်ဆုံးအထိ ထုတ်လွတ်လိုက်ခြင်း၏ သရုပ်သကန်ပင် ဖြစ်၏။
ဒြပ်စင် ငါးခု၏ စွမ်းအားများနှင့် ပြည့်နေသော အသက်စွမ်းအင် စီးကြောင်းငါးခုက သူ့၏ ကိုယ်တွင်း အင်္ဂါများ၊ သွေးများနှင့် အရိုးတည်ဆောက်မှုများဆီသို့ စီးဝင်သွားကာ တခြားသော အံ့ဖွယ်စွမ်းအင် စီးကြောင်းနှစ်ခုက သူ့၏ အံ့ဖွယ် ခံစားမှုအာရုံကို အားဖြည်ပေးလေ၏။ နောက်ဆုံးသော အသက်စွမ်းအင် စီးကြောင်းနှစ်ခုမှာမူ သူ့၏ အကြောများနှင့် သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ စီးဝင်သွားလေသည်။
အန်လင်း၏ ခန္ဓာကိုယ်မှ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာပြီး အသက်စွမ်းအင်မှာ အပြင်ဘက်ဆီသို့ ဖြာထွက်စပြုလာလေ၏။
သူ့၏ အနည်းငယ် မှုန်မှိုင်းနေသော အော်ရာမှာ ပြန်လည် အသက်ဝင်လာပြီး သူ့၏ ဆံပင်ဖြူများက အစွမ်းထက် အသက်စွမ်းအား ထိုးသွင်းခံလိုက်ရပြီးနောက် အနက်ရောင်သို့ ပြန်ပြောင်းသွားလေ၏။ ရေခဲနှင့် မြူနှင်းအလွှာတစ်ခု အရည်ပျော်သွားသကဲ့သို့ အဖြူရောင်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူ့ဆံပင်များ၏ မူလအနက်ရောင်က ပြန်လည် ထွက်ပေါ်လာလေတော့သည်။
အစိမ်းရောင် အလင်းတန်းက သူ့ခန္ဓာကိုယ်အား ဆက်လက် လွှမ်းခြုံနေကာ သူက အသက်စွမ်းအင်ကို အဆက်အပြတ် စုပ်ယူနေပေ၏။
ထိုလုပ်ငန်းစဉ်မှာ အကြမ်းအားဖြင့် တစ်နာရီခန့် ကြာမြင့်လေ၏။
တစ်နာရီ ကြာပြီးနောက် အန်လင်းက သူ့၏ တောက်ပနေသော မျက်လုံးများကို ဖွင့်လိုက်လေ၏။
သူက အသက်ရှုသွင်းတိုင်း ရှုထုတ်တိုင်းတွင် အသက်စွမ်းအင်များ သူ့၏ ပါးစပ်နှင့် နှာသီးဝသို့ ဖြတ်ကာစီးဝင်သွားသည်ကို ခံစားမိလေ၏။
"ဒီဆေးတောင့်မှာ စွမ်းအင်တွေ ကျန်နေသေးမယ်လို့ ဘယ်သူက ထင်မှာလဲ။ ကြည့်ရတာ ငါ့ရဲ့ အသက်စွမ်းအင်က အပြည့်ပြန်ဖြည့်ပြီးသွားပြီထင်တယ်။" အန်လင်းက ခပ်ဖွဖွ ပြုံးလိုက်ကာ ဗာမီလီယမ်ငှက် ကြေးမုံကိုထုတ်ပြီး သူ့၏ ပုံရိပ်ကို ကြည့်လိုက်လေ၏။
ကြေးမုံအတွင်း၌ သူက တောက်ပ၊ လင်းလက်နေသော မျက်လုံးတစ်စုံနှင့် အနက်ရောင် ဆံပင်အပြည့်နှင့် ချောမောလှသည့် အမျိုးသားတစ်ဦးကို မြင်လိုက်ရ၏။
"ချောလိုက်တာ..." အန်လင်းက ကျေနပ်လှသော အပြုံးဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။
ဗာမီလီယမ်ငှက် ကြေးမုံ : "..."
အဆင့် ၂ အင်မော်တယ် ဆေးတောင့်မှာ အလွန်အမင်း အစွမ်းထက်သည်ဟု ဆိုရပေမည်။ သူက သူ့၏ အံ့ဖွယ် အယောင်ဆောင် နည်းစနစ်ကို အလွန်အသုံးပြုခြင်းကြောင့် ကုန်ဆုံးသွားသော သက်တမ်းအများစုကို ပြန်လည် ရရှိသည်သာမက သူ့၏ သက်ရှိစွမ်းအင်မှာလည်း အရင်တုန်းကထက်ပင် ပိုမို သန်မာနေပေ၏။
သို့သော် ထိုသည်မှာ သူတစ်ထိုင်တည်းနှင့် စုတ်ယူနိုင်သော အသက်စွမ်းအင် ပမာဏသာဖြစ်၏။ သူပြန်လည် မရရှိသေးသော ကျန်ရှိသည့် သက်တမ်းအနည်းငယ်ကိုမူ နောက်ရက်များတွင်မှ ပြန်လည် ရယူရမည်ဖြစ်သည်။ ကျင့်ကြံရေး လမ်းကြောင်းမှာ အလွန်ရှည်လျားလှ၍ သူက ဆုံးရှုံးသွားသော သက်တမ်းပမာဏ အနည်းငယ်လေးအတွက် စိတ်ဖိစီးမှုမရနိုင်ပါပေ။
သူက ကြေးမုံပေါ်မှ ပံုရိပ်ကို ကြည့်ကာ ပိုမို၍ပင် စိတ်ကျေနပ်လာလေတော့သည်။ သူက အရင်တုန်းကထက်ပင် ပိုမိုချောမောသည်အထိ သူ့၏ သွင်ပြင်က တိုးတက်လာသည်ဟု ခံစားလိုက်ရ၏။
သူက ကြေးမုံကို ကြည့်ကာ ခပ်ဖွဖွ ပြုံးပြီး မေးလိုက်၏။ "မှန်လေးရေ... ငါ့လက်ထဲက မှန်လေးရေ၊ အားလုံးထဲမှာ ဘယ်သူက အချောဆုံးလဲ။"
နူးညံ့သော ခပ်ဆတ်ဆတ်အသံတစ်ခုက ပြန်ဖြေလိုက်၏။ "လင်နယ်မြေရဲ့ ကောင်းကင်တမန်ပါ။"
အန်လင်း : "... နင်က ဒီအတိုင်း အန်လင်းလို့ ဖြေလို့မရဘူးလား။"
ဗာမီလီယမ်ငှက် ကြေးမုံ : "ငါလိမ်ပြောလို့ မရဘူး။"
အန်လင်းက သက်ပြင်းတစ်ခု ချလိုက်၏။ "ဒီရက်စက်တဲ့ လောကကြီးထဲမှာ သခင်ကို ဘယ်လို စိတ်ကျေနပ်အောင် လုပ်ပေးရမလဲ မသိတဲ့ နင့်လို မှန်မျိုးက သခင့်ဆီက ချစ်ခင်၊ မြတ်နိုးခြင်းကို ခံရမှာမဟုတ်ဘူး။"
ဗာမီလီယမ်ငှက် ကြေးမုံ : "ငါက ချစ်တာရော မြတ်နိုးတာရော မခံချင်ပါဘူး...။ ငါ့ကိုလွတ်ပေးဖို့ပဲ နင့်ကို တောင်းဆိုချင်တာ။"
အန်လင်း : "..."
ဘယ်လိုတောင် ရိုးသားတဲ့ မှန်လဲ...။ ဒီအတိုင်း ရိုက်ပဲ ခွဲပစ်လိုက်ရတော့မလား။
အန်လင်းက ဗာမီလီယမ်ငှက် ကြေးမုံကို သိမ်းလိုက်ကာ ဒေါသထွက်စွာ သက်ပြင်းချလိုက်လေ၏။ ထို့နောက် သူက သူ့၏ အံ့ဖွယ် စစ်မေးခြင်း နည်းစနစ်ကို ကျန်ရှိသော ပစ္စည်းများပေါ်တွင် အသုံးပြုလိုက်လေ၏။
သူက အစွမ်းထက်လှသည့် စွမ်းအင် အတက်အကျများကြောင့် သူ့၏ စိတ်ဝင်စားမှုကို သိသိသာသာ တိုးစေသော ရေခဲအလုံးကြီးသုံးခုဆီသို့ ပထမဆုံး လှည့်လိုက်လေ၏။
"မြူနှင်း ဖောက်ခွဲခြင်း အလုံး၊ မြင့်မြတ်ရေခဲကုန်းမြေများမှ အရှင်သခင်မ မန်ဇီသွန်းလုပ်ထားသော တစ်ခါသုံး လက်နက်များ။ အလုံးထဲသို့ စွမ်းအင်ထိုးသွင်းပြီး ရန်သူဆီသို့ ပစ်လိုက်ပါက အချင်းဝက် ၅ကီလိုမီတာရှိ ရေခဲပြင်ပေါက်ကွဲခြင်းတစ်ခုကို ဖန်တီးပေးမည်ဖြစ်သည်။ ရရှိသော ပေါက်ကွဲစွမ်းအားမှာ ပျက်ပြယ်ခြင်းအဆင့် မြူနှင်းနတ်မိမယ်တစ်ဦး၏ စွမ်းအားပြည့် တိုက်ခိုက်ခြင်းနှင့် ညီမျှ၏။ ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများ အသုံးပြုနိုင်ပါသည်။"
ဖော်ပြချက်ကို ဖတ်နေစဉ်တွင် အန်လင်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ သူ့၏ မျက်လုံးများက စိတ်လှုပ်ရှားစွာ တောက်ပနေလေ၏။
ပျက်ပြယ်ခြင်းအဆင့် မြူနှင်းနတ်မိမယ်တစ်ဦး၏ စွမ်းအားပြည့်တိုက်ခိုက်မှုနှင့် ညီမျှ၏...။
သောက်ကျိုးနည်း...။ တကယ့်ကို အလန်းစား ဝှက်ဖဲကြီးပဲဟ...။
အန်လင်း၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံတွင် ဤမြူနှင်းပေါက်ကွဲ အလုံးများမှာ အင်မော်တယ် လက်နက်များထက်ပင် ပို၍ အဖိုးတန်နေပေ၏။
ထိုသည်က သူက ပျက်ပြယ်ခြင်းအဆင့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရပါက ထိုသူများကို တန်ပြန်တိုက်ခိုက်ရန် သို့မဟုတ် ထွက်ပြေးရန်အတွက် သူ့တွင် စွမ်းအင်ရှိသည်ဟု ဆိုလိုခြင်းပင်။ ထိုသည်က ထူးခြားလှသည့် အသက်ကယ်လက်နက်တစ်ခုပင်။
သူက မြူနှင်းပေါက်ကွဲအလုံးများကို ပျော်ရွှင်စွာ သိုလှောင်လိုက်ပြီး ကျန်ရစ်သော ပစ္စည်းများကို ဆက်လက်ကြည့်ရှုလိုက်လေ၏။
သူက သိုလှောင်လက်စွပ်ငါးခုစလုံးအတွင်းရှိ ပစ္စည်းများအားလုံးကို တွက်ချက်ကြည့်ရာ နောက်ဆုံးရလာဒ်မှာ အတော်လေးပင် စိတ်ကျေနပ်ဖွယ်ဖြစ်လေ၏။
သက်ရှိကျောက်တုံး စုစုပေါင်း ၅၀၀ရှိပြီး သူ့၏ ကြွယ်ဝမှုများကို ပြန်လည်ယူဆောင်လာသော စိတ်ဝိညာဉ်ကျောက်တုံး ၁၃သန်းကျော်ခန့်ပင်ရှိလေ၏။ နောက်ဆုံးတွင်တော့ သူက စိတ်ဝိညာဉ်ကျောက်တုံး သိန်း ၁၀၀ကျော် ပိုင်ဆိုင်ထားသော ကျင့်ကြံခြင်း သူဌေးကြီးတစ်ဦး ပြန်ဖြစ်လာလေပြီ။
ထို့အပြင် ယခုမှစ၍ သူ့၏ မြှုပ်နှံခြင်းဓားသိုင်းကို အလိုရှိသလို အသုံးပြု၍ ရနိုင်သော စိတ်ဝိညာဉ် လက်နက် ၃၂ခုလည်း ရှိသေးပေ၏။
အလွန်အမင်းအစွမ်းထက်သည့် စိတ်ဝိညာဉ် ပြန်လည်အားဖြည့် အင်မော်တယ်ဆေးတောင့် နှစ်တောင့်၊ အဆင့် ၆ အင်မော်တယ် သစ်သီး နှစ်လုံး၊ စိတ်ဝိညာဉ် ဆေးတောင့် ၁၀၀ကျော်၊ စိတ်ဝိညာဉ် သစ်သီး ၁၀၀ကျော်နှင့် ရေခဲအမျိုးအစား ပစ္စည်းပုံကြီးတစ်ခုလဲ ရှိနေပေ၏။
အခြေခံ အဆင့် အင်မော်တယ် လက်နက်၊ ကြာပွင့် နှလုံးသား ရေခဲဓားမှာ အရာအားလုံးကို အေးခဲပစ်နိုင်ပေ၏။ ထိုသည်က အဆင့်မြင့် အင်မော်တယ်လက်နက်အဖြစ် တိုးမြှင့်ပြီးပါက ထိုသည်က ကြာပန်းနယ်မြေ အကွာအဝေးစွမ်းအင်အသစ်တစ်ခုကို ရရှိပေလိမ့်မည်။
အဆင့်မြင့် အင်မော်တယ်လက်နက် ကောင်းကင်ဘုံ မြူနှင်း ဖန်စမှာမူ အကွာအဝေး ကြိုးကိုင်ခြင်း နည်းစနစ်များနှင့် အသုံးပြုပါက အသုံးပြုသူ၏ အကွာအဝေးချိတ်ပိတ်နိုင်စွမ်းကို ငါးဆ တိုးမြှင့်ပေးလေ၏။
သူမသောက်ရသေးသည့် အဆင့် ၂ အင်မော်တယ် ဆေးတောင့်တစ်ခုလည်း သေချာပေါက် ကျန်နေသေးပေ၏။
ထိုသည်မှာ သူ့၏ ဘဏ္ဍာတိုက်ကြီးအား ပြန်လည် ဖြည့်ပေးလိုက်သော ကြီးမားလှသည့် ခိုးရာပါပစ္စည်းများဖြစ်ကာ သူ့အား ပျော်ရွှင်မှုများဖြင့် မူးဝေသွားစေသည်အထိပင်။
သူက အခန်းတံခါးကို ဖွင့်ကာ ခြံဝန်းထဲသို့ လျှောက်လာလိုက်လေ၏။ သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ကာ ပဲနွယ်ပင်များကို ကြည့်လိုက်လေ၏။
ထိုအချိန်မှာပင် စုရှောင်လန်သည်လည်း သူမ၏ အခန်းထဲမှ ထွက်လာပေ၏။
သူမက အန်လင်းကို မြင်သောအခါ အံ့ဩတကြီး ပါးစပ်ပိတ်လိုက်လေ၏။
"အန်လင်း၊ နင့်ဆံပင်တွေ..."
သူမက သူ့၏ ဆံပင်တစ်ချောင်းစီတိုင်းမှ ဖြာထွက်နေသော လတ်ဆတ်မှုကို ခံစားနိုင်ပြီး ထိုသည်က ဆေးဆိုးထားခြင်းမဟုတ်သည်ကို သိလေ၏။
"ငါက အဆင့် ၂ အင်မော်တယ်ဆေးတောင့်တစ်ခု သောက်လိုက်တာ အခု အတော်လေး နေလို့ကောင်းနေတယ်။" အန်လင်းက စုရှောင်လန်ကို ပြုံးပြလိုက်လေ၏။
"ကောင်းလိုက်တာ..." စုရှောင်လန်၏ မျက်လုံးများထဲတွင် မျက်ရည်များ ရစ်ဝဲလာကာ သူမက အန်လင်း၏ ဆံပင်နက်များကို ငေးကြည့်နေလေ၏။
သူမက လွန်ခဲ့သော ရက်များအတွင်း အန်လင်း၏ သက်တမ်း ပြန်မရမည်ကို အလွန် ကြောက်လန့်နေရပြီး သူ့၏ ဆုံးရှုံးသွားသော သက်တမ်းကို ပြန်ရဖို့ ကူညီရန်အတွက် နည်းအမျိုးမျိုး ကြိုးစားပြီးဖြစ်လေ၏။ သို့သော် ကြည့်ရသည်မှာ သူ့၏ ကုန်ဆုံးသွားသော သက်တမ်းမှာ အင်မော်တယ် ဆေးတောင့်များ သောက်သုံးခြင်းဖြင့် ပြန်လည်ရရှိနိုင်ပုံရလေ၏။ ထိုသည်က သူမကို အလွန်ပင် စိတ်သက်သာရာ ရစေလေ၏။
အန်လင်းက နွေးထွေးစွာ ပြုံးလိုက်ပြီး စုရှောင်လန်၏ လက်ကို ဆွဲလိုက်ကာ ပဲနွယ်ပင်များ၏ အောက်သို့ လျှောက်သွားလိုက်လေ၏။ ထို့နောက် သူက အပြာရောင် တောက်ပနေသော သစ်တော်သီးကဲ့သို့ အသီးနှစ်လုံးကို ထုတ်လိုက်လေ၏။
"အဲဒါ ဘာတွေလဲ။" စုရှောင်လန်က သိလိုစိတ်ပြင်းပြစွာ မျက်တောင် ခတ်လိုက်လေ၏။
"ဒီဟာတွေက နှင်းသစ်သီး ချိုချိုလေးလို့ ခေါ်တယ်။ ငါအဲဒါတွေကို မြူနှင်း နတ်မိမယ်တစ်ယောက်ရဲ့ သိုလှောင်လက်စွပ်ထဲကတွေ့တာ။ ကြည့်ရတာတော့ သူတို့က အတော်လေး ချိုမဲ့ပုံပဲ။" သစ်သီးများကို သူ့၏ အံ့ဖွယ်စစ်မေးခြင်း နည်းစနစ်ဖြင့် စုံစမ်းလိုက်ရာ ရှင်းလင်းချက် အတိုလေး တစ်ခု ပေါ်လာလေ၏။ ထိုသည်က ဤစိတ်ဝိညာဉ်သစ်သီးများမှာ အရမ်းအရသာရှိကြောင်းသာ ရိုးရှင်းစွာ ဖော်ပြထားလေ၏။
စုရှောင်လန်က တုံ့ဆိုင်းစွာဖြင့် သစ်သီးတစ်လုံးကို ကောက်ကိုင်လိုက်ကာ ခပ်ဖွဖွကိုက်ချလိုက်၏။
နှင်းသစ်သီး ချိုချိုမှာ အလွန်ပင် ကြွပ်ဆတ်နေကာ ကျေနပ်ဖွယ်ရာ အထိအတေွ့ရှိပြီး ထိုအရာ၏ လန်းဆန်းစေသော ချိုမြမှုက သူမ၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားကာ ခန္ဓာကိုယ်တစ်လျှောက်ပင် ပျံ့နှံ့သွားလေ၏။ ထိုအရာက သူမအား ချိုမြကာ လန်းဆန်းသော စမ်းချောင်းလေး တစ်ခုတွင် ရေချိုးနေရသကဲ့သို့ ခံစားရစေ၏။
"အင်းးး... အရသာရှိလိုက်တာ။"
စုရှောင်လန်က နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ချီးကျူးစကားဆိုလိုက်၏။ ထို့နောက် သူမက နှင်းသစ်သီးချိုချို ဆက်လက်စားနေလေ၏။
အန်လင်း မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာပြီး သူက တခြားသောနှင်းသစ်သီး ချိုချိုကို စားလိုက်လေ၏။
နှင်းသစ်သီး ချိုချိုမှာ သူတို့၏ ခံစားချက်ကောင်းများနှင့် ကောင်းမွန်လှသည့်ရာသီဥတုများကို ပြီးပြည့်စုံစွာ ဖြည့်စွက်ပေးနေလေ၏။
နောက်တစ်နေ့မှာ နေသာပြီး တောက်ပနေပေတော့သည်...။
အန်လင်းက စုရှောင်လန်၊ သူ့၏ စိတ်ဝိညာဉ် သားရဲ အဖွဲ့တို့နှင့် အတူ တပိုင်ကိုစီးကာ ကောင်းကင်ဘုံခုံရုံးဆီသို့ ပြန်လာခဲ့လေတော့၏။
စာစဉ် ၃၃ ပြီး၏။
-----------