ဆာလောင်ခြင်း
Vol. 5 Ch. 71
"ဆရာရှောင်... ဟိုကောင်လေးချင်းမင်လုပ်ထားတဲ့ အဆိပ်ဆေးလုံးကို ကျီးဝူ မြင်နိုင်မယ်လို့ မင်း ထင်လား..."
ချန်မိသားစုခေါင်းဆောင်သည် သူ၏နံဘေးရှိ ဆရာရှောင်ကို မေးမြန်းလိုက်၏။
မြို့တော်ဝန်ချန်သည်လည်း သူ၏ရှေ့မှ ဆရာရှောင်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ သူသည် ချန်မိသားစု၏ဆေးပညာရှင်နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးသည်။
ဤဆရာရှောင်တွင် အရည်အချင်းအချို့ ရှိနေပေ၏။ သူသည် မကြာမီတွင် မဟာဆေးဆရာကြီးတစ်ဦး ဖြစ်လာတော့မည်ဟု ဆိုကြသည်။
မဟာဆေးဆရာကြီးဆိုသည်မှာ ချန်ယန်မြို့တွင် ပင် သာလွန်ထူးကဲသော တည်ရှိမှုတစ်ခုဖြစ်သည်။
ဆရာရှောင်သည် ပြိုင်ပွဲစင်မြင့်ကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ကျီးဝူအတွက် အသုဘချဖို့ ပြင်ဆင်ထားလိုက်ပါ"
ထိုစကားကိုပြောဆိုပြီးနောက် ဆရာရှောင်သည် နောက်သို့ပြန်လှည့်ကာ ထွက်ခွားသွားတော့သည်။
သူ ဤတစ်ကြိမ် လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လျိုမြို့၏ ဆေးပညာရှင်အသစ်နှင့် တွေ့ဆုံရန်ပင်။ ဤဆေးလုံးတိုက်ပွဲအတွက်ကိုမူ သူ အနည်းငယ်မျှ စိတ်မဝင်စားချေ။
ထိုဆေးလုံးတိုက်ပွဲကို ကြည့်နေမည့်အစား သူ ဆေးအိုးအနည်းငယ် ဖော်စပ်သည်က ပို၍ကောင်းမွန်ပေမည်။
ကျီးဝူ၏သေခြင်းရှင်ခြင်းအတွက်မူ သူနှင့် မည်သို့ သက်ဆိုင်မည်နည်း။
ကျီးဝူသည် ချန်မိသားစုဝင်တစ်ဦးဖြစ်ပြီး ချန်မိသားစုက ကြီးပြင်းစေခဲ့သူပင်။
သူ့တွင်ရှိနေသော ဆေးပညာအလုပ်သင်များအားလုံးသည် ချန်မိသားစုထံမှ လာပြီး ကျီးဝူသည်လည်း ချန်မိသားစုအတွက် အမှုထမ်းခဲ့ပေ၏။ ကျီးဝူသည် သူ၏လေ့ကျင့်မှုတွင် ကူညီပေးခဲ့ရုံသာဖြစ်သည်။
ဆေးပညာအလုပ်သင်နေရာအတွက်ကမူ သူ၏ပါးစပ်ကို ဖွင့်ဟလိုက်ရုံဖြင့် မြို့အနှံ့အပြားမှ ငယ်ရွယ်ချောမောသော လူငယ်များကို သူ စိတ်ကြိုက်ရွေးချယ်နိုင်သည်။
ကျီးဝူသည် သူ၏သား မဟုတ်ချေ။ ကျီးဝူကဲ့သို့သောတပည့်မျိုး သူထံတွင် နောက်ထပ်အမြောက်အများ ရှိနေလေရာ သူ အနည်းငယ်မျှ ဂရုမစိုက်ပေ။
သူ၏ဆေးလုံးကျင့်ကြံမှုအခြေခံ မြင့်တက်လာရန်သာ အစစ်အမှန်ကိစ္စကြီးဖြစ်ပြီး ကျန်အရာအားလုံးသည် အသေးအမွှားများသာ ဖြစ်ပေ၏။
သူသည် မဟာဆေးဆရာကြီးနယ်ပယ်သို့ တက်လှမ်းနိုင်သရွေ့ ဆေးပညာမဟာမိတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်နိုင်ပြီး သေးငယ်သော ချန်မိသားစုသည် အရေးပါမည် မဟုတ်တော့ချေ။
ဆရာရှောင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်၌ ချန်မိသားစုခေါင်းဆောင်၏မျက်နှာ ဖြူဖျော့သွားသည်။
ဆရာရှောင်၏မျက်လုံးထဲတွင် သူသည် ဘာကောင်မှမဟုတ်မှန်း သူ သိရှိထား၏။ ဆေးပညာရှင်များထံတွင် မြင့်မားသော အဆင့်အတန်းရှိနေသဖြင့် သူသည် သိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်ပင် အရေးပါမည်မဟုတ်ချေ။
လျိုမြို့တစ်မြို့လုံးတွင် သိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူ အမြောက်အများရှိသည်။
ထိုကြောင့် ချန်ယန်မြို့တွင်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။ သိုင်းဆရာကြီးတစ်ယောက်သည် မရေးမပါဘဲ ဆေးပညာရှင်တစ်ယောက်သည် များစွာပို၍တန်ဖိုးရှိသည်။
ဆေးပညာရှင်တစ်ဦးသည် အင်အားစုတစ်ခုအတွက် ကြွယ်ဝချမ်းသာမှုကို အဆက်မပြတ် ဖန်တီးပေးနိုင်သည်။ ဤကြွယ်ဝချမ်းသာမှုဖြင့် ထိုအင်အားစုသည် ဆေးဆရာကြီးပေါင်းများစွာကို မွေးထုတ်ပေးနိုင်ပေ၏။
ဤသည်မှာ ချန်မိသားစုတွင် ဆေးပညာရှင်တစ်ဦး ရှိစေရန် သူ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့ရသော အကြောင်းအရင်းပင်။ အကယ်၍ ချန်မိသားစုတွင်လည်း ကိုယ်ပိုင်ဆေးပညာရှင်တစ်ယောက် ရှိလာခဲ့ပါက သူတို့မိသားစုသည် လျိုမြို့တွင် အင်အားအကြီးဆုံးမိသားစု ဖြစ်လာနိုင်သည်။
မိသားစုကြီး လေးစု... မိသားစုကြီး သုံးစု... သူတို့အားလုံး ဘေးဖယ်၍ မတ်တတ်ရပ်နေရပေမည်။
ဤသည်မှာလည်း သူ ချင်မိသားစုကို မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်နေရခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။ ယခုချိန်တွင် ဤဆေးလုံးတိုက်ပွဲသည် ချင်းမိသားစုကို အနိုင်ယူရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သူ သိရှိထားပေ၏။
အကယ်၍ ချင်းမိသားစု၏ နောက်ခံအင်အားနှင့် အခြေခံအုတ်မြစ် မြင့်တက်လာခဲ့ပါက ချန်မိသားစု ဆယ်စုပင် ရှိစေကာမူ ချင်းမိသားစုကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
အိုးယန်မိသားစုသည် ချင်းမိသားစုနှင့် မဟာမိတ်ဖွဲ့ခဲ့သော အကြောင်းအရင်းမှာ မဟာဆေးဆရာကြီးထံမှ မျက်နှာသာရယူလိုသောကြောင့် မဟုတ်လော...
ထိုသို့မဟုတ်ပါက အိုးယန်မိသားစုသည် သူတို့မိသားစုနှစ်စု၏ ကြောက်မက်ဖွယ်တိုက်ပွဲမှ ရလဒ်ကို မစောင့်ဆိုင်းဘဲ ကြားဝင်စွက်ဖက်ရန် မည်သည်ကြောင့် ထွက်ပေါ်လာမည်နည်း။
ချန်မိသားစုခေါင်းဆောင်သည် ဤကိစ္စများကို တွေးတောနေသည့်အချိန်တွင် ပြိုင်ပွဲစင်မြင့်ပေါ်၌ အပြောင်းအလဲအသစ်များ ထွက်ပေါ်လာသည်။
ကျီးဝူ၏ ဖြေဆေးဖော်စပ်မှုသည် ကောင်းမွန်စွာ ဖော်စပ်၍ ပြီးစီးသွားသော်လည်း အကြောင်းတစ်ခုခုကြောင့် သူသည် ဖော်စပ်ပြီးသော ဆေးလုံးကို လက်လျှော့လိုက်ပြီး စိတ်ဝိညာဉ်ဆေးပင်များကို အရူးအမူး စတင်၍စားသုံးတော့သည်။
"ကျီးဝူက ရှုံးမှာကို ကြောက်နေတာများလား... ဘာလို့ သူက စိတ်ဝိညာဉ်ဆေးပင်တွေကို အစိမ်းလိုက် ဝါးစားနေရတာလဲ..."
"ဟုတ်တယ်... လက်ထောက်ဆေးပညာရှင်တစ်ယောက်အနေနဲ့ စိတ်ဝိညာဉ်ဆေးပင်တွေမှာ အဆိပ်ရှိမှန်း သူ မသိဘူးလား... ဒီအတိုင်း ဆက်စားနေရင် သူက အဆိပ်သင့်ပြီး သေသွားလိမ့်မယ်..."
"အိုး... ကျီးဝူ စားတာ ပိုမြန်လာပြီ... အစတုန်းကတော့ သူ ဆေးပင်တွေကို ဝါးသေးတယ်... အခု သူ အစိမ်းလိုက် မျိုချနေပြီ... တကယ့်ကို ကြမ်းတမ်းတာပဲ..."
ပြိုင်ပွဲစင်မြင့်ပေါ်တွင် ကျီးဝူ မည်သည့်အရာအား လုပ်နေသည်ကို နားမလည်နိုင်ကြသဖြင့် ပရိတ်သတ်များသည် သူတို့အချင်းချင်း ပြောဆိုနေကြ၏။
အမှန်အားဖြင့် ကျီးဝူသည် စိတ်ဝိညာဉ်ဆေးပင်များကို ဤကဲ့သို့ မစားလိုခဲ့ချေ။ သို့ရာတွင် သူ မဖြစ်မနေ စားရပေမည်။
သူ၏အစာအိမ်သည် အလွန်ဆာလောင်မွတ်သိပ်နေသည်ဟု သူ ခံစားလိုက်ရသည်။ သူ၏အစာအိမ်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မျိုချတော့မည့်အလားပင်။ သူသည် သူ၏အစာအိမ်ကို လျင်မြန်စွာဖြည့်တင်းရန်သာ လိုလားပြီး တိုက်ခိုက်ခြင်း သို့မဟုတ် ဆေးဖော်စပ်ခြင်းကဲ့သို့သော အရာများကို သူ ဂရုမစိုက်တော့ပေ။
သူ ဗိုက်ပြည့်သွားရန်သည် သူ့အတွက် နံပါတ်တစ်ဦးစားပေးကိစ္စပင်။