ဝမ်းနုတ်ဆေး
Vol. 5 Ch. 66
"သောက်လိုက်.. "
ချင်းမင်က ဆေးလုံးကိုလက်ကမ်းပေးရင်း ပြောဆိုလိုက်၏။
ဤအရောင်အသွေးစုံလင်ပြီး ပုံသဏ္ဍာန်မမှန်သော ဆေးလုံးကိုကြည့်ရင်း ကျီးဝူက တံတွေးမျိုချလိုက်သည်။
သူသည်လည်း သူ၏ဆေးလုံးကို ချင်းမင်ထံသို့ လက်ကမ်းပေးလေသည်။
သူ ဖော်စပ်လိုက်သောဆေးလုံးသည် လုံးဝန်းကာ အနက်ရောင်ဖြစ်ပြီး အကွက်နှစ်ကွက်ပါရှိသည်။
ဤသည်မှာ ချင်းမင်ပြုလုပ်ခဲ့သော ကြီးမားပြီး ပုံသဏ္ဍာန်မကျသည့် ဆေးလုံးနှင့် မတူညီချေ။
"ကောင်းပြီလေ...အတူတူ သောက်ကြစို့"
ချင်းမင်သည် မြွေစိမ်းအဆိပ်ဆေးလုံးကို သူ၏လက်ဖြင့် ညှပ်ယူလိုက်ပြီး သူ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ကျီးဝူသည်လည်း ပျို့အန်ချင်စိတ်ကို ကြိတ်မှိတ်ခံရင်း ချင်းမင်ဖော်စပ်သော ဆေးလုံးကို သူ၏ပါးစပ်ထဲသို့ ထည့်လိုက်၏။
ထိုဆေးလုံး သူ၏ပါးစပ်ထဲသို့ ဝင်သည်နှင့် ငါးညှီနံ့တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ အချိန်ကြာရှည်စွာ အပုပ်ခံထားသော အစားအစာတစ်ခုအလားပင်။
ထိုအရာတွင် ချဉ်စူးစူးအနံ့တစ်ခု ရှိနေပြီး မစင်အနံ့လည်း ရောယှက်နေသည်။
"ဝေါ့...."
ကျီးဝူသည် ပျို့တက်လာသော်လည်း လျင်မြန်စွာတောင့်ခံကာ ဆေးလုံးကို ကြိုးစား၍မျိုချလိုက်သည်။
အကယ်၍ သူသာ ဆေးလုံးကို ထွေးထုတ်လိုက်ပါက သူ ရှုံးနိမ့်သွားပေမည်။
ကျီးဝူသည် ချင်မင်၏ဗျူဟာကို အောင်မြင်ခွင့် မပြုနိုင်သည်မှာ သေချာပေါက်ပင်။ ထိုကြောင့် သူ၏မျက်နှာ ပြာနှမ်းနေသော်လည်း သူသည် ထိုဆေးလုံးကို မျိုချလိုက်၏။
"ကောင်းပြီလေ... မင်းတို့ အခု တစ်ယောက်ရဲ့ ဆေးလုံးကို တစ်ယောက် စားပြီးပြီ... ဖြေဆေးကို စပြီးဖော်စပ်နိုင်ပြီ"
ဒိုင်လူကြီးသည် နှစ်ဖက်စလုံးမှ ဆေးလုံး မျိုချပြီးသည်ကို မြင်ချိန်၌ ထုတ်ပြန်ကြေညာလိုက်သည်။
"အင်း"
ချင်းမင်က ခေါင်းညိတ်လိုက်ပြီး ဖျာကြီးတစ်ခုထံသို့ရွှေ့ကာ မှေးစက်၍ အနားယူနေလိုက်သည်။
သူသည် ဖြေဆေးကိုဖော်စပ်ရန် လုံးလုံးလျားလျား မလိုအပ်ချေ။ ဤကျွမ်းကျင်မှုကြောင့် သူ အိပ်နေခြင်းက ပို၍ကောင်းပေမည်။
ကျီးဝူမှာမူ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။ ချင်းမင် ဖော်စပ်သော ဆေးလုံးသည် အရသာ မရှိသည့်အပြင် သူသည် အဆိပ်ကို လုံးလုံးလျားလျား မခံစားရချေ။
ထိုဆေးလုံးတွင် အဆိပ်မရှိသောကြောင့် သူသည် ဖြေဆေးကို မည်သို့ ဖော်စပ်ရမည်နည်း။
သူသည် ချင်မင်ကဲ့သို့ မိုက်မဲဝံ့သည်အထိ သတ္တိမရှိချေ။ ထို့ကြောင့် သူ မအိပ်ရဲခဲ့ပေ။ ဤပြိုင်ပွဲသည် သူ၏သေရေးရှင်ရေးနှင့် သက်ဆိုင်လေရာ သူ မည်သို့ အိပ်ပျော်နိုင်မည်နည်း။
ထို့ကြောင့် ကျီးဝူသည် နေရာတွင် တစ်ယောက်တည်း မတ်တတ်ရပ်နေကာ မည်သို့ ဆက်လုပ်ရမည်ကို မသိတော့ချေ။
သို့ရာတွင် ချင်းမင် အိပ်ပျော်သွားခဲ့သည်။ အချိန်တခဏအကြာတွင် ချင်းမင်၏ပါးစပ်မှ ဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ဒိုင်လူကြီးသည် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်ကာ မည်သို့လုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သူသည် ဤကဲ့သို့ ထူးဆန်းသော ပြိုင်ပွဲမျိုးကို တစ်ကြိမ်တစ်ခါမျှ ကြည့်ရှုအကဲဖြတ်ခဲ့ဖူးခြင်း မရှိချေ။
တခြားပြိုင်ပွဲများတွင် အချိန်နှင့်အမျှ ပြိုင်ဆိုင်ရသည်ဖြစ်သောကြောင့် တစ်ယောက်ထက်တစ်ယောက် ပို၍သာလွန်အောင် တိုက်ခိုက်နေကြသည်။ ဤှလူနှစ်ယောက်ကမူ တစ်ယောက်သည် ကြောင်စီစီဖြင့် မတ်တတ်ရပ်နေပြီး ကျန်တစ်ယောက်ကမူ ပို၍ပင်လွန်ကဲနေသည်။ သူသည် အမှန်တကယ်ကို အိပ်ပျော်သွားခဲ့ပေ၏။
"ဂွီ..."
ရုတ်တရက် စင်မြင့်ပေါ်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လူအုပ်ကြီးသည် တိတ်ဆိတ်သွားပြီး အသံထွက်ပေါ်လာသည့် နေရာဖြစ်သော ကျီးဝူ၏ဝမ်းဗိုက်ကို စူးစိုက်၍ကြည့်လိုက်ကြသည်။
သို့ရာတွင် ယခုချိန်၌ ကျီးဝူသည် ကြီးမားသောတိုက်ပွဲတစ်ခုကို တိုက်ခိုက်နေရသကဲ့သို့ဖြစ်ပြီး သူ၏မျက်နှာသည် ပြာနှမ်းနေပေ၏။
"အရှက်မရှိဘူး... တော်တော်ကို အရှက်မရှိတာပဲ... ချင်းမင် ဖော်စပ်လိုက်တာက အဆိပ်ဆေးလုံး မဟုတ်ဘဲ ဝမ်းနုတ်ဆေး ဖြစ်နေတယ်... ဒါ..."
သူသည် ဝမ်းနုတ်ဆေးကို မည်သို့ဖြေရမည်အား တစ်ကြိမမတစ်ခါမျှ မသင်ယူခဲ့ဖူးချေ။ ထို့ပြင်ဤသည်မှာ အဆိပ်မဟုတ်ချေ။ သူ ပြင်ဆင်ထားသော အဆိပ်ဖြေဆေးလုံးများသည် လုံးလုံးလျားလျား အာနိသင်ရှိတော့မည် မဟုတ်ချေ။
ယခုချိန်၌ သူ မည်သို့ပြုလုပ်ရမည်နည်း...
ဤနေရာတွင် ပွဲကြည့်ပရိသတ်အဖြစ် လူအမြောက်အများ ရှိနေသည်။
အကယ်၍ သူသာ ဤနေရာတွင် ဝမ်းသွားလိုက်ပါက သူ့အတွက် အရှက်ရဖွယ်ကိစ္စတစ်ရပ် ဖြစ်သွားပေမည်။
ဤအချိန်တွင် ပွဲကြည့်ပရိသတ်များသည်လည်း ချင်မင် ဖော်စပ်လိုက်သော ဆေးလုံးတွင် အာနိသင် ရှိနေသည်ကို မြင်တွေ့ကြလေပြီ။
အနည်းဆုံးအနေဖြင့် ကျီးဝူ၏မျက်နှာကို ကြည့်ရုံဖြင့် သူသည် ယခုချိန်တွင် နေရထိုင်ရ အလွန်ဆိုးရွားနေသည်ကို သူတို့ အတပ်ပြောနိုင်သည်။
"ကျီးဝူက ဘာဖြစ်နေတာလဲ... ချင်းမင်ရဲ့ ဆေးလုံးက အဆိပ်ဆေးလုံးနဲ့ မတူပါဘူး... သူ့ရဲ့မျက်နှာက ဘာလို့ပြာနှမ်းနေတာလဲ... ပြီးတော့ ဒါက အဆိပ်ဆေးလုံး ဖြစ်တယ် ဆိုရင်တောင်... သူ အခု အလုပ်သင့်ဆုံး အရာက ဖြေဆေး ဖော်စပ်ဖို့ပဲ... အဲ့ဒီနေရာမှာ သူ့ရဲ့ဗိုက်ကို ကိုင်ပြီး ထိုင်နေတာက ဘာအသုံးဝင်မှာလဲ"
ချန်မိသားစုခေါင်းဆောင်၏ မျက်နှာအမူအယာသည် မကောင်းလှချေ။ ကျီးဝူ မည်သည့်အရာအား လုပ်နေသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
မည်သည်ကြောင့် ကျီးဝူသည် ဤကဲ့သို့ စိတ်မငြိမ်မသက် ဖြစ်ကာ သာမန်အသိတရားနှင့် ကင်းလွတ်စွာ ပြုမူနေသနည်း။ သူသည် ကျီးဝူအတွက် အဆိပ်ဖြေဆေးညွှန်းအမြောက်အများကို ပြင်ဆင်ပေးထားခဲ့သည် မဟုတ်လော။
"ဒီကျီးဝူက အားကိုးလို့ ရပါ့မလား"
မြို့တော်ဝန်ချန်သည်လည်း မျက်နှာအမူအယာ ပျက်ယွင်းနေသည်။ မည်သို့ပင်ဆိုစေကာမူ ဤလောင်းကြေးသည် သူ၏ကိုယ်ပိုင်အနာဂတ်နှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် သူသည် ဤကိစ္စကို လုံးလုံးလျားလျား မရှုပ်ထွေးစေလိုချေ။