အခန်း (၁၅၃၉)
Vol. 110 Ch. 1539
သူတို့၏ နတ်ဘုရားအင်းသင်္ကေတများက နတ်သားရဲများကို အသနားခံပြီးမှ ရရှိလာကြခြင်း ဖြစ်သည်။ ယင်းတို့က မိုးမြေစွမ်းအား တစ်စွန်းတစ်စပါဝင်သော နတ်သားရဲစွမ်းအားများ ဖြစ်ကြသည်။
ဟန်မူယဲ့သည်တော့ သူက မိုးမြေစွမ်းအားကို တိုက်ရိုက် အသုံးပြု၍ မိုးမြေနတ်ဘုရားအင်းသင်္ကေတများကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်လေရာ မိုးမြေသည်ပင် ယင်းတို့၏ စွမ်းအားကို မတောင့်ခံနိုင်ပေ။
ထိုသို့နတ်ဘုရားအင်းသင်္ကေတများကို မည်သည့်အရာက ယှဉ်ပြိုင်နိုင်မည်နည်း။
ဟန်မူယဲ့က ကျောက်တုံးကြီးတစ်တုံးဆီသို့ ပေါ့ပါးစွာ လျှောက်သွားသည်။ ထို့နောက် သူက ကျောက်တုံးကြီး၏ အရှေ့မှာ မတ်တတ်ရပ်လိုက်ပြီး နတ်ဘုရားအင်းသင်္ကေတများကို စတင်ထွင်းထုလိုက်သည်။
“ ဝီး ”
မိုးမြေနတ်ဘုရားအင်းသင်္ကေတက ကျောက်တုံးကြီး၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည့်အခါ ရတနာငါးပါးတောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားသည်။
ဟန်မူယဲ့က နောင်တရစွာ ခေါင်းခါလိုက်ပြီး သူ၏ လက်ကို ပြန်ရုပ်လိုက်သည်။
ကျောက်တုံးကြီး၏ မျက်နှာပြင်ပေါ်တွင် မိုးမြေနတ်ဘုရားအင်းသင်္ကေတက တစ်ဝက်သာ ထွက်ပေါ်လာသည်။
“ စိတ်မကောင်းစရာပဲ… ရတနာငါးပါးတောင်က မိုးမြေနတ်ဘုရားအင်းသင်္ကေတ အပြည့်အစုံကို လက်မခံနိုင်ဘူး ”
“ တစ်ဝက်ကိုပဲ ကျုပ်ထွင်းထုနိုင်တယ် ”
ထိုသို့ပြောပြီးနောက် ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ နတ်ဘုရားအင်းသင်္ကေတပညာရှင်များကို ကြည့်လိုက်သည်။
“ နတ်ဘုရားအင်းသင်္ကေတပညာရှင်တွေအတွက် ယှဉ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး အင်းသင်္ကေတတွေအကြောင်း ဆွေးနွေးတဲ့ ပြိုင်ပွဲမှာ ကျုပ်အနိုင်ရတယ်လို့ ထင်ပါတယ်… ဒါပေမဲ့ အင်းသင်္ကေတကို ထွင်းထုတဲ့ ပြိုင်ပွဲမှာတော့ တစ်ဝက်ပဲပြီးမြောက်ခဲ့လို့ ကျုပ်ရှုံးတယ်… အဲ့ဒါကို ခင်ဗျားတို့ ဘယ်လိုသဘောရလဲ ”
ပြိုင်ပွဲလား… ။
အို… ငါတို့က ပြိုင်ပွဲလုပ်နေတာပဲ… ။
အကယ်၍ ဟန်မူယဲ့သာ သတိမပေးလျှင် လူတိုင်းက ပြိုင်ပွဲအကြောင်းကို သတိမေ့လျော့နေကြလိမ့်မည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ စကားကို ကြားသောအခါ လူအုပ်ကြီးက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။
မိုးမြေနတ်ဘုရားအင်းသင်္ကေတများ ထွက်ပေါ်လာကတည်းက သူတို့ရှုံးနိမ့်သွားပြီ ဖြစ်၏။
သူတို့၏ နတ်ဘုရားအင်းသင်္ကေတများက မည်သို့ကြောင့် မိုးမြေနတ်ဘုရားအင်းသင်္ကေတများကို ယှဉ်ပြိုင်နိုင်မည်နည်း။
သို့တိုင် ယခု သူတို့က လူရိုင်းမဟာမိတ်အဖွဲ့ကို ကိုယ်စားပြုနေကြခြင်း မဟုတ်ပါလော။
နတ်ဘုရားအင်းသင်္ကေတပညာရှင်အယောက်တစ်ရာက ဟန်မူယဲ့ကို အရိုအသေပေးလိုက်ကြပြီး စင်မြင့်အောက်သို့ ဆင်းသွားကြသည်။
နတ်ဘုရားအင်းသင်္ကေတပညာရှင်များအတွက် ပြိုင်ပွဲနှစ်ပွဲတွင် တစ်ပွဲနိုင် တစ်ပွဲရှုံးဟူသော ရလဒ်ကြောင့် သရေကျသွားသည်။
သို့သော်လည်း ထိုသရေရလဒ်က ဟာသတစ်ခုသာဖြစ်ကြောင်း သူတို့အားလုံး နားလည်ကြသည်။
ယင်းက ပြိုင်ပွဲတစ်ခု မဟုတ်ပေ။
လျောင်ယွမ်မျိုးနွယ်စုမှ နတ်ဘုရားအင်းသင်္ကေတပညာရှင်က လူတိုင်းကို မိုးမြေတာအိုအကြောင်း သင်ကြားပေးနေခြင်းသာ ဖြစ်သည်။
“ စစ်မှန်တဲ့ နတ်ဘုရားအင်းသင်္ကေတပညာရှင်ဆိုတာ အဲ့ဒီပုဂ္ဂိုလ်ကို ပြောတာ ”
ရတနာငါးပါးတောင်ခြေမှ တစ်စုံတစ်ယောက်က အလင်းလွှာပေါ်မှ ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အံ့ဩစွာ ပြောသည်။ သူစကားပြောလိုက်သည့်အခါ ကြည်ညိုလေးစားမှုက သူ၏ မျက်နှာပေါ်မှာ အထင်အရှား ထွက်ပေါ်လာသည်။
“ ဟား ဟား… အခု နတ်ဘုရားအင်းသင်္ကေတတွေအပေါ် ငါ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက အရင်ကထက် ပိုပြီးတိုးတတ်လာပြီလို့ ငါခံစားမိတယ်… ဒီနေ့ မမျှော်လင့်ဘဲ ငါဉာဏ်အလင်းရသွားခဲ့တယ် ”
အခြားတစ်ယောက်က ကောင်းကင်ပေါ်သို့ မော့ကြည့်၍ ဝမ်းသာအားရ ရယ်လိုက်သည်။
ရတနာငါးပါးတောင်ခြေမှ နတ်ဘုရားအင်းသင်္ကေတပညာရှင်အားလုံးသည် ယနေ့တွင် ကြီးမားသော အကျိုးအမြတ်များကို ရရှိသွားကြသည်။
အကယ်၍ ရတနာငါးပါးတောင်သာ မိုးမြေနတ်ဘုရားအင်းသင်္ကေတများ၏ အလေးချိန်ကို တောင့်ခံနိုင်မည်ဆိုလျှင် ယနေ့ သူတို့ရရှိသွားမည့် အကျိုးအမြတ်များက ဖော်မပြနိုင်အောင် ကြီးမားသွားလိမ့်မည်။
“ လျောင်ယွမ်မျိုးနွယ်စုရဲ့ နတ်ဘုရားအင်းသင်္ကေတပညာရှင်က တကယ်ရှိန်လောက်စရာပဲ… ”
“ အဲ့ဒါ လျောင်ယွမ်မျိုးနွယ်စုလေ ”
လူသားသန်းပေါင်းများစွာက လျောင်ယွမ်မျိုးနွယ်ဝင်များ၏ နေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ဆင်ခြင်သုံးသပ်သော အကြည့်က ယခု သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
လျောင်ယွမ်မျိုးနွယ်စုက တခြားမျိုးနွယ်စုများနှင့် အမှန်တကယ် ကွဲပြားခြားနားသည်။
“ အဟန့်… နတ်ဘုရားအင်းသင်္ကေတပညာရှင်တွေအတွက် ယှဉ်ပြိုင်ပွဲက သရေကျသွားတယ်ဆိုတော့ အနိုင်အရှုံးက ရိုးရာနတ်ဆရာတွေကြားက ယှဉ်ပြိုင်ပွဲအပေါ် မူတည်သွားပြီ ”
အရိုးတုတ်ချောင်း ကိုင်ထားသော အကြီးအကဲက ဟန်မူယဲ့ကို ရိုသေလေးစားစွာ ကြည့်လိုက်ပြီး ပြောသည်။
မည်သူမဆို ကိုယ့်ထက် အင်အားကြီးမားသူများကို ချီးကျူးလေးစားကြသည်။
“ လျောင်ယွမ်မျိုးနွယ်စုဘက်က ဘယ်ရိုးရာနတ်ဆရာက ယှဉ်ပြိုင်မှာလဲ မသိဘူး ”
အပြုံးက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ဘေးဘီကို တစ်ချက်ကြည့်ပြီးနောက် သူ့ကိုယ်သူ လက်ညှိုးညွှန်ပြလိုက်သည်။
“ ယှဉ်ပြိုင်သူက ကျုပ်ပဲ ”
နတ်ဘုရားအင်းသင်္ကေတပညာရှင်တစ်ယောက်က ရိုးရာနတ်ဆရာမဖြစ်နိုင်ဘူးဟု မသတ်မှတ်ထားပေ။
သို့သော်လည်း အစွမ်းထက် နတ်ဘုရားအင်းသင်္ကေတပညာရှင်တစ်ယောက်က ရိုးရာနတ်ဆရာတစ်ယောက် ဖြစ်နေခြင်းမှာ ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်သည်။
ဟင်းလင်းပြင်ထဲတွင် ဟန်မူယဲ့၏ ပုံရိပ်များက အလင်းလွှာတစ်ခုပြီးတစ်ခုပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ရိုးရာနတ်ဆရာများက မျက်လုံးဝင်းလက်သွားကြသည်။
အစွမ်းထက်သော ရိုးရာနတ်ဆရာတစ်ယောက်နှင့် ပညာဖလှယ်နိုင်ခြင်းက ရှားပါးအခွင့်အရေးတစ်ခု ဖြစ်သည်။
“ ကျုပ် ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ချင်ပါတယ် ”
“ ကျုပ်ရောပဲ ”
“ ဒီတစ်ပွဲတော့ ကျုပ်ပြိုင်ပါရစေ ”
ဆူဆူညံညံ အော်ဟစ်သံများကြားတွင် မရေမတွက်နိုင်သော ပုံရိပ်များက ရတနာငါးပါးတောင်ထိပ်ပေါ်မှ ကျောက်တုံးစင်မြင့်ပေါ်သို့ အမြန်ပျံသန်းသွားကြသည်။
အချိန်တစ်ခဏကြာပြီးနောက် အရိုးတုတ်ချောင်းနှင့် သစ်သားတုတ်ချောင်းကို ကိုင်ထားကြသော ရိုးရာနတ်ဆရာတစ်ထောင်ခန့်က ဟန်မူယဲ့၏ အရှေ့မှာ ရပ်လိုက်ကြသည်။
လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်သည့်အခါ အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
ဟန်မူယဲ့က သူ့အရှေ့မှ လူအုပ်ကြီးကို ကြည့်လိုက်ပြီး ပြုံးသည်။
ယင်းက လူသားမျိုးနွယ်ဖြစ်သည်။
သင်ယူလေ့လာရန် အမြဲစိတ်အားထက်သန်နေသည်မှာ လူသားမျိုးနွယ် ဖြစ်သည်။
မည်သို့ကြောင့် လူသားမျိုးနွယ်က အားနည်းရမည်နည်း။
ထိုသို့သင်ယူလေ့လာနိုင်စွမ်းဖြင့်ဆိုလျှင် ကမ္ဘာဦးလောက၏ အနာဂတ်က လူသားမျိုးနွယ်၏ လက်ထဲမှာသာ ရှိရလိမ့်မည်။
“ ဒီပြိုင်ပွဲမှာတော့ သူမနိုင်လောက်ဘူးမလား ”
ရတနာငါးပါးတောင်ခြေမှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
“ အဲ့ဒီပုဂ္ဂိုလ်ရဲ့ နတ်ဘုရားအင်းသင်္ကေတပညာက တကယ်အံ့ဩစရာပဲ… ဒါပေမဲ့ ရိုးရာနတ်ဆရာဆိုတာ နတ်သားရဲတွေနဲ့ ဆက်သွယ်နိုင်တဲ့လူကို ပြောတာ… သူက တကယ်ပဲ ပြောင်မြောက်လှတဲ့ ရိုးရာယဇ်ပူဇော်ခြင်းအတတ်ကို တတ်ကျွမ်းထားပါ့မလား ”
ရိုးရာနတ်ဆရာများကြားမှ ယှဉ်ပြိုင်ပွဲသည် ရိုးရာယဇ်ပူဇော်ခြင်းနှင့် ဆင့်ခေါ်ခြင်း ဖြစ်သည်။
ရိုးရာယဇ်ပူဇော်ခြင်းအတတ်သည် နတ်သားရဲများ သို့မဟုတ် ကမ္ဘာဦးသက်ရှိများထံမှ တုံ့ပြန်မှုကို လှုံ့ဆော်သော အတတ်ပညာ ဖြစ်သည်။
ဆင့်ခေါ်ခြင်းသည်တော့ အစွမ်းထက်နတ်သားရဲများကို တိုက်ပွဲမှာ ကူညီပေးရန် ဆင့်ခေါ်ခြင်း ဖြစ်သည်။
ထိုသို့နည်းစနစ်များက နတ်ဘုရားအင်းသင်္ကေတပညာရှင်များ၏ နည်းစနစ်များနှင့် လုံးဝ ကွဲပြားခြားနားသည်။
“ ဒီတစ်ကြိမ်မှာတော့ ကျုပ်တို့က လျောင်ယွမ်မျိုးနွယ်စုက ရိုးရာနတ်ဆရာကို အရင်စဖို့ တိုက်တွန်းချင်ပါတယ် ”
အရှေ့ဆုံးမှာ မတ်တတ်ရပ်နေသော လူရိုင်းမဟာမိတ်အဖွဲ့မှ ရိုးရာနတ်ဆရာက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောသည်။
ထိုအခိုက်အတန့်မှာ အကြည့်အားလုံးက ဟန်မူယဲ့ပေါ်သို့ ကျရောက်လာသည်။
ဟန်မူယဲ့က ပြောင်မြောက်လှသော မည်သည့်ရိုးရာယဇ်ပူဇော်ခြင်းအတတ်အား အသုံးပြုလိမ့်မည်ကို သူတို့စူးစမ်းသိလိုကြသည်။
“ ကောင်းပြီ ”
ဟန်မူယဲ့က မငြင်းပေ။ သူက မထူးမခြားနား အမူအရာဖြင့် အရှေ့သို့ လျှောက်သွားသည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးချီအနှစ်သာရက စတင်မြှောက်တတ်လာသည်။
ရိုးရာယဇ်ပူဇော်ခြင်းက စတင်တော့မည်။
သို့သော်လည်း ဟန်မူယဲ့က မည်သည့်ယဇ်ပူဇော်ခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း လူတိုင်းက စိတ်ဝင်စားနေကြသည်။
ဟန်မူယဲ့က ကျောက်တုံးစင်မြင့်၏ အလယ်မှာ မတ်တတ်ရပ်လိုက်သည်။ သူက ကောင်းကင်ပေါ်သို့ ဖြည်းညည်းစွာ ခေါင်းမော့လိုက်သည်။
“ မိုးမြေက ဘာလိုအပ်နေတာလဲ ”
သူတီးတိုးရေရွတ်လိုက်သည့်အခါ သူ၏ သွေးအနှစ်သာရက ဆက်တိုက် ပြောင်းလဲသွားသည်။
“ ငါ့လက်နဲ့ ဘာလုပ်နိုင်မလဲ ”
ဟန်မူယဲ့ စကားပြောလိုက်သည့်အခါတိုင်း လူတိုင်း၏ စိတ်ဝိညာဉ်က တုန်လှုပ်သွားသည်။ ဤသည်မှာ သူ၏ လေသံထဲ၌ အစွမ်းတစ်မျိုးက ကိန်းအောင်းနေဟန် ရသည်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် အလင်းစီးကြောင်းများ ထွက်ပေါ်လာကြပြီး မိုးမြေ၏ အရာအားလုံးအဖြစ် ပြောင်းလဲသွားကြသည်။
ကမ္ဘာဦးလောကက ဘာမှမလိုအပ်ပေ။
လူသားမျိုးနွယ်ဝင်တစ်ယောက်အနေဖြင့် သူ၏ လက်နှစ်ဖက်ထဲမှာ မိုးမြေလိုအပ်သောအရာ ဘာမှမရှိပေ။
ထို့ကြောင့် ယဇ်ပူဇော်သည့်အခါ ဝတ္ထုပစ္စည်းများကို အမြဲအသုံးပြုကြခြင်း ဖြစ်သည်။
သို့သော်လည်း ဟန်မူယဲ့က နတ်သားရဲများထံ ယဇ်ပူဇော်မှာ မဟုတ်ပေ။ ယင်းအစား သူက မိုးမြေနှင့် ကုန်သွယ်မှာ ဖြစ်သည်။
အကယ်၍ ယဇ်ပူဇော်မည့် ဝတ္ထုပစ္စည်းက နိမ့်ကျလျှင် သူပြန်ရမည့် စွမ်းအားသည်လည်း နိမ့်ကျလိမ့်မည်။
ထို့ကြောင့် သူက တစ်ဖက်လူ လိုချင်သောအရာကို ယဇ်ပူဇော်ပြီး သူလိုချင်သောအရာကို ပြန်ယူမည်။
ယခု ဟန်မူယဲ့၏ မျက်လုံးထဲတွင် ထွန်းလင်းတောက်ပသော အလင်းတန်းတစ်ခု ပေါ်လျှိုးလာသည်။ ထိုအလင်းရောင်က လွန်စွာ စူးရှတောက်ပလေရာ မည်သူမှ သူ့အား တိုက်ရိုက် မကြည့်နိုင်ကြချေ။
သူ၏ ခန္ဓာကိုယ်ပေါ်မှာ အလင်းလွှာတစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
“ ဂျိန်း ”
လွှမ်းမိုးဖိနှိပ်သော သွေးအနှစ်သာရ၏ သက်ရောက်မှုအောက်မှာ စူးရှတောက်ပသော နတ်ဘုရားအလင်းက ကောင်းကင်နှင့် မြေပြင်ကို ဖုံးကွယ်သွားသည်။
ယင်းက ယဇ်ပူဇော်ခြင်း မဟုတ်ပေ။ ယင်းက တန်ဖိုးတူညီသော လဲလှယ်မှု ဖြစ်သည်။
အစောနက ဟန်မူယဲ့သည် နတ်ဘုရားအင်းသင်္ကေတများကို အသုံးပြု၍ ကမ္ဘာဦးလောက၏ မိုးမြေစွမ်းအားကို ကောင်းချီးအဖြစ် ဆွဲထုတ်ခဲ့သည်။ သို့သော်လည်း ယခု ဟန်မူယဲ့လုပ်ဆောင်နေသည်မှာ သူက သူ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ ကမ္ဘာဦးလောကထံမှ တူညီသောတန်ဖိုးကို ပြန်ရယူနေခြင်း ဖြစ်သည်။
“ ဂျိန်း… ဂျိန်း… ”
အဆုံးမဲ့သော လျှပ်စီးတန်းများက မိုးမြေကြားထဲမှ အဆုံးမဲ့စွာ ဆင်းသက်လာကြသည်။
အချင်းမိုင်တစ်သန်းကျယ်ဝန်းသော ဧရိယာက လျှပ်စီးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
ထိုလျှပ်စီးတန်းများက ဟန်မူယဲ့ ယဇ်ပူဇော်မည့်အရာ ဖြစ်သည်။
ကမ္ဘာဦးလောကထဲဝယ် မိုးမြေစွမ်းအားက အကန့်အသတ်မဲ့စွာ ပေါ်လျှိုးလာပြီး လျှပ်စီးပင်လယ်အဖြစ် စုဝေးသွားသည်။
လျှပ်စီးပင်လယ်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
ထိုလျှပ်စီးပင်လယ် ထွက်ပေါ်လာသည်နှင့် ကမ္ဘာဦးလောကတစ်ခုလုံး စတင်တုန်လှုပ်သွားသည်။
“ အဲ့ဒါ… အဲ့ဒါ မိုးမြေရဲ့ ကပ်ဘေးဒုက္ခမဟုတ်ဘူးလား ”
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ကမ္ဘာဦးလောကက အပျက်အစီးနယ်မြေအဖြစ် ပြောင်းလဲသွားပြီးနောက် နောက်ထပ် ကပ်ဘေးဒုက္ခတွေ မရှိတော့ဘူးမလား ”
“ သူရူးသွားပြီ… သူတကယ် ရူးသွားပြီ… သူဘာလုပ်နေတာလဲ ”
မရေမတွက်နိုင်သော အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ မိုးမြေကြားတွင် အဆင့်မြင့်နတ်သားရဲများက အမှန်တကယ် ရူးသွပ်သွားကြသည်။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ပေါ်ရှိ လျှပ်စီးပင်လယ်ထဲမှ မိုးကြိုးစွမ်းအားကို ၎င်းတို့အာရုံခံနိုင်ကြသည်။
လျှပ်စီးပင်လယ်ထဲမှ ထိုမိုးကြိုးစွမ်းအားက ၎င်းတို့အပေါ် ပစ်မှတ်ထားနေသည်။
“ နှစ်ပေါင်းဘီလီယံကြာပြီးတဲ့နောက် မိုးကြိုးကပ်ဘေးဆိုတာ ဘယ်လိုပုံစံလဲ ငါတို့မေ့ကုန်ကြပြီ… ”
ဟင်းလင်းပြင်ထဲတွင် ရှေးဟောင်းအသံတစ်သံ ထွက်ပေါ်လာသည်။
“ ဟုတ်တယ်… အဲ့ဒါက မိုးကြိုးကပ်ဘေး… ကိုယ်ပိုင်မဟာတာအိုကို ထိန်းချုပ်နိုင်တဲ့ စစ်မှန်တဲ့ အုပ်ချုပ်သူတစ်ပါးဖြစ်လာဖို့ ဘယ်သူက မိုးကြိုးကပ်ဘေးတွေကို မကျော်လွှားခဲ့ရလို့လဲ ”
တခြားရှေးဟောင်းအသံက စိတ်ခံစားချက်ဖြင့် ပြောသည်။
“ ဂျိန်း ”
ကောင်းကင်နှင့် မြေပြင်ကြားတွင် လျှပ်စီးတန်းတစ်ခုက အောက်သို့ ကျဆင်းသွားသည်။
လျှပ်စီးတန်းက ရတနာငါးပါးတောင်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော ရေကန်ပေါ်သို့ ပြုတ်ကျသွားသည့်အခါ မြေကြီးက အပြင်းအထန် တုန်ယင်သွားသည်။
“ ဘယ်သူလဲ ”
“ ဘယ်သူက မိုးကြိုးကပ်ဘေးကို လှုံ့ဆော်လိုက်တာလဲ ”
“ တစ်ယောက်ယောက်က ဒီကမ္ဘာဦးလောကထဲမှာ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ ကြိုးစားရဲတာလား ”
အံ့ဩထိတ်လန့်သွားသော နတ်ဘုရားစိတ်အာရုံများက အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။
ဟင်းလင်းပြင်ထဲ၌ မရေမတွက်နိုင်သော ပုံရိပ်များက ထိုလျှပ်စီးတန်း ပြုတ်ကျသွားခဲ့သော ရေကန်ဆီသို့ ဦးတည်သွားကြသည်။
ဤအခိုက်အတန့်မှာ ရေကန်ထဲတွင် ရွှေရောင်ပုံရိပ်တစ်ခု ပေါ်လျှိုးလာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
ထိုရွှေရောင်ပုံရိပ်ကို မြင်လိုက်ရသောအခါ မရေမတွက်နိုင်သော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
“ ခွန်ပန် ”
“ ကမ္ဘာဦးလောကထဲမှာ ခွန်ပန်နတ်သားရဲတစ်ကောင် အသက်ရှင်နေသေးတာလား ”
“ အဲ့ဒါက ခွန်ပန်ပဲ… အတိတ်မှာ ခွန်ပန်တွေက ကမ္ဘာဦးလောကကို သယ်ဆောင်ပေးခဲ့ကြတဲ့ နတ်သားရဲတွေပဲ ”
“ ခွန်ပန်တွေက ကမ္ဘာဦးလောက ပျက်စီးသွားတဲ့အချိန်မှာ သေဆုံးသွားကြပြီ မဟုတ်ဘူးလား ”
ဆူဆူညံညံ ဆွေးနွေးသံများကြားတွင် မီတာသန်းတစ်ရာခန့် အရွယ်အစားကြီးမားသော ရွှေရောင်ခွန်ပန်တစ်ကောင်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
၎င်း၏ ဧရာမငါးတစ်ကောင်ဖြစ်ပြီး အမြှီးရှည်ကို ပိုင်ဆိုင်ထားသည်။ အဆုံးမဲ့သော လျှပ်စီးတန်းများက ၎င်း၏ ငါးခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံထားသည်။
“ ဂျိန်း ”
ကောင်းကင်နှင့် မြေပြင်က တုန်ယင်သွားသည်။
ကောင်းကင်ပေါ်မှ လျှပ်စီးပင်လယ်က ခွန်ပန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး မရေမတွက်နိုင်သော သံကြိုးများအဖြစ် ပြောင်းလဲသွားသည်။
ထိုသံကြိုးများကြားထဲတွင် ခွန်ပန်က ကျယ်လောင်စွာ အော်မြည်လိုက်သည်။
ကျယ်လောင်သော အော်မြည်သံနှင့်အတူ ခွန်ပန်၏ ခန္ဓာကိုယ်ပေါ်မှ လျှပ်စီးသံကြိုးများက အတောင်ပံတစ်စုံအဖြစ် စတင်အသွင်ပြောင်းလဲသွားသည်။
ခွန်မှ ပန်သို့ အသွင်ပြောင်းလဲခြင်း… ။
မြေပြင်မှ ကောင်းကင်ပေါ်သို့ တတ်လှမ်းခြင်း… ။
ယင်းက အသက်စွမ်းအားဖွဲ့စည်းခြင်း ဖြစ်သည်။
ခွန်ပန်က မိုင်ကိုးသောင်းအမြင့်သို့ ပျံတတ်သွားသည့်အခါ မိုးမြေကြားထဲမှ အရာအားလုံးက သမုဒ္ဒရာတစ်စင်းနှယ် ပြောင်းလဲသွားဟန် ရ၏။
လျှပ်စီးအတောင်ပံများ ထွက်ပေါ်လာသည့်အခိုက် ကောင်းကင်နှင့် မြေပြင်ကြားမှ မရေမတွက်နိုင်သော ငှက်များက အတောင်ပံဖြန့်၍ အပေါ်သို့ ပျံသန်းသွားကြသည်။
ကမ္ဘာဦးသက်ရှိများသည် သွေးမျိုးဆက်မှတဆင့် ဘိုးဘေးအမွေကို ဆက်ခံနိုင်ကြသည်။
ခွန်ပန်သည် ငှက်များကြားထဲတွင် အသန်မာဆုံး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော နတ်သားရဲဖြစ်သည်။
ကမ္ဘာဦးလောကထဲ၌ ခွန်ပန်များ သေဆုံးသွားသောကြောင့် ငှက်အားလုံး၏ သွေးမျိုးဆက်က နိမ့်ကျသွားခဲ့သည်။
မျက်မှောက်ခေတ်မှာ ၎င်းတို့က သာမန်သွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်ကြတော့သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ခွန်ပန်က ပြီးပြည့်စုံစွာ အသွင်ပြောင်းလဲသွားလေရာ ၎င်း၏ သွေးမျိုးဆက်က တဖန်နိုးထလာသည်။
“ ဂျိန်း ”
“ ဂျိန်း ”
လျှပ်စီးတန်းများက ကောင်းကင်ပေါ်မှ တစ်ခုပြီးတစ်ခု ဆင်းသက်လာကြသည်။