အခန်း (၁၅၃၆)
Vol. 110 Ch. 1536
ရွှေရောင်စစ်ဗိုလ်ချုပ် တိုက်ခိုက်လိုက်သည့်အခါတိုင်း ဝက်ဝံနက်က အနောက်သို့ လွင့်စင်သွားသည်။ ယခု ၎င်းက ခုခံကာကွယ်ရုံသာ တတ်စွမ်းတော့သည်။
ဤတိုက်ပွဲက ခွန်အားချည်းသက်သက် သို့မဟုတ် မိုးမြေစွမ်းအားချည်းသက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်ပေ။
လှုပ်ရှားမှုများ၊ တိုက်ခိုက်ရေးနည်းစနစ်များ၊ အမြင်စူးရှမှု၊ အချိန်ကိုက်လှုပ်ရှားနိုင်မှု၊ လျှပ်တစ်ပြက်ထိုးနှက်မှု အစရှိသည်တို့ကို ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။
ကံမကောင်းသည်မှာ နတ်သားရဲအားလုံးက မွေးရာပါ ပင်ကိုယ်ဗီဇတုံ့ပြန်မှုကို မပိုင်ဆိုင်ထားကြချေ။
ထို့ပြင် ကျူးရုန်က အလွန်ထူးချွန်ပြီး တူညီသော တိုက်ကွက်ကို နှစ်ကြိမ်အသုံးမပြုချေ။ သူက တိုက်ခိုက်နေစဉ်အတွင်း ရန်သူ၏ ဟာကွက်များကို ရှာဖွေလိုက်သည်။
ယင်းက သူ၏ တိုက်ပွဲစွမ်းအားကို မြန်ဆန်စွာ တိုးမြှင့်ပေးနိုင်မည့် စစ်မှန်သော နည်းလမ်းတစ်ခု ဖြစ်သည်။
တိုက်ပွဲအတွေ့အကြုံ ပိုပြီးများပြားလေ သူက ပိုပြီးသန်မာလာလေပင်။
ပုထိုင်းတောင်နှင့် ပုကျိုးတောင်ထိပ်ပေါ်မှ နတ်သားရဲများက ထိုတိုက်ပွဲကို တည်ကြည်လေးနက်စွာ စောင့်ကြည့်နေကြသည်။
လူသားမျိုးနွယ်၏ သင်ယူလေ့လာနိုင်စွမ်းက အလွန်အံ့ဖွယ်ကောင်းသည်။
ကျူးရုန်က လှံတိုက်ကွက်များက သိမ်မွေ့နက်နဲပြီး အပြောင်းအလဲများစွာ ပါဝင်သည်။ ယင်းက ဝက်ဝံနက်၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများစွာကို ကျန်ရစ်စေသည်။
“ ဂရောင်း ”
ထပ်ခါတလဲလဲ ဒဏ်ရာရရှိသွားပြီးနောက် ဝက်ဝံနက်က ၎င်း၏ သည်းခံနိုင်စွမ်းကို ဆုံးရှုံးသွားသည်။ ၎င်းက စိတ်မရှည်တော့ပေ။
သို့သော်လည်း ၎င်းက ဒေါသတကြီး တိုက်ခိုက်လေ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက ပိုပြီးများပြားလာလေ ဖြစ်သည်။
ထိုမြင်ကွင်းက အဝေးမှ စောင့်ကြည့်နေကြသော နတ်သားရဲအားလုံးကို တိတ်ဆိတ်သွားစေသည်။
ထိုဝက်ဝံက မဟာနက်ကောင်းကင်ဝက်ဝံဖြစ်ပြီး ပုကျိုးတောင်ထိပ်ပေါ်မှ နတ်သားရဲများထဲတွင် နာမည်ကျော်ကြားသူ ဖြစ်သည်။ ထို့ပြင် ၎င်း၏ အနောက်မှာ မဟာနက်ကောင်းကင်ဝက်ဝံဟု အမည်ရသော နတ်သားရဲမျိုးနွယ်စုတစ်ခုလည်း ရှိသည်။
မဟာနက်ကောင်းကင်ဝက်ဝံက အဆင့်မြင့်နတ်သားရဲတစ်ကောင်ဖြစ်ပြီး အံ့ဖွယ်ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ကျူးရုန်ကို မရပ်တန့်နိုင်ပေ။
လူသားမျိုးနွယ်က အဲ့လောက်တောင်မှ အစွမ်းထက်တာလား… ။
“ ဝီး ”
ဟင်းလင်းပြင်ထဲတွင် အစိမ်းရောင်ကြိုးတစ်ချောင်းက ရုတ်တရက် ထွက်ပေါ်လာပြီး ကျူးရုန်၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားသည်။
တစ်ချိန်တည်းမှာ ပုကျိုးတောင်ထိပ်ပေါ်တွင် ပေတစ်သိန်းရှည်လျားသော ဧရာမသစ်ပင်တစ်ပင် ထွက်ပေါ်လာသည်။
ထိုဧရာမသစ်ပင် ထွက်ပေါ်လာသည့်အခိုက် ပုထိုင်းတောင်တစ်ခုလုံး ဖိနှိပ်ခံလိုက်ရလေသည်။
ယင်းက အဆင့်မြင့်နတ်သားရဲများထက် သာလွန်သော စွမ်းအားဖြစ်သည်။
“ ဗုန်း ”
ဤတစ်ကြိမ်တွင် ကျူးရုန်၏ ခန္ဓာကိုယ်က အောက်သို့ ဖိချခံလိုက်ရပြီး ပုကျိုးတောင်ထိပ်ပေါ်မှ ကျောက်တုံးများကြားထဲမှာ နစ်မြုပ်သွားသည်။
သို့သော်လည်း ဧရာမသစ်ပင်ပေါ်မှ အစိမ်းရောင်နွယ်ပင် နောက်တစ်ကြိမ် မလှုပ်ရှားနိုင်မီ လောကတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
တိတ်ဆိတ်မှု… ။
အကြွင်းမဲ့ တိတ်ဆိတ်မှု… ။
အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ကျူးရုန်၏ ဘေးမှာ တိတ်တဆိတ် ထွက်ပေါ်လာသည်။
ဟန်မူယဲ့… ။
ဟန်မူယဲ့က ကျူးရုန်၏ ဘေးမှာ ထွက်ပေါ်လာသည်။ သူ၏ ရောက်ရှိလာမှုကို မည်သည့်နတ်သားရဲမှ အာရုံမခံနိုင်ခဲ့ပေ။
ပိုပြီးကြောက်စရာကောင်းသည့်အချက်မှာ သူရောက်ရှိလာသည့်အခိုက် ဤနေရာမှာ ရှိနေကြသော နတ်သားရဲအားလုံးက မည်သည့်အစွမ်းမှ မထုတ်ဖော်နိုင်ကြတော့ချေ။
အကယ်၍ ထိုလူသာ တိုက်ခိုက်ချင်သည်ဆိုလျှင် ဤနေရာမှာ ရှိနေကြသော နတ်သားရဲအားလုံးက သုတ်သင်ခံရလိမ့်မည် မဟုတ်ပါလော။
“ ကမ္ဘာဦးဝိညာဉ်သစ်ပင်က နတ်သားရဲခန္ဓာကိုယ်အဖြစ် ပြောင်းလဲပြီး အုပ်ချုပ်သူအဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားနေတယ်… ဒါပေမဲ့ ပုကျိုးတောင်ထိပ်ကနေ မထွက်ခွာနိုင်ဘူး… စိတ်ဝင်စားစရာပဲ ”
ဟန်မူယဲ့က သူ့အရှေ့မှ ဧရာမသစ်ပင်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ လျောင်ယွမ်မျိုးနွယ်စုစစ်တပ် ဒီရောက်လာတဲ့အခါကျရင် ကျူးရုန်က မင်းနဲ့ နောက်တစ်ကြိမ် တိုက်ခိုက်လိမ့်မယ် ”
ဟန်မူယဲ့က စကားဆုံးအောင် ပြောပြီးနောက် ကျူးရုန်၏ ပခုံးပေါ် လက်တင်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ သွားကြစို့ ”
သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
သူ၏ ရောက်ရှိလာမှုကို မည်သူမှ သတိမထားမိသလို သူ၏ ထွက်ခွာမှုကိုလည်း မည်သူမှ သတိမထားမိကြချေ။
ဟန်မူယဲ့နှင့် ကျူးရုန် ထွက်ခွာသွားသည့်အခါမှ ပုကျိုးတောင်ထိပ်ပေါ်မှ ဧရာမသစ်ပင်က ဒေါသတကြီး လှုပ်ယမ်းလိုက်သည်။
သို့သော်လည်း ပုကျိုးတောင်ထိပ်ပေါ်မှ မည်သည့်နတ်သားရဲမှ သူတို့နောက်သို့ လိုက်မဖမ်းဝံ့ကြချေ။
မည်သို့ဖြစ်ပါစေ ဟန်မူယဲ့၏ တည်ရှိမှုက အလွန်ကြောက်စရာကောင်း၏။
ကျူးရုန်နှင့် ဟန်မူယဲ့သည် ပုထိုင်းတောင်ခြေမှ စခန်းဆီသို့ ပြန်ရောက်လာကြသည်။ နေ့တစ်ဝက်ကြာပြီးနောက် အလွန်ကျယ်လောင်သော နှဲမှုတ်သံက အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
မိစ္ဆာသားရဲစစ်သည်တော်သုံးသောင်းက စုဝေးလိုက်ကြသည်။ ဟန်မူယဲ့နှင့် ကျူးရုန်၏ ဦးဆောင်မှုအောက်မှာ ထိုမိစ္ဆာသားရဲစစ်တပ်က အရှေ့သို့ စတင်ချီတတ်သွားသည်။
သူတို့၏ ပစ်မှတ်က စွန့်ပစ်ကုန်းမြေအတွင်းမှ မျိုးနွယ်စုအားလုံး ဖြစ်သည်။
“ လျောင်ယွမ်မျိုးနွယ်စု… ”
“ အနိုင်ရရမယ် ”
အလွန်အားကောင်းသော သွေးချီစွမ်းအားက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည့်အခါ ကောင်းကင်နှင့် မြေပြင်ကြားတွင် သွေးနီရောင်အလင်းက ပင်လယ်တစ်စင်းနှယ် စုဝေးသွားသည်။
ရွှေရောင်စစ်ဗိုလ်ချုပ်ပုံရိပ်များနှင့် ဒဏ္ဍာရီသားရဲပုံရိပ်များက ဟင်းလင်းပြင်ထဲမှာ ဖွဲ့စည်းသွားကြသည်။
မိစ္ဆာသားရဲစစ်သည်တော်သုံးသောင်းက အရှေ့သို့ ချီတတ်သွားသည့်အခါ သူတို့၏ တိုက်ပွဲစိတ်ဆန္ဒက စွန့်ပစ်ကုန်းမြေတစ်ခုလုံးဆီသို့ ပျံ့လွင့်သွားသည်။ ကောင်းကင်ပေါ်မှ တိမ်တိုက်များက ပရမ်းပတာလှုပ်ခတ်သွားပြီး မြေကြီးက ပြင်းထန်စွာ တုန်ခါသွားသည်။
စွန့်ပစ်ကုန်းမြေထဲမှ နတ်သားရဲအားလုံးနှင့် နတ်သားရဲမျိုးနွယ်စုအားလုံးက ယင်းကို အာရုံခံမိသွားကြသည်။
အစွမ်းထက်နတ်သားရဲများက မိစ္ဆာသားရဲစစ်တပ်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
“ လူသားမျိုးနွယ်က ဒီတစ်ကြိမ် တကယ်ပဲ မြင့်တတ်လာတော့မှာလား ”
“ ဟွန့်… အဲ့ဒါက သူတို့ရဲ့ စစ်အင်အားပြမှုသက်သက်ပါပဲ… စောင့်ကြည့်လိုက်စမ်းပါ ”
“ ဘယ်သူမှ အားနည်းတဲ့ လူသားမျိုးနွယ်ကို စည်းလုံးညီညွတ်အောင် မလုပ်နိုင်ဘူး… လျောင်ယွမ်မျိုးနွယ်စုလည်း လုပ်နိုင်မှာ မဟုတ်ဘူး ”
နတ်ဘုရားစိတ်အာရုံများက အပြန်အလှန် သတင်းပို့နေကြသည်။ စွန့်ပစ်ကုန်းမြေထဲမှ အစွမ်းထက် နတ်သားရဲမျိုးနွယ်စုများက လေ့လာစောင့်ကြည့်ရန် ရွေးချယ်လိုက်ကြသည်။
စွန့်ပစ်ကုန်းမြေထဲတွင် လျောင်ယွမ်မျိုးနွယ်စုစစ်တပ်ကို ပထမဆုံး ရင်ဆိုင်လိုက်ရသည့် မျိုးနွယ်စုက လူဦးရေတစ်သိန်းရှိသော ဟဲကျွယ်မျိုးနွယ်စု ဖြစ်သည်။
ဟဲကျွယ်မျိုးနွယ်စုသည် မြစ်ကမ်းနားမှာ အခြေချနေထိုင်သော မျိုးနွယ်စုတစ်စု ဖြစ်သည်။ အမှန်မှာ သူတို့က လူဦးရေတစ်သန်းရှိသော မျိုးနွယ်စုကြီးတစ်ခုမှ ခွဲထုတ်ခံထားရသော မျိုးနွယ်အခွဲတစ်ခုသာ ဖြစ်သည်။
မိစ္ဆာသားရဲစစ်သည်တော်သုံးသောင်း ရောက်ရှိလာသည့်အခါ ဟဲကျွယ်မျိုးနွယ်စုက ထွက်ပြေးရန် ရွေးချယ်လိုက်သည်။
သူတို့က သေချာလေ့ကျင့်ပေးခြင်းခံထားရသော မိစ္ဆာသားရဲစစ်သည်တော်သုံးသောင်းကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။
ဟဲကျွယ်မျိုးနွယ်ဝင်တစ်သိန်းက အရှေ့မှ ထွက်ပြေးနေစဉ် မိစ္ဆာသားရဲစစ်တပ်က အနောက်မှ လိုက်ဖမ်းသည်။
ထိုသို့ဖြင့် ဟဲကျွယ်မျိုးနွယ်အခွဲ တစ်ခုပြီးတစ်ခုက မိစ္ဆာသားရဲစစ်တပ်၏ လိုက်ဖမ်းခံရသည်။
နောက်ဆုံးမှာတော့ ဟဲကျွယ်မျိုးနွယ်စုက လူဦးရေတစ်သန်း ပြန်စုစည်းသွားသည့်အခါ မြစ်ကမ်းနံဘေးတွင် ရပ်တန့်လိုက်သည်။ သူတို့က လူဦးရေတစ်သန်းကို မဟာမိတ်စစ်တပ်အဖြစ် ဖွဲ့စည်းလိုက်ပြီး လျောင်ယွမ်မျိုးနွယ်စု၏ မိစ္ဆာသားရဲစစ်တပ် ရောက်ရှိလာမည်ကို စောင့်ဆိုင်းလိုက်ကြသည်။
စွန့်ပစ်ကုန်းမြေထဲမှ လူသားမျိုးနွယ်စုထဲတွင် လူတိုင်းက စစ်သည်တော်များ ဖြစ်ကြသည်။
“ လျောင်ယွမ်မျိုးနွယ်စုက အရမ်းတရားလွန်သွားပြီ ”
“ ဒီနေ့ ငါတို့ သူတို့နဲ့ အသေအကြေ တိုက်ခိုက်ကြမယ် ”
“ တိုတမ်နတ်သားရဲ… ကျေးဇူးပြုပြီးတော့ စွမ်းအားများ ပေးသနားပါ ”
စွန့်ပစ်ကုန်းမြေထဲတွင် သံပြိုင်အော်ဟစ်သံများက ကောင်းကင်နှင့် မြေပြင်ကြားမှာ ပဲ့တင်ထပ်သွားသည်။
အရိုးတုတ်ချောင်း ကိုင်ထားကြသော ရိုးရာနတ်ဆရာများက စစ်တပ်၏ အရှေ့မှာ ရပ်လိုက်ကြပြီး နတ်သားရဲများထံမှ မူလစွမ်းအားကို ချေးငှားလိုက်ကြသည်။
ထိုမူလစွမ်းအားက သူတို့၏ တိုက်ပွဲစွမ်းအားနှင့် သွေးချီစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။ ထို့ပြင် မူလစွမ်းအားကို အလင်းအကာအကွယ်အလွှာများအဖြစ်လည်း ဖွဲ့စည်းနိုင်ပေသည်။
တိုတမ်နတ်သားရဲများသည်ပင် ကောင်းကင်ပေါ်မှ ဆင်းသက်လာကြပြီး ဟဲကျွယ်မျိုးနွယ်စု၏ ဝေဟင်ထက်မှာ ပျံဝဲလိုက်ကြသည်။
တိုက်ပွဲစိတ်ဆန္ဒက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။
“ ဂရောင်း ”
“ ဝေါင်း”
“ ဂါး ”
အရှေ့တွင် ညီညာသော အော်ဟစ်ကြုံးဝါးသံက ပဲ့တင်ထပ်လာသည်။
အသံအားလုံးက တစ်ညီတစ်ညာတည်း ဖြစ်နေသလို မိစ္ဆာသားရဲစစ်သည်တော်သုံးသောင်းက တစ်သားတည်း ဖြစ်နေကြသည်။
ယင်းက မည်သည့်မျိုးနွယ်စုမှ လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။
စစ်ပွဲအတွက် ဗုံများ မလိုအပ်ပေ။
စစ်ပွဲအတွက် ခရာများ မလိုအပ်ပေ။
မိစ္ဆာသားရဲစစ်သည်တော်သုံးသောင်း၏ ကြုံးဝါးသံအောက်မှာ လူဦးရေတစ်သန်းပါဝင်သော စစ်တပ်က တုန်လှုပ်သွားသည်။
ယင်းက လူသားမျိုးနွယ်၏ စွမ်းအား ဖြစ်သည်။
ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲများသည် လူသားမျိုးနွယ်ကို ပုရွက်ဆိတ်များဟု သတ်မှတ်ကြသည်။ သို့သော်လည်း လူသားမျိုးနွယ်က တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားပြီး အင်အားပူးပေါင်းလိုက်လျှင် သူတို့၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းသွားလိမ့်မည်။
“ လျောင်ယွမ်မျိုးနွယ်စု… ”
“ အနိုင်ရရမယ် ”
မိစ္ဆာသားရဲစစ်တပ်က ဒီရေသဖွယ် အရှေ့သို့ ချီတတ်လာသည်။
မည်သည့်အရာမှ မိစ္ဆာသားရဲစစ်သည်တော်သုံးသောင်း၏ ချီတတ်လာမှုကို မရပ်တန့်နိုင်ပေ။
မိစ္ဆာသားရဲစစ်တပ်က ဒီရေသဖွယ် အရှေ့သို့ ချီတတ်သွားသည့်အခါ ရှေးဦးအပျက်အစီးတောအုပ်ထဲတွင် မည်သည့်အခါမှ မထွက်ပေါ်ဖူးသော လူသားမျိုးနွယ်၏ အင်အားက ထွက်ပေါ်လာသည်။
တိုက်ပွဲစိတ်ဆန္ဒ… ။
သတ်ဖြတ်ခြင်းအရှိန်အဝါ… ။
အရှေ့ကို ချီတတ်… ။
ငါတို့အရှေ့မှာ လူတစ်သန်းရှိတဲ့ စစ်တပ်ရှိတော့ရော ဘာအရေးလဲ… ။
တြိဂံပုံသဏ္ဍာန် တိုက်ပွဲဝင်္ကပါက လူတစ်သန်းရှိသော စစ်တပ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။
မိစ္ဆာသားရဲစစ်သည်တော်သုံးသောင်း၏ တိုက်ခိုက်မှုကြောင့် စစ်သည်တော်တစ်သန်းက ဖရိုဖရဲ ပြန့်ကျဲသွားကြသည်။
စစ်သည်တော်တစ်သန်းကို အနိုင်ယူရန် လျောင်ယွမ်မျိုးနွယ်စု၏ မိစ္ဆာသားရဲစစ်တပ်က ဆယ့်ငါးမိနစ်သာ အချိန်ယူခဲ့ရသည်။
ထို့နောက် ကျူးရုန်၏ အမိန့်ပေးမှုအောက်မှာ တိုက်ပွဲဝင်္ကပါက တဖန်ပြောင်းလဲသွားပြီး မိစ္ဆာသားရဲစစ်တပ်က တခြားဦးတည်ရာဆီသို့ ချီတတ်သွားသည်။
မျိုးနွယ်စုက မည်မျှအားကောင်းပါစေ၊ မျိုးနွယ်စုထဲမှ နတ်ဘုရားအင်းသင်္ကေတပညာရှင်များနှင့် ရိုးရာနတ်ဆရာများက မည်မျှသန်မာကြပါစေ ကိစ္စမရှိပေ။ မျိုးနွယ်စု ကိုးကွယ်ပူဇော်သော တိုတမ်နတ်သားရဲများသည်ပင် လျောင်ယွမ်မျိုးနွယ်စု၏ မိစ္ဆာသားရဲစစ်တပ်အရှေ့မှာ နင်းခြေခံလိုက်ကြရသည်။
“ ဗုန်း ”
“ ဂရား ”
“ ဝူး ”
ကျယ်လောင်သော ပေါက်ကွဲသံများနှင့် အော်ဟစ်ညည်းညူသံများကြားတွင် စစ်သည်တော်တစ်သန်းပါဝင်သော စစ်တပ်ကြီးက ပြိုကွဲပျက်စီးသွားသည်။
မည်သူမှ တိုက်ခိုက်ရန် ဆန္ဒမရှိကြတော့ချေ။
မည်သူက ထိုမိစ္ဆာသားရဲစစ်တပ်၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်နည်း။
သူတို့ကိုးကွယ်ပူဇော်သော တိုတမ်နတ်သားရဲများနှင့် ရိုးရာနတ်ဆရာများသည်ပင် အသတ်ခံလိုက်ရလေရာ သူတို့က မည်သို့ဆက်ပြီး ခုခံကာကွယ်နိုင်လိမ့်မည်နည်း။ သူတို့၏ လက်ထဲမှ သစ်သားတုတ်ချောင်းက မိစ္ဆာသားရဲစစ်သည်တော်များ၏ လက်ထဲမှ တိုက်ပွဲလက်နက်များကို မယှဉ်နိုင်ပေ။
အော်ဟစ်သံများ လေထဲမှာ ပျံ့လွင့်သွားသည့်အခါ လူတိုင်းက ထွက်ပြေးသွားကြသည်။
“ ဟွန့်… ကြည့်ပါလား… အဲ့ဒါ လူသားမျိုးနွယ်ပဲ… ဘာမှ သတ္တိမရှိဘူး… ”
အဝေးမှ ဟင်းလင်းပြင်ထဲတွင် နတ်သားရဲတစ်ကောင်က ၎င်း၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် မည်သူမှ ၎င်းကို မတုံ့ပြန်ကြချေ။
ထွက်ပြေးနေသူများက အမှန်တကယ်ပင် လူသားမျိုးနွယ်ဖြစ်သည်။
သို့သော် သူတို့ကို လိုက်ဖမ်းနေသူများကလည်း လူသားမျိုးနွယ် မဟုတ်ပေဘူးလား။
ထွက်ပြေးနေသူများက သတ္တိမရှိဘူးဆိုလျှင် သူတို့ကို လိုက်ဖမ်းနေကြသော လူသားများကရော။
သူတို့က ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ။
“ ဒူးထောက်အညံ့ခံတဲ့ လူတွေကို အသက်ချမ်းသာပေးမယ် ”
ကျူးရုန်က သူ၏ စစ်ပွဲလှံကို ကောင်းကင်ပေါ်သို့ မြှောက်တင်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဒူးထောက်အညံ့ခံတဲ့ လူတွေ အသက်ချမ်းသာရာရမယ် ”
ကျယ်လောင်သော အော်သံက စွန့်ပစ်ကုန်းမြေထဲမှာ ပဲ့တင်ထပ်သွားသည်။
ထို့နောက် ဟဲကျွယ်မျိုးနွယ်မှ လူသားတစ်ယောက်ပြီးတစ်ယောက်က မြေပေါ်မှာ ဒူးထောက်လိုက်ကြသည်။
ဤလောကမှာ မိမိအသက်ထက် ပိုအရေးကြီးသောအရာ မရှိပေ။ အကယ်၍ အသက်ရှင်ခွင့်သာရမည်ဆိုလျှင် မည်သည့်အရာကိုမဆို သူတို့လုပ်ဆောင်နိုင်သည်။
သူတို့က ဟဲကျွယ်မျိုးနွယ်ဖြစ်သော်လည်း အမှန်မှာ အရေအတွက်များပြားသော မျိုးနွယ်စုငယ်များ၊ အုပ်စုငယ်များဖြင့် ဖွဲ့စည်းထားသော လူသားမျိုးနွယ်တစ်ခုသာ ဖြစ်၏။ သို့ဖြစ်၍ သူတို့ကြားမှာ စစ်မှန်သော သွေးသားဆက်နွယ်မှု မရှိပေ။
အမှန်မှာ မည်သို့ကြောင့် သူတို့က ဤသို့စစ်တိုက်နေရကြောင်းပင် မသိထားကြချေ။
သို့ဖြစ်လေရာ သူတို့ဆီမှာ မျိုးနွယ်စုအပေါ် သစ္စာစောင့်သိမှုမရှိပေ။
တခြားမျိုးနွယ်စုအပေါ် အညံ့ခံခြင်းသည် သူတို့အတွက် ကြီးမားသော ကိစ္စမဟုတ်ပေ။
“ လျောင်ယွမ်မျိုးနွယ်စု… ”
အတောင်ပံပါကျားနက်ကို စီးနင်းထားသော ကျူးရုန်က အော်ပြောလိုက်ပြီး အရှေ့သို့ ချီတတ်သွားသည်။
“ အနိုင်ရရမယ် ”
မြေပြင်ပေါ်မှ မိစ္ဆာသားရဲစစ်သည်တော်သုံးသောင်းက ပြိုင်တူ အော်လိုက်ကြသည်။
ဤတိုက်ပွဲတွင် လူသားရှစ်သိန်းခန့်က အညံ့ခံလိုက်ကြသည်။
ထိုလူသားရှစ်သိန်းသည် လျောင်ယွမ်မျိုးနွယ်စုထဲသို့ ဝင်ရောက်သွားကြသည်။
သူတို့ကို လျောင်ယွမ်မျိုးနွယ်စု၏ ပင်မစခန်းဆီသို့ ခေါ်ဆောင်သွားသည်။
မိစ္ဆာသားရဲစစ်တပ် ပြန်ရောက်လာသည့်အခါ လျောင်ယွမ်မျိုးနွယ်ဝင်များက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားကြသည်။
ကျူးရုန်က ယဇ်ပလ္လင်ပေါ်တွင် နတ်ဘုရားမီးတောက်ကို ထွန်းညှိလိုက်ပြီး မိုးမြေကို ပူဇော်ပသလိုက်သည်။
“ မိုးမြေက ငါတို့အပေါ် မျက်နှာသာပေးတယ်… ဖြစ်နိုင်တာက ရှေးဦးအပျက်အစီးတောအုပ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်က လူသားမျိုးနွယ်ပေါ်မှာ ရှိနေတာလား ”
ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည့်အခါ အပြုံးက သူ၏ နှုတ်ခမ်းပေါ်မှာ ထွက်ပေါ်လာသည်။
ရှေးဦးအပျက်အစီးတောအုပ်၏ မူလစွမ်းအားက သူ့အတွက် လမ်းဖွင့်ပေးထားကြောင်း သူခံစားမိသည်။
ယခု လျောင်ယွမ်မျိုးနွယ်စုထဲတွင် လူတစ်သိန်းက ကျူးရုန်၏ မီးတောက်နတ်ဘုရားအင်းသင်္ကေတကို အမွေဆက်ခံနိုင်သွားကြသည်။
ယင်းက လုံလောက်ပေသည်။
ထိုလူတစ်သိန်းဖြင့်ဆိုလျှင် သူတို့က မျိုးနွယ်စုများကို တိုက်ရိုက် ဖိနှိပ်နိုင်သွားလိမ့်မည်။