← Chapters

အခန်း (၁၅၃၀)

Vol. 110 Ch. 1530

အခန်း (၁၅၃၀)

Vol. 110 Ch. 1530

နှစ်ဝက်ကြာပြီးနောက် လျောင်ယွမ်မျိုးနွယ်စုတစ်ခုလုံး လက်နက်သန့်စင်ခြင်းဖြင့် အလုပ်များနေကြသည်။

တိုက်ပွဲပြီးနောက်တစ်နေ့တွင် ကျူးရုန်က လွင့်မျောတိမ်သံမဏိကို တူးဖော်ရန် တိမ်ကျတောင်ဆီသို့ ကိုယ်တိုင် သွားရောက်ခဲ့သည်။ သူပြန်ရောက်လာသည့်အခါ လျောင်ယွမ်မျိုးနွယ်စုတစ်ခုလုံးက လက်နက်သန့်စင်ခြင်းကို နေ့မအား ညမအား ဆောင်ရွက်ကြသည်။

လွင့်မျောမိုးတိမ်သားရဲကဲ့သို့ နတ်သားရဲများသည်ပင် အနားမရကြပေ။ ၎င်းတို့က သားရဲနတ်ဘုရားအင်းသင်္ကေတများကို ဆက်တိုက် ရေးထွင်းပေးနေကြသည်။

ဤနှစ်ဝက်အတွင်းမှာ လျောင်ယွမ်မျိုးနွယ်စုက ဝံပုလွေမိစ္ဆာသားရဲစစ်သည်တော်ရှစ်ရာနှင့် နွားမိစ္ဆာသားရဲစစ်သည်တော်နှစ်ရာကို ပိုင်ဆိုင်သွားသည်။

ထိုမိစ္ဆာသားရဲစစ်သည်တော်တစ်ထောင်သည် လျောင်ယွမ်မျိုးနွယ်စုထဲမှ မျိုးနွယ်ဝင်များသာ ဖြစ်ကြသည်။

သို့သော်လည်း မျိုးနွယ်ဝင်အားလုံးက မိစ္ဆာသားရဲစစ်သည်တော်များဖြစ်လာရန် အရည်အချင်း မပြည့်မီပေ။

မိစ္ဆာသားရဲစစ်သည်တော်ကို ရွေးချယ်ရန်အလို့ငှာ စမ်းသပ်မှုအမျိုးမျိုးကို ကျင်းပလိမ့်မည်။ အောင်မြင်သည့်လူများက ဝမ်းသာစွာ အောင်ပွဲခံကြပြီး ကျရှုံးသွားသူများက ခါးသီးစွာ ငိုကြွေးကြသည်။

မည်သူမှ အားမနည်းချင်ကြပေ။

မိစ္ဆာသားရဲစစ်သည်တော်သည် သာမန်မျိုးနွယ်ဝင်တစ်ယောက်ထက် နှစ်ဆ သို့မဟုတ် သုံးဆခန့် ပိုပြီးသန်မာသည်။ ထို့ပြင် တိုက်ပွဲအခင်းအကျင်းပုံစံဖြင့် လေ့ကျင်သင်ကြားပေးခြင်းခံရပြီးလျှင် သူတို့က အဆတစ်ရာခန့် အစွမ်းတိုးမြှင့်သွားလိမ့်မည်။

စွမ်းအားကွာခြားမှုက ထိုမျှကြီးမားလေရာ မိစ္ဆာသားရဲစစ်သည်တော်ဖြစ်လာခြင်းက ကောင်းကင်ဘုံသို့ ခြေတစ်လှမ်းဖြင့် တတ်လှမ်းသွားခြင်း မဟုတ်ပါလော။

“ ဝူး ”

နှဲမှုတ်သံက အဝေးမှ ထွက်ပေါ်လာသည်။

မီးခိုးရောင်ဝံပုလွေအုပ်စုက အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားလေရာ မြေကြီးက ဖုန်တထောင်းထောင်းထသွားသည်။

“ ကျူးရုန်… သံမဏိကျောက်သယ်ဆောင်လာတဲ့ အဖွဲ့က မိုင်နှစ်သောင်းအဝေးမှာ ချုံခိုတိုက်ခိုက်ခံရတယ် ”

“ သူတို့ကို ကင်းထောက်ပေးတဲ့ လွင့်မျောမိုးတိမ်သားရဲလည်း ဒဏ်ရာရထားတယ် ”

စကားပြောသူက လျောင်ယွမ်မျိုးနွယ်ဝင်တစ်ဦးဖြစ်ပြီး အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်လျက် မီးခိုးရောင်ဝံပုလွေတစ်ကောင်ကို စီးနင်းထားသည်။

“ ဝူး ”

လွင့်မျောမိုးတိမ်သားရဲ ဒဏ်ရာရသွားသည်ကို ကြားသောအခါ လီသဲက ချက်ချင်း ပျံသန်းသွားသည်။

လူအုပ်ကြားထဲတွင် ကျူးရုန်က ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

“ လျောင်ယွမ်မိစ္ဆာစစ်တပ်… စစ်တိုက်ဖို့ ငါ့နောက်လိုက်ခဲ့ကြ ”

အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားကြသော စစ်သည်တော်များက ဒီရေသဖွယ် စခန်းထဲမှ ပြေးထွက်လာကြသည်။

မိစ္ဆာသားရဲများက မြေကွက်လပ်တစ်ခုမှာ စုဝေးလိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကိုလည်း သံချပ်ကာများဖြင့် ဖုံးကွယ်ထားကြသည်။

ပြန့်ကျဲနေသော မိစ္ဆာသားရဲစစ်သည်တော်များက အရှေ့သို့ ချီတတ်သွားနေစဉ် သူတို့က နဂါးတစ်ကောင်ပုံစံ တိုက်ပွဲအခင်းအကျင်းကို ဖွဲ့စည်းလိုက်ကြသည်။

အရှေ့မှ ကျူးရုန်သည်တော့ အတောင်ပံပါကျားနက်ကို စီးနင်းထားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အနီရောင်ချပ်ဝတ်က မီးတောက်များကို ထုတ်လွှတ်နေသည်။

ကောင်းကင်ပေါ်မှ ငုံ့ကြည့်လျှင် မိစ္ဆာဝံပုလွေစစ်တပ်က မြားတစ်စင်းသဖွယ် စုဖွဲ့ထားကြောင်း မြင်တွေ့ရလိမ့်မည်။ ဤသည်မှာ ၎င်းတို့က လမ်းကြောင်းအရှေ့မှ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်အလားပင်။

မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော နေရာဆီသို့ ချီတတ်သွားရမည့် တိုက်ပွဲများတွင် မိစ္ဆာဝံပုလွေစစ်တပ်က အဓိကဖြစ်သည်။

နွားမိစ္ဆာစစ်တပ်သည်တော့ ကြီးမားသော တိုက်ပွဲများတွင် ပိုပြီးအသုံးဝင်သည်။ အရေးကြီးဆုံးမှာ နွားမိစ္ဆာစစ်တပ်က မိစ္ဆာဝံပုလွေစစ်တပ်ကဲ့သို့ မမြန်ဆန်ပေ။

ဟန်မူယဲ့က ကျောက်တုံးစင်မြင့်၏ ဘေးမှာ မတ်တတ်ရပ်နေရင်း အရှေ့သို့ ချီတတ်သွားနေကြသော မိစ္ဆာသားရဲစစ်တပ်ကို ကြည့်လိုက်သည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

မိစ္ဆာဝံပုလွေစစ်သည်တော်များက စုစုပေါင်း လူရှစ်ရာသာရှိသော်လည်း သူတို့တစ်ယောက်ချင်းစီက ရှိန်လောက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

အဆင့်နိမ့်ဘုံတစ်ခုတွင် ထိုသို့စစ်တပ်က စကြာဝဠာတစ်ခုကို တိုက်ရိုက် သိမ်းပိုက်နိုင်သည်။

ကြယ်စင်စုများသည် ထိုစစ်တပ်၏ အရှေ့တွင် မည်သည့်ကာကွယ်မှုမှ မပြုလုပ်နိုင်ဘဲ ဖျက်ဆီးခံရလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် သူတို့က လျောင်ယွမ်မျိုးနွယ်စု ဖြစ်သည်။

မိစ္ဆာသားရဲများဖြစ်စေ၊ ချပ်ဝတ်များဖြစ်စေ ယင်းတို့အားလုံးက ပြီးပြည့်စုံသော မူလစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

အဆင့်နိမ့်ဘုံဆီသို့ သူတို့ရောက်ရှိသွားသည့်အခါ ကောင်းကင်ဘုံတာအိုက သူတို့အပေါ် ဆက်ပြီး ဖိနှိပ်တော့လိမ့်မည် မဟုတ်ချေ။ ထိုအခါ သူတို့၏ တိုက်ပွဲစွမ်းအားက တစ်ဟုန်ထိုး တိုးမြှင့်သွားလိမ့်မည်။

အင်မော်တယ်ဘုရင်အဆင့်အောက်တွင် မူလစွမ်းအား အလုံအလောက်မရှိသော မည်သူမှ ထိုမိစ္ဆာသားရဲစစ်သည်တော်များကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုအချက်ကြောင့်ပင် အထက်ဘုံက အဆင့်နိမ့်ဘုံအားလုံးကို လွှမ်းမိုးခြယ်လှယ်ထားနိုင်ခြင်း မဟုတ်ပါလော။

ချပ်ဝတ်၊ မူလစွမ်းအား… ။

အဆင့်နိမ့်ဘုံတွင် လူတချို့သာလျှင် ပြီးပြည့်စုံသော မူလစွမ်းအားဖြင့် မွေးဖွားလာကြသည်။

ကျန်လူအများစုသည်တော့ သူတို့တစ်ဘဝလုံး ကြိုးစားလျှင်ပင် ပြီးပြည့်စုံသော မူလစွမ်းအားကို ဘယ်သောအခါမှ ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

အထက်ဘုံမှာတော့ လူတိုင်းနီးပါးက ပြီးပြည့်စုံသော မူလစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

အဲ့ဒါ တရားမျှတလား… ။

အမှန်မှာ ထိုကိစ္စက တရားမျှတမှုရှိမရှိ ဆုံးဖြတ်ရန် ခဲယဉ်းပေသည်။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။

မိစ္ဆာသားရဲစစ်တပ်၏ ထွက်ခွာမှုကြောင့် ကျန်ရှိသော မျိုးနွယ်ဝင်များက ချက်ချင်း အဆင်သင့်ပြင်လိုက်ကြသည်။

တချို့က နယ်မြေကို ကင်းလှည့်လိုက်ကြပြီး တချို့က အထောက်အပံ့ပစ္စည်းများကို စုဆောင်းလိုက်ကြသည်။ တချို့သည်တော့ လက်နက်သန့်စင်ခြင်းတွင် သွားရောက်ကူညီပေးကြသည်။

မျိုးနွယ်စုက အင်အားကြီးမားလာသည့်အခါ လူတိုင်းက စိတ်အားထက်သန်လာကြသည်။

ထိုစိတ်အားထက်သန်မှုက မျိုးနွယ်စု၏ အင်အားမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ သူတို့က ထပ်မံ အစွမ်းတိုးမြှင့်ချင်ကြပြီး အမျိုးမျိုးသော အရင်းအမြစ်များကို စုဆောင်းကြသည်။

“ ဂျိန်း ”

ကောင်းကင်ထက်တွင် မိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်။

မကြာမီ မိုးခြိမ်းသံက ဆက်တိုက် ထွက်ပေါ်လာသည်။

ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်ပြီး ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။ ဤသည်မှာ သူက ကောင်းကင်အလွန်မှ မိုးမြေကို ထွင်းဖောက်မြင်နိုင်ရန် ကြိုးစားနေသည့်အလားပင်။

ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲမှ သက်ရှိများအတွက် အချိန်အများကြီး မကျန်ရှိတော့ပေ။

ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ ဆက်နေမည်လော သို့မဟုတ် ရှေးဦးအပျက်အစီးကုန်းမြေကို အသုံးပြု၍ စကြာဝဠာဆီသို့ ပြန်သွားမည်လော ရွေးချယ်ရတော့မည်။

မကြာခင် မရေမတွက်နိုင်သော သက်ရှိများက ရွေးချယ်မှုတစ်ခုကို ပြုလုပ်ကြရတော့မည်။

“ ရှေးဦးအပျက်အစီးတောအုပ်ထဲက လူသားမျိုးနွယ် ”

တောက်ပသော နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်… မင်းဘာလုပ်နေတာလဲ ငါသိတယ် ”

“ ဒါပေမဲ့ ငါမင်းကို အံ့ဩစရာတစ်ခု ပေးမယ် ”

နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က နတ်သားရဲထောင်သောင်းချီကို သူတို့၏ လက်အောက်ထဲသို့ သိမ်းသွင်းချင်သည်။

၎င်းတို့ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၎င်းတို့က ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲမှ ထွက်သွားချင်သည်ဆိုလျှင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထံမှ အကူအညီကို လိုအပ်လိမ့်မည်။

အကူအညီရယူပြီးလျှင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ထိုနတ်သားရဲများကို သူတို့၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်လိမ့်မည်။

နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က နတ်ဘုရားကမ္ဘာကို နှစ်ထောင်ပေါင်းများစွာ အုပ်ချုပ်ထားလေရာ သူတို့က အလွန်အံ့ဖွယ်ကောင်းသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဟန်မူယဲ့သည် ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲသို့ သူရောက်ရှိလာသည့်အချိန်မှစ၍ မည်သည့်နတ်သားရဲမျိုးနွယ်စုနှင့်မှ အဆက်အသွယ်မလုပ်ခဲ့ပေ။

ယခု သူနေထိုင်နေသော လျောင်ယွမ်မျိုးနွယ်စုသည်ပင် ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ ထိပ်တန်းမျိုးနွယ်စုတစ်ခု မဟုတ်ပေ။

ဟန်မူယဲ့က ဤနေရာမှာ နေထိုင်ပြီး လျောင်ယွမ်မျိုးနွယ်စု အင်အားကြီးမားလာရန် တိတ်ဆိတ်စွာ ကူညီပေးနေသည်။

ယခု ဤမျိုးနွယ်စုက လူဦးရေထောင်ချီလာပြီး အင်အားကြီးမားသော မိစ္ဆာသားရဲစစ်တပ်ကို ပိုင်ဆိုင်သွားသည်။

သို့သော်လည်း ထိုသို့အင်အားက နတ်သားရဲမျိုးနွယ်စုများနှင့် နှိုင်းယှဉ်လျှင် အလွန်ကွာဟနေဆဲပင်။

လျောင်ယွမ်မျိုးနွယ်စုက ထိုနတ်သားရဲမျိုးနွယ်စုများ၏ အာရုံစိုက်မှုရရန် မထိုက်တန်ချေ။

“ ဝီး ”

ဟန်မူယဲ့၏ အရှေ့တွင် အလင်းလွှာတစ်ခု ထွက်ပေါ်လာပြီး ယင်း၏ မျက်နှာပြင်ပေါ်မှာ အရှေ့သို့ ချီတတ်သွားနေသော မိစ္ဆာသားရဲစစ်တပ်၏ ပုံရိပ် ထွက်ပေါ်နေသည်။

ကျူးရုန် ဦးဆောင်သော စစ်တပ်က ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ ဖြတ်သန်းသွားနေသည်။

အလင်းလွှာပေါ်မှာ လီသဲ၏ ပုံရိပ်လည်း ထွက်ပေါ်လာသည်။

ယခု ထိုနတ်ငှက်သားရဲက ခြောက်ပေရှည်လျားပြီး ၎င်းအတောင်ပံတစ်ချက်ခတ်လိုက်သည့်အခါ မိုင်တစ်ရာအကွာအဝေးကို ဖြတ်ကျော်သွားသည်။

အရှေ့သို့ ၎င်းပျံသန်းသွားနေစဉ် မီးတောက်များက ၎င်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။

လွင့်မျောမိုးတိမ်သားရဲက တိုက်ခိုက်ခံထားရလေရာ လီသဲက ဒေါသအကြီးအကျယ် ထွက်နေသည်။

“ ဝူး ”

ရှည်လျားသော ဆွဲငင်အော်သံက မိုင်တစ်ထောင်အကွာအဝေးထိ ပျံ့လွင့်သွားသည်။

လီသဲက နတ်ငှက်ဘီဖန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ၎င်း၏ သွေးမျိုးဆက်က အလွန်သန့်စင်သည်။

ထို့ပြင် ၎င်းက နေ့စဉ်နေ့တိုင်း သွေးမျိုးဆက်ကျောက်တုံးများကို စားသုံးနေလေရာ ၎င်း၏ ခွန်အားက လွင့်မျောမိုးတိမ်သားရဲထက် ကျော်လွန်သွားသည်။

ထို့ပြင် ၎င်းက မြင့်မားသော ဆင်ခြင်နားလည်နိုင်စွမ်းနှင့် ထူးခြားသော ပါရမီကို ပိုင်ဆိုင်ထားသည်။ ၎င်းက ဟန်မူယဲ့သင်ကြားပေးသော စည်းမျဉ်းများကိုလည်း ဖမ်းဆုပ်မိထားသည်။

ယင်းက ကျူးရုန်ပင် မနာလိုဖြစ်မိသော ဆင်ခြင်နားလည်နိုင်စွမ်း ဖြစ်၏။

ဟန်မူယဲ့ကို ဘေးဖယ်ထားလျှင် ယခု လျောင်ယွမ်မျိုးနွယ်စု၏ အသန်မာဆုံး သက်ရှိမှာ နတ်ဘုရားလီသဲဖြစ်သည်။

မှန်ပေသည်။ ထိုစာရင်းထဲမှာ မိစ္ဆာသားရဲစစ်တပ် မပါဝင်ပေ။

သို့သော်လည်း နတ်သားရဲလီသဲက ယခုမှ အပျံသင်စအရွယ်သာ ရှိသေး၏။ ၎င်းမှာ အဆုံးမဲ့သော အလားအလာများရှိသည်။

“ ဝှစ် ”

အနီရောင်ငှက်မွှေးတစ်‌ချောင်းက ဟန်မူယဲ့၏ အရှေ့မှ အလင်းလွှာပေါ်မှ နတ်သားရဲလီသဲဆီသို့ ပျံသန်းသွားသည်။

လီသဲက ၎င်း၏ လက်သည်းကို ဆန့်ထုတ်လိုက်ပြီး ငှက်မွှေးကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအလင်းက မီးတောက်နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားသည်နှင့် ၎င်းက အဝေးသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။

မီးနဂါး၏ တိုက်ခိုက်မှုအောက်မှာ အလွန်ကျယ်ပြောသော တိမ်မြူခိုးက ချက်ချင်း အငွေ့ပျံသွားပြီး ပျောက်ကွယ်သွားသည်။

ထိုအခါ လီသဲက အနီရောင်ငှက်မွှေး ထွက်ပေါ်လာသော ဦးတည်ရာကို ရှင်းလင်းစွာ မြင်နိုင်သွားသည်။

အဝေးတစ်နေရာတွင် မီးခိုးရောင်ဝံပုလွေတစ်ရာနှင့် တခြားမိစ္ဆာသားရဲများက စက်ဝိုင်းသဏ္ဍာန် ဝိုင်းဖွဲ့၍ အတွင်းဘက်မှ လွင့်မျောတိမ်သံမဏိများကို ကာကွယ်ပေးနေကြသည်။

အပြင်ဘက်တွင်တော့ လျောင်ယွမ်မျိုးနွယ်ဝင်များက လက်နက်အမျိုးမျိုး ကိုင်ဆွဲ၍ တင်းကျပ်စွာ စောင့်ကြပ်နေကြသည်။

လွင့်မျောမိုးတိမ်သားရဲနှင့် တိမ်ရေနတ်သားရဲက အင်အားပူးပေါင်း၍ နတ်သားရဲလေးကောင်၏ ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ခုခံကာကွယ်နေကြသည်။

ပို့ဆောင်ရေးအဖွဲ့၏ အပြင်ဘက်တွင် တခြားမိစ္ဆာသားရဲများနှင့် လူသားများ ရှိကြသည်။ သူတို့က လျောင်ယွမ်မျိုးနွယ်စုမှ လူများနှင့် ကွဲပြားခြားနားကြသည်။

ထိုလူသားများက သားရဲအရေပြားနှင့် အရိုးများကို ဝတ်ဆင်ထားကြပြီး သစ်သားတုတ်ချောင်း သို့မဟုတ် အရိုးတုတ်ချောင်းကို ကိုင်ဆောင်ထားကြသည်။ ယင်းက လျောင်ယွမ်မျိုးနွယ်စုကို ပထမဆုံးအကြိမ် ဟန်မူယဲ့မြင်ခဲ့စဉ်ကအတိုင်း ဖြစ်၏။

အရိုးတုတ်ချောင်း ကိုင်ထားကြသော လူများက စကားလုံးတချို့ကို ကျယ်လောင်စွာ အော်ရွတ်နေကြစဉ် အရောင်အမျိုးမျိုးရှိသော အလင်းများက သူတို့ကို ဝန်းရံသွားကြသည်။

ထိုအလင်းများက ပုံသဏ္ဍာန်အမျိုးမျိုးရှိသော သန္ဓေပြောင်းသားရဲများအဖြစ် ပြောင်းလဲသွားကြပြီး အကာအကွယ်အလွှာများ ဖြစ်လာကြသည်။ တချို့သည်တော့ သားရဲလက်သည်းများ သို့မဟုတ် လက်နက်များအဖြစ် အသွင်ပြောင်းလဲသွားကြသည်။

ရိုးရာနတ်ဆရာတွေ… ။

သူတို့က နတ်သားရဲအစွမ်းကို အသုံးပြုနိုင်သော ရိုးရာနတ်ဆရာများ ဖြစ်ကြသည်။

ရှေးဦးအပျက်အစီးတောအုပ်ထဲတွင် လူသားမျိုးနွယ်က အမျိုးမျိုးသော နတ်သားရဲများပေါ်မှာ မှီခိုအားထားရသည်။

တိုတမ်နတ်သားရဲများသည် ပုံမှန်အားဖြင့် လူသားမျိုးနွယ်ကို ကာကွယ်ပေးကြသည်။ လူသားမျိုးနွယ်၏ အင်အားက မလုံလောက်သည့်အခါ သူတို့က နတ်သားရဲများ၏ အမိန့်ကို နာခံကြရသည်။

ဤအခိုက်အတန့်မှာ လူသားမျိုးနွယ်တစ်သောင်းနီးပါးက ပို့ဆောင်ရေးအဖွဲ့ကို ဝိုင်းရံထားကြသည်။ အကယ်၍ သူတို့က နတ်သားရဲများကြားမှ နောက်ဆုံးအဆုံးအဖြတ်ကို ကြိုမသိထားသောကြောင့်မဟုတ်လျှင် ပို့ဆောင်ရေးအဖွဲ့ကို ချက်ချင်း တိုက်ခိုက်ကြလိမ့်မည်။

“ ဝူး ”

နတ်သားရဲလီသဲက အော်မြည်လိုက်လေရာ တိုက်ခိုက်နေကြသော နတ်သားရဲအားလုံးက ရပ်တန့်သွားကြသည်။

လွင့်မျောမိုးတိမ်သားရဲက စိုးရိမ်ကြောင့်ကြသော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ အခြားတစ်ဖက်မှာတော့ တိမ်ရေနတ်သားရဲက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားသည်။

ဤတစ်ကြိမ်တွင် ၎င်းက ကိုယ့်သဘောဆန္ဒဖြင့် လွင့်မျောမိုးတိမ်သားရဲကို ကယ်ဆယ်ရန် ရောက်လာခဲ့သည်။ လျောင်ယွမ်မျိုးနွယ်စုက သတ္ထုလာတူးဖော်သည့်အခါတိုင်း ၎င်းအတွက် သွေးမျိုးဆက်ကျောက်တုံးများကို လက်ဆောင်ပေးလေ့ရှိသည်။ ကြည့်ရသည်မှာ ၎င်းက ထိုအချက်ကို ထည့်သွင်းစဉ်းစားခဲ့ဟန် ရ၏။

ထို့ပြင် ၎င်းက လီသဲ၊ ကျူးရုန်နှင့်လည်း ဆက်ဆံရေးကောင်းမွန်သည်။

“ သတိထား… သူတို့က ဒီတစ်ကြိမ် အင်အားစုပေါင်းပြီး လွင့်မျောတိမ်သံမဏိအားလုံးကို လုယက်ဖို့ ရောက်လာကြတာ ”

တိမ်ရေနတ်သားရဲက ၎င်း၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။

လွင့်မျောတိမ်သံမဏိကို လာလုတာလား… ။

ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲလေးကောင်သည် လွင့်မျောတိမ်သံမဏိကို လုယက်ရန် ၎င်းတို့၏ လက်အောက်ခံ လူသားမျိုးနွယ်စုများနှင့်အတူ တိမ်ကျတောင်ဆီသို့ ရောက်လာခဲ့ကြပြီး လျောင်ယွမ်မျိုးနွယ်စု၏ ပို့ဆောင်ရေးအဖွဲ့ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။

အကယ်၍ သူတို့က လျောင်ယွမ်မျိုးနွယ်စုမှ ရောက်လာကြမည့် တပ်ကူများကို အနိုင်ယူနိုင်မည်ဆိုလျှင် တိမ်ကျတောင်တစ်ခုလုံးကို ထိန်းချုပ်နိုင်သွားလိမ့်မည်။

အစတွင် တိမ်ကျတောင်ဖြစ်စေ သို့မဟုတ် လွင့်မျောတိမ်သံမဏိဖြစ်စေ ယင်းတို့က ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲများအတွက် အရေးမကြီးပေ။

မည်သူက ထိုအနက်ရောင်ကျောက်တုံးများကို သဘောကျလိမ့်မည်နည်း။

သို့သော်လည်း သံမဏိစားခိုသည် တိမ်ကျတောင်ကို စောင့်ကြပ်ပေးရုံဖြင့် အရေအတွက်များပြားသော သွေးမျိုးဆက်ကျောက်တုံးများကို ရရှိခဲ့သည်ဟု တခြားနတ်သားရဲများအား လေလုံးကြွားပြောဆိုခဲ့သည်။

ထို့ပြင် သံမဏိစားခိုက ၎င်းနှင့် ဆက်ဆံရေးကောင်းမွန်သော နတ်သားရဲများကို သွေးမျိုးဆက်ကျောက်တုံးများ ဝေမျှပေးခဲ့သည်။

ထုံးစံအားဖြင့် ယင်းက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲတချို့ကို မနာလိုဖြစ်စေသည်။

ထိုကိစ္စကို စစ်ဆေးပြီးသည့်နောက် ၎င်းတို့၏ အာရုံစိုက်မှုက လျောင်ယွမ်မျိုးနွယ်စုပေါ်သို့ ကျရောက်သွားသည်။

နောက်ဆက်တွဲအနေဖြင့် အတိတ်တွင် ဖြစ်ပွားခဲ့သော နတ်ငှက်ဘီဖန်၊ ဟန်မူယဲ့နှင့် တခြားနတ်သားရဲများကြားမှ တိုက်ပွဲနေရာကိုလည်း ၎င်းတို့ရှာတွေ့သွားသည်။

လျောင်ယွမ်မျိုးနွယ်စု၏ အင်အားက ၎င်းတို့စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။

အရေးကြီးသည်မှာ လျောင်ယွမ်မျိုးနွယ်စု ထိုသို့အင်အားကြီးမားလာသည်ကို ၎င်းတို့ထဲမှ မည်သူမှ သတိမထားမိခဲ့ပေ။

အသေးစိတ် စုံစမ်းပြီးသည့်နောက်မှာ နတ်သားရဲအများအပြားက လျောင်ယွမ်မျိုးနွယ်စု၏ အင်အားကြီးမားလာမှုအပေါ် စိုးရိမ်ကြောင့်ကြလာကြသည်။

အထူးသဖြင့် လျောင်ယွမ်မျိုးနွယ်စုဆီမှာ ရိုးရာနတ်ဆရာများမရှိသလို တိုတမ်နတ်သားရဲများလည်း မရှိချေ။

ထိုအချက်က အလွန်အံ့ဖွယ်ကောင်းသည်။

ရိုးရာနတ်ဆရာများနှင့် တိုတမ်နတ်သားရဲများမရှိဘဲ လျောင်ယွမ်မျိုးနွယ်စုက မည်သို့ကြောင့် အင်အားကြီးမားလာရသနည်း။

ပိုပြီးကြောက်စရာကောင်းသည့်အချက်မှာ လျောင်ယွမ်မျိုးနွယ်စုက နတ်သားရဲများကိုလည်း ကျွန်ပြုထားသည်။

ထိုအချက်က ရှေးဦးအပျက်အစီးတောအုပ်၏ ဘုရင်ဖြစ်သော နတ်သားရဲများကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။

ထို့ကြောင့် နတ်သားရဲများသည် ၎င်းတို့၏ လက်အောက်မှ မျိုးနွယ်စုဒါဇင်ခန့်ကို စုစည်း၍ လျောင်ယွမ်မျိုးနွယ်စု၏ ပို့ဆောင်ရေးအဖွဲ့ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။

All Chapters