အခန်း (၁၅၃၅)
Vol. 110 Ch. 1535
လျောင်ယွမ်မျိုးနွယ်စု မြင့်တတ်လာသည့်အချိန်မှစ၍ အရေးကြီးသော ဆုံးဖြတ်ချက်များကို ဟန်မူယဲ့သာလျှင် ဆုံးဖြတ်သည်။
အဘယ့်ကြောင့်ဆိုသော် ဟန်မူယဲ့၏ အမြော်အမြင်က လျောင်ယွမ်မျိုးနွယ်စုထဲမှ လူတိုင်းထက် သာလွန်သည်။
ဟန်မူယဲ့က ထိုလူများကို ဝေ့ဝိုက်ကြည့်လိုက်သည်။
ယခု မျိုးနွယ်စုခေါင်းဆောင်ကျူးရုန်က အဆင့်မြင့်နတ်သားရဲများကို အနိုင်ယူနိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။
အကယ်၍ သူသာ မျိုးနွယ်စုတစ်ခုလုံး၏ စွမ်းအားကို လှုံ့ဆော်လိုက်မည်ဆိုလျှင် သူ့ကိုယ်ပိုင်တိုက်ပွဲစွမ်းအားက အဆပေါင်းများစွာ ပိုပြီးမြင့်တတ်သွားလိမ့်မည်။
ကျူးရုန်၏ အနောက်မှ လျောင်ယွမ်မျိုးနွယ်ဝင်များသည် အဆင့်နိမ့်နတ်သားရဲတစ်ကောင်နှင့် ယှဉ်ပြိုင်နိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
ယင်းက အနက်ရောင်ချပ်ဝတ်နှင့် မျိုးနွယ်စုခေါင်းဆောင်ကျူးရုန်ထံမှ ဝေမျှထားသော မီးတောက်မူလစွမ်းအား၏ အကူအညီကြောင့် ဖြစ်သော်လည်း အဆင့်နိမ့်နတ်သားရဲများကို ရင်ဆိုင်ခြင်းက သူတို့အတွက် ပြဿနာမဟုတ်ပေ။
အတိတ်တွင် မျိုးနွယ်စုခေါင်းဆောင်ကျူးရုန် အပ်နှင်းပေးခဲ့သော မီးတောက်တိုတမ်အမှတ်အသားကြောင့် လျောင်ယွမ်မျိုးနွယ်စုက အမှန်တကယ် အင်အားကြီးမားလာခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင်ကျူးရုန်က ပိုပြီးသန်မာလေ မျိုးနွယ်စုက ပိုပြီးအင်အားကြီးမားလေ ဖြစ်၏။
“ ကျူးရုန်… လျောင်ယွမ်မျိုးနွယ်စုရဲ့ အနာဂတ်က မင်းရဲ့ လက်ထဲမှာ ရှိသင့်တယ် ”
ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ကျူးရုန်ကို ကြည့်ကာ ပြောသည်။
အနာဂတ်က ငါတို့လက်ထဲမှာလား… ။
ခေါင်းဆောင်ကျူးရုန်နှင့် သူ့အနောက်မှ အစွမ်းထက် စစ်သည်တော်များက တဒင်္ဂ အံ့ဩသွားကြသည်။
“ ဆရာဟန်က ကျုပ်တို့ကို နောက်ထပ် ကူညီမပေးတော့ဘူးလား ”
“ ဒီတစ်ကြိမ်က ကျုပ်တို့လျောင်ယွမ်မျိုးနွယ်စုအတွက် အရေးကြီးဆုံး ရွေးချယ်မှုကို ပြုလုပ်ရတော့မယ့်အချိန်ပါ… ဘာလို့ ဆရာဟန်က ကျုပ်တို့ကို လျစ်လျူရှုနိုင်တာလဲ ”
လျောင်ယွမ်မျိုးနွယ်ဝင်နှစ်ယောက်က စိုးရိမ်တကြီး ပြောသည်။
ဟန်မူယဲ့က စကားပြန်မပြောဘဲ ကျူးရုန်ကို ကြည့်လိုက်သည်။
ကျူးရုန်က နှုတ်ဆိတ်နေစဉ် သူ၏ အရှိန်အဝါက ပရမ်းပတာ လှုပ်ခတ်နေသည်။
အချိန်တစ်ခဏကြာပြီးနောက် နောက်ဆုံးမှာ သူက ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူက ဘေးပတ်ဝန်းကျင်မှ လူတိုင်းကို လှည့်ကြည့်လိုက်သည်။
“ ကျုပ်ပြန်လာတာကို စောင့်ပါ ”
ထိုသို့ပြောပြီးနောက် ကျူးရုန်က အနောက်လှည့်၍ တဲအိမ်ထဲမှ ထွက်သွားသည်။
သူ ဘယ်သွားတာလဲ… ။
တဲအိမ်ထဲမှ လူတိုင်းက အပြင်ထွက်သွားသော ခေါင်းဆောင်ကျူးရုန်ကို ကြည့်နေရင်း ဇဝေဇဝါဖြစ်သွားကြသည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး ခေါင်းခါလိုက်သည်။ သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်အလင်းလွှာတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
အလင်းလွှာပေါ်တွင် ကျူးရုန်က အတောင်ပံပါကျားနက်ပေါ်သို့ ခုန်တတ်လိုက်သည်။ အတောင်ပံပါကျားနက်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး အတောင်ပံတဖျပ်ဖျပ်ခတ်ကာ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
သူက ပုထိုင်းတောင်ဆီသို့ ဦးတည်သွားသည်။
သူက ပုထိုင်းတောင်မှာ ဘာသွားလုပ်မလို့လဲ… ။
အတောင်ပံပါကျားနက်က မြန်ဆန်စွာ ပျံသန်းနေလေရာ အလင်းလွှာပေါ်မှ မြင်ကွင်းက ဆက်တိုက် ပြောင်းလဲနေသည်။
“ ဗုန်း ”
သူ့အရှေ့တွင် လမ်းပိတ်နေသော နတ်ငှက်တစ်ကောင်ကို ကျူးရုန်က လက်သီးဖြင့် ထိုးလွှတ်လိုက်သည်။
“ သူ… သူက ပုထိုင်းတောင်မှာ အမဲလိုက်နေတာလား ”
အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လျောင်ယွမ်မျိုးနွယ်ဝင်တစ်ယောက်က အံ့ဩစွာ တီးတိုးရေရွတ်လိုက်သည်။
အမဲလိုက်တယ်… ။
သူတို့က ဤနေရာသို့ ကုန်သွယ်ရန် ရောက်လာကြခြင်းဖြစ်လေရာ နတ်သားရဲများကို အမဲလိုက်ခြင်းက အလွန်ရှားပါးသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။
မည်သို့ဖြစ်ပါစေ စီးပွားရေးလုပ်သည့်အခါ တည်ငြိမ်သော ပတ်ဝန်းကျင်က အကောင်းဆုံး မဟုတ်ပါလော။
ဖြစ်နိုင်မည်ဆိုလျှင် တိုက်ပွဲများကို ရှောင်ကြဉ်သင့်သည်။
“ ဗုန်း ”
အလင်းလွှာပေါ်တွင် ကျူးရုန်က နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။
သူက လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေရာ ရွှေရောင်မီးနဂါးများက ဆက်တိုက် ပေါ်လျှိုးထွက်လာကြသည်။
မီးနဂါးများက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး အရှေ့၌ လမ်းပိတ်နေကြသော နတ်သားရဲအားလုံးကို ချေမှုန်းပစ်လိုက်သည်။
သို့သော် ခေါင်းဆောင်ကျူးရုန်က ၎င်းတို့ကို အမြစ်ဖြတ်မသုတ်သင်ခဲ့ပေ။ သူက လမ်းရှင်းပြီးနောက် ထပ်မံ မလှုပ်ရှားတော့ချေ။
သူက အတောင်ပံပါကျားနက်ကို စီးနင်း၍ အရှေ့သို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာ လမ်းပိတ်ထားကြသော နတ်သားရဲများက အရေအတွက် ပိုများပြားလာသလို ပိုပြီးအစွမ်းထက်လာကြသည်။
သို့သော်လည်း နတ်သားရဲများက မည်မျှအားကောင်းပြီး မည်မျှအရေအတွက်များပြားပါစေ ကျူးရုန်၏ လမ်းကြောင်းကို မရပ်တန့်နိုင်ကြချေ။
အလင်းလွှာမှတဆင့် ကြည့်ရှုနေကြသော လျောင်ယွမ်မျိုးနွယ်ဝင်များက နှလုံးခုန်မြန်လာသည်။
သူတို့ခေါင်းဆောင်၏ တိုက်ပွဲစွမ်းအားက ထိုမျှကြောက်စရာကောင်းသော အဆင့်ထိ ရောက်ရှိနေသည်လော။
“ ဗုန်း ”
ဟင်းလင်းပြင်ထဲတွင် ပေတစ်ရာရှည်လျားသော ဧရာမဝံပုလွေလက်သည်းတစ်ခုက အောက်သို့ ရက်စက်ကြမ်းတမ်းစွာ ကျဆင်းလာသည်။
အေးစက်စက်အရှိန်အဝါက ဝံပုလွေလက်သည်းမှ ထုတ်လွှတ်နေသည်။
ဤအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ချိပ်ပိတ်ခံလိုက်ရသည့်အလား မိုးမြေစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။
အဆင့်မြင့်နတ်သားရဲတစ်ကောင်… ။
အဆင့်မြင့်နတ်သားရဲတစ်ကောင်သာလျှင် ထိုမျှကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်။
တဲအိမ်ထဲမှ လျောင်ယွမ်မျိုးနွယ်ဝင်အားလုံးက အသက်မရှူဝံ့ကြတော့ချေ။
သို့သော်လည်း ဟန်မူယဲ့က အေးဆေးတည်ငြိမ်သည်။
ထိုအဆင့်စွမ်းအားက ကျူးရုန်ကို ရပ်တန့်ရန် မလုံလောက်ချေ။
အလင်းလွှာထဲတွင် ကျူးရုန်က လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။
ရွှေရောင်လက်သီးက ပေတစ်ရာရှည်လျားသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝံပုလွေလက်သည်းဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
ဝံပုလွေလက်သည်းက တိုက်ရိုက် ဖျက်ဆီးခံလိုက်ရပြီး ရွှေရောင်လက်သီးပုံရိပ်က ဟင်းလင်းပြင်ထဲသို့ ဆက်လက် ဦးတည်သွားသည်။ မကြာမီ နာကျင်သော ဆွဲငင်အူသံက ကောင်းကင်နှင့် မြေပြင်ကြားမှာ ပဲ့တင်ထပ်သွားသည်။
“ ဘန်း ”
“ ဘန်း ”
လေထဲမှ နတ်သားရဲဒါဇင်ခန့်က ရွှေရောင်လက်သီးပုံရိပ်ကြောင့် မြေပြင်ပေါ်သို့ ဆက်တိုက် ပြုတ်ကျသွားကြသည်။
ထိုလက်သီးက အစောနက ပရမ်းပတာဖြစ်နေသော မိုးမြေကို ပြန်ငြိမ်သက်သွားစေသည်။
ဟင်းလင်းပြင်ထဲတွင် နတ်သားရဲတချို့က ဟိန်းဟောက်လိုက်ကြသည်။
လမ်းပိတ်ထားကြသော နတ်သားရဲများက အမိန့်တစ်ခုရရှိသွားသည့်အလား ဒီရေသဖွယ် ချက်ချင်း အနောက်ဆုတ်သွားကြသည်။
ခေါင်းဆောင်ကျူးရုန်က အတောင်ပံပါကျားနက်ကို စီးနင်း၍ ပုထိုင်းတောင်၏ အမြင့်ဆုံး တောင်ထိပ်ပေါ်သို့ ဦးတည်သွားသည်။
ယင်းက ပုကျိုးတောင်ထိပ်ဖြစ်ပြီး တိမ်တိုက်များနှင့် ထိစပ်နေသောနေရာ ဖြစ်သည်။
“ အဲ့ဒါက ပုထိုင်းတောင်ရဲ့ အမြင့်ဆုံး နေရာဖြစ်တဲ့ ပုကျိုးတောင်ထိပ် မဟုတ်လား ”
“ ပုထိုင်းတောင်ရဲ့ အသန်မာဆုံး နတ်သားရဲတွေက ပုကျိုးတောင်ထိပ်ပေါ်မှာ နေထိုင်ကြတယ်လို့ ပြောကြတယ်… ခေါင်းဆောင်ကျူးရုန်က ပုကျိုးတောင်ထိပ်ပေါ်က နတ်သားရဲတွေကို သွားစိန်ခေါ်မလို့လား ”
တဲအိမ်ထဲတွင် လျောင်ယွမ်မျိုးနွယ်ဝင်များက တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကြသည်။
နတ်သားရဲများသည် တစ်ကောင်နှင့်တစ်ကောင် စွမ်းအားမတူညီကြချေ။၊
၎င်းတို့ထဲမှ အသန်မာဆုံး နတ်သားရဲများ၏ ခွန်အားက စိတ်ကူးမယဉ်နိုင်အောင် ကြောက်စရာကောင်းသည်။
ခေါင်းဆောင်ကျူးရုန်က သန်မာသော်လည်း ပုကျိုးတောင်ထိပ်ပေါ်မှ အစွမ်းထက်နတ်သားရဲများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် အားနည်းနေသေးသည် မဟုတ်ပါလော။
“ ဝီး ”
ဟင်းလင်းပြင်က တုန်ယင်သွားပြီး အလင်းလွှာက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
ယင်းက မိုးမြေစွမ်းအား၏ တိုက်ခိုက်မှု ဖြစ်သည်။ သို့ဖြစ်၍ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက ပြိုကွဲသွားသည်။
အလင်းလွှာရှိနေသော တဲအိမ်က တိုက်ရိုက် ပျက်စီးသွားသည်။
နေရာမှာ ရပ်နေကြသော လျောင်ယွမ်မျိုးနွယ်ဝင်များက စိုးရိမ်ကြောင့်ကြစွာ ပြောသည်။
သူတို့က တစ်ဖက်မှ တိုက်ပွဲကို မမြင်နိုင်တော့ပေ။ ယင်းက သူတို့ကို ပိုပြီးစိုးရိမ်ပူပန်စေသည်။
“ ဆရာဟန်… ကျုပ်တို့ ဘာလုပ်သင့်လဲ ”
“ ကျုပ်တို့တွေ လူစုပြီးတော့ ခေါင်းဆောင်ကျူးရုန်ကို သွားကယ်ရမလား ”
“ ဟုတ်တယ်… ကျုပ်တို့ရဲ့ စစ်တပ်နဲ့ဆိုရင် ခေါင်းဆောင်ကျူးရုန်က ပိုပြီးသန်မာလာလိမ့်မယ် ”
လူတိုင်းက စိုးရိမ်ကြောင့်ကြသော အမူအရာဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က အေးဆေးတည်ငြိမ်စွာ လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“ ငါ တစ်ချက်သွားကြည့်ဦးမယ် ”
သူ၏ စကားဆုံးသွားသည်နှင့် ဟန်မူယဲ့က နေရာမှ ပျောက်ကွယ်သွားသည်။
အမှန်မှာ ပုကျိုးတောင်ထိပ်မှ ထုတ်လွှတ်လိုက်သော မူလစွမ်းအားသည် ဤနေရာမှ အလင်းလွှာကို ပျက်စီးသွားစေရန် မစွမ်းဆောင်နိုင်ပေ။
သူက တမင်ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်၏။
ဟန်မူယဲ့က ကျူးရုန်နှင့် အစွမ်းထက်နတ်သားရဲများကြားမှ တိုက်ပွဲကို လျောင်ယွမ်မျိုးနွယ်ဝင်များအား မပြချင်ပေ။
အဘယ့်ကြောင့်ဆိုသော် အဆင့်မြင့်နတ်သားရဲများ၏ အံ့ဖွယ်စွမ်းအားက ထိုမျိုးနွယ်ဝင်များ၏ နှလုံးသားထဲမှာ အကြောက်တရားကို မွေးမြူစေနိုင်သောကြောင့် ဖြစ်၏။
တစ်စုံတစ်ယောက်၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော အရာများကို စောစီးစွာ တွေ့ကြုံခြင်းသည် ကောင်းမွန်သောအရာ မဟုတ်ပေ။
ဟန်မူယဲ့က လေဟာနယ်ကို ဖြတ်သန်းသွားသည်။ သို့သော်လည်း မည်သည့်နတ်သားရဲမှ သူ၏ တည်ရှိမှုကို အာရုံမခံနိုင်ကြပေ။
သူက ပုကျိုးတောင်ထိပ်၏ အပြင်ဘက် မိုင်တစ်ထောင်အကွာအဝေးအတွင်းသို့ ဝင်ရောက်လာသော်လည်း မည်သည့်နတ်သားရဲမှ သူ၏ အရှေ့မှာ မထွက်ပေါ်လာကြချေ။
သူက ပုကျိုးတောင်ထိပ်နှင့် မိုင်အနည်းငယ်အကွာမှာ ရပ်နေရင်း တိုက်ပွဲကို ကြည့်ရှုနေသည်။
ကျူးရုန်က အတောင်ပံပါကျားနက်ကို စီးနင်းထားရင်း စစ်ပွဲလှံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ မီးနဂါးဆယ်ကောင်က သူ၏ ဘေးမှာ လှည့်ပတ်နေကြသည်။
သူ၏ အရှေ့တွင်တော့ နတ်သားရဲသုံးကောင်က မတ်တတ်ရပ်နေကြပြီး သူ့အား ပိုင်ကျိုးတောင်ထိပ်ဆီသို့ ရှေ့ဆက်မသွားနိုင်ရန် တားဆီးနေကြသည်။ သို့သော်လည်း ထိုနတ်သားရဲသုံးကောင်က ကျူးရုန်၏ လမ်းကြောင်းကို မရပ်တန့်နိုင်ကြပေ။
၎င်းတို့ထဲမှ တစ်ကောင်က လေပွေနတ်သားရဲဖြစ်ပြီး လေဒြပ်စင်နှင့် ရေဒြပ်စင်မူလစွမ်းအားကို အသုံးပြုနိုင်သည်။ အခြားတစ်ကောင်က ဦးချိုတစ်ချောင်းနတ်သားရဲဖြစ်ပြီး မြေကြီးဒြပ်စင်မူလစွမ်းအားကို အသုံးပြုနိုင်သည်။ နောက်ဆုံးတစ်ကောင်သည်တော့ မီးတောက်နတ်သားရဲဖြစ်ပြီး မီးတောက်မူလစွမ်းအားကို ထိန်းချုပ်နိုင်သည်။
၎င်းတို့သုံးကောင်သည် အံ့မခန်းစွမ်းအားကို ပိုင်ဆိုင်ထားကြသော အဆင့်မြင့်နတ်သားရဲများ ဖြစ်ကြသည်။ အထူးသဖြင့် လေနှင့်မီး ပေါင်းစပ်သွားသည့်အခါ မီးတောက်လေပွေများ ထွက်ပေါ်လာကြသည်။ ထိုမီးတောက်လေပွေများက ကျူးရုန်၏ ဘေးမှ ရွှေရောင်မီးနဂါးများဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
နတ်သားရဲသုံးကောင်က သန်မာသော်လည်း ကျူးရုန်က ၎င်းတို့ထက် ပိုပြီးသန်မာသည်။
သူက လှံတစ်ချက် ထိုးလွှတ်လိုက်လေရာ ၎င်းတို့သုံးကောင်အနက် ခုခံကာကွယ်မှုအကောင်းဆုံးဖြစ်သော ဦးချိုတစ်ချောင်းနတ်သားရဲက အဝေးသို့ လွင့်စင်သွားသည်။ ၎င်းက ကျူးရုန်ထံမှ လှံတိုက်ခိုက်မှုတစ်ကွက်ကိုပင် မတောင့်ခံနိုင်ခဲ့ပေ။
မီးနဂါးများ အနောက်သို့ ကန်ထုတ်ခံလိုက်ရသည်နှင့် မီးတောက်နတ်သားရဲက ကျူးရုန်ထံမှ မီးတောက်ကို ဝါးမျိုရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း ၎င်း၏ စွမ်းအားက မလုံလောက်လေရာ ၎င်း၏ မီးတောက်များသာ ငြိမ်းသတ်ခံလိုက်ရသည်။
အကယ်၍ လေပွေနတ်သားရဲသာ အမြန်ထွက်မပြေးသွားလျှင် ၎င်းသည်လည်း ကျူးရုန်၏ အဖမ်းခံရလိမ့်မည်။
ကျူးရုန်က အရှေ့သို့ ဆက်ပြီး ချီတတ်သွားသည်နှင့် ပိုပြီးအစွမ်းထက်သော နတ်သားရဲများက ပုကျိုးတောင်ထိပ်ပေါ်မှ ဆင်းသက်လာကြသည်။
၎င်းတို့ထဲမှ တစ်ကောင်က မီးတောက်ချီလင်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက ၎င်း၏ ဧရာမခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ ၎င်းက မီးတောက်မူလစွမ်းအားကို အသုံးပြု၍ ကျူးရုန်ကို တိုက်ခိုက်လိုက်သည်။
တခြားတစ်ကောင်က ရေခဲတိမ်ဖီးနစ်ဖြစ်ပြီး ရေခဲအလွှာများက ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ၎င်း အတောင်ပံခတ်လိုက်သည်နှင့် ရေခဲတုံးများက ကောင်းကင်ပေါ်မှ ဆက်တိုက် ကျဆင်းလာကြသည်။
ရှေးဦးအပျက်အစီးတောအုပ်သည် ရှေးခေတ်ဘိုးဘေးများ နေထိုင်ခဲ့သော ကုန်းမြေဖြစ်သည်။
ဤနေရာမှာ ကောင်းကင်ဘုံတာအို၏ ဖိနှိပ်မှုက အလွန်ကြီးမားသည်။ သို့ဖြစ်၍ မိစ္ဆာသားရဲများနှင့် အဆင့်နိမ့်နတ်သားရဲများသည် မိုးမြေစွမ်းအားကို မလှုံ့ဆော်နိုင်ကြချေ။ အစွမ်းထက်မိစ္ဆာသားရဲများသည်ပင် မီးဘောလုံးကို မမှုတ်ထုတ်နိုင်ကြချေ။
သို့သော်လည်း ပုကျိုးတောင်ထိပ်ပေါ်မှ နတ်သားရဲများသည် လေ၊ မိုးကြိုး၊ ရေ၊ မီး အစရှိသော ဒြပ်စင်များကို အလွယ်တကူ ထုတ်လွှတ်နိုင်ကြသည်။
ယင်းက မူလစွမ်းအားဖြစ်သည်။
မူလစွမ်းအား ပေါကြွယ်ဝသော နတ်သားရဲများကို ကမ္ဘာဦးလောကသည်ပင် မဖိနှိပ်နိုင်ပေ။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေရင်း ကျူးရုန်နှင့် ထိုနတ်သားရဲများကြားမှ တိုက်ပွဲကို ကြည့်ရှုနေသည်။ ထိုစဉ် နက်နဲသိမ်မွေ့သော အလင်းတန်းတစ်ခုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
လူသားမျိုးနွယ်၏ ခွန်အားက မိုးမြေစွမ်းအား ချေးငှားမှုပေါ်မှာ အခြေခံသည်။ ယင်းက မိုးမြေ၏ မပြောင်းလဲသွားသော စည်းမျဉ်းဖြစ်သည်။
တိုက်ပွဲဝင်္ကပါများဖြစ်စေ သို့မဟုတ် အနက်ရောင်ချပ်ဝတ်များဖြစ်စေ ယင်းတို့အားလုံးက မိုးမြေစွမ်းအား၏ ထိန်းချုပ်မှုအောက်မှာသာ ရှိသည်။
သို့သော်လည်း နတ်သားရဲများ အထူးသဖြင့် အဆင့်မြင့်နတ်သားရဲများသည် မိုးမြေ၏ ထိန်းချုပ်မှုကို မခံကြရချေ။
သို့ဆိုလျှင် နတ်သားရဲများက ရှေးဦးအပျက်အစီးတောအုပ်ကို စွန့်ပစ်သွားခြင်းလော သို့မဟုတ် ရှေးဦးအပျက်အစီးတောအုပ်က နတ်သားရဲများကို စွန့်ပစ်သွားခြင်းလော။
ဖြစ်နိုင်သည်မှာ ထိုအကြောင်းကြောင့် ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ် အင်အားကြီးမားလာနေသည်ကို မိုးမြေစွမ်းအားက မတားဆီးခြင်းလော။
ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ မိုးမြေစွမ်းအားက ပုကျိုးတောင်ပေါ်သို့ အာရုံစိုက်နေကြောင်း သူအာရုံခံမိသည်။
ယင်းက ပုံရိပ်ယောင်စွမ်းအား ဖြစ်သည်။
ဒြပ်ထည်မရှိပေ။
“ ဗုန်း ”
ထိုစဉ် ကျူးရုန်က ပထမဆုံးအကြိမ် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။
ယခု သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်မှာ ဧရာမဝက်ဝံနက်တစ်ကောင် ဖြစ်သည်။
ဝက်ဝံနက်၏ ခန္ဓာကိုယ်က ပေတစ်ရာရှည်လျားပြီး ၎င်းက အံ့ဖွယ်ကောင်းသော သွေးချီစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ လက်သီးတစ်ချက်က ကျူးရုန်ကို ပေတစ်ထောင်အကွာအဝေးသို့ လွင့်စင်သွားစေသည်။
သို့သော်လည်း ကျူးရုန်က မကြောက်ရွံ့သွားချေ။ ယင်းအစား သူ၏ တိုက်ပွဲစိတ်ဆန္ဒက နိုးကြားလာသည်။
သွေးဆာသော အရှိန်အဝါက မြှောက်တတ်လာသည်နှင့် သူ၏ စစ်ပွဲလှံက ရောင်ခြည်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ ရွှေရောင်ပုံရိပ်တစ်ခုက သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။
ထိုပုံရိပ်က ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး ပေတစ်ရာရှည်လျားသည်။
ယင်းက ရှေးဦးအပျက်အစီးတောအုပ်ထဲ၌ မြင်တွေ့ရခဲသော စွမ်းအားဖြစ်သည်။