← Chapters

တုံ့ပြန်မှု

Vol. 12 Ch. 156

တုံ့ပြန်မှု

Vol. 12 Ch. 156

အခန်း (၁၅၆) : တုံ့ပြန်မှု

ဝမ်ဝေ့၏ အမိန့်အောက်တွင် လီကျွင်း၊ စစ်သူကြီးထျဲ့ကန်၊ စစ်သူကြီးငါးယောက်နှင့် ယန်းလီလင်းတို့က စွမ်းအားအကုန်သုံးကာ နတ်ဆိုးသားရဲများအားလုံးကို စတင် သတ်ဖြတ်လိုက်သည်။ မရေတွက်နိုင်သော တိုက်ခိုက်မှုများက မြင့်မားသော တံတိုင်းပေါ်မှစ၍ အောက်ဖက်ရှိ သားရဲများဆီသို့ ဦးတည်နေသည်။

လေးသမားများက သူတို့၏ လေးများဖြင့် ချိန်ရွယ်ထားပြီးနောက် အဘက်ဘက်သို့ ပစ်လွှတ်လိုက်သည်။ ကျင့်ကြံသူများက ဂါထာများနှင့် မူလစွမ်းရည်ကို ပြင်ဆင်ပြီးမှ အသုံးပြုလိုက်သည်။ ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ရှိ အင်အားနည်းသူများအတွက် ဂါထာရွတ်ဆိုရန် သွေးချီများ ပေါင်းစပ်ဖို့ အထူးနည်းလမ်းများကို အသုံးပြုကြသည်။

ထို့အပြင် သာမန်လူများကလည်း ကူညီခဲ့ကြသည်။ ထိုလူများက တိုက်ခိုက်ရန် အဆောင်များကို အသုံးပြုခဲ့ကြသည်။ သူတို့က အဆောင်များကို ချေမွခြင်း သို့မဟုတ် စုတ်ဖြဲပြီး နတ်ဆိုးသားရဲများဆီ ပစ်ပေါက်လိုက်ရုံဖြင့် အဆောင်များက သူ့ဘာသာသူ အသက်ဝင်သွားသည်။

လီကျွင်းနှင့် ထျဲ့ကန်ကဲ့သို့ ခွန်အားသုံးသူများက အောက်ဘက်တွင် ရှိနေသော သားရဲအုပ်ဆီ ပြေးဝင်သွားကာ ထိုသားရဲများကို သတ်ဖြတ်တော့သည်။ ဤတိုက်ပွဲတွင် သုံ့လီဖန်းပင် ပါဝင်ခဲ့သည်။

သူမက တံတိုင်းပေါ်မှ ခုန်ချကာ တားဆီးပိတ်ပင်ထားသော ကွင်းပြင်ထဲသို့ ရောက်ရှိသွားပြီးနောက် သူမ၏ မျက်လုံးများ အနက်ရောင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သူမကို စိုက်ကြည့်နေသော နတ်ဆိုးအားလုံး စတင်အော်ဟစ်ကာ ပါးစပ်မှ သွေးများပန်းထွက်ရင်း မြေပြင်ပေါ်တွင် လဲကျသေဆုံးသွားသည်။

သူမက အိပ်မက်သဏ္ဌာန်ဝိညာဉ်၏ မွေးရာပါ စွမ်းရည်ကို ထုတ်သုံးကာ ထိုသားရဲများအတွက် အိပ်မက်ဆိုးတစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က အိပ်မက်ထဲတွင် သေသွားသည့်အတွက် လက်တွေ့ဘဝမှာလည်း သေဆုံးသွားခြင်း ဖြစ်သည်။

ယခုလိုဖြင့် သုံ့လီဖန်းလည်း သူမ၏ ဘဝ၌ ပထမဆုံး လက်တွေ့တိုက်ပွဲကို စတင်ခဲ့သည်။ သူမ ယခုကဲ့သို့ ရဲတင်းနေရသည့် အကြောင်းအရင်းများလည်း ရှိသည်။ ထိုအကြောင်းအရင်းများထဲမှ တစ်ခုက သူမ၏ ဆရာဖြစ်သော ယူစစ်ယွီက တိုက်ပွဲတွင် တစ်တပ်တစ်အားဖြင့် ပါဝင်ရန် ရောက်ရှိလာသောကြောင့် ဖြစ်သည်။

နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ ဝမ်ဝေ့က လေထဲတွင် ရပ်နေပြီး အခြေအနေတစ်ခုလုံးကို အကဲခတ်နေသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်သာ နတ်ဆိုးသားရဲများ၏ ဝန်းရံခြင်းကို ခံရပြီး ဒုက္ခရောက်နေပါက သူ ဝင်ရောက်စွက်ဖက်ကာ ကူညီပေးလိမ့်မည်။ ထိုသူက စစ်သားများဖြစ်စေ၊ အတွေ့အကြုံ မရှိသည့် သုံ့လီဖန်းဖြစ်စေ ကူညီပေးမည်သာ ဖြစ်၏။

ထိုလူများအနက် နတ်ဆိုးသားရဲတွေ သတ်ဖို့အတွက် အစစ်အမှန်စိတ်စွမ်းရည်ကို အသုံးပြုပြီး သတ်သည့် ဝမ်ဝေ့ ပြီးလျှင် အများဆုံး သတ်ဖြတ်နိုင်သည့်လူက ယန်းလီလင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမက နတ်ဆိုးသားရဲအချင်းချင်း ပြန်လည်သတ်ဖြတ်စေမည့် သွေးမျိုးဆက် မြှင့်တင်ရေးဆေးလုံးကို အသုံးပြုလိုက်ပြီး အချင်းချင်း ရူးသွပ်စွာဖြင့် ပြန်လည်သတ်ဖြတ်စေသည်။ ထိုသားရဲများက နဂိုကတည်းက စိတ်လွတ်နေသည့်အတွက် ထိုဆေးလုံး၏ အကျိုးသက်ရောက်မှုက အဆပေါင်းများစွာ ပိုမိုတိုးမြင့်သွားသည်။

ဝံပုလွေရိုင်းတိုင်းပြည်၏ မြင်းတပ်နှင့် ရင်ဆိုင်ခဲ့ရစဉ်က ထိုဆေးလုံးကို အသုံးပြုပြီးနောက် ထိုဆေးလုံးက ရှေ့လျှောက် အသုံးလိုလာလိမ့်မည်ဟု ယန်းလီလင်း တွေးမိသည့်အတွက် အားလပ်ချိန်တွင် ဆေးလုံးများ ပြုလုပ်ထားခဲ့သည်။ ယခု သူမ၏ ထင်မြင်ချက် မှန်သွားပုံပေါ်သည်။

မဟာရှားတိုင်းပြည်၏ လူများက သားရဲလှိုင်းကို သူတို့၏ နည်းလမ်းဖြင့် ဖြေရှင်းနေကြစဉ် မဟာကျိုးမှ လူများလည်း တူညီသော ပြဿနာကို ရင်ဆိုင်နေရသည်။

မဟာကျိုးတိုင်းပြည်အတွင်း၌ ကျီစုန့်၏ မျက်နှာ မသာမယာဖြစ်နေသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော ကပ်ဘေးကြောင့် မြို့များစွာ ပျက်စီးပြီး လူများလည်း သေကြေကုန်သည်။

ထို့အပြင် ကျီစုန့်နှင့် ကျီစုတို့က ဝမ်ဝေ့လိုမျိုး အက္ခရာစာနှင့် ကာကွယ်ရေး အစီအရင်များတွင် ကျွမ်းကျင်သည့်သူများ မဟုတ်သည့်အတွက် မဟာရှားတိုင်းပြည်ကဲ့သို့ ပိုင်နက်တစ်ခုလုံးကို ဝန်းရံထားသည့် စွမ်းအားကြီး အစီအရင်မျိုး မဟာကျိုးတိုင်းပြည်တွင် မရှိပေ။

မြို့များစွာတွင် သူတို့၏ ကိုယ်ပိုင်အစီအရင် ရှိသော်လည်း မဟာရှားကဲ့သို့ တစ်ခုတည်း ပေါင်းစပ်ထားခြင်း မဟုတ်ပေ။ ထို့အပြင် မဟာကျိုးတွင် တပ်ကူများအား နယ်နိမိတ်ဆီ ပို့ဆောင်ရန်အတွက် ပျံသန်းယာဉ်များ မရှိပေ။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများက တစ်နေ့အတွင်းမှာပင် အတော်လေးများပြားသည်။

ညီလာခံ ခန်းမထဲတွင် အမတ်ချုပ်များနှင့် အမှုထမ်းများက စစ်သားများအား နတ်ဆိုးသားရဲများနှင့် တိုက်ရိုက်တိုက်ခိုက်စေသည့် နည်းလမ်းမှလွဲ၍ တခြားပိုမိုကောင်းမွန်သော နည်းလမ်းကို မစဉ်းစားနိုင်တော့သည့်အတွက် မျက်နှာမသာမယာ ဖြစ်နေကြသည်။

အဆုံးသတ်တွင် ကျီစုက သက်ပြင်းချကာ ပြောလိုက်သည်

“ စုန့်လေး ဒီကိစ္စလိုမျိုးဆိုရင် ဒီစစ်ဆေးမှုကို စွန့်ခွာပြီးတော့ ဒီကမ္ဘာကနေ ထွက်သွားတာ ပိုကောင်းပါတယ်။ ပြီးတော့ မင်းရဲ့ ချီကံကောင်းမှုကလည်း ခရမ်းရွှေရောင် ထိပ်သီးအဆင့်ကို ရောက်နေပြီလေ”

ထိုစကားကို ကြားပြီး အမှုထမ်းများ၏ မျက်နှာက ပိုပြီး မသာမယာ ဖြစ်လာသော်လည်း သူတို့ ဘာမှဝင်မပြောရဲဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်ကြသည်။

သူတို့အတွက် ကံကောင်းစွာဖြင့် ကျီစုန့်က သူ့အစ်ကိုကြီး၏ အကြံပေးချက်ကို ငြင်းဆိုကြောင်း ခေါင်းယမ်းပြပြီး ပြောလိုက်သည်

“ ကမ္ဘာတစ်ခုလုံးရဲ့ ကံကို စုပ်ယူလိုက်ခြင်းက ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ရဲ့ ကံကောင်းမှုကို သက်တံအရောင်အထိ ရောက်သွားနိုင်တယ်ဆိုတာ အစ်ကိုရော ကျွန်တော်ရော သိပါတယ်”

ကျီစုက ထိုအကြောင်းကို ကြားပြီး ငြိမ်သက်သွားသည်။ ခရမ်းရွှေရောင် ကံကောင်းမှု၏ အထက်တွင် ရောင်စုံအဆင့် ကျန်နေသေးသည်ကို သူ သိသည်။ သို့သော် ထိုကံကောင်းမှုအဆင့်က မဟာဧကရာဇ်များသာ ရရှိနိုင်သည်။ ထို့ကြောင့် ခရမ်းရွှေရောင်နှင့် ရောင်စုံကံကောင်းမှုကြားတွင် သက်တံရောင်အဆင့် သို့မဟုတ် ရောင်စဉ်ခုနစ်သွယ် ကံကောင်းမှုဟူသော အဆင့်တစ်ခု ထပ်ရှိနေသေးသည်။

တိုင်းပြည်ကို အပေါကြွယ်ဝဆုံး ဖြစ်အောင် ဖန်တီးနိုင်မှုအပေါ်မူတည်ပြီး ဤစစ်ဆေးမှု၏ အနိုင်ရရှိသူက ဤအဆင့်ကို ပြီးမြောက်အောင် လုပ်နိုင်လိမ့်မည်။ သို့သော် သူတို့ထဲမှ အဆိုးဆုံးသူပင် ရောင်စဉ်နှစ်ခုပါ သက်တံကံကောင်းမှုကို ရရှိနိုင်သေးသည်။

စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် သူ ပြောလိုက်သည်

“ ကံကောင်းမှုကျောက်တုံးတွေကနေ တဆင့် သက်တံချီကံကောင်းမှုကို ရရှိနိုင်ပါသေးတယ်”

သို့သော် ကံကောင်းမှု ကျောက်တုံးများက ဘယ်လိုအရာလဲဆိုတာကို ကျီစုန့် သိနေသည့်အတွက် ခေါင်းယမ်းပြလိုက်သည်။ ထိုကျောက်တုံးများက နာမည်အတိုင်း စုပ်ယူလို့ရနိုင်သော ကံကောင်းမှု ပါဝင်ပြီး မိုးမြေကြားတွင် မွေးဖွားလာသည့် ကျောက်တုံးများ ဖြစ်သည်။

သို့သော် ထိုကျောက်တုံးများတွင် မကောင်းသည့် အချက်များလည်း ရှိသည်။ ထိုကျောက်တုံးများက မတည်မြဲဘဲ အငွေ့ပျံလွယ်သည်။ ကျောက်တုံးတစ်တုံးတွင် ကံကောင်းမှုပါဝင်နိုင်ဖို့ ၉၉ ရာခိုင်နှုန်းနှင့် ကံဆိုးမှု ပါဝင်ဖို့ ၁ရာခိုင်နှုန်း ရှိတတ်သလို၊ ကံဆိုးမှု ၉၉ ရာခိုင်နှုန်းနှင့် ကံကောင်းမှု ၁ရာခိုင်နှုန်းလည်း ပါဝင်တတ်သည်။

ဒါဆိုရင် ကံဆိုးမှုပါဝင်တဲ့ ကျောက်တုံးဆီကနေ စုပ်ယူမိသွားရင် ဘာဖြစ်တတ်လဲ

အင်း…ဆိုးရွားတဲ့ အရာတွေအကုန်လုံး ဖြစ်နိုင်တာပေါ့။ အပြင်မှာ လမ်းလျှောက်နေတုန်း ရုတ်တရက် ဥက္ကာခဲလာမှန်တာမျိုး၊ သတ်လိုက်ပြီလို့ ထင်ထားတဲ့ ရန်သူက ရုတ်တရက် ထွက်ပေါ်လာပြီး ကိုယ့်ထက် စွမ်းအားကြီးနေတာမျိုး ဒါမှမဟုတ် ကျင့်ကြံနေတုန်း ချီဖောက်ပြန်မှု ဖြစ်သွားတာမျိုးပေါ့

အဲဒါတွေက ကံကောင်းမှု ကျောက်တုံးရဲ့ အဆိုးဆုံးအပိုင်းတွေတောင် မဟုတ်သေးဘူး။ ကျောက်တုံးအများကြီးမှာ စွမ်းအားကြီးတဲ့ ကျိန်စာတွေရှိနေတတ်တယ်။ ကံကို စုပ်ယူပြီးသွားရင် ကျင့်ကြံသူရဲ့ သွေးတွေ ရုတ်တရက် ခမ်းခြောက်သွားတာမျိုး၊ ဝိညာဉ် မှေးမှိန်သွားခြင်းနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကို အသုံးပြုလို့ မရနိုင်တာမျိုး ဖြစ်သွားတတ်တယ်…

ထူးဆန်းတဲ့ ကျိန်စာတွေဆိုရင် ယောက်ျားတစ်ယောက်ကို မြုံအောင် လုပ်လိုက်တာမျိုး၊ လူတွေရဲ့ လိင်ကို သူတို့ရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး ပြောင်းလဲသွားစေတာမျိုး ဒါမှမဟုတ် ဆက်တိုက် မရပ်မနား ပိုးကောင်တွေ အန်နေတာမျိုးတွေလည်း ရှိတတ်တယ်

ယေဘုယျအားဖြင့် ကံကောင်းမှု ကျောက်တုံးများက ကောင်းမွန်သည့်အရာ မဟုတ်ပေ။ ပိုပြီးဆိုးရွားသည်က လူတစ်ယောက်၏ ကံကောင်းမှု သို့မဟုတ် ကံကြမ္မာက ကံကောင်းမှု ကျောက်တုံးအပေါ်တွင် ဘာအကျိုးသက်ရောက်မှုမှ မရှိပေ။ ထို့ကြောင့် ကံကြမ္မာသားတော်တစ်ယောက်က ကံကောင်းမှုကျောက်တုံးကို ရွေးချယ်လျှင်ပင် ကံဆိုးနိုင်သည့်အခြေအနေ များနေဆဲဖြစ်သည်။

ထို့ကြောင့် ကောင်းမွန်သော ကံကောင်းမှု ကျောက်တုံးများကို ရွေးချယ်နိုင်ရန် လေ့ကျင့်ပေးထားသည့် ကျွမ်းကျင်ပညာရှင်များ ရှိသည်။ သို့သော် သူတို့ကို လိမ်ညာတတ်သူများဟု ထင်သည့်အတွက် ကျီစုန့်က ထိုလူများကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။

စက္ကန့်အနည်းငယ်အကြာတွင် ကျီစုက ဆက်ပြောလိုက်သည်

“ မင်း ကံကောင်းမှုကျောက်တုံးကို မသုံးဘူးဆိုရင်တောင်မှ မဟာကျိုးတော်ဝင်တိုင်းပြည်က ပျက်စီးပြီးသားတိုင်းပြည်ကနေ မင်း စုပ်ယူနိုင်ဖို့ ကံကောင်းမှု စုစည်းရေးအသုံးအဆောင်ကို ရှာပေးနိုင်ပါတယ်”

“ အဲလိုဆိုရင် အဲဒီတိုင်းပြည်တွေက သမိုင်းမှတ်တမ်းထဲမှာလည်း မရှိတော့တာ ကြာပြီဆိုတော့ မင်းလည်း ကံအကျိုးဆက်ကို ရင်ဆိုင်စရာ မလိုတော့တာပေါ့”

သို့သော် ကျီစုန့်က သူ့ဘာသာသူ ဆုံးဖြတ်ချက်ချထားသည်ကို ပြောလိုက်သည်

“ သက်တံရောင်အဆင့် ကံကောင်းမှုကို ရရှိဖို့အတွက် ဒီနည်းလမ်းတွေကို သုံးမယ်ဆိုရင် ခဏပဲ ခံမယ်ဆိုတာ အစ်ကိုရော ကျွန်တော်ရော သိတယ်လေ။ သဘာဝလွန် နယ်ပယ်အဆင့်ကို ဖြတ်ကျော်ပြီးတော့ ကျွန်တော်ရဲ့ ကံကောင်းမှုက ခရမ်းရွှေရောင်အဖြစ် ပြောင်းလဲသွားပြီ။ ဒါပေမဲ့ ဒီစစ်ဆေးမှုကနေတဆင့် ရလိုက်မယ်ဆိုရင် သက်တံရောင် ကံကောင်းမှုက တည်မြဲသွားပြီးတော့ ဧကရာဇ်လမ်းစဉ်အတွက် အားသာချက်တစ်ခု ဖြစ်လာလိမ့်မယ်”

သူ့ညီလေးပြောတာ မှန်ကြောင်း သိသလို စစ်ဆေးမှုမှ ထွက်မသွားချင်ရသည့် အကြောင်းအရင်း အစစ်အမှန်ကို ခန့်မှန်းမိသည့်အတွက် ထပ်မံ မဖျောင်းဖျတော့ဘဲ ကျီစု သက်ပြင်းသာ ချလိုက်တော့သည်။ သို့သော် ကျီစုန့်က သူ့အစ်ကိုဖြစ်သူကို လေးနက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်

“ ဒီအခြေအနေကနေ ရုန်းထွက်နိုင်မဲ့ အကြံအစည် အစ်ကိုမှာ ရှိနေတယ်ဆိုတာ ကျွန်တော်သိတယ်။ အဲဒါကြောင့် ပြောကြည့်လိုက်ပါ”

ကျီစုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ငါ စဉ်းစားနိုင်တဲ့ တစ်ခုတည်းသောဖြေရှင်းချက်က နတ်ဆိုးသားရဲအများစုကို သတ်နိုင်ဖို့ တိုင်းပြည်ရဲ့ ကံကောင်းမှုကို အသုံးပြုရမယ်”

“ ဒါပေမဲ့ အဲလိုလုပ်လိုက်ရင် တိုင်းပြည်တစ်ခုလုံးရဲ့ ကံကောင်းမှုကို အသုံးပြုလိုက်ရလိမ့်မယ်။ အဲဒါကြောင့် အဲလိုလုပ်တာက တိုင်းပြည်ရဲ့ ကံကောင်းမှုကို နတ်ဆိုးသားရဲတွေကြောင့် ပျက်စီးစေတာနဲ့ အတူတူပဲ” ကျီစုန့်က နားမလည်နိုင်စွာဖြင့် ပြန်ပြောလိုက်သည်။

“ အင်း ဒါပေမဲ့ အမြန်ပြန်လည်နလန်ထူနိုင်ဖို့ အစဉ်အလားကို ဆန့်ကျင်တာတွေ လုပ်လို့ရတယ်”

“ ကျွန်တော်တို့မှာ ဘာအစီအစဉ်တွေရှိလဲ”

“ ငါတို့ ဒီလိုလုပ်လို့ ရတယ်…” ကျီစုက ရှင်းပြလိုက်သည်။

ထိုအချိန်တွင် မဟာရှုတိုင်းပြည်၌ လူအများက နတ်ဆိုးသားရဲများ၏ ဖျက်ဆီးခြင်းကို ခံနေရသည်။ သို့သော် ဤကမ္ဘာတွင် ကျန်ရှိနေသော အင်အားစုများအနက် သူတို့က ဒဏ်ရာရသေကြသူ အနည်းဆုံး ဖြစ်သည်။

ထိုကဲ့သို့ဖြစ်ရခြင်းကလည်း ပိုင်နက်တစ်လျှောက်ရှိနေသော မျှော်နန်းဆောင်များကြောင့် ဖြစ်သည်။ နတ်ဆိုးသားရဲများ တိုက်ခိုက်သည့်အခါ မျှော်နန်းဆောင်များက ချက်ချင်းဆိုသလို သူတို့ဘာသာသူတို့ အသက်ဝင်လာကာ ပိုင်နက်ကို ကာကွယ်ပေးသည်။

တာအိုမျှော်နန်းဆောင်များက နတ်ဆိုးသားရဲများနှင့် နတ်ဆိုးမျိုးနွယ်၏ အကုသိုလ်ကို လျှော့ချပေးသည်။ ထိုသားရဲများက ယခုလက်ရှိတွင် စိတ်လွတ်နေသော အခြေအနေဖြစ်သော်လည်း ထိုမျှော်နန်းဆောင်များ၏ စွမ်းအားက သူတို့ကို ထိန်းချုပ်ပေးသည်။

ထိုသားရဲများ မျှော်နန်းဆောင်အနားသို့ နီးကပ်လာသည့်အခါ မျှော်နန်းဆောင်ထဲတွင် မြှုပ်နှံခံထားရသော တာအိုဝိဇ္ဇာများက ရုတ်တရက် ကိုယ်ထင်ပြကာ ထိုနတ်ဆိုးသားရဲများကို သတ်ဖြတ်ခြင်း၊ စည်းပိတ်ခြင်းများ ပြုလုပ်သည်။ လူသန်းပေါင်းများစွာ၏ ဆုတောင်းမှုများဖြင့် တောက်လောင်ပြီး တာအိုဝိဇ္ဇာများက စိတ်ကူးမယဉ်နိုင်သော စွမ်းအားများကို ထုတ်လွှတ်ပေးသည်။

ထို့‌ကြောင့် နေရာအနည်းငယ် ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားသော်လည်း မဟာရှားနှင့် မဟာကျိုးတိုင်းပြည်များမှ ခံစားရသည့် သေကြပျက်စီးမှုများဖြင့် နှိုင်းယှဉ်လို့ မရနိုင်ပေ။

ပင်မတာအိုမျှော်နန်းဆောင်ထဲတွင် ဖုန်းဟွမ်က တိုင်းပြည်နှင့် ပတ်သက်သော အခြေအနေများအား ဖတ်ရှုနေစဉ် တစ်စုံတစ်ယောက် ဝင်လာပြီး သူ့လက်ထဲသို့ အချက်အလက်အသစ် ထည့်ပေးသွားသည်။

ထိုအချက်အလက်ကို ဖတ်ပြီး သူရေရွတ်လိုက်သည်

“ အနောက်ဒေသတဲ့လား။ ကြည့်ရတာ ဆရာဆီကနေ စွမ်းအားအချို့ ငှားဖို့ လိုပြီထင်တယ်”

All Chapters