အခန်း (၁၅၃၇)
Vol. 110 Ch. 1537
စခန်းဆီသို့ မိစ္ဆာသားရဲစစ်တပ် ပြန်ရောက်လာပြီးနောက် သူတို့က နောက်ထပ် လူစုဆောင်းခြင်းကို မလုပ်ဆောင်တော့ပေ။
ယင်းအစား လူသားအုပ်စုငယ်များက စခန်းထဲမှ ထွက်သွားကြပြီး စွန့်ပစ်ကုန်းမြေဆီသို့ ဦးတည်သွားကြသည်။
ထိုလူသားအုပ်စုငယ်များက မိစ္ဆာသားရဲများကို အမဲလိုက်ဖမ်းကြသည်။
ဤတစ်ကြိမ်တွင် ကျူးရုန်နှင့် သူ၏ စစ်သည်တော်များက ပိုပြီးအားကောင်းသော မိစ္ဆာသားရဲစစ်တပ်ကြီးကို တည်ဆောက်ရန် ရည်ရွယ်ထားကြသည်။
လျောင်ယွမ်မျိုးနွယ်စုက ထပ်မံ စစ်မတိုက်တော့ကြောင်း မြင်သွားသောအခါ စွန့်ပစ်ကုန်းမြေထဲမှ မျိုးနွယ်စုအသီးသီးက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားကြသည်။
သို့သော်လည်း သုံးလကြာပြီးနောက် မျိုးနွယ်စုအားလုံးက နောက်တစ်ကြိမ် နှလုံးတုန်ယင်သွားကြသည်။
ဤသုံးလအတွင်းမှာ လျောင်ယွမ်မျိုးနွယ်စုက နောက်ထပ် မိစ္ဆာသားရဲစစ်သည်တော်ရှစ်ထောင်ကို ဖွဲ့စည်းနိုင်သွားသည်။
သူတို့က စွန့်ပစ်ကုန်းမြေထဲမှာ ဆက်တိုက် အမဲလိုက်နေကြပြီး မိစ္ဆာသားရဲများကို စီးတော်သားရဲများအဖြစ် လေ့ကျင့်သင်ကြားပေးနေကြသည်။
ယခု လျောင်ယွမ်မျိုးနွယ်စု၏ မိစ္ဆာသားရဲစစ်သည်တော်များက အံ့ဖွယ်ကောင်းစွာ အရေအတွက်တစ်သိန်းပြည့်သွားသည်။
သူတို့က မည်သို့ကြောင့် ထိုမျှများပြားသော မိစ္ဆာသားရဲစစ်သည်တော်များကို ဖွဲ့စည်းနေရသနည်း။
သူတို့မှာ မည်သည့်အစီအစဉ် ရှိသနည်း။
ဤအခိုက်အတန့်မှာ စွန့်ပစ်ကုန်းမြေထဲမှ လူသားမျိုးနွယ်စုများ၊ နတ်သားရဲများနှင့် ၎င်းတို့၏ အနောက်မှ နတ်သားရဲမျိုးနွယ်စုများက အတူတကွ စုဝေးလိုက်ကြပြီး လျောင်ယွမ်မျိုးနွယ်စု၏ အစီအစဉ်ကို ဆွေးနွေးတိုင်ပင်ကြသည်။
နှစ်ဝက်ဟူသော အချိန်တိုလေးအတွင်းမှာ လျောင်ယွမ်မျိုးနွယ်စုက နောက်ထပ် မိစ္ဆာသားရဲစစ်သည်တော်နှစ်သောင်းကို ဖွဲ့စည်းနိုင်သွားသည်။
ထိုအချိန်မှာ စွန့်ပစ်ကုန်းမြေက မဟာမိတ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
ထိုမဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်က လျောင်ယွမ်မျိုးနွယ်စုကို ရပ်တန့်ရန် ဖြစ်၏။
ယင်းကို လူရိုင်းမဟာမိတ်ဟု ခေါ်သည်။
…..
လျောင်ယွမ်မျိုးနွယ်စု၏ အလယ်ဗဟိုမှ တဲအိမ်ဆီသို့ သံချပ်ကာဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ခပ်သုတ်သုတ် လျှောက်သွားနေသည်။
“ မျိုးနွယ်စုခေါင်းဆောင်… ဆရာဟန်… လူရိုင်းမဟာမိတ်က စိန်ခေါ်စာ ပို့လိုက်ပါတယ် ”
သူက ပြောသည်။
ထိုအမျိုးသား၏ လက်ထဲမှာ နတ်ဘုရားအင်းသင်္ကေတများ ထွင်းထုထားသော အနက်ရောင်ကျောက်တုံးတစ်တုံး ရှိသည်။
ရှေးဦးအပျက်အစီးတောအုပ်ထဲတွင် ဘာသာစကား မရှိပေ။ နတ်ဘုရားအင်းသင်္ကေတများသာ ရှိ၏။
နတ်ဘုရားအင်းသင်္ကေတများကို သတင်းစကားပေးပို့ရာတွင်လည်း အသုံးပြုနိုင်သည်။
ကျူးရုန်က ကျောက်တုံးကို ယူလိုက်ပြီး စစ်ဆေးကြည့်လိုက်သည့်အခါ မျက်မှောင်ကြုတ်သွားသည်။
“ ရိုးရာနတ်ဆရာတွေ၊ နတ်ဘုရားအင်းသင်္ကေတပညာရှင်တွေအတွက် ယှဉ်ပြိုင်ပွဲလား ”
“ ပြိုင်ပွဲအတွက် မျိုးနွယ်စုထဲက အသန်မာဆုံး ရိုးရာနတ်ဆရာတွေနဲ့ နတ်ဘုရားအင်းသင်္ကေတပညာရှင်တွေကို စေလွှတ်ရမယ် ”
“ ရှုံးသွားတဲ့ဘက်က အညံ့ခံရလိမ့်မယ် ”
ကျူးရုန်၏ မျက်နှာပေါ်မှာ အေးတိအေးစက်အပြုံး ထွက်ပေါ်လာသည်။
“ ငါ့မှာ မိစ္ဆာသားရဲစစ်သည်တော် တစ်သိန်းရှိတယ်… သူတို့က ငါတို့နဲ့ ထိပ်တိုက် မတိုက်ခိုက်ရဲကြဘူး… အဲ့ဒါကြောင့် သူတို့က ရိုးရာနတ်ဆရာတွေ၊ နတ်ဘုရားအင်းသင်္ကေတပညာရှင်တွေနဲ့ ယှဉ်ပြိုင်စေချင်တာပဲ ”
“ သူတို့က ပြိုင်ပွဲလုပ်ချင်တယ်ဆိုရင်တောင် ငါ့မိစ္ဆာသားရဲစစ်သည်တော်တစ်သိန်းရဲ့ သဘောဆန္ဒကို မေးရလိမ့်မယ် ”
သူ့စကားကို ကြားသောအခါ တဲအိမ်ထဲမှ လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး ရယ်လိုက်ကြသည်။
ယခု လျောင်ယွမ်မျိုးနွယ်စု၏ လက်အောက်မှာ မိစ္ဆာသားရဲစစ်သည်တော်တစ်သိန်းနှင့် မျိုးနွယ်ဝင်နှစ်သန်း ရှိသည်။ သို့ဖြစ်၍ မည်သို့ကြောင့် သူတို့က ထိုပြိုင်ပွဲကို ဂရုစိုက်နေမည်နည်း။
“ ရိုးရာနတ်ဆရာတွေ၊ နတ်ဘုရားအင်းသင်္ကေတပညာရှင်တွေကြားက ယှဉ်ပြိုင်ပွဲက ဆိုးဝါးတဲ့ကိစ္စ မဟုတ်ဘူး ”
ထိုအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က ပြောသည်။
လူတိုင်းက တဲအိမ်၏ အမြင့်ဆုံးနေရာဆီသို့ ကြည့်လိုက်ကြသည်။
ထိုနေရာမှာ ဟန်မူယဲ့က ထိုင်နေသည်။
“ ဆရာဟန် ဘာကိုဆိုလိုတာပါလဲ ”
ကျူးရုန်က အံ့ဩစွာ ပြောသည်။
လျောင်ယွမ်မျိုးနွယ်စုထဲမှာ ရိုးရာနတ်ဆရာတချို့နှင့် နတ်ဘုရားအင်းသင်္ကေတပညာရှင်တချို့ ရှိကြသည်။ သို့သော်လည်း သူတို့၏ ခွန်အားက စိတ်ကျေနပ်ဖွယ်မကောင်းပေ။
ဟန်မူယဲ့က ရိုးရာနတ်ဆရာများ၊ နတ်ဘုရားအင်းသင်္ကေတပညာရှင်များကြားမှ ပြိုင်ပွဲကို လုပ်ဆောင်ချင်သည်ဟု ပြောသည်။ သူတို့က တစ်ဖက်အင်အားစုကို မည်သို့ယှဉ်ပြိုင်နိုင်လိမ့်မည်နည်း။
ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ ရွှေရောင်အလင်းလွှာများက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ထိုအလင်းလွှာများပေါ်တွင် စွန့်ပစ်ကုန်းမြေထဲမှ မျိုးနွယ်စုအသီးသီး၏ တည်နေရာများကို ဖော်ပြထားသည်။
“ ယှဉ်ပြိုင်မယ့် နေရာဒေသကို သူတို့ရွေးချယ်နိုင်တယ်လို့ ပြောလိုက်ပါ… ပြိုင်ပွဲပုံစံကိုတော့ ငါတို့ရွေးချယ်မယ် ”
ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး တဲအိမ်ထဲမှ လူတိုင်းကို ကြည့်လိုက်သည်။ သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။
“ ဒီခရီးကို ငါသွားမယ် ”
မည်သူမှ သူ၏ ဆုံးဖြတ်ချက်ကို မဆန့်ကျင်သလို မည်သူမှ သူ့အား မေးခွန်းမထုတ်ကြချေ။
လျောင်ယွမ်မျိုးနွယ်စု မြင့်တတ်လာခြင်းက ဆရာဟန်၏ ကျေးဇူးကြောင့်သာ ဖြစ်၏။
မျိုးနွယ်စုခေါင်းဆောင်ကျူးရုန်သည်ပင် ဆရာဟန်၏ ကူညီပေးမှုကြောင့် ဤသို့ အောင်မြင်မှုများကို ရရှိလာခဲ့ခြင်း ဖြစ်၏။
လျောင်ယွမ်မျိုးနွယ်စုက ဆရာဟန်၏ ကြိုးစားမှုအသီးအပွင့် ဖြစ်သည်။ ဆရာဟန်က လျောင်ယွမ်မျိုးနွယ်စုကို အလွယ်တကူ စွန့်ပစ်လိမ့်မည် မဟုတ်ချေ။
အကယ်၍ ဆရာဟန်က ရိုးရာနတ်ဆရာများ၊ နတ်ဘုရားအင်းသင်္ကေတပညာရှင်များကြားမှ ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်သည်ဆိုလျှင် သူ့မှာ သေချာပေါက် အကြောင်းအရင်းတစ်ခု ရှိလိမ့်မည်။
“ မိစ္ဆာသားရဲစစ်သည်တော်တစ်သိန်းကို ကျုပ်ဦးဆောင်မယ်… ”
ကျူးရုန် စကားပြောလိုက်သည်နှင့်ချက်ချင်း ဟန်မူယဲ့က လက်ယမ်းပြလိုက်ပြီး သူ့ကို ရပ်ခိုင်းလိုက်သည်။
“ အဲ့ဒါဆို သူတို့ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူး”
ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး ပြောသည်။
“ ငါက သူတို့ကို တကယ် ရောက်ချလာပြီး ယှဉ်ပြိုင်စေချင်တာ ”
လျောင်ယွမ်မျိုးနွယ်စု၏ ပြန်စာကို ရရှိသွားသည့်အခါ လူရိုင်းမဟာမိတ်အဖွဲ့မှ အကြီးအကဲအားလုံးက ပြုံးလိုက်ကြသည်။
ကိစ္စက ပြေလည်သွားပြီ။
ဤသည်မှာ သူတို့၏ အနောက်မှ နတ်သားရဲများ စီစဉ်ထားသော အကြံအစည် ဖြစ်သည်။
ယခု လျောင်ယွမ်မျိုးနွယ်စုက သူတို့ဆင်ထားသော ထောင်ချောက်ထဲသို့ တကယ်ကြီး ဝင်ရောက်လာသည်။
“ ယှဉ်ပြိုင်မယ့် နေရာဒေသကိုတော့ ရတနာငါးပါးတောင်ကို ငါတို့ရွေးချယ်မယ် ”
“ ပြိုင်ပွဲဝင်မယ့် ရိုးရာနတ်ဆရာတွေနဲ့ နတ်ဘုရားအင်းသင်္ကေတပညာရှင်တွေအတွက်တော့ မျိုးနွယ်စုတိုင်းက သူတို့ရဲ့ အကောင်းဆုံး ပြိုင်ပွဲဝင်သူတွေကို ရွေးချယ်နိုင်ဖို့ ပြိုင်ပွဲတစ်ခု ကျင်းပရမယ် ”
“ ဒီတစ်ခေါက်တော့ လျောင်ယွမ်မျိုးနွယ်စု လုံးဝ ရှုံးနိမ့်သွားအောင် ငါတို့လုပ်ရမယ် ”
အမိန့်ရသည်နှင့်ချက်ချင်း စွန့်ပစ်ကုန်းမြေထဲမှ မျိုးနွယ်စုအားလုံးက စတင်လှုပ်ရှားလိုက်ကြသည်။
မျိုးနွယ်စုများထဲမှ ရိုးရာနတ်ဆရာများနှင့် နတ်ဘုရားအင်းသင်္ကေတပညာရှင်များသည် ပြိုင်ပွဲဝင်နိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိရန် အစွမ်းကုန် အားထုတ်ကြသည်။
မျိုးနွယ်စုများ၏ တိုတမ်နတ်သားရဲများသည်လည်း ပူးပေါင်းပါဝင်လာကြသည်။
ဤတစ်ကြိမ်တွင် သူတို့က လျောင်ယွမ်မျိုးနွယ်စု လုံးဝ ရှုံးနိမ့်သွားရန် စီစဉ်ထားကြသည်။
ပြိုင်ပွဲအတွင်း ကြီးမားသော အထောက်အပံ့များကို ပေးနိုင်သည့်လူများက လျောင်ယွမ်မျိုးနွယ်စု၏ အရင်းအမြစ်များကို အရင်ဦးဆုံး ရွေးချယ်ခွင့်ရရှိလိမ့်မည်ဟု မျိုးနွယ်စုအသီးသီးက ထုတ်ပြန်ကြေညာထားကြသည်။
သူတို့က လျောင်ယွမ်မျိုးနွယ်စုကို မည်သို့ခွဲဝေသင့်ကြောင်း စတင်ဆွေးနွေးနေကြသည်။
နှစ်ဝက်ကြာ ပြင်ဆင်ပြီးနောက် အကောင်းဆုံးထဲမှ အကောင်းဆုံးကို ရွေးချယ်ထားသော နတ်ဘုရားအင်းသင်္ကေတပညာရှင်များနှင့် ရိုးရာနတ်ဆရာတစ်သိန်းကျော်က ရတနာငါးပါးတောင်ဆီသို့ ရောက်ရှိလာကြသည်။
ထိုလူတစ်သိန်းကျော်သည် ပြိုင်ပွဲဝင်ရန် အရည်အချင်းပြည့်မီသူများသာ ဖြစ်ကြသည်။ အရေအတွက်နှစ်သန်းသည် စောင့်ကြည့်ရန်သက်သက် ရတနာငါးပါးတောင်ဆီသို့ ရောက်လာကြသည်။
တစ်နည်းဆိုရသော် စွန့်ပစ်ကုန်းမြေရှိ လူသားမျိုးနွယ်ထဲမှ ရိုးရာနတ်ဆရာအားလုံးနှင့် နတ်ဘုရားအင်းသင်္ကေတပညာရှင်အားလုံးက ရတနာငါးပါးတောင်ဆီသို့ ရောက်ရှိလာကြသည်။
သာမန်လူသားများသည်လည်း တစ်နည်းနည်းဖြင့် ရတနာငါးပါးတောင်ဆီသို့ ရောက်လာကြသည်။
သူတို့က တောင်ခြေမှာ တဲအိမ်များထိုး၍ မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာကို သိမ်းပိုက်လိုက်ကြသည်။
လဝက်ကြာပြီးနောက် လျောင်ယွမ်မျိုးနွယ်စုမှ နတ်ဘုရားအင်းသင်္ကေတပညာရှင်များနှင့် ရိုးရာနတ်ဆရာသုံးထောင်က ရောက်ရှိလာကြသည်။
အရေအတွက်သုံးထောင်သည် နည်းပါးသော ပမာဏမဟုတ်ပေ။
မည်သည့်မျိုးနွယ်စုတွင်မဆို အရေအတွက်သုံးထောင်ရှိသော ရိုးရာနတ်ဆရာများနှင့် နတ်ဘုရားအင်းသင်္ကေတပညာရှင်များကို ပိုင်ဆိုင်ထားခြင်းသည် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။ ယင်းက မျိုးနွယ်စု၏ အင်အားကို ကိုယ်စားပြုနိုင်သည်။
ရတနာငါးပါးတောင်၏ ထိပ်ဖျားပေါ်တွင် ကျောက်တုံးစင်မြင့်ငါးခုက တိမ်တိုက်များဆီသို့ ဆန့်တန်းနေကြသည်။
ယင်းက ကောင်းကင်နှင့် မြေပြင်ကြားမှ ဂန္တဝင်မြောက်သဘာဝတရား ဖြစ်သည်။
“ လျောင်ယွမ်မျိုးနွယ်စု… ကျေးဇူးပြုပြီးတော့ ယှဉ်ပြိုင်ပွဲပုံစံကို ပြောပါ ”
စင်မြင့်တစ်ခုပေါ်တွင် မတ်တတ်ရပ်နေသော အနက်ရောင်သံချပ်ကာဝတ် အကြီးအကဲက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
သူဝတ်ဆင်ထားသော အနက်ရောင်သံချပ်ကာက လျောင်ယွမ်မျိုးနွယ်စု၏ ထုတ်ကုန်တစ်ခု ဖြစ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။
မရေမတွက်နိုင်သော ရိုးရာနတ်ဆရာများနှင့် နတ်ဘုရားအင်းသင်္ကေတပညာရှင်များက သူ၏ ဘေးပတ်ဝန်းကျင်မှ ကျောက်တုံးစင်မြင့်များပေါ်မှာ မတ်တတ်ရပ်နေကြသည်။
အလယ်ဗဟိုတွင် တိမ်တိုက်နှင့် ထိစပ်နေသော တောင်တစ်လုံးရှိပြီး တောင်ထိပ်ပေါ်မှာ ပေတစ်ထောင်ကျယ်ဝန်းသော စင်မြင့်တစ်ခု ရှိသည်။
“ နတ်ဘုရားအင်းသင်္ကေတပညာရှင်တွေအတွက် ပြိုင်ပွဲနှစ်ခု ရှိမယ်… ပထမပြိုင်ပွဲက နတ်ဘုရားအင်းသင်္ကေတတွေအကြောင်း ဆွေးနွေးဖို့ဖြစ်ပြီး ဒုတိယပြိုင်ပွဲက နတ်ဘုရားအင်းသင်္ကေတတွေ ထွင်းထုဖို့ ဖြစ်တယ် ”
“ ရိုးရာနတ်ဆရာတွေအတွက်လည်း ပြိုင်ပွဲနှစ်ခု ရှိမယ်… ပထမပြိုင်ပွဲက ရိုးရာယဇ်ပူဇော်တာဖြစ်ပြီး ဒုတိယပြိုင်ပွဲက မန္တန်ရွတ်ဖတ်တာ ဖြစ်တယ် ”
“ ကန့်ကွက်ဖို့ ရှိလား ”
ဟန်မူယဲ့၏ အသံက ရတနာငါးပါးတောင်တစ်ခုလုံးဆီသို့ ပဲ့တင်ထပ်သွားသည်။
သူ့စကားကို ကြားသောအခါ လူရိုင်းမဟာမိတ်အဖွဲ့မှ ရိုးရာနတ်ဆရာများနှင့် နတ်ဘုရားအင်းသင်္ကေတပညာရှင်များက ပြုံးလိုက်ကြသည်။
“ ဟား ဟား… ငါတို့က အသေအကြေ တိုက်ခိုက်ကြရတော့မယ်လို့ ငါတွေးနေတာ… လက်စသတ်တော့ ဒီဟာက အသိပညာယှဉ်ပြိုင်တာပဲ ”
အသေအကြေတိုက်ပွဲတွင် သူတို့က နတ်ဘုရားအင်းသင်္ကေတများနှင့် တိုတမ်နတ်သားရဲများကို တိုက်ပွဲအတွင်းမှာ တိုက်ရိုက် အသုံးပြုကြရလိမ့်မည်။
အစောနက ဟန်မူယဲ့ပြောသွားခဲ့သော နတ်ဘုရားအင်းသင်္ကေတများအကြောင်း ဆွေးနွေးခြင်း၊ နတ်ဘုရားအင်းသင်္ကေတများ ထွင်းထုခြင်း၊ ရိုးရာယဇ်ပူဇော်ခြင်းနှင့် မန္တန်ရွတ်ဖတ်ခြင်း အစရှိသည်တို့က အသိပညာယှဉ်ပြိုင်ပွဲများသာ ဖြစ်ကြသည်။
သူတို့က အသေအကြေ တိုက်ခိုက်ရန် မလိုပေ။
ဖြစ်နိုင်သည်မှာ သူတို့က ဤယှဉ်ပြိုင်ပွဲကို အင်အားပြသည့် ပြိုင်ပွဲဟု ထင်မြင်နေခြင်းလော။
ကြည့်ရသည်မှာ လျောင်ယွမ်မျိုးနွယ်စုက သူတို့ကိုယ်သူတို့ ဘဝင်မြင့်နေသောကြောင့် မိုးမြေက မည်မျှကျယ်ပြန့်ကြောင်း မသိထားခြင်းဖြစ်မည်။
ဤတစ်ကြိမ်တွင် လျောင်ယွမ်မျိုးနွယ်စုက သေချာပေါက် ရှုံးနိမ့်တော့မည်။
ဟန်မူယဲ့က ပြိုင်ပွဲအကြောင်း ကြေညာလိုက်သည်နှင့် မျိုးနွယ်စုအားလုံးက မြန်ဆန်စွာ လှုပ်ရှားလိုက်ကြသည်။
သုံးရက်ကြာပြီးနောက် နတ်ဘုရားအင်းသင်္ကေတပညာရှင်တစ်ရာက ရတနာငါးပါးတောင်၏ အမြင့်ဆုံး ကျောက်တုံးစင်မြင့်ပေါ်မှာ ထွက်ပေါ်လာကြသည်။
လျောင်ယွမ်မျိုးနွယ်စုမှ ပြိုင်ပွဲဝင်သူကို သူတို့မြင်လိုက်ရသောအခါ ထိုလူအားလုံး ဆွံ့အသွားကြသည်။
ပြိုင်ပွဲဝင်သူက တစ်ယောက်တည်း ဖြစ်သည်။
ထိုလူက ဟန်မူယဲ့မှလွဲ၍ တခြားလူမဟုတ်ပေ။
“ ဟား ဟား… လျောင်ယွမ်မျိုးနွယ်စုမှာ အစွမ်းထက်တဲ့ နတ်ဘုရားအင်းသင်္ကေတပညာရှင်တွေ မရှိဘူးလား… ဒါမှမဟုတ် သူတို့က ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်မှုရှိနေတာလား ”
“ အဲ့ဒီလူက ဘယ်သူလဲ ”
ဟင်းလင်းပြင်ထဲတွင် နတ်သားရဲများက ၎င်းတို့၏ အတွေးကို နတ်ဘုရားစိတ်အာရုံဖြင့် ပို့လွှတ်လိုက်ကြသည်။
စင်မြင့်အလယ်တွင် အရိုးတောင်ဝှေးကို ကိုင်ထားသော အကြီးအကဲတစ်ယောက်က အရှေ့သို့ လျှောက်လာသည်။
“ ယှဉ်ပြိုင်ပွဲ တရားမျှတဖို့အတွက် တိမ်ပင်လယ်ပုံရိပ်နဂါးကို ကျုပ် ဖိတ်ခေါ်ထားပါတယ် ”
အကြီးအကဲက စကားဆုံးသည်နှင့် လက်မြှောက်လိုက်သည်။ ထိုအခါ ဟင်းလင်းပြင်ထဲတွင် အပြာရောင်နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
နဂါးခန္ဓာကိုယ်က လူးလွန့်သွားသည့်အခါ ၎င်း၏ ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များက ရွှေရောင်အလင်းလွှာများအဖြစ် ပြောင်းလဲသွားသည်။
ထိုအလင်းလွှာများပေါ်တွင် စင်မြင့်ပေါ်မှ လက်ရှိမြင်ကွင်းများကို ပြသနေသည်။
ရတနာငါးပါးတောင်အောက်၌ စခန်းချထားကြသော သာမန်လူများသည်ပင် ထိုအလင်းလွှာများမှတဆင့် စင်မြင့်ပေါ်မှ မြင်ကွင်းနှင့် အသံများကို ရှင်းလင်းစွာ မြင်နိုင်ကြားနိုင်ကြသည်။
“ ဟား ဟား… သူတို့က လျောင်ယွမ်မျိုးနွယ်စုကို တစ်ကြိမ်တည်းနဲ့ အမြစ်ဖြတ်ဖို့ ကြံစည်နေပြီ ”
“ သူတို့ရှုံးသွားတဲ့အခါ ဘယ်လိုမျက်နှာဖြစ်မလဲ ငါမြင်ချင်တယ် ”
“ လျောင်ယွမ်မျိုးနွယ်စုက လူရိုင်းမဟာမိတ်အဖွဲ့ရဲ့ နတ်ဘုရားအင်းသင်္ကေတပညာရှင်တွေကို ယှဉ်ပြိုင်ဖို့ လူတစ်ယောက်ပဲ စေလွှတ်လိုက်တာလား… ရယ်စရာကောင်းလိုက်တာ ”
“ ငါက လျောင်ယွမ်မျိုးနွယ်စုကို အရမ်းသန်မာတယ် ထင်နေတာ… လက်စသတ်တော့ သူတို့က ထင်သလောက်လဲ မဟုတ်ပါလား ”
ရတနာငါးပါးတောင်ခြေတွင် ဆွေးနွေးသံများ ဆူညံစွာ ထွက်ပေါ်လာသည်။
ကျောက်တုံးစင်မြင့်ပေါ်တွင်…
အမွှေးထူဝတ်စုံကို ဝတ်ဆင်ထားသော ခေါင်းဖြူအကြီးအကဲတစ်ယောက်က အရှေ့သို့ လျှောက်လာပြီး ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
ထို့နောက် သူက အနောက်လှည့်၍ တခြားလူများကို ကြည့်လိုက်သည်။
“ မိတ်ဆွေအပေါင်းတို့… ကျုပ်က ဟဲရှီတောင်တန်းက ယွင်ဒန်းမျိုးနွယ်စုကနေ လာတာပါ… ကျုပ်နာမည်က ကျူးခဲပါ ”
အဖိုးအိုက ပြောသည်။
“ ဒီနေ့ မိတ်ဆွေတို့အရှေ့မှာ ကျုပ်ရဲ့ မဖြစ်စလောက် ပညာလေးကို ထုတ်ပြပါရစေ ”
အဖိုးအိုက စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ နတ်ဘုရားအင်းသင်္ကေတပုံရိပ်တစ်ခုက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
နတ်ဘုရားအင်းသင်္ကေတက ဝေဝါးနေသော ရေစီးကြောင်းတစ်ခု ဖြစ်သည်။ ယင်းက မြစ်ထဲသို့ စီးဆင်းသွားနေသော ချောင်းငယ်တစ်ခုနှင့် ဆင်တူသည်။
“ ယွင်ဒန်းမျိုးနွယ်စုရဲ့ တိုတမ်နတ်သားရဲက ရေမူလစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဖူကျန်းနတ်သားရဲပါ… ဖူကျန်းက မြစ်ချောင်းတွေကို အမိန့်ပေးနိုင်ပြီး လောကရဲ့ ရေဓာတ်ကို ထိန်းချုပ်နိုင်တဲ့ အစွမ်းထက်နတ်သားရဲတစ်ကောင်ပါ ”
“ ဒီရေစီးကြောင်းက သေးငယ်တဲ့ စမ်းချောင်းတွေကနေ စီးဆင်းလာတာပါ… စမ်းချောင်းတွေ ပေါင်းစည်းသွားတဲ့အခါ မြစ်တစ်စင်း ဖြစ်လာပါလိမ့်မယ် ”
“ ဖူကျန်းနတ်သားရဲက ရေမူလစွမ်းအားကို ဘယ်လိုထိန်းချုပ်လဲဆိုတာ လေ့လာကြည့်ကြပါ… ဖူကျန်းနတ်သားရဲရဲ့ စွမ်းအားကို ချေးငှားချင်တယ်လို့ တွေးတောကြည့်ပါ… ”
တခြားနတ်ဘုရားအင်းသင်္ကေတပညာရှင်များသည်ပင် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ကြသည်။ သို့သော် ဟန်မူယဲ့က အမူအရာကင်းမဲ့စွာ ဆက်ရှိနေသည်။