မီးမီးဖိုကို အပူမပေးခြင်း
Vol. 5 Ch. 64
"အခု ငါက ပြိုင်ပွဲစည်းမျဉ်းတွေကို ပြောပြမယ်... ပထမဆုံးအချက်က ယှဥ်ပြိုင်သူ တစ်ယောက်ယောက် မသေမချင်း ပြိုင်ပွဲစင်မြင့်ကနေ ထွက်ခွာခွင့် မရှိဘူး... ဒုတိယအနေနဲ့ ဆေးဖော်စပ်ဖို့ အသုံးပြုမယ့် စိတ်ဝိညာဉ်ဆေးပင်တွေကို စင်မြင့်ပေါ်ကနေပဲ ယူရမယ်... မင်းတို့ကိုယ်တိုင် ဘယ်စိတ်ဝိညာဉ်ဆေးပင် ဒါမှမဟုတ် ဘယ်ဆေးလုံးကိုမှ ယူဆောင်လာခွင့် မရှိဘူး... နားလည်လား..."
"နားလည်ပါပြီ..."
ကျီးဝူနှင့်ချင်းမင်တို့က တုံ့ပြန်အဖြေပေးလိုက်ကြသည်။
"တစ်နာရီ အတွင်းမှာ ဆေးလုံးကို ဖော်စပ်ရမယ်... ပြီးရင် တခြားတစ်ဖက်ကို ပေးရမယ်... သောက်ပြီးတဲ့ နောက်မှာ ဖြေဆေး ဖော်စပ်ဖို့ တစ်နာရီအချိန် ရမယ်...ဘာမှဖြစ်မလာဘူးဆိုရင် တခြားတစ်ဖက် သေဆုံးတဲ့အထိ နောက်တစ်ဆင့်ကို ဆက်ပြီးယှဉ်ပြိုင်နိုင်တယ်..."
"မင်းတို့ နားမလည်တာ ဘာမှမရှိဘူး ဆိုရင်... အခု စားပွဲပေါ်က စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးမီးဖိုကို စပြီးစစ်ဆေးနိုင်ပြီ..."
ချင်မင်သည် ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"မင်းတို့နှစ်ယောက်လုံး အဆင်သင့် ဖြစ်ပြီလား..."
ဒိုင်လူကြီးသည် ချင်းမင်ကို ကြည့်လိုက်ပြီးနောက် ကျီးဝူကို ကြည့်လိုက်သည်။ အတည်ပြုချက်ကို ရရှိပြီးနောက် ဒိုင်လူကြီးက ပြောဆိုလိုက်သည်။
"စကြတော့..."
ကျီးဝူသည် စိတ်ဝိညာဉ်ဆေးပင်များကို စတင်၍ရွေးချယ်လေ၏။ ဤပြိုင်ပွဲတွင် စည်းမျဉ်းတစ်ခု ရှိသည်။ သူ ရွေးချယ်ခဲ့သမျှ စိတ်ဝိညာဉ်ဆေးပင်များအားလုံးကို အသုံးပြုရမည်ဖြစ်ပြီး ဆေးလုံးမဖော်စပ်ဘဲ ချန်ထားခဲ့၍ မရချေ။
ထို့ကြောင့် ကျီးဝူက စိတ်ဝိညာဥ်ဆေးပင်များကို ဂရုတစိုက် ရွေးချယ်လိုက်သည်။
သို့ရာတွင် သူ၏စိတ်ထဲတွင် အဆိပ်ဆေးညွှန်းတစ်ခု ရှိနှင့်ပြီး ဖြစ်သည်။ ထိုကြောင့် သူ လိုအပ်သော စိတ်ဝိညာဉ်ဆေးပင်များကို တိုက်ရိုက်ဆွဲယူလိုက်ပြီး အကောင်းဆုံးကို ရွေးချယ်ကာ ဆေးဖော်စပ်ရန် စတင်၍ပြင်ဆင်လေ၏။
ချင်းမင်က တည်ငြိမ်စွာဖြင့် စတင်ရွေးချယ်လိုက်သည်။ သူသည် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို ကောက်ကိုင်ပြီး ကြည့်ရှုကာ ထိတွေ့ပြီးနောက် ပြန်ချလိုက်သည်။
ထို့နောက် သူသည် တခြားစိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို ကောက်ယူလိုက်ပြီး ခေါင်းခါယမ်းကာ ပစ်ချလိုက်ပြန်သည်။
"ချင်းမင် ဘာလုပ်နေတာလဲ... သူက ဒါကို ဟင်းသီးဟင်းရွက် ဝယ်နေတယ်လို့ ထင်နေတာလား..."
မြို့တော်ဝန်ချန်သည် ချင်းမင်၏လုပ်ရပ်ကို နားမလည်နိုင်တော့ဘဲ သူ မည်သည့်အရာအား လုပ်နေသည်ကို မသိခဲ့ချေ။
ချန်မိသားစုခေါင်းဆောင်က အပြုံးနှင့် ပြောဆိုသည်။
"ဖြစ်နိုင်တာတော့ ချင်းမင်က ဆေးဖော်စပ်နည်းကို လုံးဝမသိတာပဲ .. ငါတို့ ရထားတဲ့ သတင်းက သတင်းမှား ဖြစ်နေနိုင်တယ်..."
မြို့တော်ဝန်ချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး စကားမပြောဘဲ ပြိုင်ပွဲစင်မြင့်ကိုသာ ဆက်လက်၍ကြည့်ရှုနေခဲ့သည်။
အမှန်အားဖြင့် သူ၏စိတ်နှလုံးသားသည် အပေါ်ယံတွင်ကဲ့သို့ တည်ငြိမ်မနေခဲ့ချေ။
ထိုပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးဆယ်လုံးကို သူ မဖြစ်မနေ အနိုင်ရရှိရပေမည်။
အကယ်၍ ဤပြီးပြည့်စုံသော ချီစုစည်းခြင်းဆေးလုံးများကို တော်ဝင်မိသားစုထံ ဆက်သလိုက်ပါက သူ၏မြို့တော်ဝန်ရာထူးသည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်သွားပေမည်။
ဤသို့ဖြင့် သူသည် မြို့တော်ဝန်ရာထူးတွင် ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ပေမည်။
ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးသည် အကွက်ရှစ်ကွက်ပါ ချီစုစည်းခြင်းဆေးလုံးထက် ဆယ်ဆဈေးကြီးသည့်အပြင် အလွန်အဖိုးတန်ရှားပါးသည်။
ထိုဆေးလုံးသည် ဈေးနှုန်းသာရှိပြီး ဈေးကွက် မရှိသည်မှာ အစဥ်အမြဲ ဖြစ်နေခဲ့လေ၏။ ထိုအရာသည် အဆင့်မြင့်ချီစုစည်းခြင်းဆေးလုံးထက် အဆနှစ်ဆယ်ပိုစျေးကြီးလျှင်ပင် လူအများမှ ဝယ်ယူကြပေလိမ့်မည်။
နောက်ဆုံးတွင် ချင်းမင်သည် သူ လိုချင်သော စိတ်ဝိညာဉ်မြက်ပင်ကို ရွေးချယ်လိုက်သည်။
"မဟုတ်သေးဘူး... ချင်းမင် ရွေးချယ်လိုက်တဲ့ စိတ်ဝိညာဉ်ဆေးပင်က အဆင့်မဲ့စိတ်ဝိညာဉ်ဆေးပင်ပဲ... သူက ဘယ်လို ဆေးလုံးမျိုးကို ဖော်စပ်ချင်နေတာလဲ... သူက ကြိုတင်ပြီး လက်လျှော့အရှုံးပေးလိုက်တာလား..."
"ငါ နားမလည်ဘူး... ချင်းမင်က လက်ထောက်ဆေးပညာရှင်လို့ ပြောနေကြတာ မဟုတ်လား... ဘာလို့ သူက အဆင့်တစ်အဆိပ်ဆေးလုံးကို မဖော်စပ်တာလဲ... သူ့မှာ ဆေးဆရာကြီးအဆင့် ဆရာတစ်ယောက် ရှိတာ... အဆိပ်ဆေးလုံးဖော်စပ်နည်းတွေ အများကြီးရှိသင့်တာ မဟုတ်ဘူးလား..."
"ငါ မသိဘူး... ကြည့်လိုက်အုံး... ချင်းမင်က ဆေးဖော်စပ်ဖို့ စတင်နေပြီ..."
ချင်းမင် ဆေးဖော်စပ်ရန် စတင်လိုက်သည့် အချိန်တွင် ပရိသတ်ထဲမှလူများက အာရုံစိုက်၍ ကြည့်ရှုနေကြသည်။
ချင်းမင်က ဆေးမီးဖိုထံသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။ ထို့နောက် စိတ်ဝိညာဉ် ဆေးပင်များအားလုံးကို ဆေးမီးဖိုထဲသို့ လောင်းထည့်လိုက်၏။ သူသည် သူ၏လက်ဝါးကို ဆေးမီးဖိုပေါ်တွင် တင်လိုက်ပြီး ဆေးဖော်စပ်ခြင်းကို စတင်လိုက်တော့သည်။
"ဘာလဲ... ချင်းမင်က ဆေးဖော်စပ်တတ်ရဲ့လား... ဆေးပညာရှင်တစ်ယောက်က အရင်ဆုံး ဆေးမီးဖိုကို အပူပေးဖို့ မလိုဘူးလား... ဘာလို့ ချင်းမင်က မလုပ်တာလဲ... ကျီးဝူကို ကြည့်လိုက်... သူရဲ့မျက်နှာပေါ်မှာ ချွေးတွေတောင် ထွက်လာပြီ..."
"ငါ နားမလည်ဘူး... ငါ ဘယ်လိုမှ နားမလည်နိုင်ဘူး... ဖြစ်နိုင်တာတော့ ဆေးဖော်စပ်တာက ချက်ပြုတ်တာနဲ့ပဲ အတူတူ ဖြစ်တာကြောင့် ဒီလိုမျိုး လုပ်လို့ရတာလား..."
"အဓိပ္ပာယ်မရှိတာ... မင်းက နားလည်လို့လား..."
"..."
ချင်းမင်၏ ဆေးဖော်စပ်ခြင်း စတင်လာသည်နှင့်အမျှ ပရိသတ်ထဲမှလူများ နောက်တစ်ကြိမ် စတင်၍တိုင်ပင်ဆွေးနွေးလိုက်ကြသည်။
"ချင်းမင်က ဘာလုပ်နေတာလဲ... ဘာလို့ သူက ဆေးမီးဖိုကို အရင်ဆုံး အပူမပေးတာလဲ... သူက အရမ်း စိတ်လှုပ်ရှားနေတာလား... ကိစ္စမရှိပါဘူး... တစ်နာရီဆိုတာ အချိန်အကြာကြီး ကျန်သေးတယ်... ဖြစ်နိုင်တာတော့ ချင်းမင်က နောက်ထပ်ကြိမ် ပြင်ဆင်ပြီး ဖော်စပ်နိုင်မှာပါ..."
ချင်းယွမ်က ချင်းမင်ကို စိုးရိမ်ပူပန်တကြီး ကြည့်နေခဲ့သည်။