အခန်း (၁၅၄၀)
Vol. 110 Ch. 1540
ကောင်းကင်နှင့် မြေပြင်ကြားတွင် မရေမတွက်နိုင်သော လျှပ်စီးတန်းများက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားကြသည်။ တချိန်တည်းမှာ မရေမတွက်နိုင်သော ငှက်များက ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြသည်။
ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော ငှက်များက မိုးကြိုးကပ်ဘေးကို စတင်ကျော်လွှားလိုက်ကြသည်။
ထိုမြင်ကွင်းက ကမ္ဘာဦးလောကကို ပရမ်းပတာ တုန်လှုပ်သွားစေသည်။
“ မိုးကြိုးကပ်ဘေးကို ကျော်လွှားတယ်… ”
“ ကမ္ဘာဦးလောကက တကယ် ပြန်ရောက်လာတော့မှာလား ”
မရေမတွက်နိုင်သော တီးတိုးရေရွတ်သံများက နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းက နတ်သားရဲအားလုံး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ မျက်လုံးထဲမှာလည်း နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
ထိုစဉ် သူ၏ နားထဲမှာ အသံတစ်သံ ထွက်ပေါ်လာသည်။
“ မင်းက ကမ္ဘာဦးလောကကို ကယ်တင်ဖို့ ဆန္ဒရှိတယ်… ဒီတော့ မင်းက ငါတို့ထဲက တစ်ယောက်ပဲ ”
“ ဒီနေ့ မင်းက ငါ့ကို ပန်အဖြစ် ပြောင်းလဲနိုင်ဖို့ အခွင့်အရေးတစ်ခုပေးခဲ့တယ်… အခုကစပြီး ဒီကမ္ဘာဦးလောကထဲမှာ ငါတို့က မဟာမိတ်တွေ ဖြစ်သွားကြပြီ ”
ထိုအသံက ခွန်ပန်ထံမှ အသံဖြစ်သည်။
ထိုအသံ ပျောက်ကွယ်သွားသည်နှင့် ရွှေရောင်ငှက်မွှေးတစ်ချောင်းက ဟန်မူယဲ့၏ လက်ထဲသို့ ကျဆင်းလာသည်။
ယင်းက ခွန်ပန်နတ်သားရဲကို ဆင့်ခေါ်နိုင်သော နတ်ဘုရားအင်းသင်္ကေတ ဖြစ်သည်။
…..
ကမ္ဘာဦးနတ်သားရဲများထဲတွင် ခွန်ပန်သွေးမျိုးဆက်ထက် ပိုပြီးမြင့်မြတ်သော သွေးမျိုးဆက် ရှိပါသေးသလား။
ခွန်က ပန်အဖြစ်သို့ ပြောင်းလဲသွားသည့်အခိုက် ရှေးဦးအပျက်အစီးတောအုပ်တစ်ခုလုံး ပရမ်းပတာဖြစ်သွားသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်နှင့် မြေပြင်ကြားမှ လျှပ်စီးပင်လယ်က ဖြည်းညင်းစွာ လွင့်ပြယ်သွားသည်။ ယခု ကောင်းကင်ပေါ်မှာ လျှပ်စီးတန်းများ၏ လှုံ့ဆော်မှုကို လိုအပ်သော နတ်သားရဲများကိုသာ မြင်တွေ့နိုင်တော့သည်။
သို့သော်လည်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေကြသော နတ်သားရဲများက အလွန်များပြားလေရာ ကောင်းကင်တစ်ခွင်လုံး မိုးကြိုးပန်းချီကားတစ်ချပ်အသွင် ပြောင်းလဲသွားဟန် ရ၏။
စွန့်ပစ်ကုန်းမြေပေါ်မှာပင် လျှပ်စီးတန်းများက ပြိုးပြိုးပြက်ပြက် ဝင်းလက်နေကြသည်။
ရတနာငါးပါးတောင်ပေါ်နှင့် အနီးနားဝန်းကျင်မှ လူများက ထိုမြင်ကွင်းကို မြင်သွားသောအခါ အံ့ဩသွားကြသည်။
သူတို့အားလုံးက စိတ်ရှုပ်ထွေးသွားကြသည်။
အဲ့ဒါက ယဇ်ပူဇော်မှုလား… ။
လျှပ်စီးပင်လယ်ကို ယဇ်ပူဇော်တာလား… ။
ယင်းက မိုးမြေလိုအပ်နေသောအရာကို ပေးကမ်းခြင်း ဖြစ်သည်။
သို့သော်လည်း အဓိကအချက်မှာ မည်သူမှ လျှပ်စီးပင်လယ်ကို ယဇ်မပူဇော်နိုင်ပေ။
သွေးမျိုးဆက်ကျောက်တုံးများကို သယ်ဆောင်ထားကြပြီး မိစ္ဆာသားရဲအလောင်းများကို ကျောပေါ်မှာ ထမ်းပိုးထားကြသော ရိုးရာနတ်ဆရာများက ယခု ဇဝေဇဝါဖြစ်သွားကြသည်။
သူတို့၏ မိစ္ဆာသားရဲယဇ်ပူဇော်မှုက ထိုပုဂ္ဂိုလ်၏ လျှပ်စီးပင်လယ်ကို နှိုင်းယှဉ်နိုင်မည်လော။
ပရမ်းပတာဖြစ်နေသော ကောင်းကင်က တဖြည်းဖြည်း ပြန်ငြိမ်သက်သွားသည်။
ရတနာငါးပါးတောင်ပေါ်မှ တိမ်တိုက်များက ဖြည်းဖြည်းချင်း လွင့်ပြယ်သွားကြသည်။
လူတိုင်းက ဟန်မူယဲ့ကို တိတ်တဆိတ် ကြည့်လိုက်ကြသည်။
မည်သည့်ရိုးရာနတ်ဆရာမှ ဟန်မူယဲ့၏ အရှေ့မှာ မတ်တတ်မရပ်ဝံ့ကြချေ။
ဘာအတွက်လဲ… ။
ပြိုင်ပွဲလား… ။
ဟာသပဲ… ။
သူတို့က ထိုပုဂ္ဂိုလ်နှင့် ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့်မီကြချေ။
အချိန်တစ်ခဏကြာပြီးနောက် လူရိုင်းမဟာမိတ်အဖွဲ့မှ ရိုးရာနတ်ဆရာများ၏ ခေါင်းဆောင်ဖြစ်သော အကြီးအကဲက သက်ပြင်းချလိုက်သည်။ သူက တည်ကြည်လေးနက်စွာ ပြောသည်။
“ ဒီပြိုင်ပွဲမှာ ကျုပ်တို့ ရှုံးပါတယ် ”
လူတစ်ယောက်က ကိုယ့်အတိုင်းအတာကို သိရမည်။
အကယ်၍ တစ်စုံတစ်ယောက်က အရှေ့ထွက်လာပြီး ရိုးရာယဇ်ပူဇော်ခြင်းကို ဆောင်ရွက်မည်ဆိုလျှင်ပင် နတ်သားရဲများက ယဇ်ပူဇော်မှုကို လက်ခံရန် ထွက်ပေါ်လာဝံ့ကြလိမ့်မည် မဟုတ်ချေ။
ထိုသို့ဆိုမှတော့ အရှုံးကို ဝန်ခံခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူက မထူးမခြားနား အမူအရာဖြင့် ပြောသည်။
“ ကောင်းပြီ… ဒါဆိုရင် နောက်ပြိုင်ပွဲက နတ်သားရဲတွေ ဆင့်ခေါ်ခြင်း ”
ကျောက်တုံးစင်မြင့်ပေါ်မှ ရိုးရာနတ်ဆရာအားလုံးက ခေါင်းညိတ်လိုက်ကြသည်။ တိုက်ပွဲစိတ်ဆန္ဒက သူတို့၏ မျက်လုံးထဲမှာ ခပ်ရေးရေး ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ စွမ်းအားနှင့်ပတ်သက်၍ သူတို့သံသယမရှိပေ။ သူက နတ်ဘုရားအင်းသင်္ကေတပညာတွင်ဖြစ်စေ ရိုးရာယဇ်ပူဇော်ခြင်းတွင်ဖြစ်စေ မိုးမြေစွမ်းအားကို တိုက်ရိုက် ဆက်သွယ်နိုင်သည်။
သို့ဖြစ်၍ ယခု သူက မည်သည့်နတ်သားရဲကို ဆင့်ခေါ်လိမ့်မည်နည်း။
သူဆင့်ခေါ်မည့် နတ်သားရဲက မည်မျှသန်မာလိမ့်မည်နည်း။
အရေးကြီးဆုံးအချက်မှာ လျောင်ယွမ်မျိုးနွယ်စုထဲတွင် တိုတမ်နတ်သားရဲများ မရှိတော့ကြောင်း သူတို့သတင်းရထားကြသည်။
အကယ်၍ ဟန်မူယဲ့သာ တိုတမ်နတ်သားရဲတစ်ကောင်ကို ဆင့်ခေါ်လိုက်မည်ဆိုလျှင် သူတို့ရရှိထားသော သတင်းက မှားယွင်းနေသည်ဟု အဓိပ္ပာယ်သက်ရောက်သွားလိမ့်မည်။
“ နတ်သားရဲတွေကို ဆင့်ခေါ်တာက အလေးအနက်ထားရမယ့် ကိစ္စပဲ… အရေးကြီးဆုံးက နတ်သားရဲတွေ စိတ်မဆိုးအောင် ဂရုစိုက်ရမယ်… အရင်ဦးဆုံး ငါတို့က ဆင့်ခေါ်မယ့် နတ်သားရဲတွေနဲ့ ဆက်သွယ်ရမယ်… ပြီးတော့ သူတို့ရောက်လာဖို့ ဆန္ဒရှိမရှိ မေးမြန်းရမယ် ”
“ ဒါပေါ့ တစ်စုံတစ်ယောက်က နတ်သားရဲတွေကို ဆင့်ခေါ်ဖို့ အရည်အချင်းမပြည့်မီဘူးဆိုရင် သူတို့က ဒီပြိုင်ပွဲမှာ ပါဝင်နိုင်ကြမှာ မဟုတ်ဘူး ”
လူရိုင်းမဟာမိတ်အဖွဲ့မှ ခေါင်းဆောင်အကြီးအကဲက ပြောသည်။ ထို့နောက် သူက အရိုးတုတ်ချောင်းကို မြှောက်တင်လိုက်ပြီး ပါးစပ်မှ ဂါထာမန္တန်ကို ရွတ်ဆိုလိုက်သည်။
သူ၏ ဂါထာရွတ်ဆိုသံက ကောင်းကင်နှင့် မြေပြင်ကြားမှာ ပဲ့တင်ထပ်သွားသည့်အခါ ထူးဆန်းသော အစွမ်းတစ်မျိုးက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
“ ဂါး ”
အဝေးမှ တောင်တန်းဒေသတွင် ဆယ်ပေရှည်လျားသော ရွှေရောင်ဝက်ဝံတစ်ကောင်က မြေပြင်ပေါ်မှာ ခုန်ပေါက်လိုက်ပြီး ရတနာငါးပါးတောင်ဆီသို့ တစ်ဟုန်ထိုး ပြေးလာသည်။
ရွှေရောင်ဝက်ဝံက အကြိမ်ရေအနည်းငယ် ခုန်ပေါက်လိုက်ပြီး ကျောက်တုံးစင်မြင်ပေါ်သို့ ရောက်ချလာသည်။ ၎င်းက မောက်မာထောင်လွှားသော အမူအရာဖြင့် လူတိုင်းကို ကြည့်လိုက်သည်။
ခေါင်းဆောင်အကြီးအကဲက ဝမ်းသာသော အမူအရာဖြင့် ရွှေရောင်ဝက်ဝံ၏ ခြေထောက်ကို ပုတ်လိုက်သည်။
ယင်းက တိုတမ်နတ်သားရဲတစ်ကောင်နှင့် ရိုးရာနတ်ဆရာကြားမှ ဆက်ဆံရေးဟုတ်ပုံမရချေ။ သူတို့က မိတ်ဆွေများနှင့် ပိုပြီးဆင်တူကြသည်။
တိုတမ်နတ်သားရဲများကို ဆင့်ခေါ်ရန် ၎င်းတို့ကို အသနားခံတောင်းပန်ရသော ရိုးရာနတ်ဆရာများက မျက်နှာပျက်သွားကြသည်။ သူတို့က တိုတမ်နတ်သားရဲများကို ဆင့်ခေါ်ရန် မကြိုးစားကြတော့ချေ။
နတ်သားရဲများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသူများသာ လှုပ်ရှားဝံ့ကြလိမ့်မည်။
တခြားရိုးရာနတ်ဆရာများ လှုပ်ရှားလိုက်သည့်အခါ ရတနာငါးပါးတောင်၏ ဘေးပတ်ဝန်းကျင်တွင် သားရဲဟိန်းသံများဖြင့် ဆူညံသွားသည်။
နတ်သားရဲအများကြီး စုဝေးရောက်ရှိလာသည့်အခါ မိုးမြေစွမ်းအားက တစ်ဟုန်ထိုး တိုးပွားလာသည်။ တစ်ချိန်တည်းမှာ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က စတင်လှုပ်ခါလာသည်။
ဟန်မူယဲ့က နေရာမှာ ရပ်နေသည်။ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
ဤတစ်ပွဲတွင် သူလက်လျော့လိမ့်မည် မဟုတ်ချေ။
ထို့ပြင် မိုးမြေကြားမှ အပြောင်းအလဲများကို သူအာရုံခံနိုင်သည်။
နတ်သားရဲအများအပြားက ရတနာငါးပါးတောင်၏ ဘေးပတ်ဝန်းကျင်မှာ တိတ်ဆိတ်စွာ ပုန်းအောင်းနေကြသည်။
၎င်းတို့က ပွဲကြည့်ရန်သက်သက် ရောက်လာကြခြင်း မဟုတ်ပေ။ ထိုနတ်သားရဲများက သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဖုံးကွယ်ထားကြသည်။
ထိုနတ်သားရဲများ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့အပေါ်သို့ ဦးတည်နေခြင်း မဟုတ်သလို လျောင်ယွမ်မျိုးနွယ်စုအပေါ်သို့လည်း မဟုတ်ချေ။ ယင်းအစား သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ရတနာငါးပါးတောင်တစ်ခုလုံး၌ ရှိနေကြသော လူသားအားလုံးကို ရည်ရွယ်သည်။
သူတို့က နောက်ထပ် မပုန်းအောင်းကြတော့ဘူးလား… ။
လူသားမျိုးနွယ်၏ မြင့်တတ်လာမှုက နတ်သားရဲမျိုးနွယ်စုများအပေါ် မနာလိုမုန်းထားဖြစ်စေသည်။ ထို့ကြောင့် ၎င်းတို့က လူသားအားလုံးကို တစ်ခါတည်း အပြတ်ရှင်းရန် ကြံစည်နေကြခြင်း ဖြစ်သည်။
အကယ်၍ ယနေ့ ရတနာငါးပါးတောင်ပေါ်မှာ ရှိနေကြသော လူသားအားလုံး အသတ်ခံလိုက်ရမည်ဆိုလျှင် ရှေးဦးအပျက်အစီးတောအုပ်ထဲ၌ လူသားမျိုးနွယ်က အင်အားသုံးဆယ်ရာခိုင်နှုန်းကို တိုက်ရိုက် ဆုံးရှုံးသွားလိမ့်မည်။
ထို့ပြင် အနာဂတ်မှာ လူသားများသည် မည်သည့်နတ်သားရဲကိုမှ ဆန့်ကျင့်ဝံ့ကြတော့မည် မဟုတ်ချေ။
ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ လက်မောင်းပေါ်မှ နတ်ဘုရားအင်းသင်္ကေတကို ကြည့်လိုက်သည်။
ထိုနတ်ဘုရားအင်းသင်္ကေတက ခွန်ပန်နတ်သားရဲကို ဆင့်ခေါ်နိုင်သည်။
ခွန်ပန်နတ်သားရဲကို ဆင့်ခေါ်ရန် လိုအပ်လာပြီလော။
သူက မဟာမိတ်ဝင်တစ်ဦးဖြစ်သည်ဟု ခွန်ပန်က ပြောခဲ့သည်။
ဆိုလိုသည်မှာ ခွန်ပန်ကဲ့သို့ အမြင်ကျယ်ပြန့်သော ကမ္ဘာဦးနတ်သားရဲများ နောက်ထပ် ရှိနေခြင်းလော။
သို့ဆိုလျှင် ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ မည်သည့်မဟာမိတ်အဖွဲ့ တည်ရှိနေကြောင်း သူမြင်တွေ့ချင်သည်။
ဟန်မူယဲ့က သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
သူ၏ လက်မောင်းပေါ်မှ ရွှေရောင်နတ်ဘုရားအင်းသင်္ကေတက တုန်ယင်သွားပြီး ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အလင်းတန်းက လေထဲမှာ ရွှေရောင်အက်ကွဲကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အက်ကွဲကြောင်းက ကောင်းကင်ပေါ်ထိ ဆန့်တန်းသွားပြီး မိုးမြေကြားထဲမှာ မီတာတစ်သန်းအထိ ကျယ်ပြန့်သွားသည်။
ထိုသို့အက်ကွဲကြောင်းဖြင့်သာ ကမ္ဘာဦးနတ်သားရဲဖြစ်သော ခွန်ပန်က ဤနေရာသို့ ရောက်လာနိုင်လိမ့်မည်။
“ ဘန်း ”
အက်ကွဲကြောင်းက ဖွင့်လှစ်သွားသည့်အခါ ကောင်းကင်တစ်ခုလုံး ပရမ်းပတာ တုန်ယင်သွားသည်။
ယင်းက အလွန်အစွမ်းထက်သော ရှေးဟောင်းနတ်သားရဲတစ်ကောင်၏ ရောက်ရှိလာမှုကို သက်သေပြုပေးနေသည်။
ကျောက်တုံးစင်မြင့်ပေါ်မှ တိုတမ်နတ်သားရဲများက တုန်ယင်သွားကြပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။
အက်ကွဲကြောင်းထဲမှ ထုတ်လွှတ်နေသော စွမ်းအားက အလွန်အားကောင်းလေရာ သာမန်နတ်သားရဲများက ယင်းကို တည့်တည့်မကြည့်နိုင်ကြချေ။
ရတနာငါးပါးတောင်ခြေမှ လူသားအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။
ထိုနတ်သားရဲက မည်မျှအားကောင်းသောကြောင့် မိုးမြေသည်ပင် တုန်လှုပ်သွားရသနည်း။
ဟန်မူယဲ့၏ အကြည့်က အရှေ့သို့ ကျရောက်သွားသည်။
ဤအခိုက်အတန့်မှာ ဟင်းလင်းပြင်ထဲ၌ ပုန်းအောင်းနေကြသော နတ်သားရဲများက အသက်ရှူမြန်လာကြသည်။ ယခု ၎င်းတို့က နောက်ထပ် မပုန်းကွယ်နိုင်ကြတော့ချေ။
အဆင့်မြင့်နတ်သားရဲများ… ။
၎င်းတို့အားလုံးက အဆင့်မြင့်နတ်သားရဲများ ဖြစ်ကြသည်။
အနည်းဆုံး အဆင့်မြင့်နတ်သားရဲ အကောင်ငါးဆယ်က ဤနေရာမှာ ဖြည်းဖြည်းချင်း စုဝေးသွားကြသည်။
၎င်းတို့၏ ကြောက်မက်ဖွယ်တည်ရှိမှုကို အာရုံခံမိသောအခါ အစောနက ဆင့်ခေါ်ခံလိုက်ရသော တိုတမ်နတ်သားရဲများက မျက်နှာတည်ကြည်သွားကြသည်။
ရိုးရာနတ်ဆရာများသည်လည်း မျက်နှာပျက်သွားကြသည်။
အဲ့ဒါ ဘာအဓိပ္ပာယ်လဲ… ။
“ အဲ့ဒီနတ်သားရဲတွေက လူသားတွေရဲ့ စုဝေးမှုကို လာနှောင့်ယှက်တာလား ”
“ သူတို့ရဲ့ ပစ်မှတ်က ငါတို့ပဲ ”
ရတနာငါးပါးတောင်ထိပ်ပေါ်တွင် လူအများအပြားက မျက်နှာဖြူဖျော့သွားကြသည်။
ရိုးရာနတ်ဆရာများက ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့က အပေါ်မှ မြင်ကွင်းကို ကြည့်လိုက်သည့်အခါ မယုံကြည်နိုင်ဖြစ်သွားကြသည်။
လူသားမျိုးနွယ်ကို ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သော ထိုနတ်သားရဲများက ယခု သူတို့ကို လာရောက်တိုက်ခိုက်နေသည်လော။
“ ဂါး ”
ကျယ်လောင်သော ဟိန်းသံက တောင်တန်းများနှင့် မြစ်ချောင်းများကို လှုပ်ခါသွားစေသည်။ တစ်ချိန်တည်းမှာ ပေသုံးဆယ်ရှည်လျားသော ဦးချိုတစ်ချောင်းကြံ့တစ်ကောင်က အရှေ့သို့ ဒုန်းစိုင်းပြေးလာသည်။
တခြားနတ်သားရဲများသည်လည်း အတောင်ပံများ ဖြန့်ကား၍ ရတနာငါးပါးတောင်ဆီသို့ ပျံသန်းလာကြသည်။
၎င်းတို့မရောက်လာခင်မှာပင် သဘာဝလွန်စွမ်းအားများက လေထဲမှာ စုဝေးသွားကြသည်။ ထို့နောက် သဘာဝလွန်စွမ်းအားများက ရေခဲတုံးများ၊ မီးတောက်မီးလျှံများ၊ ဥက္ကာခဲများနှင့် ဓားလှံများအဖြစ် ပြောင်းလဲသွားကြသည်။
ထိုတိုက်ခိုက်မှုများက ကြုံရာကျပန်းဖြစ်သည်။
“ ခွန်ပန်နတ်သားရဲရောက်လာဖို့ စက္ကန့်တစ်ရာလိုဦးလိမ့်မယ် ”
“ ငါတို့က အဲ့ဒီစက္ကန့်တစ်ရာအတွင်း ဒီနေရာက လူသားအားလုံးကို သုတ်သင်ပစ်နိုင်မယ်ဆိုရင် ခွန်ပန်နတ်သားရဲ ရောက်လာတော့မှာ မဟုတ်ဘူး ”
“ လူသားတွေက ဒီလိုအားကောင်းတဲ့ စွမ်းအားကို မပိုင်ဆိုင်ထားသင့်ဘူး ”
ဟင်းလင်းပြင်ထဲတွင် အစွမ်းထက်နတ်သားရဲများက ၎င်းတို့၏ နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ အချင်းချင်း ဆက်သွယ်လိုက်ကြသည်။ ၎င်းတို့၏ တည်ရှိမှုက ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို ပရမ်းပတာဖြစ်စေသည်။
လူသားအားလုံးကို သတ်ပစ်မယ်လား… ။
သတ်ဖြတ်ခြင်းအရှိန်အဝါက ဟန်မူယဲ့၏ မျက်လုံးထဲမှာ သိပ်သည်းသွားသည်။
ကောင်းကင်ယံတွင် ဧရာမအက်ကွဲကြောင်းက တုန်ယင်သွားသည်။ ဤသည်မှာ အခြားတစ်ဖက်မှ ခွန်ပန်နတ်သားရဲက လူသားမျိုးနွယ်၏ ကပ်ဘေးအန္တရာယ်ကို အာရုံခံမိသွားသည့်အလား အမြန်ဆင်းသက်နိုင်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း မိုးမြေ၏ တင်းကျပ်သော စည်းမျဉ်းများကြောင့် ခွန်ပန်နတ်သားရဲသည်ပင် ၎င်းဆန္ဒရှိသကဲ့သို့ မဆင်းသက်နိုင်ပေ။
“ စက္ကန့်တစ်ရာအတွင်း လူတိုင်းကို သတ်ပစ်မှာလား ”
ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှာ ဖိနှိပ်ခံထားရသော သွေးအနှစ်သာရက စတင်ပေါ်လျှိုးလာသည်။
သူ၏ လက်ထဲတွင် သွေးနီရောင်စစ်ပွဲလှံတစ်ချောင်း ထွက်ပေါ်လာသည်။
နတ်ဘုရားသုတ်သင်ခြင်းလှံ… ။
ထိုလှံသည် အစစ်အမှန်လက်နက်များနှင့် အင်မော်တယ်လက်နက်များထက် သာလွန်သော ရတနာတစ်ပါးဖြစ်သည်။ ထိုလှံကို အံ့ဖွယ်ကိုးပါးတောင်သခင်က ဖန်တီးသန့်စင်ခဲ့ပြီး ယင်းထဲမှာ ရှေးဦးအပျက်အစီးတောအုပ်ထက် သာလွန်သော မူလစွမ်းအားများ ကိန်းအောင်းနေသည်။
ဤနတ်ဘုရားသုတ်သင်ခြင်းလှံကို ဝိညာဉ်စေလွှတ်ခြင်းလှံဟုလည်း ခေါ်ဆိုနိုင်၏။
ဤလှံရှည်ထဲမှာ ကမ္ဘာဦးနတ်သားရဲများ၏ မရေမတွက်နိုင်သော နတ်ဝိညာဉ်များ ကိန်းအောင်းနေကြသည်။
နတ်ဘုရားသုတ်သင်ခြင်းလှံကို ပထမဆုံးအကြိမ် ဟန်မူယဲ့ ဆုပ်ကိုင်ခဲ့စဉ်က ထိုထဲမှာ တည်ရှိနေကြသော နတ်ဝိညာဉ်အရေအတွက်ကြောင့် သူအံ့ဩခဲ့ရသည်။
အနည်းဆုံး နတ်ဝိညာဉ်တစ်သန်းကျော်သည်။ ထို့ပြင် နတ်ဝိညာဉ်တစ်ကောင်စီက ကမ္ဘာဦးအဆင့်နတ်သားရဲများ ဖြစ်ကြသည်။
ကမ္ဘာဦးအုပ်ချုပ်သူများထက် တစ်ဆင့်နိမ့်သော နတ်ဝိညာဉ်များက အရေအတွက် တစ်သောင်းကျော်သည်။
မည်မျှ ကြောက်စရာကောင်းလိုက်သလဲ။
ဤလှံက အတိတ်မှာ ရှေးဦးအပျက်အစီးတောအုပ်၏ စွမ်းအင်ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို စုပ်ယူခဲ့ကြောင်း သေချာသည်။
လှံ၏ အဓိကအမြူတေဖြစ်သော နတ်ဝိညာဉ်တစ်ရာထဲမှ မည်သူမဆို အသူရာချောက်နက်သဖွယ် အလွန်နက်ရှိုင်းသည်။
၎င်းတို့က ကမ္ဘာဦးအုပ်ချုပ်သူများ ဖြစ်ကြသည်။
ကမ္ဘာဦးအုပ်ချုပ်သူအဆင့် နတ်ဝိညာဉ်တစ်ရာ… ။
နတ်ဘုရားသုတ်သင်ခြင်းလှံထဲမှာ ကိန်းအောင်းနေသော နတ်ဝိညာဉ်များက လက်ရှိ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေ၏ အလုံးစုံအင်အားထက် သာလွန်သည်။
ဤလှံသည် အတိတ်မှ ကမ္ဘာဦးလောက၏ စစ်မှန်သော အင်အားဖြစ်ပုံပေါ်သည်။
နတ်ဘုရားသုတ်သင်ခြင်းလှံထဲမှ နတ်ဝိညာဉ်များက ယခင်ကမ္ဘာဦးလောက၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ဟန်တူသည်။
နတ်ဘုရားသုတ်သင်ခြင်းလှံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သွေးချီအနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲမှာ စုစည်းသွားသည်။
အတိတ်မှာ သူက နတ်သားရဲအားလုံးကို ရှေးဦးအပျက်အစီးတောအုပ်ဆီသို့ ပြန်ပို့ဆောင်ပေးမည်ဟု ကျိန်ဆိုခဲ့သည်။
ယခု အချိန်ကျရောက်လာချေ၏။