← Chapters

အခန်း (၁၅၂၉)

Vol. 110 Ch. 1529

အခန်း (၁၅၂၉)

Vol. 110 Ch. 1529

မိစ္ဆာသားရဲစစ်သည်တော်များက လူစုခွဲသွားသော်လည်း သူတို့တစ်ယောက်စီက သတ်မှတ်ထားသော နေရာကို ရယူထားကြသည်။ သူတို့ကြားမှ အလျင်က မတူကွဲပြားသော်လည်း သူတို့ကြားမှာ ဆက်သွယ်မှုတစ်ခုရှိဟန် ရ၏။

လှံရှည်ကို ကိုင်ဆွဲထားသော ကျူးရုန်က တိုက်ခိုက်ချင်သော်လည်း ဤအခိုက်အတန့်မှာ မည်သူ့ကို အရင်ဦးစွာ တိုက်ခိုက်သင့်ကြောင်း သူမစဉ်းစားနိုင်တော့ပေ။

ထိုသို့သူတုံ့ဆိုင်းနေစဉ် မိစ္ဆာသားရဲစစ်တပ်က သူ့အနားသို့ ရောက်ရှိလာသည်။

တချို့က လှံဖြင့် ထိုးသွင်းလိုက်ကြပြီး တချို့က ဧရာမတူများဖြင့် ထုရိုက်လိုက်ကြသည်။

သူတို့၏ တိုက်ခိုက်မှုများက ကျူးရုန်ကို ထိသည်ဖြစ်စေ မထိသည်ဖြစ်စေ သူတို့က အကွာအဝေးတစ်ခု ခွာထားကြသည်။

ထို့ကြောင့် ကျူးရုန်၏ လှံက လေကိုသာ ထိမှန်သွားသည်။ တဖြည်းဖြည်း သူက ခြေကုပ်နေရာ ပျောက်ဆုံးလာပြီး ဟန်ချက်ပျက်လာသည်။

ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်ဝင်များကို ပါးစပ်အဟောင်းသား ဖြစ်စေသည်။

“ ကျား ”

ကျူးရုန်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ထွက်ပြေးသွားသော မိစ္ဆာသားရဲစစ်သည်တော်များနောက်သို့ လိုက်ဖမ်းသည်။

မိစ္ဆာသားရဲစစ်သည်တော်များက အရှိန်မြှင့်တင်လိုက်ကြပြီး စက်ဝိုင်းသဏ္ဍာန် လူစုလိုက်ကြသည်။ ကျန်လူများက ထိုလူအုပ်စု၏ အနောက်မှာ အမြန်နေရာယူလိုက်ကြပြီး အခွင့်ကောင်းကို စောင့်ဆိုင်းနေကြသည်။

ဤသို့တိုက်ပွဲအခင်းအကျင်းအရ ကျူးရုန်က သူ၏ အစွမ်းကုန်ကို မထုတ်ဖော်လျှင် ထိုမိစ္ဆာသားရဲစစ်သည်တော်များကို တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

“ သူတို့က ဒီအတိုင်း ထွက်ပြေးနေတာလား… အဲ့ဒါက ကျူးရုန်ကို အနိုင်ယူဖို့ လုံလောက်ပါ့မလား ”

“ အဲ့ဒါ ဆရာဟန်သင်ပေးထားတဲ့အရာလား ”

“ ဘာပဲပြောပြော အခု ကျူးရုန်က သူတို့ကို ဘာမှမလုပ်နိုင်တော့ဘူး ”

ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်ဝင်များ၏ ဆွေးနွေးသံများက ပိုပြီးကျယ်လောင်လာသည်။

အံ့ဩသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ အထင်အရှား ထွက်ပေါ်လာသည်။

ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် သူ့အရှေ့မှ လိုက်တမ်းပြေးတမ်း ကစားပွဲကို ကြည့်နေသည်။

ထုံးစံအားဖြင့် ကျူးရုန်က ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်လေရာ မီးတောက်အတောင်ပံတစ်စုံက သူ၏ ကျောအနောက်မှာ ထွက်ပေါ်လာသည်။

မီးတောက်အတောင်ပံ တဖျပ်ဖျပ်လှုပ်ခတ်သွားသည်နှင့် သူ၏ အလျင်က တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။

“ တိုက် ”

မိစ္ဆာသားရဲစစ်တပ်ထဲမှ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်ပြီး ကျူးရုန်၏ လိုက်ဖမ်းမှုကို တားဆီးလိုက်သည်။

ထိုစဉ် တကွဲတပြားဖြစ်နေသော မိစ္ဆာသားရဲစစ်သည်တော်များက စတုရန်းပုံစံ တိုက်ပွဲအခင်းအကျင်းကို ပြောင်းလဲထုတ်ဖော်လိုက်ကြသည်။

တစ်ချိန်တည်းမှာ သူတို့က အင်အားအလုံးအရင်းဖြင့် ကျူးရုန်ဆီသို့ ပြေးသွားကြသည်။

သူတို့၏ အနောက်တွင် အနည်းငယ် နှေးကွေးသော နွားမိစ္ဆာသားရဲစစ်သည်တော်များက လူစုလိုက်ကြသည်။

“ ဗုန်း ”

ကျူးရုန်၏ လှံက စတုရန်းပုံစံ တိုက်ပွဲအခင်းအကျင်းဖြင့် တွေ့ဆုံသွားသည်။

အလွန်အားကောင်းသော ခံစစ်ကြောင့် ကျူးရုန်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ အံ့ဩသော အရိပ်အမြွက်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဤတိုက်ပွဲအခင်းအကျင်း၏ ခုခံနိုင်စွမ်းက သူ၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။

ကျူးရုန်၏ လှံက စတုရန်းပုံစံ တိုက်ပွဲအခင်းအကျင်းကို မချိုးဖြတ်နိုင်သေးမီ နွားမိစ္ဆာသားရဲစစ်တပ်က ရောက်ရှိလာသည်။

“ ဗုန်း ”

လေးလံသော တူက အောက်သို့ ကျဆင်းလာသည့်အခါ ကျူးရုန်က အမြန်ရွေ့လျားလိုက်သည်။

ဤအခိုက်အတန့်မှာ သူက ဘေးကျပ်နံကျပ်အခြေအနေသို့ ကျရောက်သွားသည်။ သူ၏ အရှေ့မှာ ဝံပုလွေမိစ္ဆာသားရဲစစ်တပ်ရှိပြီး သူ၏ အနောက်တွင် နွားမိစ္ဆာသားရဲစစ်တပ် ရှိသည်။ ထိုမိစ္ဆာသားရဲစစ်တပ်နှစ်တပ်က သူ့အား ဂဏန်းလက်မသဖွယ် ညှပ်ထားသည်။

ကျူးရုန် ရွေ့လျားနိုင်သော အကျယ်အဝန်းက တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး သူက ဆက်တိုက် အနောက်ဆုတ်သွားရန် ဖိအားပေးခြင်းခံလိုက်ရသည်။

ဤတိုက်ပွဲမှာ သူက သူ့ကိုယ်ပိုင်စွမ်းအားကို ဖိနှိပ်ထားပြီး မီးတောက်မူလစွမ်းအားကို အသုံးမပြုခဲ့ပေ။

သို့တိုင် ဤမိစ္ဆာသားရဲစစ်တပ်နှစ်တပ်၏ အင်အားက အဆင့်နိမ့် နတ်သားရဲတစ်ကောင်ကို တိုက်ခိုက်ရန် လုံလောက်ကြောင်း သူခံစားမိသည်။

ဘေးပတ်ဝန်းကျင်၌ စောင့်ကြည့်နေကြသော မျိုးနွယ်ဝင်များက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ မီးခိုးရောင်ဝံပုလွေနှင့် လွင့်မျောမိုးတိမ်သားရဲ၏ မျက်လုံးထဲမှာပင် နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။

ထိုမိစ္ဆာသားရဲစစ်တပ်နှစ်တပ်၏ အင်အားက ၎င်းတို့နှင့် တန်းတူနှိုင်းယှဉ်နိုင်ပေသည်။

ဘေးမှ စောင့်ကြည့်နေသော နတ်သားရဲလီသဲ၏ မျက်လုံးထဲမှာ နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။ တိုက်ပွဲစိတ်ဆန္ဒက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

“ ဗုန်း ”

ကျူးရုန်၏ အရှေ့တွင် ရွှေရောင်မီးတောက်တံတိုင်းတစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်မှုအားလုံးကို ခုခံတားဆီးလိုက်သည်။

သူက လက်မြှောက်လိုက်ပြီး လှံကို အရှေ့သို့ ထိုးလွှတ်လိုက်သည်။

သူ့အရှေ့မှ မီးတောက်တံတိုင်းက လှံချက်ကြောင့် အရှေ့သို့ ရွေ့လျားသွားပြီး ဝံပုလွေမိစ္ဆာသားရဲစစ်တပ်ကို အနောက်သို့ တွန်းထုတ်လိုက်သည်။

တဖြည်းဖြည်း အနီရောင်နတ်ဘုရားအလင်းက ကျူးရုန်၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

ယခု သူထုတ်ဖော်ထားသော ခွန်အားက အဆင့်နိမ့် နတ်သားရဲတစ်ကောင်ထက် ကျော်လွန်သွားပြီး အလယ်အလတ်အဆင့် နတ်သားရဲတစ်ကောင်နှင့် နီးကပ်သွားသည်။

ထိုမြင်ကွင်းကို မြင်သွားသောအခါ ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်ဝင်များက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

ကျူးရုန်က သူတို့အတွက် စစ်နတ်ဘုရားဖြစ်သည်။ မည်သို့ကြောင့် ကျူးရုန်က မိစ္ဆာသားရဲစစ်တပ်နှစ်တပ်ကို မတောင့်ခံနိုင်ဘဲ နေမည်နည်း။

မိစ္ဆာသားရဲစစ်တပ် အနောက်သို့ တွန်းထုတ်ခံလိုက်ရသည့်အခါ ဟန်မူယဲ့က လှမ်းအော်လိုက်သည်။

“ ပုံစံပြောင်းမယ် ”

သူ၏ အမိန့်အောက်မှ တိုက်ပွဲအခင်းအကျင်းက စတင်ပြောင်းလဲသွားသည်။

မိစ္ဆာသားရဲစစ်သည်တော်များက လူစုပြန်ခွဲလိုက်ကြသည်။ သို့သော်လည်း ထိုသို့လူစုခွဲလိုက်စဉ် သွေးချီစွမ်းအားက လူတိုင်းထံမှ ပေါ်လျှိုးလာသည်။

“ ဗုန်း ”

သံလက်သည်းဝံပုလွေပုံရိပ်က ထွက်ပေါ်လာသည်။

ပေသုံးဆယ်ရှည်လျားပြီး ဦးခေါင်းပေါ်မှာ ဦးချိုနှစ်ချောင်းရှိသော သံလက်သည်းဝံပုလွေသည် ၎င်း၏ အနီရောင်မျက်လုံးဖြင့် ကျူးရုန်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ၎င်းက ကျူးရုန်၏ အရှေ့မှ မီးတောက်တံတိုင်းပေါ်သို့ ခုန်အုပ်လိုက်သည်။

“ ဘန်း ”

မီးတောက်တံတိုင်းက တုန်ယင်သွားသည်။ ဤသည်မှာ ၎င်းက မိုးကြိုးသွားဖြင့် ပစ်ချခံလိုက်ရသည့်အလားပင်။ ထို့နောက် မီးတောက်တံတိုင်းက အက်ကွဲသွားသည်။

မိစ္ဆာသားရဲစစ်သည်တော်များ၏ ဦးခေါင်းပေါ်မှ ဝံပုလွေပုံရိပ်သည်လည်း ပေါက်ကွဲသွားပြီး ပြန့်ကျဲသွားသည်။

မိစ္ဆာသားရဲစစ်သည်တော်အားလုံးက အားအင်ကုန်ခမ်းသွားကြပြီး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့က ခွန်အားအများကြီး ဆုံးရှုံးသွားခဲ့ကြောင်း ထင်ရှားသည်။

တိုက်ပွဲက အဆုံးသတ်သွားသည်။

မိစ္ဆာသားရဲစစ်သည်တော်အားလုံး လဲကျသွားသည်နှင့် ကျူးရုန်က နေရာမှာ ဆွံ့အစွာ မတ်တတ်ရပ်နေမိသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ လျောင်ယွမ်မျိုးနွယ်ဝင်များနှင့် နတ်သားရဲများက စိတ်ရှုပ်ထွေးသော အမူအရာကို ထုတ်ဖော်ထားကြသည်။

ထိုတိုက်ပွဲက သူတို့ကို လေးနက်သော အတွေးအမြင်များ ဖြစ်ပေါ်စေသည်။

မိစ္ဆာသားရဲစီးတော်ယာဉ်များဖြစ်စေ သို့မဟုတ် ချပ်ဝတ်များဖြစ်စေ ယင်းတို့ကို လူသားများက ကောင်းမွန်စွာ ထိန်းချုပ်နိုင်ကြသည်။

ထိုလူများက သူတို့၏ မျိုးနွယ်ဝင်များသာ ဖြစ်ကြသည်။

သာမန်လူသားများက မည်သည့်အချိန်မှာ ထိုမျှအစွမ်းထက်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားခဲ့သနည်း။

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။ သူ၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားသည်။

ယနေ့ တိုက်ပွဲပြီးနောက် လျောင်ယွမ်မျိုးနွယ်စုက သိသိသာသာ ပြောင်းလဲသွားသည်။

…..

ကျောက်တုံးအိမ်ထဲတွင်…

ဟန်မူယဲ့၏ အရှေ့မှာ အမျိုးမျိုးသော ချပ်ဝတ်များနှင့် လက်နက်များ ထွက်ပေါ်လာကြသည်။

သူက သိုလှောင်အိတ်ထဲမှ တိုက်ပွဲလက်နက်အားလုံးကို ထုတ်လိုက်သည်။ ထိုထဲမှာ ကမ္ဘာဦးအဆင့် တိုက်ပွဲချပ်ဝတ်များ၊ အစစ်အမှန်လက်နက်များနှင့် အင်မော်တယ်လက်နက်များ ပါဝင်ကြသည်။

မူလစကြာဝဠာထဲတွင် ယင်းတို့ထဲမှ မူလစွမ်းအားကို ပြန်အားဖြည့်ပေးခြင်းဖြင့် ထိုလက်နက်များကို အစွမ်းမြှင့်တင်နိုင်သည်။

ထိုသို့လက်နက်များသာလျှင် မူလစကြာဝဠာထဲမှာ အကျိုးသက်ရောက်မှုရှိလိမ့်မည်။

သို့မဟုတ်လျှင် နတ်သားရဲများ သို့မဟုတ် တခြားချပ်ဝတ်များဖြင့် ရင်ဆိုင်ရသည့်အခါ ယင်းတို့က ပျက်စီးအက်ကွဲသွားလိမ့်မည်။

မူလစကြာဝဠာထဲမှ မိုးမြေစွမ်းအားအနည်းငယ်ကို ထည့်သွင်းလိုက်လျှင်ပင် ယင်းတို့က မတောင့်ခံနိုင်ဘဲ ထိခိုက်ပျက်စီးသွားလိမ့်မည်။ သို့သော်လည်း ယင်းတို့ကို မူလစွမ်းအားဖြင့် ပြန်လည်မွမ်းမံပြီးနောက် ဟန်မူယဲ့က အချက်တစ်ချက်ကို သတိထားမိသွားသည်။

မူလစွမ်းအားဖြင့် အားဖြည့်လိုက်သည့်အခါ ထိုလက်နက်များက ပိုပြီးတောင့်တင်းသန်မာလာသော်လည်း ယင်းတို့၏ ပင်ကိုယ်ဂုဏ်သတ္တိများက အမှန်တကယ် မနိုးထလာချေ။

မူလစကြာဝဠာထဲတွင် မူလစွမ်းအား ပြီးပြည့်စုံသော လက်နက်များသည် ကောင်းကင်ဘုံတာအို၏ ဖိနှိပ်မှုကြောင့် သာမန်လက်နက်များနှင့် ဆင်တူသည်။

သို့တိုင် ထိုလက်နက်များက အဆင့်နိမ့်ဘုံများတွင် ထိပ်တန်းရတနာများ ဖြစ်ကြသည်။

အသူရာကောင်းကင်ဘုံထဲတွင် ထိုသို့ဖိနှိပ်မှုမရှိကြောင်း သူမှတ်မိသည်။

အသူရာကောင်းကင်ဘုံထဲတွင် မူလစွမ်းအား မပြည့်စုံသော လက်နက်များက အားနည်းသော်လည်း ထူးခြားသော စွမ်းအားကို ထုတ်ဖော်နိုင်ကြဆဲပင်။ အထူးသဖြင့် မူလစွမ်းအားကို အားဖြည့်ပေးပြီးနောက်မှာ ယင်းတို့က ကြောက်မက်ဖွယ်တိုက်ပွဲစွမ်းအားကို ထုတ်ဖော်နိုင်ကြသည်။

ဖြစ်နိုင်သည်မှာ အသူရာကောင်းကင်ဘုံက မူလစကြာဝဠာကဲ့သို့ အဆင့်မြင့်ဘုံတစ်ခု မဟုတ်ခြင်းလော။

သူ့အရှေ့မှ လက်နက်များကို ကြည့်နေစဉ် ဟန်မူယဲ့၏ မျက်လုံးထဲမှာ စူးရှသောအလင်း ထွက်ပေါ်လာသည်။

အကယ်၍ မူလစကြာဝဠာသာ မရေမတွက်နိုင်သော အလွှာများအဖြစ် ပြန့်ကျဲမနေဘဲ ပြီးပြည့်စုံသော ဘုံတစ်ခုဖြစ်မည်ဆိုလျှင် ယင်းက အသူရာကောင်းကင်ဘုံထက်ပင် ပိုပြီးအဆင့်မြင့်နိုင်သည်ဟု ပြောကြသည်။

မည်သို့ဖြစ်ပါစေ မရေမတွက်နိုင်သော ကမ္ဘာဦးအုပ်ချုပ်သူများက မူလစကြာဝဠာထဲမှာ ထွက်ပေါ်လာခဲ့ကြသည် မဟုတ်ပါလော။

ကမ္ဘာဦးအုပ်ချုပ်သူများကို စဉ်းစားမိသောအခါ ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ ခရမ်းနေမင်းမီးပြင်းဖို၊ ကောင်းကင်ရေခဲတူနှင့် နတ်ဘုရားသုတ်သင်ခြင်းလှံက အပြင်သို့ ထွက်ကျလာကြသည်။

ထိုရတနာများ သူ့အရှေ့မှာ ထွက်ပေါ်လာသည့်အခါ ယင်းတို့က ယခင်ကနှင့် မတူတော့ဘဲ တစ်စုံတစ်ခု ကွဲပြားနေကြောင်း သူသတိထားမိသွားသည်။

မူလစွမ်းအား… ။

ထိုရတနာအားလုံးက ပြီးပြည့်စုံသော မူလစွမ်းအားဖြင့် သန့်စင်ခြင်းခံထားရသည်။ ထို့ပြင် နတ်ဘုရားအင်းသင်္ကေတများက ယင်းတို့၏ ဘေးပတ်ပတ်လည်မှာ ရှင်းလင်းထင်ရှားစွာ လှည့်ပတ်နေကြသည်။

ယင်းတို့က မူလစကြာဝဠာမှ နတ်ဘုရားအင်းသင်္ကေတများ မဟုတ်ပေ။ ယင်းအစား အသူရာကောင်းကင်ဘုံမှ နတ်ဘုရားအင်းသင်္ကေတများ ဖြစ်သည်။

အံ့ဖွယ်ကိုးပါးတောင်သခင် သန့်စင်ခဲ့သော ရတနာများကို လောက၏ အထွတ်အမြတ်ရတနာခုနစ်ပါးအဖြစ် သတ်မှတ်ထားခြင်းမှာ မထူးဆန်းတော့ပေ။

ထိုရတနာများထဲမှ မူလစွမ်းအားသည် အဆင့်နိမ်ဘုံထဲမှာ ရရှိနိုင်သောအရာ မဟုတ်ပေ။ သို့ဖြစ်၍ ယင်းတို့၏ တိုက်ပွဲစွမ်းအားက အဆင့်နိမ့်ဘုံများ၏ ကန့်သတ်ချက်ထက် ကျော်လွန်နေခြင်း ဖြစ်၏။

မူလစွမ်းအားကို ထွင်းဖောက်မြင်ပြီးနောက် ရွှေရောင်အလင်းချည်မျှင်များက ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်မှာ လှည့်ပတ်သွားကြသည်။

ယင်းက မိုးမြေစွမ်းအားအပေါ် ဆင်ခြင်နားလည်မှု ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူ၏ ဆင်ခြင်နားလည်မှုက ယခင်ကနှင့် ခြားနားသွားသည်။ ဤသည်မှာ မိုးမြေစွမ်းအားက သူ့အရှေ့မှာ အလွှာအမျိုးမျိုးအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

ဒဏ္ဍာရီများထဲတွင် ပန်ဂုက လောကကို ဖန်တီးရန် မိုးမြေကို နှစ်ပိုင်းခွဲခဲ့သည်ဟု ဆိုထားသည်။

သို့ဆိုလျှင် မိုး‌မြေကို လက်နက်သန့်စင်ခြင်းပညာဖြင့် ဖန်တီးနိုင်သည်လော။

ဟန်မူယဲ့က ထိုအတွေးထဲမှာ မပျော်ဝင်သွားခဲ့ပေ။ ယင်းအစား သူက လက်နက်သန့်စင်ခြင်း၏ မဟာတာအိုကို ရှာဖွေရန် မိုးမြေကြားထဲမှ စွမ်းအားများ၏ မျှခြေညီမှုကို ရှာဖွေလိုက်သည်။

မိုးမြေကြားထဲတွင် နတ်ဘုရားအလင်းများ ပေါ်လျှိုးလာပြီး တောက်ပသော အလင်းရောင်ကို ကိုယ်စီထုတ်လွှတ်နေကြသည်။

တဟုန်ဟုန်းတောက်လောင်နေသော နေမီးလျှံ၊ တည်ငြိမ်အေးချမ်းသော လစန္ဒာ၊ စိမ်းစိုစို မြက်ပင်၊ အနီရောင်ပန်းပွင့်များ၊ မာကျောသော ကျောက်တုံးကျောက်ဆောင်များ၊ အေးခဲနေသော ရေခဲပြင်နှင့် အဖြူရောင်နှင်း…

မဟာတာအိုနတ်ဘုရားအင်းသင်္ကေတများကို ဆင်ခြင်နားလည်နေစဉ် ဟန်မူယဲ့က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သွားသည်။

မူလစွမ်းအားဖြစ်စေ နတ်ဘုရားအင်းသင်္ကေတများဖြစ်စေ ယင်းတို့ထဲမှာ အဆုံးမဲ့စွမ်းအားများ ပါဝင်နေသော်လည်း ယင်းတို့က ရုပ်သဏ္ဍာန်မျှသာ ဖြစ်၏။

ယင်းတို့က ကိုယ်ပိုင်ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားကြသည်။

ဥပမာ မီးသည် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သော ဂုဏ်သတ္တိရှိပြီး ရေသည် အရာအားလုံးကို ဆေးကြောနိုင်ပြီး အာဟာရဖြည့်ပေးနိုင်သည်။ သတ္ထုသည် ထက်ရှပြီး မာကျောသည်။ သစ်သားသည်တော့ အသက်ဓာတ်အားလုံးကို အထောက်အပံ့ပေးနိုင်သည်။

မူလစွမ်းအား၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်သည့်အခါ သူ့အရှေ့မှ အရာအားလုံးက မူလစွမ်းအား ဖြစ်လာ၏။

လက်နက်သန့်စင်ခြင်း၏ အနှစ်သာရကို ထွင်းဖောက်မြင်သွားသည့်အခါ သူလှုပ်ရှားလိုက်သမျှ အရာအားလုံးက လက်နက်သန့်စင်ခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။

ထိုအခိုက်အတန့်မှာ ဟန်မူယဲ့၏ အရှိန်အဝါက ရုတ်ချည်း မြင့်တတ်သွားသည်။

ဤသည်မှာ သူက မိုးမြေကို ဖောက်ထွင်းသွားပြီး အကန့်အသတ်မဲ့သော လောကတစ်ခုလုံးကို မြင်နိုင်တော့မည့်အလားပင်။

ပန်းပဲနတ်ဘုရား… ။

ဤအခိုက်အတန့်မှာ သူက လက်နက်သန့်စင်ခြင်း၏ မဟာတာအိုကို နားလည်သွားသည်။

သူလက်ဆန့်ထုတ်လိုက်သည့်အခါ ရွှေရောင်အမြူတေတစ်ခုပေါ်မှာ သေးငယ်သော အနီရောင်ပန်းတစ်ပွင့် ထွက်ပေါ်လာသည်။

သူ၏ အတွေးတစ်ချက်ဖြင့် ထိုပန်းက ပွင့်လန်းသွားသည်။

ထို့နောက် သေးငယ်သော ပန်းပွင့်က လှုပ်ခါလာပြီး လိပ်ပြာတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားကာ အဝေးသို့ ပျံသန်းသွားသည်။

သက်ရှိဖန်တီးခြင်း… ။

ယင်းက ပန်းပဲနတ်ဘုရားနယ်ပယ် မဟုတ်ပါလော။

ယခုအချိန်မှစ၍ နောင်တွင် ဟန်မူယဲ့သန့်စင်မည့် ရတနာများထဲမှာ မူလအနှစ်သာရ ပါဝင်လာလိမ့်မည်။

“ ဝီး ”

ဤအခိုက်အတန့်မှာ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံး တုန်ခါသွားသည်။

ပုန်းအောင်းနေကြသော အုပ်ချုပ်သူများက ခေါင်းမော့လိုက်ကြသည်။ သူတို့က မိုးမြေ၏ လျှို့ဝှက်ချက်ကို ကြည့်ရန် ကြိုးစားလိုက်ကြသည်။

သို့တိုင် ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံးကို တုန်ခါသွားစေသည့် မူလဇစ်မြစ်ကို သူတို့မရှာဖွေနိုင်ကြချေ။

“ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေမှာ တစ်ခုခုဖြစ်နေတာလား ”

မှောင်ရီနေသော လောကထဲတွင် တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

သို့သော်လည်း မည်သူမှ ထိုမေးခွန်းကို ပြန်မဖြေပေ။

…..

All Chapters