အခန်း (၁၅၃၄)
Vol. 110 Ch. 1534
တချို့က နတ်သားရဲများ၏ ကာကွယ်ပေးမှုမရှိသော အဖွဲ့ငယ်များဖြစ်ကြပြီး သူတို့က လူသားများဖြစ်ကြသည်။ တချို့သည်တော့ လျောင်ယွမ်မျိုးနွယ်စုအကြောင်း စိတ်ဝင်စားသော မျိုးနွယ်ခြားများ ဖြစ်ကြသည်။
ကျူးရုန်နှင့် သူ့အဖွဲ့က ထိုလူများကို လျစ်လျူရှုထားကြသည်။ သူတို့က ပုထိုင်းတောင်ဆီသို့ အေးဆေးတည်ငြိမ်စွာ ဦးတည်သွားကြသည်။
ကုန်သွယ်ရေးအဖွဲ့၏ အလျင်က မမြန်ဆန်ပေ။ တစ်လကြာပြီးနောက် သူတို့က အဝေးမှ တောင်တန်းများကို မြင်သွားသည်။
“ ခေါင်းဆောင်… ပုထိုင်းတောင်က လူတချို့နဲ့ ရိုးရာနတ်ဆရာတွေကို ကျွန်တော် ခေါ်ဆောင်လာပါတယ် ”
သံချပ်ကာ ဝတ်ဆင်ထားကြသော လျောင်ယွမ်မျိုးနွယ်အုပ်စုတစ်စုက ကုန်သွယ်ရေးအဖွဲ့ကို လာရောက်ကြိုဆိုပြီး အရှေ့ဆုံးမှ သက်လတ်ပိုင်းအမျိုးသားက ကျယ်လောင်စွာ အော်ပြောသည်။
ထိုသက်လတ်ပိုင်းအမျိုးသားက ကျောက်လင်းဖြစ်ပြီး မီးတောက်နတ်ဘုရားအင်းသင်္ကေတကို ပိုင်ဆိုင်ထားသော စစ်သည်တော်တစ်ဦး ဖြစ်သည်။ သူက ကျူးရုန်၏ လူယုံတော်လည်း ဟုတ်သည်။
ရဲစွမ်းသတ္တိရှိသူများက ရဲဝံ့သော တခြားလူများကို ရိုသေလေးစားကြသည်။
“ မင်း အလုပ်ကြိုးစားခဲ့တယ် ”
ကျူးရုန်က ခေါင်းညိတ်လိုက်ပြီး အတိတ်မှာ သူဝတ်ဆင်ခဲ့ဖူးသော အဝတ်အစားနှင့် လူသားများကို ကြည့်လိုက်သည်။
သူတို့က အမွှေးထူသော သားရဲအရေပြားကို ဝတ်ဆင်ထားကြပြီး လက်ထဲမှာ သစ်သားတုတ် သို့မဟုတ် ကျောက်တုံးဓားကို ကိုင်ဆောင်ထားကြသည်။ စိုးရိမ်ကြောင့်ကြသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ပေါ်လွင်နေသည်။
သူတို့က ပုထိုင်းတောင်မှ လူသားများဖြစ်ကြပြီး လျောင်ယွမ်မျိုးနွယ်စုကဲ့သို့ အစွမ်းထက်မျိုးနွယ်စုကို တစ်ခါမှ မမြင်ဖူးကြချေ။
သူတို့က လျောင်ယွမ်မျိုးနွယ်စုအကြောင်းကို တဆင့်စကားသာ ကြားဖူးကြသည်။
ထို့ကြောင့် သူတို့က လျောင်ယွမ်မျိုးနွယ်စု၏ စစ်တပ်ကို အကူအညီတောင်းရန် ကျောက်လင်းကို မေးခဲ့ကြခြင်း ဖြစ်သည်။
သူတို့၏ အမြင်မှာ အစွမ်းထက်မျိုးနွယ်စုတစ်စုက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ မျိုးနွယ်စုကြီးများနှင့် တူညီသင့်သည်။
သို့သော်လည်း လျောင်ယွမ်မျိုးနွယ်စု၏ စစ်တပ်ကို မြင်လိုက်ရသောအခါ သူတို့က ဆွံ့အမိန်းမောသွားကြသည်။
ထိုမျိုးနွယ်ဝင်များက စကားတစ်ခွန်းပင် မပြောဝံ့ကြချေ။
ရိုးရာနတ်ဆရာများသည်လည်း ထို့နည်းတူပင်။ သူတို့က တုန်ယင်နေကြသည်။
“ ငါတို့ ပုထိုင်းတောင်ဆီ ဝင်ရောက်မှာ မဟုတ်ဘူး… မင်းတို့က ကုန်သွယ်ဖို့ ဝိညာဉ်သတ္ထုတွေကို ယူဆောင်လာနိုင်တယ် ”
ကျူးရုန်က ထိုလူများကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
အဲ့ဒါ ဘာအဓိပ္ပာယ်လဲ… ။
စစ်တပ်က ရောက်လာပေမဲ့ သူတို့က တောင်ထဲ မဝင်ဘူးလား… ။
သူတို့က နတ်သားရဲတွေနဲ့ တိုက်ခိုက်ရမှာကို ရှောင်ရှားချင်တာလား… ။
လူတိုင်းက ဇဝေဇဝါဖြစ်သွားကြသည်။
“ ငါတို့စစ်တပ်က ပုထိုင်းတောင်ရဲ့ အပြင်ဘက်မှာ စခန်းချနေထိုင်မယ်… ငါတို့က မင်းတို့နဲ့ ဒီပစ္စည်းတွေကို လဲလှယ်ပေးမယ် ”
“ ပစ္စည်းလဲလှယ်ချင်တယ်ဆိုရင် ဝိညာဉ်သတ္ထုတွေကို ယူဆောင်လာပါ ”
ဟန်မူယဲ့က စိတ်ရှည်စွာ ရှင်းပြသည်။
စစ်တပ်က ပုထိုင်းတောင်မှ နတ်သားရဲများကို တိုက်ခိုက်ရန် ရောက်လာခြင်း မဟုတ်ပေ။ ယင်းအစား ဝိညာဉ်သတ္ထုများကို ပစ္စည်းကောင်းများဖြင့် လဲလှယ်ပေးရန် ဖြစ်သည်။
သူတို့ကို လာရောက်ကြိုဆိုသော လူသားများက အနည်းငယ် စိတ်ပျက်သွားကြသည်။
သို့သော်လည်း လျောင်ယွမ်မျိုးနွယ်စုက အစားအစာများ၊ အဝတ်အစားများနှင့် လက်နက်တချို့ကို လက်ဆောင်ပေးလိုက်သည့်အခါ သူတို့က ဝမ်းသာပျော်ရွှင်သွားကြသည်။
လက်ဆောင်ပေးပြီးနောက် လျောင်ယွမ်စစ်တပ်က တောင်အောက်ခြေမှာ စတင်စခန်းဆောက်လိုက်ကြသည်။
စခန်းက အလွန်ကြီးမားလေရာ မိုင်သုံးဆယ်ကျယ်ဝန်းသည်။ ကုန်သွယ်ရေးအဖွဲ့က လူစုခွဲလိုက်ကြသည်။
ကုန်သွယ်ရေးအဖွဲ့က စက်ဝိုင်းသဏ္ဍာန် ဝိုင်းဖွဲ့၍ အရှေ့မှာ အမျိုးမျိုးသော ပစ္စည်းများကို ချထားလိုက်သည်။
ပထမအသုတ် ဝိညာဉ်သတ္ထုများက သုံးရက်ကြာပြီးနောက် ရောက်လာသည်။
စုစုပေါင်း သုံးရာကက်တီခန့် ရှိသည်။
သူတို့က ဝိညာဉ်သတ္ထုသုံးရာကက်တီကို ဆန်၊ အသား၊ သွေးမျိုးဆက်ကျောက်တုံးတချို့နှင့် ဓားနှစ်လက်ဖြင့် လဲလှယ်သွားကြသည်။
လူဆယ်ယောက်က ထိုပစ္စည်းများကို သယ်ဆောင်သွားသည့်အခါ ဖော်မပြနိုင်သော ဝမ်းသာပျော်ရွှင်မှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်နေသည်။
ထိုဝိညာဉ်သတ္ထုသုံးရာကက်တီကို လက်နက်အဖြစ် သန့်စင်မည်ဆိုလျှင် အနည်းဆုံး ဓားမော့အလက်နှစ်ဆယ်ခန့် ရရှိလိမ့်မည်။
ထိုဓားမော့အလက်နှစ်ဆယ်သာ အစွမ်းထက်မျိုးနွယ်ဝင်များ၏ လက်ထဲမှာ ရှိမည်ဆိုလျှင် သူတို့က မိစ္ဆာသားရဲများကို ကိုယ့်ဘာသာ ရင်ဆိုင်နိုင်ကြလိမ့်မည်။
ဝိညာဉ်သတ္ထုသုံးရာကက်တီက အစသာ ဖြစ်၏။
နောက်ရက်များတွင် လူသားအုပ်စုများက ဆက်တိုက်ဆိုသလို ရောက်လာကြပြီး ဝိညာဉ်သတ္ထုတစ်ထောင်ကက်တီကို သယ်ဆောင်လာကြသည်။
ကျူးရုန်က တောင်ခြေမှာ လှုပ်ရှားမှုပြုလုပ်လိုက်သည်။
မီးတောက်များက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည့်အခါ ဝိညာဉ်သတ္ထုများက အရည်ပျော်သွားသည်။
ထို့နောက် လျောင်ယွမ်မျိုးနွယ်ဝင်များက သတ္ထုအရည်ကို ပုံသွင်းခြင်း၊ ထုရိုက်ခြင်း၊ နတ်ဘုရားအင်းသင်္ကေတများ ထွင်းထုခြင်း၊ နောက်ဆုံးအချောသတ်ခြင်း အစရှိသော လုပ်ငန်းများကို အဆင့်ဆင့်လုပ်ဆောင်ကြသည်။
ပုထိုင်းတောင်မှ လူသားများ၏ စောင့်ကြည့်မှုအောက်မှာ ထိုဝိညာဉ်သတ္ထုများက လက်နက်အမျိုးမျိုးအဖြစ် ပုံပြောင်းသွားကြသည်။
ထိုမျှသာ မဟုတ်ပေ။ ဟန်မူယဲ့က ပုထိုင်းတောင်၏ သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီမည့် လက်နက်ဒီဇိုင်းများကို ပြောင်းလဲရေးဆွဲပေးခဲ့သည်။
ဓားတို၊ လှံတို၊ ပုဆိန်ငယ်နှင့် ဒူးလေးတို့ ဖြစ်ကြသည်။
ထို့အတူ ယင်းတို့ပေါ်မှ နတ်ဘုရားအင်းသင်္ကေတများသည်လည်း ပြောင်းလဲသွားကြသည်။ လက်နက်များပေါ်မှ အင်းသင်္ကေတများက မီးတောက်သင်္ကေတများ မဟုတ်တော့ဘဲ အအေးဓာတ်ကို အထူးပြုသည်။ ထို့ပြင် ချုပ်နှောင်ခြင်းနှင့် ဖုံးကွယ်ခြင်း နတ်ဘုရားအင်းသင်္ကေတများကိုလည်း ရေးထွင်းပေးခဲ့သည်။
တစ်လကြာပြီးနောက် ဝိညာဉ်သတ္ထုများ လဲလှယ်ခြင်းက ကက်တီတစ်သန်းအထိ ရောက်ရှိသွားသည်။
လျောင်ယွမ်မျိုးနွယ်စုနှင့် ကုန်သွယ်ခဲ့သော မျိုးနွယ်စုများက အရေအတွက်သုံးရာကျော်သည်။
ယင်းက ကျူးရုန်ကို ရှက်ရွံ့မှုအား ခံစားမိစေသည်။
အကယ်၍ ဟန်မူယဲ့သာ သူ့ကို ကုန်သွယ်ရန် အကြံဉာဏ်မပေးခဲ့လျှင် သူက လျောင်ယွမ်စစ်တပ်ကို ပုထိုင်းတောင်ဆီသို့ ရွှေ့ပြောင်းလိမ့်မည်။ ထိုအခါကျလျှင် သူတို့၏ စစ်တပ်က နတ်သားရဲများနှင့် သေချာပေါက် တိုက်ပွဲဖြစ်လိမ့်မည်။
ဖြစ်နိုင်သည်မှာ သူက လူသားမျိုးနွယ်ဒါဇင်ခန့်သာ ကယ်တင်ပေးနိုင်လိမ့်မည်။
ဟန်မူယဲ့ အကြံပေးခဲ့သည့် ကုန်သွယ်ခြင်းက ထိုထက် အများကြီး ပိုထိရောက်မှုရှိသည်။
ထို့ပြင် သူတို့က လက်နက်များ၊ အစားအစာများနှင့် ကျင့်ကြံရန် သွေးမျိုးဆက်ကျောက်တုံးများကို ပိုင်ဆိုင်သွားမှတော့ မည်သို့ကြောင့် နတ်သားရဲများ၏ လက်အောက်မှာ ကျွန်ပြုခံပါဦးမည်နည်း။
နှစ်လကြာပြီးနောက် သေးငယ်သော တိုက်ပွဲတစ်ခုက ပုထိုင်းတောင်ပေါ်မှာ ဖြစ်ပေါ်လာသည်။
အရေအတွက်ငါးဆယ်ကျော်သော လူသားမျိုးနွယ်စုတစ်စုက နတ်သားရဲသွေးမျိုးဆက်ရှိသော အနက်ရောင်ဝက်ဝံတစ်ကောင်ကို လက်နက်များကိုင်ဆွဲ၍ ဝိုင်းရံတိုက်ခိုက်နေကြသည်။
နောက်ဆုံးမှာတော့ မျိုးနွယ်စုတစ်ဝက်ခန့် သေကြေပျက်စီးသွားသည့်အခါ နတ်သားရဲဝက်ဝံက အသတ်ခံလိုက်ရသည်။
အသတ်ခံလိုက်ရသော နတ်သားရဲဝက်ဝံထံမှ သွေးမျိုးဆက်ကျောက်တုံးများ၊ သားရဲလက်သည်းများနှင့် သွားအစွယ်များက လျောင်ယွမ်မျိုးနွယ်စုဆီမှာ ချပ်ဝတ်ငါးစုံနှင့် လျင်မြန်မှု အထူးပြုသော မျောက်ဝံနှစ်ကောင်ဖြင့် လဲလှယ်ခံလိုက်ရသည်။ ထိုမျောက်ဝံနှစ်ကောင်ဖြင့်ဆိုလျှင် သူတို့၏ သွားလာရေးက ပိုပြီးအဆင်ပြေချောမွေ့သွားလိမ့်မည်။
ယင်းက ပုထိုင်းတောင်မှ နတ်သားရဲများနှင့် လူသားမျိုးနွယ်ကြားမှ တိုက်ပွဲအစသာ ရှိသေး၏။
နောက်ပိုင်းတွင် တောင်ခြေအောက်မှ လက်နက်သန့်စင်သူများက အချိန်ပြည့် အလုပ်လုပ်ကြရသည်။
တခြားအရပ်ဒေသများမှာ ပြန့်ကျဲနေသော လျောင်ယွမ်မျိုးနွယ်ဝင်များက မိစ္ဆာသားရဲများကို ဖမ်းဆီးပြီး ထိန်းကျောင်းကြသည်။
တစ်နှစ်အတွင်းမှာပင် ဝိညာဉ်သတ္ထုများက ကက်တီဆယ်သန်းအထိ တောင်ခြေသို့ ပို့ဆောင်ခံလိုက်ရသည်။
ထိုဝိညာဉ်သတ္ထုများက ချပ်ဝတ်အပိုင်းအစတစ်သောင်းကျော်နှင့် လက်နက်တစ်သိန်းခန့်ကို ထုတ်လုပ်ပေးနိုင်ခဲ့သည်။
အစားအစာများ၊ အဝတ်အစားများနှင့် တခြားအရင်းအမြစ်များက တိုက်ပွဲလက်နက်များနှင့် ချပ်ဝတ်များ၏ အရေးပါမှုကို မယှဉ်နိုင်ပေ။
နောက်ပိုင်းတွင် ထိုလူသားမျိုးနွယ်စုများက ချပ်ဝတ်များနှင့် လက်နက်များအတွက်သာ တောင်အောက်ဆင်းလာကြပြီး လဲလှယ်ကြသည်။
“ ဒီကုန်သွယ်မှုက ပုထိုင်းတောင်ပေါ်က နတ်သားရဲတွေကို စိန်ခေါ်သလို ဖြစ်သွားလိမ့်မယ်လို့ အစက ငါထင်ခဲ့တာ… ဒါပေမဲ့ အခုကြည့်ရတာ ငါ့အတွေးက မှားယွင်းနေပုံပဲ ”
ကျူးရုန်က လက်နက်လဲလှယ်ပြီး ပျော်ရွှင်စွာ ထွက်ခွာသွားကြသော လူသားများကို ကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။
ပုံမှန်ဆိုလျှင် နတ်သားရဲများက လူသားမျိုးနွယ် အင်အားကြီးမားလာသည်ကို ခွင့်မပြုသင့်ဘူး မဟုတ်ပါလော။
ယခု လူသားမျိုးနွယ်က အင်အားကြီးမားလာသော်လည်း ထိုနတ်သားရဲများက သူတို့ကို လာရောက်မတားဆီးကြချေ။
သူတို့နှင့် စာချုပ်ချုပ်ထားသော တိုတမ်နတ်သားရဲများသည်ပင် ၎င်းတို့၏ ကိုယ်ပိုင်မျိုးနွယ်စုကို ထောက်ခံအားပေးကြသည်။ တိုတမ်နတ်သားရဲများက သတ္ထုတူးဖော်ခြင်းတွင် လူသားများကို အကူအညီပေးကြသည်။
“ မင်းတစ်ခုမေ့နေတယ်… ဒီနေရာက နတ်သားရဲတွေအားလုံးက အဆင့်မတူကြဘူး… တကယ်အစွမ်းထက်တဲ့ နတ်သားရဲတွေက ပုထိုင်းတောင်ရဲ့ အလယ်ပိုင်းဧရိယာမှာ နေထိုင်ကြတယ်… အပြင်ဘက်က နတ်သားရဲတွေက ထင်သလောက် မသန်မာကြဘူး ”
ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး အဝေးမှ ပုထိုင်းတောင်ကို ကြည့်လိုက်သည်။
ထုံးစံအားဖြင့် အားနည်းသော နတ်သားရဲများဆီမှာလည်း အခက်အခဲများ ကိုယ်စီရှိကြသည်။
၎င်းတို့က ပိုမိုများပြားသော အရင်းအမြစ်များကို လိုချင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်သွေးမျိုးဆက်ကို အဆင့်မြှင့်ချင်ကြသည်။
အကယ်၍ ၎င်းတို့၏ လက်အောက်မှ လူသားမျိုးနွယ်က ပိုပြီးသန်မာလာမည်ဆိုလျှင် ၎င်းတို့ရရှိနိုင်သော အရင်းအမြစ်များက ပိုပြီးများပြားလာလိမ့်မည် မဟုတ်ပါလော။
ဤနေရာမှ လူသားမျိုးနွယ်စုများက တိုတမ်နတ်သားရဲများကို ဆန့်ကျင်ပုန်ကန်ခဲ့သော လျောင်ယွမ်မျိုးနွယ်စုနှင့် မတူညီပေ။ သူတို့က တိုတမ်နတ်သားရဲများနှင့် ပူးပေါင်းဆောင်ရွက်ကြသည်။ မျိုးနွယ်စုက ပိုပြီးသန်မာလေ တိုတမ်နတ်သားရဲများက ပိုပြီး အကျိုးအမြတ်ရရှိလေပင်။
သူတို့၏ ချဉ်းကပ်ပုံများက မတူညီသော်လည်း ရည်မှန်းချက်က အတူတူသာ ဖြစ်၏။ သူတို့က မျိုးနွယ်စုကို ပိုပြီးအင်အားကြီးမားစေချင်သည်။
သို့တိုင် ကျူးရုန်နှင့် လျောင်ယွမ်မျိုးနွယ်ဝင်များ၏ အမြင်မှာ ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းက ကျွန်ပြုခံရခြင်းနှင့် မခြားပေ။
သို့သော်လည်း ပုထိုင်းတောင်မှ လူသားမျိုးနွယ်စုများက ထိုသို့မတွေးကြပေ။
ပုထိုင်းတောင်က အရင်းအမြစ်ရှားပါးပြီး သူတို့၏ လူဦးရေက အလွန်နည်းပါးသည်။ သို့ဖြစ်၍ သူတို့အတွက် အကောင်းမွန်ဆုံး အထောက်အပံ့က တိုတမ်နတ်သားရဲများ ဖြစ်ကြသည်။
သို့ဖြစ်လေရာ သူတို့က တိုတမ်နတ်သားရဲများ၏ လက်အောက်မှ ရုန်းထွက်ပြီး ကိုယ့်ဘာသာ ရပ်တည်ရန် မစဉ်းစားကြချေ။
မတူညီသော မျိုးနွယ်စုများဆီမှာ မတူညီသော အသက်ရှင်သန်ရေးနည်းလမ်းများ ရှိသည်။
လူသားမျိုးနွယ်က တိုတမ်နတ်သားရဲများ၏ လက်အောက်မှာ အေးချမ်းစွာ အသက်ရှင်နိုင်မည်ဆိုလျှင် မည်သို့ကြောင့် တိုတမ်နတ်သားရဲများကို စွန့်ပစ်ရမည်နည်း။
ထို့ပြင် အရေးကြီးဆုံးက တောတွင်းဥပဒေ ဖြစ်သည်။ အင်အားကြီးမားသူများက မည်သည့်နေရာတွင်မဆို အလေးပေးခံရလိမ့်မည်။
အကယ်၍ မျိုးနွယ်စု၏ အင်အားက တိုတမ်နတ်သားရဲများထက် ကျော်လွန်သွားမည်ဆိုလျှင် သူတို့က နောက်ထပ် ကျွန်ပြုခံပါတော့မည်လော။
ထိုအချိန်ကျလျှင် နှစ်ဖက်အင်အားစုကြားမှ ဆက်ဆံရေးက ပြောင်းလဲသွားလိမ့်မည်။
ပုထိုင်းတောင်အောက်မှ ကုန်သွယ်ရေးအဖွဲ့က တဖြည်းဖြည်း ပိုပြီးကျယ်ပြန့်လာသည်။
အစတွင် ကုန်သွယ်ရေးအဖွဲ့က မီတာသုံးဆယ်ဧရိယာကိုသာ သိမ်းပိုက်ထားသော်လည်း ယခု မီတာနှစ်ရာအထိ တိုးချဲ့သွားသည်။
ဤနေရာမှာ အခြေချနေထိုင်ကြသော လျောင်ယွမ်မျိုးနွယ်ဝင်အရေအတွက်က တစ်သောင်းအထိ ရှိလာသည်။
ကုန်သွယ်ရေးယာဉ်တန်းသည် လစဉ်လတိုင်း လျောင်ယွမ်မျိုးနွယ်စုမှ ရောက်ရှိလာလိမ့်မည်။
ထို့ကြောင့် ဤနေရာ၌ လျောင်ယွမ်မျိုးနွယ်စု၏ နယ်မြေချဲ့ထွင်မှုက အလွန်မြန်ဆန်သည်။
အရင်းအမြစ်များ စုဆောင်းခြင်း၊ လက်နက်သန့်စင်ခြင်းကို ဤနေရာမှာ တွင်ကျယ်စွာ ပြုလုပ်ကြသည်။ ထို့နောက် သူတို့က ယင်းတို့ကို ပင်မလျောင်ယွမ်မျိုးနွယ်စုဆီသို့ ပို့ဆောင်လိမ့်မည်။
ပုထိုင်းတောင်မှ မျိုးနွယ်စုများသည် အရေအတွက်များပြားသော ချပ်ဝတ်များကို အသုံးမပြုနိုင်ကြချေ။
ပုထိုင်းတောင်တစ်ခုတည်း မဟုတ်ပေ။ လျောင်ယွမ်မျိုးနွယ်ဝင်များသည်ပင် ထိုမျှများပြားသော ချပ်ဝတ်များကို အသုံးမပြုနိုင်ကြချေ။
ဆယ်နှစ်ကြာပြီးနောက် ပုထိုင်းတောင်အောက်မှာ နေထိုင်ကြသော လျောင်ယွမ်မျိုးနွယ်ဝင်အရေအတွက်က သုံးသိန်းအထိ တိုးမြှင့်သွားသည်။
ပင်မလျောင်ယွမ်မျိုးနွယ်စု၏ လူဦးရေက တစ်သန်းအထိ တိုးမြှင့်သွားသည်။
ချပ်ဝတ်များနှင့် လက်နက်များက ပုထိုင်းတောင်အောက်၌ တောင်ကုန်းတစ်ခုနှယ် စုပုံနေပြီး အများစုကို ဟန်မူယဲ့က သူ၏ သိုလှောင်အိတ်ထဲမှာ သိမ်းဆည်းထားသည်။
“ မျိုးနွယ်စုခေါင်းဆောင်… ကျူးထျန်းက သတင်းလှမ်းပို့ပါတယ်… ရှေးဦးအပျက်အစီးတောအုပ်ထဲက မျိုးနွယ်စုကြီးတချို့က ကျုပ်တို့ရဲ့ လျောင်ယွမ်မျိုးနွယ်စုဆီ ဆက်သွယ်လာပြီး ကိုယ်ပိုင်အုပ်စုတွေခွဲဖို့ ညွှန်ကြားပါတယ် ”
ယခု ရောက်ရှိလာသော ကုန်သွယ်ရေးယာဉ်တန်းက ထိုသတင်းကို သယ်ဆောင်လာသည်။
မျိုးနွယ်စုကို ခွဲထုတ်ရမှာလား။
လူသားမျိုးနွယ်စုတစ်စု၏ လူဦးရေက တစ်သန်းအထိ တိုးမြှင့်သွားသည့်အခါ နတ်သားရဲမျိုးနွယ်စုများက ကြားဝင်နှောင့်ယှက်လာလိမ့်မည်။
မျိုးနွယ်စုကို ကိုယ့်ဘာသာ ခွဲထုတ်မည်လော သို့မဟုတ် နတ်သားရဲများ၏ အဖျက်အဆီးခံမည်လော။
“ ကျူးထျန်းက လျောင်ယွမ်မျိုးနွယ်စုကို နှစ်ပိုင်းခွဲဖို့ အကြံဉာဏ်ပေးပါတယ် ”
သတင်းလာပို့သူက ကျူးရုန်ကို ကြည့်လိုက်ပြီး ပြောသည်။
ကျူးရုန်၏ မျက်နှာက တဖြည်းဖြည်း သုန်မှုန်သွားသည်။
အနီးနားဝန်းကျင်မှ လျောင်ယွမ်မျိုးနွယ်ဝင်များသည်လည်း စိတ်အားငယ်သွားကြသည်။
“ ဆရာဟန်… ခင်ဗျားပြောသလို ရွေးချယ်မှုပြုလုပ်ဖို့ အချိန်ကျလာပြီ ”
ကျူးရုန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။
နောက်ဆုံးတွင် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရတော့မည်။
သူတို့က ရှေးဦးအပျက်အစီးတောအုပ်၏ အစဉ်အလာအတိုင်း လိုက်နာပြီး မျိုးနွယ်စုကို ခွဲထုတ်မည်လော။ သို့မဟုတ် သူတို့က မျိုးနွယ်စု၏ အလုံးစုံအင်အားကို ထုတ်ဖော်ပြပြီး ပုန်ကန်မည်လော။
လူတိုင်း၏ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်လာသည်။