တိုက်ပွဲ စတင်ခြင်း
Vol. 5 Ch. 63
လျိုမြို့တွင် ရင်ပြင်တစ်ခုရှိသည်။ ဤရင်ပြင်သည် များသောအားဖြင့် လူများစကားပြောဆိုရန်နှင့် ကလေးများဆော့ကစားရန် အသုံးပြုသော နေရာတစ်နေရာပင်။
ဤနေရာသည် အလွန်ကြီးမားကျယ်ပြန့်သောကြောင့် ပြိုင်ပွဲစင်မြင့်အမြောက်အများအပြားကို တည်ဆောက်ထားသည်။
ကျင့်ကြံသူများသည် ယှဉ်ပြိုင်ရန်အတွက် ဤစင်မြင့်ထံသို့ မကြာခဏ ရောက်ရှိလာလေ့ရှိသည်။ လူအများသည် ထိုကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ကြည့်ရှုရန် ဤနေရာတွင် စုရုံးလေ့ရှိသည်။
ယနေ့တွင် လျိုမြို့ရှိရင်ပြင်၌ အလွန်စည်ကားလာခဲ့သည်။
ရင်ပြင်ရှိ ပြိုင်ပွဲစင်မြင့်၌ တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်မည်ဖြစ်ကာ ဤတိုက်ပွဲ၏ အကြောင်းအရာသည် ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။
လူများသည် အလွန်စိတ်လှုပ်ရှားနေကြ၏။ လူအမြောက်အများသည် ဤနေရာတွင် စောစီးစွာကတည်းက စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့သည် ဆေးလုံးတိုက်ပွဲကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးကြသဖြင့် နောက်ဆက်တွဲ ဖြစ်လာမည့် အရာများအပေါ် သိလိုစိတ်များ ပြည့်နှက်နေကြသည်။
ထိုအချိန်မှာပင် လူတချို့ရောက်ရှိလာကာ စိတ်ဝိညာဉ်ဆေးပင်များကို ပြိုင်ပွဲ စင်မြင့်ပေါ်သို့ ပို့ဆောင်လိုက်သည်။ ဤစိတ်ဝိညာဉ်ဆေးပင်များအနက် အများစုသည် အဆင့်တစ်နှင့် အဆင့်မဲ့ဆေးပင်များ ဖြစ်ကြပြီး အနည်းစုမှာမူ အဆင့်နှစ်စိတ်ဝိညာဉ်ဆေးပင်များ ဖြစ်ပေ၏။
တိုက်ပွဲကို တရားမျှတမှုရှိစေရန်အတွက် စင်မြင့်ပေါ်တွင် ဆေးဖော်စပ်ရာတွင် အသုံးပြုရန် တူညီသည့် ဆေးမီးဖိုနှစ်လုံး ရှိနေသည်။
ကျီးဝူသည်လည်း ပြိုင်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိနေလေပြီ။ သူသည် ပတ်ဝန်းကျင်နှင့် အသားကျအောင် ကြိုးစားနေသည်။
သတ်မှတ်ထားသော အချိန်သို့ တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ဤနေရာတွင် လူများ ပို၍ပို၍များပြားလာသည်။
လျိုမြို့ရှိ ထိပ်သီးမိသားစုကြီးများပင်လျှင် ဤဆေးလုံးတိုက်ပွဲကိုကြည့်ရှုရန် လူများ စေလွှတ်လိုက်ကြသည်။ သူတို့အနက် တချို့ကို မိသားစု ခေါင်းဆောင်မှ ခေါ်ဆောင်လာပြီး တချို့ကိုမူ အကြီးအကဲများက ဦးဆောင်လာကြသည်။
မိသားစုခေါင်းဆောင်တချို့နှင့် အကြီးအကဲများသည်လည်း ဤနေရာသို့ ရောက်ရှိလာကြ၏။
မြို့တော်ဝန်နှင့်ချန်မိသားစုသည်လည်း ပွဲကြည့်မည့်နေရာသို့ ရောက်ရှိနေကြလေပြီ။
"ချင်းမိသားစုက အခုထိ မလာသေးဘူးလား..."
မြို့တော်ဝန်ချန်က ပြိုင်ပွဲစင်မြင့်ကို လှမ်းကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
ချန်မိသားစုခေါင်းဆောင်က အပြုံးဖြင့် ပြောဆိုသည်။
"ဖြစ်နိုင်တာကတော့ ချင်းမင် ကြောက်နေလို့ မလာတာပဲ..."
မြို့တော်ဝန်ချန်က ခေါင်းခါလိုက်ပြီး ပြောဆိုလိုက်၏။
"မဖြစ်နိုင်ဘူး... ချင်မင်းက သတ္တိကောင်းတယ်... သူက ငါ့ကိုတောင် ရင်ဆိုင်ရဲသေးတာပဲ... သူ့မှာ ဒီလောက်ထိ သတ္တိ ရှိနေမှတော့ ပြိုင်ပွဲမှာပါဝင်ဖို့ သူ သတ္တိမရှိဘဲ နေမှာမဟုတ်ဘူး..."
"သူ လာရင်ပိုကောင်းတယ်... ငါက လျှို့ဝှက်လက်နက်တစ်ခုကို ပြင်ဆင်ထားပြီးပြီ... ချင်းမင် ရောက်လာသရွေ့သူ သေရင်တောင် မြှုပ်နှံစရာမြေရှိမှာ မဟုတ်ဘူး..."
ချန်မိသားစုခေါင်းဆောင်က ရက်စက်ကြမ်းတမ်းသော အမူအယာဖြင့် ပြောဆိုသည်။
ထိုအချိန်မှာပင် လူအုပ်ကြားထဲ၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားပေ၏။ ဤသည်မှာ ချင်းမင်နှင့်ချင်းမိသားစု ရောက်ရှိလာကြခြင်းပင်။
ချင်းမင်သည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာအမူအယာ တည်ငြိမ်နေသည်။ အကြောင်းအရင်း မသိသောလူများသည် ချင်းမင် အပျော်ခရီး ထွက်လာသည်ဟုသာ ထင်မှတ်ကြပေမည်။
"ဟမ့်... လူအထင်ကြီးအောင် လုပ်နေတာ..."
ချန်မိသားစုအကြီးအကဲသည် ချင်းမင်၏ပုံပန်းသဏ္ဌာန်ကို မြင်သည့်အချိန်တွင် မကျေမချမ်းဖြင့် ရေရွတ်လိုက်သည်။
"အစ်ကို... အားတင်းထား..."
ချင်းချင်းသည် ချင်းမင်၏နောက်တွင် မတ်တတ်ရပ်ပြီး သူမ၏လက်သီးသေးသေးလေးကို ဆုပ်ကာ ပြောဆိုသည်။
"မင်အာ... အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ..."
ချင်းယွမ်က ပြောဆိုလိုက်၏။
ချင်းမင်က ခေါင်းညိတ်လိုက်ပြီး ပြိုင်ပွဲ စင်မြင့်ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလိုက်သည်။
"ပွဲစတော့မယ်..."
"ချင်းမင်က အရမ်းကြည့်ကောင်းတာပဲ... ကျီးဝူထက် အများကြီး ပိုကြည့်ကောင်းတယ်... ဒီပုံစံကို ကြည့်ရတာ ချင်းမင် နိုင်မှာ သေချာတယ်လို့ ငါ ထင်တယ်..."
"ကြည့်ကောင်းတာက ဘာအသုံးဝင်လို့လဲ... ဒီနေ့က ဆေးလုံးတိုက်ပွဲ ယှဉ်ပြိုင်တာ... ကြည့်ကောင်းတာကို ယှဉ်ပြိုင်တာ မဟုတ်ဘူး... ငါ ကြားတာတော့ ကျီးဝူက ဆေးပညာကို အချိန်အကြာကြီး သင်ယူခဲ့ပြီးပြီ... ချင်းမင်ကတော့ ဆေးပညာကို အခုမှ စပြီးသင်ယူတာပဲ..."
"ဒါဆို ချင်းမင်က ပိုပြီးအရည်အချင်း ရှိတာပေါ့... ချင်းမင်က ဆေးပညာသင်တာ မကြာသေးပေမဲ့ လက်ထောက်ဆေးပညာရှင် ဖြစ်လာတယ်... ကျီးဝူက ဆေးပညာသင်တာ ဒီလောက် ကြာနေတာတောင် လက်ထောက်ဆေးပညာရှင် အဆင့်မှာပဲ ရှိသေးတယ်.."
"..."
ပွဲ့ကြည်ပရိသတ်များသည် ချင်းမင် လျှောက်လှမ်းလာသည်ကို ကြည့်ရင်း သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြသည်။
ကျီးဝူသည်လည်း ဤအချိန်တွင် ပြိုင်ပွဲစင်မြင့်ပေါ်၌ တည်ငြိမ်စွာမတ်တတ်ရပ်ပြီး ချင်းမင် လျှောက်လှမ်းလာသည်ကို ကြည့်နေပေ၏။
"ချင်းမင်... မင်း ကြောက်နေတာလား... မဟုတ် ရင် ဘာလို့ ဒီလောက် နောက်ကျမှ လာတာလဲ..."
"ကြောက်တာလား..."
ချင်းမင်က ခေါင်းခါယမ်းပြီး တုံ့ပြန်သည်။
"ငါက နည်းနည်းကြင်နာတတ်တာကြောင့် မင်းကို အသက်နည်းနည်းကြာကြာ ရှည်စေချင်လို့ပဲ..."
"ဟမ့်... မင်းက လျှာစောင်းပဲထက်တာ... ဆေးဖော်စပ်တာက အစစ်အမှန်စွမ်းရည်အပေါ်မှာ အခြေခံတာပဲ..."
ကျီးဝူက ဖြူဖျော့နေသောမျက်နှာဖြင့် ပြောဆိုသည်။
ချင်းမင်၏ပါးစပ်သည် အလွန်အဆိပ်ပြင်းပေ၏။ သူသည် ချင်းမင်နှင့် စကားနိုင်လုရာ၌ တစ်ကြိမ်တစ်ခါမျှ မနိုင်ခဲ့ဖူးချေ။
"ကောင်းပြီလေ... စလိုက်ကြစို့..."
ချင်းမင်က ဒိုင်လူကြီးကိုကြည့်ကာ လက်ဝှေ့ယမ်းပြပြီး ပြောဆိုလိုက်သည်။
သေတော့မည့်လူတစ်ယောက်နှင့် စကားပြောဆို၍ ချင်းမင် အချိန်မဖြုန်းနိုင်ချေ။
'မင်းက သေဖို့တောင်းဆိုနေမှတော့ မြန်မြန်သေလိုက်တော့...ဘာလို့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဒီလောက်ထိအများကြီး ပြောနေတာလဲ..."