အခန်း (၁၅၃၁)
Vol. 110 Ch. 1531
လူသားမျိုးနွယ်အပေါ် အညံ့ခံခဲ့သည့်အတွက် လွင့်မျောမိုးတိမ်သားရဲကို တခြားနတ်သားရဲများက ပြစ်တင်ရှုံ့ချကြသည်။ ထို့ကြောင့် ၎င်းတို့က လွင့်မျောမိုးတိမ်သားရဲကို အမြစ်ဖြတ်သုတ်သင်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် လွင့်မျောမိုးတိမ်သားရဲက ဤအတောအတွင်းမှာ လျောင်ယွမ်မျိုးနွယ်စု၏ အထောက်အပံ့များကြောင့် ယခင်ကထက် ပိုအစွမ်းတိုးမြှင့်သွားခဲ့ပြီး တိမ်ရေနတ်သားရဲ၏ ကူညီပေးမှုကို အချိန်မီရရှိခဲ့သည်။
သို့မဟုတ်လျှင် ၎င်းက ထိုမျှအချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
“ သေချင်နေတာပဲ ”
နတ်ဘုရားစိတ်အာရုံပါဝင်နေသော ဟိန်းသံက မိုးခြိမ်းသံသဖွယ် မြည်ဟိန်းသွားသည်။ မိုင်တစ်ထောင်အဝေးမှ ပျံသန်းရောက်ရှိလာသော လီသဲက ရွှေရောင်မီးနဂါးကို ထုတ်လွှတ်လိုက်သည်။
ထိုတိုက်ခိုက်မှုထဲမှာ မိုးမြေ၏ မဟာတာအိုစွမ်းအားလည်း ကိန်းအောင်းနေသည်။ သို့ဖြစ်၍ အချင်းမိုင်တစ်ထောင်အတွင်းမှ စွမ်းအင်အားလုံးက ပရမ်းပတာလှုပ်ခတ်သွားသည်။
လွင့်မျောမိုးတိမ်သားရဲနှင့် တိမ်ရေနတ်သားရဲကို သတ်ဖြတ်ရန် ကြိုးစားနေကြသော နတ်သားရဲလေးကောင်က ရွှေရောင်မီးနဂါးကို တိမ်းရှောင်ရန် အမြန်အနောက်ဆုတ်သွားကြသည်။
အကယ်၍ ထိုမီးနဂါးကို ၎င်းတို့မခုခံနိုင်လျှင် နေရာမှာတင် ချက်ချင်း သေဆုံးသွားလိမ့်မည် မဟုတ်ပါလော။
“ ဝီး ”
ရွှေရောင်အလင်းတန်းတစ်ခုက မီးနဂါး၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ယင်းက ရွှေရောင်နဂါးအကြေးခွံတစ်ခု ဖြစ်သည်။
နဂါးအကြေးခွံက အမြန်လှည့်ပတ်သွားပြီး မီးနဂါးကို ခုခံတားဆီးလိုက်သည်။
တခြားနတ်သားရဲနှစ်ကောင်က မြေပြင်ပေါ်သို့ အကြမ်းပတမ်း ဆင်းသက်သွားကြပြီး ရောင်စုံကျောက်တုံးတစ်တုံးကို ကိုယ်စီထွေးထုတ်လိုက်ကြသည်။
ကျောက်တုံးတစ်တုံးစီက လေထဲမှာ မီတာသုံးဆယ်အထိ အရွယ်အစားကြီးမားသွားပြီး မီးနဂါးဆီသို့ ပျံသန်းသွားကြသည်။
ထိုစဉ် ရောင်ခြည်စက်ကွင်းတစ်ကွင်းက အဝေးမှ ပျံသန်းလာပြီး မီးနဂါး၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ မီးနဂါးက ၎င်း၏ ခန္ဓာကိုယ်ကို အကြမ်းပတမ်း လှုပ်ခါလိုက်ပြီး ရောင်ခြည်စက်ကွင်းထဲမှ ရုန်းထွက်နိုင်ရန် ကြိုးစားလိုက်သည်။
ရောင်ခြည်စက်ကွင်းကို ထိန်းချုပ်ထားသော ဦးချိုတစ်ချောင်းနတ်သားရဲက တုန်ယင်သွားပြီး သွေးပုလဲလုံးများက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ကျလာသည်။
ရောင်ခြည်စက်ကွင်းကို ဖျက်ဆီးပစ်ပြီးနောက် မီးနဂါးက ၎င်း၏ လက်သည်းကို မြှောက်လိုက်ပြီး လည်နေသော ရွှေရောင်နဂါးအကြေးခွံကို ရိုက်ချလိုက်သည်။
နဂါးအကြေးခွံပေါ်မှာ နတ်ဘုရားအင်းသင်္ကေတများ ထွက်ပေါ်လာပြီး မိုးပြာရောင်နဂါးပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ယင်းက မိုးပြာရောင်နဂါးသွေးမျိုးဆက် နတ်သားရဲတစ်ကောင်၏ အကြေးခွံဖြစ်သည်။
မိုးပြာရောင်နဂါးသည် ကမ္ဘာဦးနတ်သားရဲများထဲတွင် အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိနေသော နတ်သားရဲတစ်ကောင်ဖြစ်သည်။ သို့ဖြစ်၍ ၎င်း၏ စွမ်းအားကို အဆင့်နိမ့်နတ်သားရဲများနှင့် အလယ်အလတ်အဆင့် နတ်သားရဲများက မယှဉ်ပြိုင်နိုင်ကြပေ။
အဆင့်မြင့်နတ်သားရဲများသည်ပင် မိုးပြာရောင်နဂါး၏ အရှေ့မှာ မရိုမသေမပြုဝံ့ချေ။
မီးနဂါးက မိုးပြာရောင်နဂါးပုံရိပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက အဆက်မပြတ် လှုံ့ဆော်ခံလိုက်ရသည်။
မီးတောက်များက ဘေးပတ်ဝန်းကျင်မှာ ပြန့်ကျဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ပို့ဆောင်ရေးအဖွဲ့က အမြန်အနောက်ဆုတ်သွားသည်။
မီးတောက်မီးလျှံများက အချင်းမီတာသုံးရာအတွင်းမှ အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်သည်။
သို့ဖြစ်၍ ရန်သူများ၏ ဝိုင်းရံမှုက ချက်ချင်း ဖရိုဖရဲဖြစ်သွားသည်။
“ အဲ့ဒီကောင်က လူကယ်ဖို့ ရောက်လာတာ ”
ဦးချိုတစ်ချောင်းနတ်သားရဲက အော်ပြောလိုက်သည်။
နတ်သားရဲများအတွက်တော့ လူသားများက တန်ဖိုးမရှိသော ပုရွက်ဆိတ်များသာ ဖြစ်သည်။ သူတို့၏ သေခြင်းရှင်ခြင်းက နတ်သားရဲများအတွက် အရေးမကြီးပေ။
သို့ဖြစ်၍ နတ်သားရဲလီသဲက ပို့ဆောင်ရေးအဖွဲ့ကို ကယ်ဆယ်ရန် အရင်ဆုံး ရောက်ရှိလာလိမ့်မည်ဟု ထိုနတ်သားရဲများက မမျှော်လင့်ထားကြချေ။
“ ဗုန်း ”
ကျောက်တုံးများက မီးနဂါးကို ထိမှန်သွားသည့်အခါ နောက်ဆုံးမှာတော့ ၎င်း၏ ဒြပ်ထည်ပုံစံက အက်ကွဲသွားသည်။
ထိုစဉ် လီသဲက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
ပေတစ်ရာရှည်လျားသော မီးလျှံတစ်ခုက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ တစ်ချိန်တည်းမှာ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက စုဝေးသွားပြီး ခြေတစ်ချောင်းဘီဖန်နတ်သားရဲပုံရိပ်အဖြစ် ဖွဲ့စည်းသွားသည်။
“ ဘီဖန်သွေးမျိုးဆက် ”
တုံ့ဆိုင်းသော အရိပ်အမြွက်က နတ်သားရဲလေးကောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အဆင့်မြင့်နတ်သားရဲများက ရင်ဆိုင်ရမလွယ်ကူပေ။ ဖြစ်နိုင်လျှင် ၎င်းတို့နှင့် ရန်သူမဖြစ်အောင် နေထိုင်သင့်သည်။
“ လျောင်ယွမ်မျိုးနွယ်စုကို ချုံခိုတိုက်ခိုက်ရဲတယ်… မင်းတို့က သေချင်နေတာပဲ ”
လီသဲက ဒေါသတကြီး အော်မြည်လိုက်ပြီး အရှေ့သို့ ထပ်မံ ပျံသန်းသွားသည်။
မီးတောက်များက ဤတစ်ကြိမ်တွင် ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ မီးတောက်လေပွေများနှင့် မီးဘောလုံးများက မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။
လီသဲတစ်ကောင်တည်း၏ သွေးမျိုးဆက်အစွမ်းက နတ်သားရဲလေးကောင်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
၎င်း၏ အရှိန်အဝါက အလယ်အလတ်အဆင့် နတ်သားရဲလေးကောင် တောင့်ခံနိုင်သောအရာ မဟုတ်ချေ။
“ ဘန်း ”
အဝေးတွင် ဒီရေလှိုင်းပုတ်သံနှင့်ဆင်တူသော အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။
အနက်ရောင်မြားနှင့်ဆင်တူသော မျဉ်းကြောင်းတစ်ခုက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ ထွက်ပေါ်လာသည်။
မီးခိုးရောင်ဝံပုလွေများသည် အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားလျက် စနစ်တကျ အရှေ့သို့ ချီတတ်လာနေကြသည်။ ၎င်းတို့ ရွေ့လျားလိုက်သည့်အခါတိုင်း မြေကြီးက တုန်ယင်သွားသည်။
“ အဲ့ဒါ မိစ္ဆာသားရဲတွေလား ”
ဘေးပတ်ဝန်းကျင်မှ တခြားလူသားမျိုးနွယ်စုများသည် အဝေးမှ ချဉ်းကပ်လာနေသော မီးခိုးရောင်ဝံပုလွေစစ်တပ်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
သတ္ထုတူးဖော်ရန်နှင့် ပစ္စည်းများပို့ဆောင်ရန် မီးခိုးရောင်ဝံပုလွေများနှင့် တခြားမိစ္ဆာသားရဲများကို အသုံးပြုခြင်းကပင် သူတို့ကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့သည်။
ယခု ထိုမိစ္ဆာသားရဲများကို တိုက်ပွဲမှာလည်း ထိန်းချုပ်အသုံးပြုနိုင်သည်လော။
တခြားမျိုးနွယ်စုများသည်လည်း မိစ္ဆာသားရဲများကို ကျွန်ပြုနိုင်ကြသည်။ သို့သော်လည်း သူတို့က ထိုမိစ္ဆာသားရဲများကို ရိုးရှင်းသော တာဝန်များသာ ပေးအပ်နိုင်ကြသည်။
မိစ္ဆာသားရဲများကို တိုက်ပွဲမှာ အသုံးပြုခြင်းက သူတို့အတွက် အလွန်စွန့်စားရာရောက်၏။ ထိုမိစ္ဆာသားရဲများ သစ္စာဖောက်မည်ကို သူတို့မစိုးရိမ်ကြဘူးလား။
“ လျောင်ယွမ်မျိုးနွယ်စုက တခြားမျိုးနွယ်စုတွေနဲ့ တကယ်ပဲ ကွာခြားတယ်… ”
အရိုးတုတ်ချောင်း ကိုင်ထားသော အကြီးအကဲက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
တခြားမျိုးနွယ်စုများတွင် တိုတမ်နတ်သားရဲများသည် ၎င်းတို့၏ လက်အောက်မှ မျိုးနွယ်ဝင်များ၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြချေ။
လျောင်ယွမ်မျိုးနွယ်စု၏ တိုတမ်နတ်သားရဲများက လူကယ်ရန် အရင်ဦးစားပေးသည်။
ယခု လျောင်ယွမ်မျိုးနွယ်စုက တိုက်ပွဲအတွက် မိစ္ဆာသားရဲများကိုပင် ထိန်းချုပ်အသုံးပြုနိုင်နေကြောင်း သူတို့မြင်လိုက်ရသည်။
“ နတ်သားရဲတွေ အရမ်းဒေါသထွက်နေတာ မထူးဆန်းတော့ပါဘူး… ”
အရိုးတုတ်ချောင်း ကိုင်ထားသော အကြီးအကဲက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်သည်။
လူသားမျိုးနွယ်ထဲမှာ ထိုသို့မျိုးနွယ်စုတစ်ခု ရှိနေသေးကြောင်း သိလိုက်ရသည့်အခါ အကြီးအကဲ၏ စိတ်ခံစားချက်များက ရောထွေးသွားသည်။
ယင်းက ပျော်ရွှင်မှုလော သို့မဟုတ် မနာလိုမှုလော သေချာပြောရန် ခဲယဉ်းသည်။
“ လျောင်ယွမ်မျိုးနွယ်စုက အဲ့ဒီလူသားတွေ အရမ်းစက်ဆုပ်ဖို့ကောင်းတယ် ”
နတ်သားရဲတစ်ကောင်က တိုက်ပွဲမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း နတ်သားရဲလီသဲက ၎င်း၏ နောက်ကျောတည့်တည့်ဆီသို့ မီးဘောလုံးတစ်လုံး ပစ်လွှတ်လိုက်သည်။
“ ရှေးဦးအပျက်အစီးတောအုပ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖြတ်ရဲတယ်… မင်းတို့က သေချင်နေတာပဲ ”
ဦးချိုတစ်ချောင်းနတ်သားရဲက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ၎င်းက အဝေးသို့ ထွက်မပြေးဘဲ မြေပြင်ပေါ်မှ အားနည်းသော လူသားများကို ပစ်မှတ်ထား တိုက်ခိုက်လိုက်လေသည်။
“ ကျူးရုန်… ဒီကောင်တွေကို ငါရှင်းလိုက်မယ် ”
လီသဲက နတ်ဘုရားစိတ်အာရုံဖြင့် ပြောသည်။
ဤအခိုက်အတန့်မှာ ၎င်းက သွေးမျိုးဆက်စွမ်းအားနှင့် မီးတောက်မီးလျှံများကို အစွမ်းကုန် ထုတ်လွှတ်လိုက်လေရာ နတ်သားရဲလေးကောင်က ခုခံရုံမှလွဲ၍ တခြားဘာမှ မတတ်နိုင်ကြတော့ချေ။
၎င်းက ဤတိုက်ပွဲမှာ ကျူးရုန်ကို ဝင်မပါစေချင်ပေ။
ကျူးရုန်က တိုးညင်းစွာ အော်လိုက်လေရာ အတောင်ပံပါကျားနက်က အရှိန်တိုးမြှင့်လိုက်သည်။
ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော မိစ္ဆာသားရဲစစ်သည်တော်များက ပြန်စုဝေးသွားကြပြီး တြိဂံပုံသဏ္ဍာန် တိုက်ပွဲအခင်းအကျင်းကို ပြင်ဆင်လိုက်ကြသည်။
ထိုမြင်ကွင်းက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်နှင့် ကောင်းကင်ပေါ်မှာ တိုက်ခိုက်နေကြသော နတ်သားရဲများကို အံ့ဩသွားစေသည်။
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။
တြိဂံပုံသဏ္ဍာန် တိုက်ပွဲအခင်းအကျင်း၏ အပေါ်တွင် တောက်ပသော အလင်းရောင်က ပေါ်လျှိုးလာသည်။ ဤအခိုက်အတန့်မှာ ထိုမိစ္ဆာသားရဲစစ်တပ်က မြားတစ်စင်းသဖွယ် သို့မဟုတ် အလွန်ထက်ရှသော ဓားမော့တစ်လက်နှယ် ပြောင်းလဲသွားပုံပေါ်၏။
မြားတံ၏ ထိပ်ဖျားသည်တော့ ကျူးရုန်စီးနင်းထားသော အတောင်ပံပါကျားနက်မှလွဲ၍ တခြားမဟုတ်ချေ။
မြားတံနှင့် ဆင်တူသော မိစ္ဆာသားရဲစစ်တပ်သည် ရန်သူ၏ ဝိုင်းရံမှုကို တိုက်ရိုက် ထိုးဖောက်သွားသည်။ ဤသည်မှာ ပူပြင်းသော သံချောင်းတစ်ချောင်းက ထောပတ်တုံးကို ထိုးဖောက်သွားသည့်အလားပင်။
“ တိုက်ပွဲအခင်းအကျင်းရဲ့ စွမ်းအား… အဲ့ဒါ လူသားမျိုးနွယ် ပိုင်ဆိုင်သင့်တဲ့ အရာပဲ ”
လျောင်ယွမ်မျိုးနွယ်စုထဲဝယ် ရွှေရောင်အလင်းလွှာကို ကြည့်နေသော ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်သည်။
လူသားမျိုးနွယ်သည် တစ်ဦးချင်းစွမ်းဆောင်ရည်ကို မည်သည့်အခါကမှ အဓိက အလေးမထားခဲ့ပေ။
မျိုးနွယ်စုတစ်စု၏ အဓိကအင်အားက စည်းလုံးညီညွတ်မှုဖြစ်သည်ဟု လူသားများက ယူဆထားကြသည်။ သူတို့က တခြားမျိုးနွယ်စုများနှင့် နှိုင်းယှဉ်လျှင် အားနည်းသော်လည်း သာလွန်ထူးခြားသော သင်ယူလေ့လာနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။ သူတို့က မျိုးနွယ်စု၏ အင်အားကို တိုးမြှင့်ရန် အကြံအမျိုးမျိုးကို တွေးတောနိုင်ကြသည်။
တြိဂံပုံသဏ္ဍာန် တိုက်ပွဲအစီအရင်က ရန်သူများ၏ ဝိုင်းရံမှုကို ချိုးဖြတ်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်စုများက တကွဲတပြားဖြစ်သွားကြသည်။
မျိုးနွယ်စုဒါဇင်ခန့်မှ လူများသည် ဖရိုဖရဲဖြစ်သွားကြပြီး စိတ်ရှုပ်ထွေးသွားကြသည်။ ဤအခိုက်အတန့်မှာ သူတို့က တန်ပြန်တိုက်ခိုက်ရန် မဆိုထားနှင့် အသက်ရှင်ရန် မည်သည့်ဦးတည်ရာဆီသို့ ထွက်ပြေးသင့်ကြောင်းပင် မစဉ်းစားနိုင်ကြတော့ပေ။
တြိဂံပုံသဏ္ဍာန် မိစ္ဆာသားရဲစစ်တပ်က ဒီရေသဖွယ် တိုးဝင်လာလေရာ မည်သူမှ အသက်တစ်ခါရှူချိန်ပင် မတောင့်ခံနိုင်ကြချေ။
ထိုမြင်ကွင်းက ကောင်းကင်ပေါ်မှ နတ်သားရဲလေးကောင်ကို နှုတ်ဆိတ်သွားစေသည်။
အကယ်၍ ၎င်းတို့သာ မြေပြင်ပေါ်မှာ ရှိနေပြီး ထိုမိစ္ဆာသားရဲစစ်တပ်ဖြင့် ရင်ဆိုင်ရမည်ဆိုလျှင် ၎င်းတို့သည်လည်း သေဆုံးသွားလိမ့်မည် မဟုတ်ပါလော။
၎င်းတို့၏ အမြင်မှာ ပုရွက်ဆိတ်မျှသာရှိသော လူသားမျိုးနွယ်က မည်သည့်အချိန်ကတည်းက ထိုမျှအင်အားကြီးမားလာသနည်း။
“ သတ် ”
ကျူးရုန်က ကျယ်လောင်စွာ အော်လိုက်သည်နှင့် တြိဂံပုံသဏ္ဍာန် တိုက်ပွဲအခင်းအကျင်းက တိမ်ကျတောင်ဆီသို့ ဦးတည်သွားသည်။
တိုက်ပွဲအခင်းအကျင်းက မပျက်စီးသွားပေ။
အလွန်အားကောင်းသော သွေးချီစွမ်းအားက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားပြီး လေကြမ်းများကို လှုံ့ဆော်လိုက်သည်။
နောက်အခိုက်အတန့်မှာ အရွယ်အစားကြီးမားသော တောင်ခွဲပုဆိန်တစ်လက်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး တောက်ပသော ရောင်ခြည်ကို ထုတ်လွှတ်လိုက်သည်။
ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်သည် နတ်သားရဲများ၏ အရှေ့တွင် သူတို့၏ စွမ်းအားကို ပထမဆုံးအကြိမ် ထုတ်ပြလိုက်သည်။
ယင်းက လူသားမျိုးနွယ်သာ ပိုင်ဆိုင်နိုင်သော စွမ်းအား ဖြစ်သည်။
အဆုံးမဲ့သော ထက်ရှမှုနှင့် ကြီးမားသော လေးလံမှုက ထွက်ပေါ်လာသည်။
မိုးမြေစွမ်းအားက စုဝေးသွားပြီး ဖော်မပြနိုင်သော အစွမ်းထက်အရှိန်အဝါနှင့်အတူ လှည့်ပတ်သွားသည်။
တောင်ခွဲပုဆိန်၏ ထိပ်ဖျားပေါ်တွင် နတ်ဘုရားအင်းသင်္ကေတများက ရှင်းလင်းထင်ရှားစွာ ထွက်ပေါ်နေသည်။
ယင်းက နတ်သားရဲအစွမ်း မဟုတ်ပေ။ ယင်းက မိုးမြေစွမ်းအား၏ စစ်မှန်သော ကောင်းချီးပေးမှု ဖြစ်သည်။
“ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
လီသဲနှင့် တိုက်ခိုက်နေကြသော နတ်သားရဲများက မျက်လုံးပြူးကျယ်သွားပြီး စိတ်ရှုပ်ထွေးမှုက ၎င်းတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
မိုးမြေစွမ်းအား၏ ကောင်းချီးပေးမှုက နတ်သားရဲများသာ ပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပါလော။ အထူးသဖြင့် အဆင့်မြင့်နတ်သားရဲများ ဖြစ်ကြသည်။
ယင်းက ကမ္ဘာဦးနတ်သားရဲများ၏ အခြေခံအုတ်မြစ် ဖြစ်သည်။
“ လျောင်ယွမ်မျိုးနွယ်စု… သူတို့က နတ်သားရဲတွေထက် ကျော်လွန်ပြီး မိုးမြေစွမ်းအားရဲ့ ကောင်းချီးပေးမှုကို ဖွဲ့စည်းနိုင်တာလား ”
ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေကြသော မျိုးနွယ်ဝင်များက အထိတ်တလန့် ရေရွတ်လိုက်ကြသည်။
မိုးမြေစွမ်းအားဆိုသည်မှာ ရိုးရာနတ်ဆရာများ နတ်သားရဲအစွမ်း၏ အကူအညီဖြင့်သာ ထုတ်ဖော်နိုင်သောအရာ မဟုတ်ပါလော။
နတ်သားရဲများမပါဝင်ဘဲ မည်သို့ကြောင့် မိုးမြေစွမ်းအား၏ ကောင်းချီးပေးမှုကို ရရှိနိုင်ပါသနည်း။
ဤအခိုက်အတန့်မှာ တောင်ခွဲပုဆိန်ပုံရိပ်ကို မြင်လိုက်ရသူအားလုံးက ဆွံ့အသွားကြသည်။
လျောင်ယွမ်မျိုးနွယ်ထဲတွင် ရွှေရောင်အလင်းလွှာကို ကြည့်နေသော ဟန်မူယဲ့က စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
ယင်းက မျိုးစေ့ဖြစ်သည်။
လူသားမျိုးနွယ်၏ ခွန်အားကို ယနေ့ ထုတ်ပြလိုက်သည့်အခါ လူသားတိုင်း၏ နှလုံးသားထဲမှာ ရည်မှန်းချက်မျိုးစေ့ ပေါက်ဖွားလာလိမ့်မည်။
ယနေ့ပြီးသွားလျှင် မည်သည့်လူသားက နတ်သားရဲများ၏ ကျေးကျွန်အဖြစ် ဆက်လက်နေထိုင်ရန် ဆန္ဒရှိဦးမည်နည်း။
“ ဗုန်း ”
တိုက်ပွဲအခင်းအကျင်း၏ အပေါ်မှ ဧရာမပုဆိန်က အောက်သို့ ကျဆင်းလာသည်။
တိမ်အထပ်ထပ် ဖုံးလွှမ်းနေသော တိမ်ကျတောင်က ပုဆိတ်ခုတ်ချက်အောက်မှာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
တောင်တန်းများကြားတွင် မိုင်တစ်ထောင်ရှည်လျားသော အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
မိုးမြေကို ခုတ်ပိုင်းခြင်း… ။
ကမ္ဘာဦးလောကက မည်မျှခိုင်မာလိုက်သနည်း။
အဆင့်မြင့်နတ်သားရဲများက အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင်ပင် ထိုသို့အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။
တိုက်ပွဲအခင်းအကျင်း၏ စွမ်းအားက အဆင့်မြင့်နတ်သားရဲများ၏ တိုက်ပွဲစွမ်းအားထက် ကျော်လွန်သွားသည်။
လီသဲနှင့် တိုက်ခိုက်နေကြသော နတ်သားရဲလေးကောင်က ကြောက်လန့်တကြား အနောက်ဆုတ်သွားကြသည်။
ဤအခိုက်အတန့်မှာ ၎င်းတို့က ကြောက်ရွံ့မှုကို အမှန်တကယ် ခံစားမိသွားကြသည်။
အကယ်၍ ၎င်းတို့က လီသဲနှင့် တိုက်ခိုက်နေခြင်းမဟုတ်လျှင် အစောနက ထိုပုဆိန်ခုတ်ချက်ဖြင့် နှစ်ခြမ်းကွဲသွားလိမ့်မည်လော။
ဖြစ်နိုင်သည်မှာ နတ်သားရဲလီသဲက ၎င်းတို့၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်းလော။
“ ဗုန်း ”
အဝေးတွင် မိစ္ဆာသားရဲစစ်တပ်၏ တိုက်ပွဲအခင်းအကျင်းက တိမ်ကျတောင်၏ ဦးတည်ရာဆီသို့ ဆက်လက် ချီတတ်သွားသည်။ လမ်းတစ်လျှောက်တွင်ရှိသော တောင်တန်းများက ဧရာမပုဆိန်ဖြင့် နှစ်ခြမ်းခွဲခံလိုက်ရသည်။
တိမ်ကျတောင်၏ အနီးနားဝန်းကျင်မှာရှိသော နတ်သားရဲများသည် ထိုဧရာမပုဆိန်၏ အရှေ့မှာ ကူကယ်ရာမဲ့သွားကြသည်။
ပေသုံးဆယ်ရှည်လျားသော နွားရိုင်းတစ်ကောင်က ပုဆိန်ဖြင့် ခုတ်ပိုင်းခံလိုက်ရသည့်အခါ သွေးမျိုးဆက်ကျောက်တုံးများအဖြစ် ပြောင်းလဲသွားသည်။
ဆယ်ပေရှည်သော ဧရာမဝံပုလွေတစ်ကောင်က ကြောက်လန့်စွာ ဆွဲငင်အူလိုက်ပြီး အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ၎င်းက ဧရာမပုဆိန်၏ ခုတ်ချက်အောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
မိစ္ဆာသားရဲစစ်တပ် ဖြတ်သန်းသွားသည့်နေရာတိုင်း မြေပြင်က အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားသည်။
သွေးမျိုးဆက်ကျောက်တုံးများက မြေပြင်ပေါ်မှာ အရွယ်အစားစုံလင်စွာ ပြန့်ကျဲသွားကြသည်။