အခန်း (၁၅၂၈)
Vol. 110 Ch. 1528
ကျူးရုန်၏ မျက်လုံးထဲတွင် စူးရှသောအလင်း ဖြတ်ပြေးသွားသည်။
“ အဲ့ဒီကောင်ကို လွင့်မျောတိမ်သံမဏိတောင်နား မကပ်စေနဲ့… မဟုတ်ရင် သူ့ရဲ့ ခံစစ်ကို ဘယ်တော့မှ မင်းတို့ ချိုးဖြတ်နိုင်မှာမဟုတ်ဘူး ”
အနောက်ဆုတ်သွားသော တိမ်ရေနတ်သားရဲက အဝေးမှ လှမ်းအော်ပြောသည်။
“ တိမ်ရေနတ်သားရဲ… မင်းက သေချင်နေတာပဲ ”
သံမဏိစားခိုက ဒေါသတကြီး အော်ပြောလိုက်ပြီး အတောင်ပံတဖျပ်ဖျပ်ခတ်၍ တိမ်ရေနတ်သားရဲဆီသို့ ပျံသန်းသွားသည်။
ကျူးရုန်က တဟားဟား အော်ရယ်လိုက်ပြီး သူ့လက်ထဲမှ လှံကို အရှေ့သို့ ထိုးသွင်းလိုက်သည်။
“ ဗုန်း ”
နဂါးတစ်ကောင်က လှံထိပ်ဖျားထဲမှ ထွက်ပေါ်လာပြီး သံမဏိစားခိုနှင့် တွေ့ဆုံသွားသည်။
နောက်အခိုက်အတန့်မှာ အနက်ရောင်သတ္ထုအရှိန်အဝါက သံမဏိစားခိုထံမှ ပေါ်လျှိုးထွက်လာပြီး မီးနဂါးကို ရစ်ပတ်လိုက်သည်။
သတ္ထုအရှိန်အဝါဖြင့် ရင်ဆိုင်ရသောအခါ မီးနဂါးက မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
သံမဏိစားခိုက ဒေါသတကြီး အော်မြည်လိုက်သည်။ ၎င်းက အတောင်ပံများကို ဖြန့်ကားလိုက်ပြီး အနောက်မှ အနက်ရောင်တောင်ထိပ်ပေါ်သို့ ဆင်းသက်သွားသည်။
ကျူးရုန်နှင့် နားလည်မှုရထားသော လီသဲက မီးတောက်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အောက်သို့ ထိုးဆင်းသွားကာ သံမဏိစားခို၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
သံမဏိစားခို၏ ဧရာမခန္ဓာကိုယ်က လီသဲနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
အံ့ဩစရာကောင်းသည်မှာ အကောင်ပိစိလေး လီသဲက ၎င်းထက် အဆပေါင်းများစွာ ပိုကြီးမားသော သံမဏိစားခိုကို အမှန်တကယ် တားဆီးနိုင်ခဲ့သည်။
လွင့်မျောတိမ်သံမဏိတောင်က ၎င်း၏ အရှေ့မှာ ရှိသော်လည်း မရောက်နိုင်ခဲ့ပေ။
“ ဗုန်း ”
မီးနဂါးက အရှေ့သို့ ပျံသန်းသွားသည်။
“ ဘန်း ”
လီသဲက သံမဏိစားခို၏ ဧရာမခန္ဓာကိုယ်ကို အပေါ်သို့ မြှောက်တင်လိုက်သည်။ မတူညီသော မီးတောက်စွမ်းအားနှစ်ခုကြောင့် သံမဏိစားခို၏ ကြွက်သားများနှင့် မူလစွမ်းအားက မြန်ဆန်စွာ ကုန်ခမ်းလာသည်။
“ ဂရား ”
စိတ်ပျက်အားလျော့နေစဉ် သံမဏိစားခိုက ကျယ်လောင်စွာ မြည်ဟိန်းလိုက်ပြီး ၎င်း၏ ဘေးပတ်ဝန်းကျင်မှ မီးနဂါးများကို ၎င်း၏ သံမဏိလက်သည်းများဖြင့် ဖျက်ဆီးလိုက်သည်။ သို့သော်လည်း မီးတောက်များက အလွန်အားကောင်းလေရာ သံမဏိစားခို၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး ချောက်ကမ်းပါးဆီသို့ ပြုတ်ကျသွားသည်။
လီသဲက အမြန်အနောက်လှည့်လိုက်ပြီး သံမဏိစားခိုကို လိုက်ဖမ်းသည်။
ထိုစဉ် အောက်သို့ ပြုတ်ကျသွားနေသော သံမဏိစားခိုက ရုတ်ချည်း လေထဲမှာ ရပ်တန့်သွားသည်။
“ ဝီး ”
၎င်း၏ အနက်ရောင်ငှက်မွှေးအားလုံးက ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ငှက်မွှေးပျံများအဖြစ် ပြောင်းလဲသွားကာ လီသဲဆီသို့ ပျံသန်းသွားကြသည်။
ထိုငှက်မွှေးပျံများထဲမှာ ကိန်းအောင်းနေသော သတ္ထုစွမ်းအားက အလွန်အံ့ဖွယ်ကောင်းသည်။ အကယ်၍ ငှက်မွှေးပျံများဖြင့်သာ ထိမှန်သွားမည်ဆိုလျှင် လီသဲ၏ ခန္ဓာကိုယ်က ဇကာပေါက်ဖြစ်သွားလိမ့်မည်။
ထိုမြင်ကွင်းကို အဝေးမှ စောင့်ကြည့်နေသော တိမ်ရေနတ်သားရဲ မြင်သွားသောအခါ ၎င်းက ကြောက်လန့်တကြား ထွက်ပြေးသွားသည်။
ကျူးရုန်က သူ၏ လက်ကို ဆန့်တန်းလိုက်လေရာ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ရွှေရောင်မျဉ်းကြောင်းများက သူ၏ လက်မောင်းပေါ်မှာ ထွက်ပေါ်လာကြသည်။
“ ဗုန်း ”
သူက ရွှေရောင်မျဉ်းကြောင်းများနှင့်အတူ သံမဏိစားခိုဆီသို့ ပျံသန်းသွားပြီး ၎င်းကို အပေါ်မှ ဖိချလိုက်သည်။
သံမဏိစားခိုက တုန်ယင်သွားပြီး အောက်သို့ ပြုတ်ကျသွားသည့်အခါ ၎င်း၏ ငှက်မွှေးပျံများသည်လည်း လမ်းတစ်ဝက်မှာတင် အောက်ပြုတ်ကျသွားကြသည်။
“ ဘန်း ”
ထို့နောက် ရွှေရောင်မျဉ်းကြောင်းများက ချောက်ကမ်းပါးနှင့် ဝင်ဆောင့်သွားသည့်အခါ အနက်ရောင်တောင်က ပြိုကွဲသွားပြီး ဧရာမကျောက်တုံးများက အောက်သို့ ပြုတ်ကျသွားကြသည်။
သံမဏိစားခို၏ ဧရာမခန္ဓာကိုယ်က အနက်ရောင်ကျောက်တုံးများအောက်မှာ နစ်မြုပ်သွားပြီး နာကျင်စွာ ရုန်းကန်လိုက်သည်။
ရွှေရောင်မျဉ်းကြောင်းများ မှေးမှိန်သွားသည့်အခါ မိုးမြေကြားထဲမှ မီးတောက်များက ငြိမ်းသတ်သွားသည်။ ဤသည်မှာ အစောနက မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။
အနက်ရောင်သံမဏိကျောက်တုံးများသည်သာ အဆက်မပြတ် အောက်ပြုတ်ကျသွားနေသည်။
ထိုအချက်ကသာ အစောနက တိုက်ပွဲက မည်မျှပြင်းထန်ခဲ့ကြောင်း သက်သေဖော်ပြပေးနေသည်။
သံမဏိစားခိုက အပြင်းအထန် ရုန်းကန်လိုက်သည် ၎င်း၏ မျက်နှာပေါ်မှာ အကြောက်တရားဖြင့် ပြည့်နှက်နေသည်။
အဝေးမှ တိမ်ရေနတ်သားရဲ၏ မျက်လုံးထဲမှာ စူးရှသောအလင်း ထွက်ပေါ်လာသည်။
ကျူးရုန်က သံမဏိစားခိုကို ကြည့်လိုက်ပြီး သွေးမျိုးဆက်ကျောက်တုံးတစ်တုံးကို ပစ်ပေးလိုက်သည်။
“ မင်းရဲ့ တောင်ကို ဖျက်ဆီးမိတဲ့အတွက် တောင်းပန်ပါတယ် ”
“ အဲ့ဒီအတွက် ငါလျော်ကြေးပေးပါ့မယ် ”
လျော်ကြေးပေးမယ်လား… ။
သွေးမျိုးဆက်ကျောက်တုံးတစ်တုံးနဲ့လား… ။
သွေးမျိုးဆက်ကျောက်တုံးကို လက်ခံလိုက်စဉ် ဇဝေဇဝါဖြစ်သော အမူအရာက သံမဏိစားခို၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ မင်း စောစောက အဲ့လိုပြောခဲ့မယ်ဆိုရင် ငါတို့တိုက်ခိုက်ဖို့ လိုပါ့မလား ”
…..
ဆယ်ရက်ကြာပြီးနောက်…
မိစ္ဆာသားရဲအုပ်စုက ခြင်းတောင်းအပြည့် သံမဏိကျောက်များနှင့်အတူ ထွက်ခွာသွားကြသည်။
သံမဏိစားခိုက တိမ်ရေနတ်သားရဲနှင့် ဘေးချင်းကပ် ရပ်နေရင်း ကျူးရုန်နှင့် လီသဲကို ပြုံးလျက် လိုက်ပို့သည်။
“ ဘာမှစိတ်မပူနဲ့… အခုကစပြီး နောက်တစ်ခါ မိုင်းတူးဖို့ ရောက်လာတဲ့အခါတိုင်း သွေးမျိုးဆက်ကျောက်တုံးတွေကို မင်းသယ်ဆောင်လာမယ်ဆိုရင် ငါမင်းကို ကူညီပေးမယ် ”
သံမဏိစားခိုက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
သွေးမျိုးဆက်ကျောက်တုံးများရှိနေလျှင် အရာအားလုံးကို ဆွေးနွေးညှိနှိုင်းနိုင်သည်။
ဤတစ်ကြိမ် သူတို့ရရှိခဲ့သော သံမဏိကျောက်များက အရည်အသွေး တော်တော်ကောင်းသည်။ မည်သို့ဖြစ်ပါစေ ယင်းတို့က သံမဏိစားခို၏ သတ္ထုမူလစွမ်းအားဖြင့် သန့်စင်ခံထားရသော သံမဏိကျောက်များ မဟုတ်ပါလော။
သို့ဖြစ်၍ သွေးမျိုးဆက်ကျောက်တုံးများကို လက်ဆောင်ပေးခြင်းက ထိုက်တန်ပေသည်။
ကျူးရုန်နှင့် လီသဲ ထွက်ခွာသွားကြသည့်အခါ သံမဏိစားခိုက တိမ်ရေနတ်သားရဲကို လှည့်ကြည့်လိုက်သည်။
တိမ်ရေနတ်သားရဲက ခန္ဓာကိုယ်ကျုံ့လိုက်ပြီး အဝေးသို့ ထွက်ပြေးသွားသည်။
“ အခုမှ ဘာကို ကြောက်ပါပြီလဲ… တော်ပါ… အခု ငါ့လက်ထဲမှာ သွေးမျိုးဆက်ကျောက်တုံးတွေ ရှိနေမှတော့ မင်းကို စိတ်မဝင်စားတော့ဘူး ”
သံမဏိစားခိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ ၎င်းက သွေးမျိုးဆက်ကျောက်တုံးများကို သိမ်းဆည်းရင်း အသိုက်ဆီသို့ ပြန်သွားသည်။
အပြန်ခရီးတွင် မိစ္ဆာသားရဲများက ခြင်းတောင်းအပြည့် အနက်ရောင်သံမဏိကျောက်များကို သယ်ဆောင်ထားရသောကြောင့် အသွားတုန်းကကဲ့သို့ မမြန်ဆန်တော့ပေ။ သို့ဖြစ်၍ လျောင်ယွမ်မျိုးနွယ်စုဆီသို့ ပြန်ရောက်ရန် ဆယ်ရက်ကြာမြင့်ခဲ့သည်။
ထို့နောက် အရွယ်အစားကြီးမားသော မီးပြင်းဖိုတစ်လုံးက မျိုးနွယ်စုထဲမှာ ထွက်ပေါ်လာသည်။
“ လီသဲ… အဲ့ဒါ ဘယ်လိုလုပ်ရမလဲ မင်းသိတယ်မလား ”
“ ပြီးတော့ ပန်းပဲထုတာနဲ့ ပုံဖော်တာကို မင်းတို့ဘာသာ လုပ်ဆောင်ရမယ် ”
“ နတ်ဘုရားအင်းသင်္ကေတတွေ ထွင်းထုတာကိုတော့… ”
ဟန်မူယဲ့က မီးခိုးရောင်ဝံပုလွေ၊ အတောင်ပံပါကျားနက်နှင့် လွင့်မျောမိုးတိမ်သားရဲကို ကြည့်လိုက်သည်။
“ မင်းတို့ရဲ့ သားရဲနတ်ဘုရားအင်းသင်္ကေတတွေကို သွေးမျိုးဆက်ကျောက်တုံးနဲ့ လဲလှယ်နိုင်တယ် ”
နတ်ဘုရားအင်းသင်္ကေတတွေကို သွေးမျိုးဆက်ကျောက်တုံးတွေနဲ့ လဲလှယ်နိုင်တယ်လား… ။
ဤတစ်ကြိမ်တွင် နတ်ဘုရားအင်းသင်္ကေတများ ရေးထွင်းပေးမည့်လူက ဟန်မူယဲ့ မဟုတ်ပေ။ ယင်းအစား နတ်သားရဲများကိုယ်တိုင် ဖြစ်၏။
လျောင်ယွမ်မျိုးနွယ်စုဆီမှာ နတ်ဘုရားအင်းသင်္ကေတပညာရှင်မရှိသော်လည်း နတ်သားရဲများဆီမှာ ကိုယ်ပိုင်အင်းသင်္ကေတများ ရှိကြသည်။
၎င်းတို့ ထွင်းထုပေးမည့် သားရဲနတ်ဘုရားအင်းသင်္ကေတများထဲတွင် နတ်ဘုရားအင်းသင်္ကေတပညာရှင်တစ်ယောက် ထွင်းထုပေးမည့် အင်းသင်္ကေတများထက် ပိုမိုများပြားသော မူလစွမ်းအားများ ပါဝင်သည်။
“ သွေးမျိုးဆက်ကျောက်တုံးတွေ… ”
အတောင်ပံပါကျားနက်က တီးတိုးရေရွတ်လိုက်ပြီး ၎င်း၏ လက်သည်းဖြင့် မြေပြင်ကို ကုတ်ခြစ်လိုက်သည်။
ယင်းက ကောင်းမွန်သော စီးပွားရေးဖြစ်သည်။
…..
မည်သည့်အလုပ်တွင်မဆို အစက အခက်ခဲဆုံးအပိုင်း ဖြစ်သည်။ သို့ဖြစ်၍ ပထမအသုတ် သူတို့သန့်စင်လိုက်သော လွင့်မျောတိမ်သံမဏိကျောက်များက အရည်အသွေး အလွန်ဆိုးဝါးသည်။
ပထမဆုံး သူတို့ထုတ်လုပ်လိုက်သော သံချပ်ကာအပိုင်းအစတစ်ခုက အုတ်ခဲတစ်လုံးထက်ပင် နိမ့်ကျပေသည်။
သို့တိုင် ထိုအုတ်ခဲကို ရယူရန် လျောင်ယွမ်မျိုးနွယ်စုထဲမှ လူတိုင်းက စိတ်အားထက်သန်နေကြသည်။
မြို့တံတိုင်းနှင့်ဆင်တူသော သံချပ်ကာကို ကြည့်နေစဉ် ဟန်မူယဲ့၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
မိုးမြေကြားမှ စွမ်းအားက စတင်အားနည်းသွားနေကြောင်း သူခံစားမိသည်။
ယင်းက ကောင်းကင်ဘုံတာအို၏ ပေါင်းစပ်မှု ဖြစ်သည်။
…..
ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်ဆီမှာ ရှိန်လောက်ဖွယ်ကောင်းသော ကလန်များ ရှိကြသည်။
ထိုကလန်များ၏ စုစုပေါင်းလူဦးရေက မသေးငယ်ပေ။ ကလန်တချို့က တစ်သန်းရှိပြီး တချို့က ဆယ်သန်းရှိကြသည်။ လူဦးရေသန်းတစ်ရာကျော်သော ကလန်များပင် ရှိကြသည်။ သူတို့ထဲမှ အများစုက သံချပ်ကာကို ပိုင်ဆိုင်ထားကြသည်။
သို့သော်လည်း သူတို့က အနက်ရောင်ချပ်ဝတ်ကဲ့သို့ သံချပ်ကာပစ္စည်းများ ဖန်တီးသန့်စင်ခြင်းအပေါ် သုတေသနအများကြီး မပြုလုပ်ကြချေ။
ရှေးဦးအပျက်အစီးတောအုပ်ထဲမှ အင်အားကြီးမားသော လူသားကလန်များသည် နတ်သားရဲမျိုးနွယ်စုအမျိုးမျိုးနှင့် သူတို့ကိုယ်ပိုင် တိုတမ်သားရဲအုပ်စုများပေါ်မှာ အခြေခံသည်။
လူသားမျိုးနွယ်ထဲမှာ အစွမ်းထက်ပုဂ္ဂိုလ်များ၊ အစွမ်းထက်ရိုးရာနတ်ဆရာများနှင့် ရှိန်လောက်ဖွယ်ကောင်းသော နတ်ဘုရားအင်းသင်္ကေတပညာရှင်များ ရှိသော်လည်း သူတို့က နတ်သားရဲများထက် ကျော်လွန်ရန် တစ်ခါမှ မစဉ်းစားဖူးကြချေ။ သို့ဖြစ်လေရာ နတ်သားရဲများကို ထိန်းချုပ်မည်ဟူသော အတွေးက သူတို့၏ ခေါင်းထဲမှာ လုံးဝ မရှိချေ။
သို့သော်လည်း လျောင်ယွမ်မျိုးနွယ်စုသည် သူတို့၏ တိုတမ်နတ်သားရဲကို ဖယ်ရှားပြီးနောက် တစ်စတစ်စ အင်အားကြီးမားလာကာ ယခု အနက်ရောင်ချပ်ဝတ်များကို သန့်စင်ရန်လည်း ကြိုးစားလာကြသည်။ ယင်းက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်၏ အဆင့်အတန်းကို ပြောင်းလဲရန် ကြိုးစားနေသော နည်းလမ်းတစ်ခု ဖြစ်သည်။
ဤသို့အဆင့်အတန်းပြောင်းလဲခြင်းက ကမ္ဘာဦးကောင်းကင်ဘုံတာအို၏ စည်းမျဉ်းများနှင့် လိုက်လျောညီထွေမှု ရှိသည်။
အနက်ရောင်ချပ်ဝတ်အပိုင်းအစတစ်ခုကို သန့်စင်ပြီးနောက်ပိုင်းတွင် ချပ်ဝတ်သန့်စင်ခြင်းလုပ်ငန်းက ပိုမိုချောမွေ့လာပြီး ပိုမိုလွယ်ကူလာလိမ့်မည်။
လဝက်အတွင်းမှာ ရုပ်ဆိုးသော အနက်ရောင်ချပ်ဝတ်အပိုင်းအစ(၅၀)ကို ဖန်တီးသန့်စင်နိုင်ခဲ့သည်။
ထိုအနက်ရောင်ချပ်ဝတ်များသည် အရုပ်ဆိုးသည့်အပြင် ကြယ်စင်စုစကြာဝဠာမှ သံချပ်ကာများကဲ့သို့ စွမ်းဆောင်ရည်အများကြီးကို မပြုလုပ်နိုင်ပေ။
ကံကောင်းသည်မှာ ဤနေရာက ရှေးဦးအပျက်အစီးတောအုပ်ဖြစ်ပြီး ကောင်းကင်ဘုံတာအို၏ ဖိနှိပ်မှုက အလွန်အားကောင်းသည်။ သို့ဖြစ်၍ ကြယ်စင်စုစကြာဝဠာမှ သံချပ်ကာများက ဤနေရာမှာ အသုံးမဝင်ပေ။
ကမ္ဘာဦးလူသားများက ကြီးမားသော ရုပ်ခွန်အားကို ပိုင်ဆိုင်ထားသည့်အပြင် သွေးမျိုးဆက်နှင့် မူလစွမ်းအား၏ အစွမ်းမြှင့်တင်ပေးမှုကိုလည်း ရရှိထားကြသည်။ သို့ဖြစ်၍ သူတို့က အနက်ရောင်သံချပ်ကာများ ဖန်တီးသန့်စင်ရာတွင် ခုခံခြင်းကိုသာ အဓိကအလေးထားသည်။
အနက်ရောင်ချပ်ဝတ်အပိုင်းအစငါးဆယ်ထဲတွင် နှစ်ဆယ်က လေးလံသံချပ်ကာများ ဖြစ်ကြသည်။
ထိုလေးလံသံချပ်ကာများက လူသားခန္ဓာကိုယ်ကို ဖုံးကွယ်ပေးနိုင်သည့်အပြင် သူတို့စီးနင်းသော မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်ကိုလည်း ဖုံးကွယ်ပေးနိုင်သည်။
…..
ရှေးဦးအပျက်အစီးတောအုပ်… လျောင်ယွမ်မျိုးနွယ်စု၏ အပြင်ဘက်တွင်…
ပေါက်ကွဲသံများက ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
ကျူးရုန်က လှံကို ဆုပ်ကိုင်လိုက်သည့်အခါ ဆယ်ပေရှည်လျားသော ရွှေရောင်ပုံရိပ်တစ်ခုက သူ၏ ဘေးမှာ ဖွဲ့စည်းသွားသည်။
ရွှေရောင်ပုံရိပ်က လှံရှည်ကို လွှဲယမ်းလိုက်သည်နှင့် အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားကြပြီး မိစ္ဆာဝံပုလွေကို စီးနင်းထားကြသော မျိုးနွယ်ဝင်နှစ်ယောက်က လေထဲသို့ လွင့်စင်သွားကြသည်။
အခြားတစ်ဖက်တွင် နွားမိစ္ဆာကို စီးနင်းထားသော မျိုးနွယ်ဝင်တစ်ယောက်က ဧရာမတူနှစ်လက်ကို ကိုင်ဆွဲ၍ ကျူးရုန်ကို တိုက်ခိုက်လိုက်သည်။ ယင်းက ကျူးရုန်ကို အနည်းငယ် တုန်ယင်သွားစေသည်။
သို့သော်လည်း ထိုမျိုးနွယ်ဝင်က ကျူးရုန်၏ မြှောက်တတ်လာသော ခြေထောက်ဖြင့် အဝေးသို့ အကန်ခံလိုက်ရသည်။
ဟန်မူယဲ့က အဝေးမှ ရပ်ကြည့်နေစဉ် သူ၏ မျက်နှာပေါ်မှာ ပေါ့ပါးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဘေးပတ်ဝန်းကျင်မှ လျောင်ယွမ်မျိုးနွယ်ဝင်များက ကျူးရုန်အတွက် အော်ဟစ်အားပေးနေကြသည်။
သူတို့၏ မျက်လုံးထဲတွင် ကျူးရုန်က အသန်မာဆုံးဖြစ်သည်။
အမှန်မှာ အနက်ရောင်ချပ်ဝတ်နှင့် မိစ္ဆာသားရဲများက ထိုသို့ကြီးမားသော အစွမ်းတိုးမြှင့်မှုကို ပေးစွမ်းနိုင်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။ ယင်းက သူတို့၏ စိတ်ကူးယဉ်နိုင်မှုထက် ကျော်လွန်သွား၏။
လက်နက်သန့်စင်ခြင်းဖြစ်စေ သို့မဟုတ် တခြားအရာများဖြစ်စေ ယင်းတို့က အကန့်အသတ်ရှိသော စွမ်းအားကိုသာ ပေးစွမ်းနိုင်၏။
ရှေးဦးအပျက်အစီးတောအုပ်၌ အရေးကြီးဆုံးအရာမှာ သွေးမျိုးဆက်နှင့် မူလစွမ်းအားသာ ဖြစ်သည်။
ဤတိုက်ပွဲတွင် ဝံပုလွေစစ်တပ်ဖြစ်စေ သို့မဟုတ် နွားမိစ္ဆာစစ်တပ်ဖြစ်စေ သူတို့အားလုံးက ကျူးရုန်၏ အရှေ့၌ အရွယ်မရောက်သေးသော ကလေးများနှင့် မခြားပေ။
ကျူးရုန်က ထိုမျိုးနွယ်ဝင်များကို အသုံးချ၍ သူ့ကိုယ်သူ ကိုယ်ရည်သွေးကာ သူ့ကိုယ်ပိုင်စွမ်းအားကို မြင်သာအောင် ပြသည်။
အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော မိစ္ဆာသားရဲစစ်တပ်သည်တော့ သူတို့က ယခုကဲ့သို့ ကျူးရုန်နှင့် လက်ရည်စမ်းနိုင်ခြင်းကို ကြီးမားသော အောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူထားကြသည်။
“ ဗုန်း ”
အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် တောက်ပလာသည့်အခါ မီးတောက်များက ကျူးရုန်၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ သူက လက်သီးတစ်ချက်ထိုးလိုက်ပြီး အနားသို့ ချဉ်းကပ်လာကြသော မျိုးနွယ်ဝင်အားလုံးကို အမှောက်သိပ်လိုက်သည်။
ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထွက်သွားသည်။
မိစ္ဆာသားရဲများကို စီးနင်းထားကြသော ထိုလူများက ဒဏ်ရာမရရှိသွားသော်လည်း မတ်တတ်ရပ်ရန် ရုန်းကန်နေရသည်။ မိစ္ဆာသားရဲများသည်လည်း ခြေကုန်လက်ပန်းကျနေကြသည်။
“ ငါ့နောက် လိုက်ခဲ့ကြပါ ”
ထိုစဉ် ဟန်မူယဲ့က ပြောသည်။
ဆရာဟန်… ။
လူတိုင်းက ခေါင်းလှည့်လိုက်လေရာ ဟန်မူယဲ့က လက်နောက်ပစ်လျက် တောထဲသို့ အေးအေးလူလူ လျှောက်သွားကြောင်း သူတို့မြင်သွားသည်။
တခြားလူများက အကြည့်ချင်းဖလှယ်လိုက်ကြပြီး အနောက်မှ မြန်မြန်သွက်သွက် လိုက်သွားကြသည်။
ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော မျိုးနွယ်ဝင်များသည် ဆရာဟန်က ထိုလူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း စူးစမ်းသိချင်ကြသည်။
ကျူးရုန်က အဝေးသို့ လှမ်းကြည့်လိုက်သည်။ စူးစမ်းချင်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဆယ်ရက်ကြာပြီးနောက် ထိုမျိုးနွယ်ဝင်များက ပြန်ရောက်လာကြသည်။
မိစ္ဆာဝံပုလွေများနှင့် မိစ္ဆာနွားများကို စီးနင်းထားကြသော မျိုးနွယ်ဝင်အယောက်ငါးဆယ်က အနက်ရောင်ချပ်ဝတ် ဝတ်ဆင်လျက် ပြန်ရောက်လာကြသည်။
သူတို့က ပင်ပန်းနွမ်းနယ်နေပုံပေါ်ပြီး သူတို့၏ အနက်ရောင်ချပ်ဝတ်ပေါ်တွင် အမျိုးမျိုးသော အစင်းကြောင်းအမှတ်အသားများ ရှိသည်။
သို့တိုင် သူတို့တစ်ယောက်စီ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ယခင်နှင့်နှိုင်းယှဉ်လျှင် သိသိသာသာ ပိုအားကောင်းလာသည်။
“ သူတို့က ဘာလုပ်ခဲ့ကြတာလဲ ”
“ ဆရာဟန်က သူတို့ကို ပညာအသစ်တွေ သင်ပေးလိုက်တာများလား ”
“ ပညာအသစ်တွေ ရလာရင်တောင် သူတို့က ကျူးရုန်ကို အနိုင်ယူနိုင်ပါ့မလား ”
ဆွေးနွေးသံအမျိုးမျိုးက ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်ဝင်များထံမှ ထွက်ပေါ်လာသည်။
ကျူးရုန်သည်လည်း အရှေ့သို့ လျှောက်လာသည်။
“ နောက်တစ်ပွဲ တိုက်ခိုက်ကြမယ် ”
ဟန်မူယဲ့က ပြောသည်။
နောက်တစ်ပွဲလား… ။
ကျူးရုန်က ပြုံးလိုက်လေရာ မီးတောက်များက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
အရှေ့တွင် တကွဲတပြားဖြစ်နေသော မိစ္ဆာသားရဲစစ်တပ်က စတင်လှုပ်ရှားလိုက်သည်။
“ ဒါဆိုလည်း တိုက်တာပေါ့ ”
ကျူးရုန်က အော်ပြောလိုက်လေရာ ဆယ်ပေရှည်လျားသော ရွှေရောင်ပုံရိပ်က ထွက်ပေါ်လာသည်။
မိစ္ဆာသားရဲစစ်သည်တော်များသည်လည်း ကြုံးဝါးအော်လိုက်ကြပြီး ကျူးရုန်ဆီသို့ ချီတတ်သွားကြသည်။
သို့သော် သူတို့ချီတတ်သွားသည်နှင့်တစ်ပြိုင်နက် ကျူးရုန်နှင့် ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်ဝင်များသည် ထိုမိစ္ဆာသားရဲစစ်တပ်က ယခင်ကနှင့် မတူညီတော့ကြောင်း သတိထားမိသွားသည်။