အခန်း (၁၅၂၇)
Vol. 110 Ch. 1527
ကျောက်တုံးစင်မြင့်အောက်မှာ လဲလျောင်းနေသော အတောင်ပံပါကျားနက်က မတ်တတ်ရပ်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို လှုပ်ခါ၍ အကြောအခြင်ဆန့်လိုက်သည်။ ကြီးမြတ်သော အရှိန်အဝါက ၎င်းထံမှ ထွက်ပေါ်လာသည်။
စင်မြင့်အနောက်တွင် လွင့်မျောမိုးတိမ်သားရဲနှင့် လီသဲက ကျယ်လောင်စွာ အော်မြည်လိုက်ပြီး ၎င်းတို့၏ အတောင်ပံကို တဖျပ်ဖျပ်ခတ်လိုက်ကြသည်။
နတ်သားရဲသုံးကောင်၏ အံ့ဖွယ်အစွမ်းဖြင့် သက်ရောက်ခံလိုက်ရသောအခါ ဝေဟင်ထက်မှ တိမ်တိုက်များက ဝဲကတော့တစ်ခုနှယ် လှုပ်ခတ်သွားကြသည်။
ယင်းကို မြင်သွားသောအခါ မြေပြင်ပေါ်မှ တခြားမျိုးနွယ်ဝင်များက ပြင်းထန်သော စိတ်ခံစားချက်ကို ခံစားမိသွားကြသည်။
လျောင်ယွမ်မျိုးနွယ်စုက မည်မျှအားကောင်းလိုက်သနည်း။
လျောင်ယွမ်မျိုးနွယ်စု ပိုပြီးအားကောင်းလေ သူတို့က ပိုပြီးဘေးကင်းလုံခြုံလေပင်။ ထို့ပြင် ယင်းက သူတို့ကို ပိုပြီးသန်မာလာစေလိမ့်မည်။
အပြန်အလှန်အနေနှင့် ထိုသို့အစွမ်းထက်သော အုပ်စုက လျောင်ယွမ်မျိုးနွယ်စု၏ ကာကွယ်စောင့်ရှောက်ပေးမှုကို ရရှိရန် ထိုက်တန်သည်။
မျိုးနွယ်စု၏ ဂုဏ်ယူဝင့်ကြွားသော စိတ်ခံစားမှုက တဖြည်းဖြည်း လေပေါ်သို့ မြှောက်တတ်သွားပြီး ရွှေရောင်အလင်းချည်မျှင်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ချည်မျှင်များက လူတိုင်း၏ ဦးခေါင်းပေါ်မှာ သဏ္ဍာန်မဲ့တိမ်တိုက်တစ်ခုအဖြစ် စုဝေးသွားကြသည်။
ကျူးရုန်က အတောင်ပံပါကျားနက်ကို စီးနင်းလိုက်ပြီး အရှေ့ဆုံးမှနေ၍ လက်တစ်ဖက်ကို မြှောက်ပြလိုက်သည်။ ထိုအခါ စစ်တပ်က စတင်ထွက်ခွာသည်။
သူတို့ခရီးထွက်ခွာပြီး ဆယ်မိုင်မပြည့်မီ နွားမိစ္ဆာအုပ်စုနှင့် မီးခိုးရောင်ဝံပုလွေအုပ်စုက စုဝေးရောက်ရှိလာကြသည်။
ထိုမိစ္ဆာသားရဲအားလုံးက ၎င်းတို့၏ ကျောပေါ်မှာ ခြင်းတောင်းနှစ်လုံးကို သယ်ဆောင်ထားကြသည်။
ဝိညာဉ်သတ္ထုများ တူးဖော်မည့် ဤခရီးစဉ်မှာ သန့်စင်ပြီးသော ဝိညာဉ်သတ္ထုများကို မျိုးနွယ်စုဆီသို့ ပြန်ပို့ဆောင်ရမည်။
သူတို့၏ အဖွဲ့မှာ စုစုပေါင်း မျိုးနွယ်ဝင်ရှစ်ရာကျော်နှင့် မိစ္ဆာသားရဲတစ်ထောင်ကျော် ပါဝင်ကြပြီး ဝေဟင်ထက်မှ နတ်သားရဲနှစ်ကောင်က သူတို့အတွက် ကင်းထောင့်စောင့်ပေးနေကြသည်။ သို့ဖြစ်၍ မိစ္ဆာသားရဲများဖြစ်စေ သို့မဟုတ် တခြားလူသားမျိုးနွယ်များဖြစ်စေ ၎င်းတို့က သူတို့အဖွဲ့ကို မြင်သည်နှင့် ချက်ချင်း ရှောင်ထွက်သွားကြသည်။
မိုင်သုံးသောင်းကို ဖြတ်ကျော်ခဲ့သော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ မည်သည့်တစ်စုံတစ်ယောက်မှ သူတို့အဖွဲ့ကို လာရောက်လုယက်ခြင်း မပြုလုပ်ခဲ့ပေ။
ယင်းက ကျူးရုန်ကို စိတ်သက်သာရာရစွာ သက်ပြင်းချမိစေသည်။ သို့တိုင် သူက အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူက ထိုဓားပြများအပေါ် ဟန်မူယဲ့ပေးခဲ့သည် နတ်ဘုရားအင်းသင်္ကေတအစွမ်းကို အသုံးပြုချင်သောကြောင့် ဖြစ်၏။
တိမ်ကျတောင်သည် ဝေဟင်ထက်မှ တိမ်များနှင့် ထိစပ်နေပြီး တိမ်စိုင်တိမ်ခဲများသည် တောင်ထိပ်ပေါ်မှာ တစ်နှစ်ပတ်လုံး စုဝေးနေလေ့ရှိသည်။ တောင်အောက်ခြေတွင်တော့ တိမ်ရေနတ်သားရဲအများအပြားက စခန်းချနေထိုင်ကြသည်။
ရှေးဦးအပျက်အစီးတောအုပ်ထဲတွင် သွေးမျိုးဆက်သည်သာ နတ်သားရဲများကို စုဝေးနေထိုင်စေနိုင်ခြင်း မဟုတ်ပေ။ မူလစွမ်းအားသည်လည်း ၎င်းတို့ကို သွေးဆောင်နိုင်ပေသည်။
မှန်ပေသည်။ မူလစွမ်းအားအတွက် လုယက်သော တိုက်ပွဲများက ဤတောအုပ်မှာ ပုံမှန်အဖြစ်အပျက်သာ ဖြစ်၏။
“ အဲ့ဒီနေရာမှာ ”
လီသဲက ဝေဟင်ပေါ်မှ ဆင်းသက်လာပြီး ပြောသည်။ ထို့နောက် ၎င်းက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး အရှေ့၌ ပရမ်းပတာ စုပုံနေသော ကျောက်တုံးများကို ရှင်းလင်းဖယ်ရှားလိုက်သည်။
ထိုအခါ အနက်ရောင်သံမဏိကျောက်များက အရောင်အသွေးစုံလင်သော ကျောက်စရစ်ခဲများကြားမှာ ထွက်ပေါ်လာသည်။
ကျူးရုန်က အရှေ့သို့ လျှောက်သွားပြီး သံမဏိကျောက်တစ်တုံးကို ကောက်ယူလိုက်သည်။ တစ်ခဏကြာ စစ်ဆေးကြည့်ပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
သူ့ဘေး၌ အရိုးတုတ်ချောင်းကို ကိုင်ထားသော ကျူးထျန်းက ပြုံးလိုက်သည်။
“ ဒီဝိညာဉ်သံမဏိနဲ့ဆို ဆရာဟန်ပြောတဲ့ စစ်ချပ်ဝတ်တွေကို သေချာပေါက် ဖန်တီးနိုင်လိမ့်မယ် ”
ကျူးထျန်းက ယခု လျောင်ယွမ်မျိုးနွယ်စုထဲမှာ အသန်မာဆုံးမဟုတ်သော်လည်း လူအများ၏ ရိုသေလေးစားခြင်းခံရသည်။ ကျူးရုန် တံခါးပိတ်ကျင့်ကြံနေသည့်အခါတိုင်း ကျူးထျန်းက မျိုးနွယ်စု၏ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးရသည်။
ကျူးထျန်းအတွက်တော့ ယခု လျောင်ယွမ်မျိုးနွယ်စု၏ ကြီးထွားမှုသည် တစ်ခါမှ သူစိတ်ကူးမယဉ်ခဲ့ဖူးသောအရာ ဖြစ်သည်။ နေ့တိုင်း သူက ယင်းကို အိမ်မက်တစ်ခုဟု ခံစားနေမိသည်။
ထိုဝိညာဉ်သံမဏိကို မျိုးနွယ်စုဆီ ပြန်သယ်ဆောင်သွားပြီး သန့်စင်လိုက်မည်ဆိုလျှင် မည်သည့်စစ်ချပ်ဝတ်ကို ရရှိလာနိုင်မည်ဖြစ်ကြောင်း သူစိတ်ကူးမကြည့်နိုင်ပေ။
ထို့နောက် မျိုးနွယ်ဝင်များက အနက်ရောင်သံမဏိကျောက်တုံးများကို စတင်ရှာဖွေကြသည်။ သူတို့က အကြီးအသေးမရွေးဘဲ သံမဏိကျောက်မှန်သမျှကို မိစ္ဆာသားရဲများ၏ ကျောပေါ်မှ ခြင်းတောင်းများထဲသို့ ပစ်ထည့်လိုက်ကြသည်။
ကျူးရုန်က ခေါင်းမော့လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ကျုပ် အပေါ်ကို တစ်ချက်သွားကြည့်ဦးမယ်… အခုလိုမျိုး တစ်ခုချင်းစီ လိုက်ကောက်နေမယ်ဆိုရင် ဘယ်တော့မှ ပြီးမလဲမသိဘူး ”
ထိုသံမဏိကျောက်များက မိုးရေဖြင့် တောင်အောက်သို့ ကျဆင်းလာခြင်း ဖြစ်ရမည်။
အတောင်ပံပါကျားနက်သည် ရေစီးကြောင်းကို ခြေရာခံ၍ အပေါ်သို့ ဆန်တတ်သွားသည်။ လီသဲသည်လည်း ကျူးရုန်အနောက်မှ လိုက်သွားသည်။
တောင်ပေါ်သို့ သူတို့တတ်လှမ်းသွားလေ တိမ်တိုက်များက ပိုပြီးထူထဲလာလေပင်။
ယခုအချိန်မှာ သူတို့က ဘေးပတ်ဝန်းကျင်မှ အရာများကို သာမန်မျက်စိဖြင့် မမြင်နိုင်တော့ပေ။
မီးဒြပ်စင်နတ်သားရဲတစ်ကောင်ဖြစ်သော လီသဲသည် စိုထိုင်းသော တိမ်တိုက်များ ၎င်း၏ ခန္ဓာကိုယ်နှင့် ထိတွေ့နေခြင်းကို သဘောမကျပေ။
“ ဝှစ် ”
၎င်းက မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်သည့်အခါ အချင်းပေတစ်ထောင်အတွင်းမှ တိမ်စိုင်တိမ်ခဲအားလုံးက ချက်ချင်း အရည်ပျော်သွားသည်။
လီသဲက ၎င်း၏ အတောင်ပံကို ဂုဏ်ယူဝင့်ကြွားစွာ တဖျပ်ဖျပ်ခတ်လိုက်သည်။
“ ငါဘယ်လောက်တော်… ”
လီသဲ၏ စကားမဆုံးခင် ကျူးရုန်က တိုးညင်းစွာ ကြုံးဝါးလိုက်ပြီး အရှေ့သို့ ခုန်လိုက်ကာ လက်သီးတစ်လုံးထိုးလွှတ်လိုက်သည်။
“ ဗုန်း ”
ပေသုံးဆယ်ရှည်လျားသော လက်သည်းတစ်ခုက သူတို့၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာပြီး ကျူးရုန်၏ လက်သီးနှင့် တွေ့ဆုံသွားကာ ပေါက်ကွဲသွားသည်။
ထို့နောက် တမူထူးခြားသော နတ်သားရဲများက သူတို့၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်က ကင်းခြေများနှင့်ဆင်တူပြီး ၎င်းတို့၏ ဦးခေါင်းပေါ်မှာ ဦးချိုတစ်ချောင်း ရှိသည်။ ထို့ပြင် ၎င်းတို့၏ တစ်ကိုယ်လုံးကို အနက်ရောင်အကြေးခွံများဖြင့် အပြည့်ဖုံးလွှမ်းထားသည်။
ထိုနတ်သားရဲများက တည်ကြည်လေးနက်သော အမူအရာဖြင့် ကျူးရုန်ကို ကြည့်လိုက်ကြသည်။
“ မီးတောက်စွမ်းအားလား ”
“ မင်းတို့က တိမ်ကျတောင်မှာ ဘာလုပ်နေတာလဲ ”
တိမ်ကျတောင်က တိမ်နှင့်ရေ အနှစ်သာရဖြင့် ပြည့်နှက်နေသော နေရာဖြစ်လေရာ မီးဒြပ်စင်နတ်သားရဲများက ဤပတ်ဝန်းကျင်နှင့် မသင့်တော်ပေ။
“ အဲ့ဒီကောင်တွေက ဆရာဟန်ပြောတဲ့ တိမ်ရေနတ်သားရဲတွေဖြစ်မယ် ”
လီသဲက ကျူးရုန်ဆီသို့ ပျံသန်းသွားပြီး ၎င်း၏ နတ်ဘုရားစိတ်အာရုံကို တိတ်တဆိတ် ပို့လွှတ်လိုက်သည်။
“ သူတို့က အချင်းမိုင်တစ်ထောင်အတွင်းမှာရှိတဲ့ တိမ်စိုင်တိမ်ခဲတွေကို စုဝေးနိုင်ပြီး ကောင်းကင်ဘုံရေကို ဆင့်ခေါ်နိုင်ကြတယ် ”
လျောင်ယွမ်မျိုးနွယ်စုထဲတွင် ဟန်မူယဲ့က တာအိုချည်းကိုသာ မရှင်းပြပေ။ သူက နတ်သားရဲများအကြောင်းနှင့် ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ မြင်တွေ့နိုင်သော နတ်ဘုရားအင်းသင်္ကေတများကိုလည်း ရှင်းပြသည်။
ဥပမာ သူတို့၏ အရှေ့မှ တိမ်ရေနတ်သားရဲသည် အလယ်အလတ်အဆင့်မှာရှိပြီး သာမန်သွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်သော်လည်း တိမ်ထူထပ်နေသော နေရာမျိုးတွင် ၎င်းတို့၏ စွမ်းအားက အဆပေါင်းများစွာ တိုးမြှင့်သွားလိမ့်မည်။
ကျူးရုန်က ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
သူက ဤနေရာမှာ နတ်သားရဲများနှင့် လက်ရည်စမ်းရန် စီစဉ်ထားသော်လည်း တိမ်ရေနတ်သားရဲများကို တိုက်ခိုက်ခြင်းက မလွယ်ကူနိုင်ပေ။
သူ၏ မီးတောက်မူလစွမ်းအားက တိမ်ကျတောင်ပေါ်မှာ ကြီးကြီးမားမား ဖိနှိပ်ခံထားရသည်။ အခြားတစ်ဖက်မှာတော့ တိမ်ရေနတ်သားရဲများက အဆပေါင်းများစွာ အစွမ်းတိုးမြှင့်သွားကြလိမ့်မည်။
ကမ္ဘာဦးလောကက တည်ငြိမ်သည်။ တောင်များကို လှုပ်ခါရန်၊ ကုန်းမြေကို လှုပ်ခါရန် မလွယ်ကူပေ။
“ ကျုပ်တို့က ဝိညာဉ်သတ္ထုတွေ တူးဖော်ဖို့ ဒီကို ရောက်လာကြတာပါ ”
ကျူးရုန်က အရှေ့ဆုံးမှ တိမ်ရေနတ်သားရဲကို ကြည့်လိုက်ပြီး ဦးညွတ်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
စကားဆုံးသည်နှင့် သူက လက်မြှောက်လိုက်သည်။ ထိုအခါ ရွှေရောင်တောက်ပသော နတ်သားရဲသွေးမျိုးဆက်ကျောက်တုံးတစ်တုံးက အောက်သို့ ပြုတ်ကျသွားသည်။
သွေးမျိုးဆက်ကျောက်တုံးကို မြင်သောအခါ တိမ်ရေနတ်သားရဲက မျက်လုံးဝင်းလက်သွားသည်။
တိမ်တိုက်တစ်ခုက ပျံသန်းလာပြီး သွေးမျိုးဆက်ကျောက်တုံးကို ရစ်ပတ်လိုက်သည်။ ထို့နောက် လိုချင်တပ်မက်သော အမူအရာက တိမ်ရေနတ်သားရဲ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
မကြာမီ သွေးမျိုးဆက်ကျောက်တုံးပေါ်မှ ရောင်ခြည်က သိသာစွာ မှေးမှိန်သွားသည်။
လက်တစ်ဖက်သည် တိမ်ရေနတ်သားရဲ၏ မျက်နှာပေါ်မှ အပြုံးကို မဖုံးကွယ်နိုင်ပေ။ သွေးမျိုးဆက်ကျောက်တုံးကို လက်ခံပြီးနောက် ၎င်းက ပိုပြီးဖော်ရွေလာသည်။
“ မင်းက လွင့်မျောတိမ်သံမဏိကို ပြောနေတာမလား… အဲ့ဒါတွေက တောင်ပေါ်မှာ အများကြီးပဲ… မင်းတို့ စိတ်ကြိုက်ကောက်နိုင်တယ် ”
တိမ်ရေနတ်သားရဲက ပြောသည်။
စိတ်ကြိုက် ကောက်ရမယ်လား… ။
ကျူးရုန်က ခေါင်းခါလိုက်ပြီး လက်ယမ်းပြသည်။
“ ကျုပ်တို့က အဲ့ဒီသံမဏိကျောက်ကို အရမ်းအများကြီး လိုအပ်နေတာပါ ”
အရမ်းအများကြီးလား… ။
ဘယ်လောက်တောင်မှလဲ… ။
တိမ်ရေနတ်သားရဲ၏ နတ်ဘုရားစိတ်အာရုံက ကျူးရုန်နှင့် လီသဲကို ကျော်ဖြတ်သွားပြီး တောင်ခြေဆီသို့ ဖြန့်ကြက်သွားသည်။
“ ဟမ် ”
အဲ့ဒီလူတွေအားလုံးက လွင့်မျောတိမ်သံမဏိကို လာကောက်ကြတာလား… ။
သူတို့က တကယ် အများကြီး လိုအပ်နေတာပဲ… ။
တစ်ခဏ တွေးတောပြီးနောက် တိမ်ရေနတ်သားရဲက ကျူးရုန်နှင့် လီသဲကို ကြည့်လိုက်သည်။
“ လွင့်မျောတိမ်သံမဏိ ဘယ်ကနေ ရောက်လာတာလဲဆိုတာ ငါသိတယ် ”
“ အဲ့ဒီကို ငါခေါ်သွားပေးနိုင်တယ်… ဒါပေမဲ့ အဲ့ဒါကို ယူနိုင်တာ မယူနိုင်တာက မင်းတို့ကိစ္စပဲ ”
တိမ်ရေနတ်သားရဲက ပွင့်လင်းစွာ ပြောသည်။
ကျူးရုန်နှင့် လီသဲက အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။
သွေးမျိုးဆက်ကျောက်တုံးတစ်တုံးက တိမ်ရေနတ်သားရဲထံမှ မျက်နှာသာပေးမှုကို ရရှိစေနိုင်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။ ယခု တစ်ဖက်လူက သူတို့ကို အနက်ရောင်သံမဏိကျောက်၏ မူလဇစ်မြစ်ဆီသို့ ခေါ်ဆောင်ပေးသွားတော့မည်။
အနက်ရောင်အကြေးခွံများဖြင့် ပြည့်နှက်နေပြီး ရှစ်ပေရှည်လျားသော တိမ်ရေနတ်သားရဲက မြန်ဆန်စွာ ရွေ့လျားလိုက်သည်။ ၎င်းက တိမ်ကဲ့သို့ ရွေ့လျားသွားပြီး မိုင်ရာပေါင်းများစွာ အကွာအဝေးသို့ ချက်ချင်း ရောက်ရှိသွားသည်။
၎င်းကို တိမ်ရေနတ်သားရဲဟု ခေါ်ခြင်းက မထူးဆန်းတော့ပေ။
တိမ်ရေနတ်သားရဲ ရွေ့လျားသွားသည်နှင့်ချက်ချင်း ကျူးရုန်နှင့် လီသဲက ၎င်းအနောက်မှ လိုက်သွားကြသည်။
တိမ်ရေနတ်သားရဲက အရှေ့မှ ဦးဆောင်သွားနေစဉ် ကျူးရုန်နှင့် လီသဲက ဘေးပတ်ဝန်းကျင်မှ ရှုခင်းများကို အေးချမ်းသာယာစွာ ကြည့်ရှုခံစားလိုက်သည်။
တလိပ်လိပ် ရွေ့လျားနေသော တိမ်များ၊ နေရာအနှံ့မှာ ပေါက်ရောက်နေသော ပန်းပင်များ၊ မိုးထိထောင်မတ်နေသော ထင်ရှူးပင်များနှင့် ဝိညာဉ်ဆေးပင်အမျိုးမျိုး အစရှိသည်တို့က မြင်ရသူကို စိတ်အေးချမ်းစေသည်။
တိမ်ကျတောင်သည် အမှန်တကယ် ရင်သပ်ရှုမောဖွယ်ကောင်းသော နေရာဖြစ်သည်။
“ ဝီး ”
တစ်ခဏကြာ ရွေ့လျားပြီးနောက် အရှေ့မှ တိမ်ပင်လယ်ထဲတွင် ပရမ်းပတာလှုပ်ရှားမှုတစ်ခု ပေါ်လျှိုးလာသည်။ ထို့နောက် ဧရာမသားရဲမျက်နှာတစ်ခုက တိမ်ပင်လယ်ထဲမှာ ထွက်ပေါ်လာသည်။
၎င်းက ခိုနှင့် လင်းယုန်ကို ပေါင်းစပ်ထားသော နတ်သားရဲတစ်ကောင်ဖြစ်သည်။ ထိုနတ်သားရဲ ထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များက တအိအိလှုပ်ခတ်သွားသည်။
“ တိမ်ရေနတ်သားရဲ… မင်း သေချင်နေတာလား ”
နတ်ဘုရားစိတ်အာရုံက တိမ်တိုက်များကြားထဲမှာ ပျံ့လွင့်သွားပြီး ကြမ်းတမ်းသော လေပြင်းများကို ပေါ်လျှိုးလာစေသည်။
တိမ်ရေနတ်သားရဲက ရပ်တန့်လိုက်ပြီး ကျူးရုန်နှင့် လီသဲကို လှည့်ကြည့်လိုက်သည်။
“ ကျန်တဲ့ ကိစ္စကို မင်းတို့ကို ငါလွှဲခဲ့မယ် ”
တိမ်ရေနတ်သားရဲက ပြောသည်။
၎င်းက စကားပြောပြီးနောက် စတင်အနောက်ဆုတ်သွားသည်။
ကျူးရုန်က အရှေ့သို့ လှမ်းကြည့်လိုက်လေရာ တောင်တစ်လုံးကို တိမ်များက လှည့်ပတ်နေကြောင်း သူမြင်သွားသည်။ တောင်က လုံးလုံး အနက်ရောင် ဖြစ်သည်။
ရှင်းလင်းစွာပင် ထိုတောင်က လွင့်မျောတိမ်သံမဏိတောင် ဖြစ်သည်။
ထိုတောင်ကို မြင်သွားသောအခါ ကျူးရုန်ဖြစ်စေ လီသဲဖြစ်စေ မျက်လုံးဝင်းလက်သွားကြသည်။
“ အဲ့ဒီတောင်ကို ငါတို့လျောင်ယွမ်မျိုးနွယ်စုက သိမ်းပိုက်ချင်တယ် ”
ကျူးရုန်က သူ့အရှေ့မှ တောင်ကို လက်ညှိုးညွှန်လိုက်ပြီး ရဲဝင့်စွာ ပြောသည်။
သူစကားပြောလိုက်သည်နှင့်ချက်ချင်း သူ့အရှေ့မှ တိမ်ပင်လယ်က ရေနွေးပူကဲ့သို့ ပွက်ပွက်ဆူလာသည်။
ပေသုံးဆယ်ရှည်လျားသော ဧရာမအတောင်ပံနှင့် ငှက်တစ်ကောင်က တိမ်ပင်လယ်ထဲမှ ပေါ်ထွက်လာသည်။
ဧရာမငှက်၏ ဦးခေါင်းက အနီရောင်ဖြစ်ပြီး ၎င်း၏ နုတ်သီးရှည်က အေးစက်စက် အလင်းကို ထုတ်လွှတ်နေသည်။ ၎င်း၏ ကျောပေါ်မှ အတောင်ပံများက စိမ်းပုပ်ရောင်အလင်းကို ထုတ်လွှတ်နေသည်။
“ အဲ့ဒီကောင်က သံမဏိစားခိုသားရဲပဲ ”
လီသဲက အံ့အားသင့်စွာ ပြောပြီး အတောင်ပံတဖျပ်ဖျပ်ခတ်၍ အရှေ့သို့ ပျံသန်းသွားသည်။
လေထဲတွင် အနီရောင်မီးတောက်လှံများ ထွက်ပေါ်လာကြသည်။
လှံတစ်ချောင်းစီက ဆယ်ပေရှည်လျားကြပြီး ဟင်းလင်းပြင်ကို ထိုးဖောက်နိုင်သော အေးစက်စက်အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ယင်းက မီးတောက်စွမ်းအားဖြစ်သော်လည်း ထိုထဲမှာ အအေးဓာတ်တချို့ ကိန်းအောင်းနေသည်။ ထို့ပြင် ထိုမီးတောက်လှံများက နတ်သားရဲသွေးမျိုးဆက်စွမ်းအားမှ ဖွဲ့စည်းသွားခြင်း ဖြစ်၏။
ထိုအတတ်ပညာက သံမဏိစားခိုကို ဇဝေဇဝါဖြစ်စေသည်။
“ ဗုန်း ”
မီးတောက်လှံ သုံးရာ့ခြောက်ဆယ်ချောင်းက လေထဲမှာ မြန်ဆန်စွာ ရွေ့လျားသွားကြပြီး သံမဏိစားခို၏ ဧရာမခန္ဓာကိုယ်ကို ထိမှန်သွားသည်။
သံမဏိစားခိုက နာကျင်စွာ အော်ဟစ်ညည်းညူလိုက်လေရာ ၎င်း၏ ငှက်မွှေးအားလုံးက ထောင်မတ်သွားသည်။
“ ချွင် ချွင် ချွင် ”
မီးတောက်လှံများသည် သံမဏိစားခို၏ ငှက်မွှေးများဖြင့် ထိမှန်သွားပြီးနောက် အက်ကွဲသွားကြသည်။
ပြန့်ကျဲသွားသော အလင်းစီးကြောင်းတစ်ခုစီက ဟင်းလင်းပြင်ထဲမှာ မီးတောက်စွမ်းအားကို လှုံ့ဆော်လိုက်သည်။
ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲသွားသော မီးတောက်များထဲတွင် တစ်ခြမ်းက ရွှေရောင်ဖြစ်ပြီး တဟုန်းဟုန်းတောက်လောင်နေသည်။
အခြားတစ်ခြမ်းသည်တော့ အဖြူရောင်ဖြစ်ပြီး အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
မတူညီသော စွမ်းအင်နှစ်ခုက သံမဏိစားခို၏ ဘေးပတ်ဝန်းကျင်မှာ ယှက်ထွေသွားသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ စွမ်းအင်အားလုံးကို ပရမ်းပတာဖြစ်စေသည်။
“ ဗုန်း ”
မတူညီသော စွမ်းအားများ အပြန်အလှန် ပွတ်တိုက်သွားသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
ပေါက်ကွဲမှုကြောင့် သံမဏိစားခိုက အနောက်သို့ လွင့်စင်သွားသည်။
သို့တိုင် ဧရာမသံမဏိစားခိုက ကြီးကြီးမားမား ဒဏ်ရာမရသွားချေ။ ၎င်းက အတောင်ပံခတ်၍ ဟန်ချက်ပြန်ထိန်းလိုက်သည်။ ၎င်းက ငှက်မွှေးတချို့ကိုသာ ဆုံးရှုံးသွားခဲ့သည်။
“ ဘယ်လောက်သန်မာလိုက်တဲ့ ခုခံနိုင်စွမ်းလဲ ”
နတ်သားရဲလီသဲက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။