← Chapters

ချန်မိသားစု၏ လှည့်ဖျားခြင်း

Vol. 5 Ch. 72

ချန်မိသားစု၏ လှည့်ဖျားခြင်း

Vol. 5 Ch. 72

သို့ရာတွင် သူ၏အစာအိမ်သည် အဆုံးမရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်လာပုံရသည်။ သူ မည်မျှထိ စားစေကာမူ သူ အဆာမပြေဟု ခံစားရပြီး ပို၍ပို၍ဆာလောင်လာသည်။

"ကျီးဝူ... မင်း အရမ်း ဆာလောင်နေတယ်လို့ ခံစားနေရလား... မင်း အရာအားလုံးကို စားချင်နေလား..."

ချင်းမင်သည် ကျီးဝူ၏နံဘေးသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီး မေးမြန်းလိုက်၏။

ကျီးဝူထံတွင် ချင်းမင်၏မေးခွန်းကို ပြန်ဖြေရန် အချိန်မရှိခဲ့ချေ။ သူသည် စိတ်ဝိညာဉ်အပင်များကိုသာ အရူးအမူး ဆွဲယူနေသည်။

သူသည် ဗိုက်ပြည့်ရန်အတွက်သာ စဉ်းစားနေပေ၏။

ကျီးဝူထံတွင် သူ၏မေးခွန်းကို ပြန်ဖြေရန် အချိန်မရှိနိုင်ကြောင်း ချင်းမင်က သိရှိထားသည်။ ထိုကြောင့် သူ ဂရုမစိုက်ဘဲ ဆက်လက်၍ပြောဆိုလိုက်သည်။

"ကျီးဝူ... မင်းတို့ချန်မိသားစု လှည့်ဖျားနေတာကို ငါ မသိဘူးလို့ မင်း ထင်နေတာလား... ဆေးမီးဖိုရဲ့အောက်က မြေကြီးထဲမှာ ဝှက်ထားတဲ့ ဖြေဆေးက မင်းကို မကူညီနိုင်ဘူး... မင်း မျှော်လင့်ချက်မဲ့နေပြီလား..."

ချင်းမင်၏အသံသည် ကျယ်လောင်ခြင်း မရှိချေ။ သို့ရာတွင် သူ၏တိုးညှင်းသောအသံသည် ပြိုင်ပွဲစင်မြင့်၏အောက်သို့ တိုက်ရိုက်ပျံ့နှံ့သွားသည်။

"ဘာ... ချန်မိသားစုက လှည့်ဖျားထားတာလား... ဆေးဖိုအောက်က မြေကြီးထဲမှာ ဖြေဆေးကို ဝှက်ထားတာလား..."

"ဒါက အမှန် ဖြစ်ပုံရတယ်... ကြည့်လိုက်အုံး... ကျိဝူရဲ့ ဆေးမီးဖိုအောက်က မြေကြီးက တူးဖော်ထားတဲ့ လက္ခဏာတွေ သိသိသာသာ ရှိနေတယ်... ကျီးဝူက အဲ့ဒီဆေးလုံးကို စားလိုက်တာပဲဖြစ်မယ်..."

လူအုပ်ကြီးသည် ဆူညံပွက်လောရိုက်လာပေ၏။

တချို့လူများသည် ချန်မိသားစုကို အရှက်မရှိဟု စတင်၍ဆဲဆိုကြပြီး တချို့လူများကမူ ချန်မိသားစုကို ကျယ်လောင်စွာ အော်ဟစ်၍ ပြစ်တင်ရှုတ်ချကြသည်။

ချန်မိသားစုခေါင်းဆောင်၏ မျက်နှာအမူအယာသည်လည်း သိသိသာသာ ပျက်ယွင်းသွားပေ၏။ ချင်းမင်သည် ဤကိစ္စကို မည်သို့ ရှာဖွေတွေ့ရှိသွားသည်အား သူ မသိခဲ့ချေ။

သူ ထိုဆေးလုံးအား ဝှက်ထားမှုသည် သဲလွန်စအနည်းငယ်မျှမရှိသဖြင့် ချင်းမင် ရှာတွေ့နိုင်မည် မဟုတ်ပေ။

ထို့ပြင် ကွင်းပြင်တွင်ရှိနေသော လူအမြောက်အများသည်လည်း ဤကိစ္စကို သတိမပြုမိကြချေ။ မည်သည်ကြောင့် ချင်းမင်တစ်ယောက်တည်းကသာ ရှာဖွေတွေ့ရှိခဲ့သနည်း။

ကျီးဝူသည် ချင်းမင်၏စကားကို ကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်ခုံး မြင့်တက်သွားပြီးလေ၏။ သူသည် ချင်းမင်ကို စူးစိုက်ကြည့်ပြီး သူ၏ပါးစပ်ထဲတွင် စိတ်ဝိညာဉ်ဆေးပင်များ ရှိနေကာ နီမြန်းနေသော မျက်လုံးတစ်စုံဖြင့် ဗလုံးဗထွေးမေးမြန်းလိုက်သည်။

"အဆုံးသတ်ကျတော့ မင်း သိသွားခဲ့တာလား..."

"လူမသိစေချင်ရင်... မင်းတို့ အစကတည်းက မလုပ်နဲ့လေ"

ချင်းမင်က ခေါင်းခါလိုက်ပြီး စင်မြင့်၏အောက်သို့ လျှောက်လှမ်းသွားသည်။

"ချင်း... မင်..."

ကျီးဝူသည် ချင်းမင် တဖြည်းဖြည်း ဝေးကွာသွားသည်ကို မြင်လိုက်ရကာ သူ တစ်စုံတစ်ခုကို ပြောလိုသေးသော်လည်း သူ့ထံတွင် ခွန်အားမရှိတော့ကြောင်း သူ ခံစားမိသည်။

သူ ပို၍ဆာလောင်လာသည်ဟု ခံစားရသော်လည်း ဆက်စားရန်အတွက် သူ့ထံတွင် ခွန်အားမရှိတော့ပေ။

"ချင်းမင်က ဘာလို့ ဆင်းလာတာလဲ... စင်မြင့်ပေါ်မှာ တစ်ယောက်က သေရမယ်လို့ ပြောထားတာ မဟုတ်လား..."

ဤကိစ္စကို နားမလည်နိုင်သော ပရိသတ်တစ်ဦးက တီးတိုးရေရွတ်လိုက်၏။

"ကြည့်လိုက်အုံး.. ကျီးဝူ မလှုပ်တော့ဘူး"

လူတစ်ယောက်က ကျီးဝူကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

ဒိုင်လူကြီးသည်လည်း ဤအချိန်တွင် အသိဝင်လာပြီး ကျီးဝူ၏ခန္ဓာကိုယ်ကို အလျှင်အမြန် စစ်ဆေးလေသည်။ ကျီးဝူသည် မတ်တတ်ရပ်နေဆဲဖြစ်ပြီး သူ၏မျက်လုံးများ ပြူးကျယ်နေသည်။ သို့ရာတွင် သူ၏မျက်လုံးများတွင် သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေပြီး သူ၏ နှလုံးခုန်သံနှင့်အသက်ရှုသံ ရပ်တန့်သွားခဲ့လေပြီ။

"ချင်းမင် အနိုင်ရတယ်.."

ကျီးဝူ သေဆုံးသွားပြီဖြစ်သောကြောင့် ချင်းမင် အနိုင်ရသည်မှာ သေချာသွားခဲ့သည်။ ထိုကြောင့် ဒိုင်လူကြီးသည် တွန့်ဆုတ်မနေဘဲ ထုတ်ပြန်ကြေညာလိုက်၏။

"ယေး... အစ်ကို နိုင်ပြီ"

ချင်းချင်း ခုန်ပေါက်ပြီး ဝမ်းသာပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

ကွင်းပြင်အတွင်းတွင် ကျယ်လောင်သော အောင်ပွဲခံသံများ ထွက်ပေါ်လာပြီး သူတို့အားလုံးသည် ချင်းမင်၏ ဆေးပညာနည်းစနစ်များဖြင့် လွှမ်းမိုးခြင်းခံလိုက်ရလေ၏။

လူအများစုသည် မည်သည်ကြောင့် ချင်းမင် ဤအနိုင်ရသွားသည်... မည်သည်ကြောင့် ကျီးဝူ သေဆုံးသွားသည်ကို နားမလည်နိုင်ကြသော်လည်း...

သူတို့သည် ချင်းမင် အလွန်အစွမ်းထက်သည်ဟု တွေးထင်နေကြဆဲပင်။ အနည်းဆုံးအနေဖြင့် ချင်းမင်၏ဆေးဖော်သော ပုံစံသည် အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိပေ၏။

အစမှအဆုံးတိုင် ချင်းမင် ထိခိုက်မှုတစ်စုံတစ်ရာ ရရှိသည်ကို သူတို့ မတွေ့ခဲ့ရချေ။

ဤသည်မှာ ပျို့အန်လိုက် ဝမ်းသွားလိုက် စားလိုက် ဝမ်းသွားလိုက် ဖြစ်နေခဲ့သော ကျီးဝူနှင့် မတူညီချေ။

ထို့ပြင် ချန်မိသားစုသည် လှည့်ဖျားခဲ့သဖြင့် လူအများကို ပို၍ဒေါသထွက်သွားစေခဲ့သည်။

ဤသည်မှာ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ပွဲပင်။ ဤတိုက်ပွဲကို လူအမြောက်အများ ကြည့်ရှုနေသော်လည်း ချန်မိသားစုသည် ရှက်ရွံ့မှုမရှိဘဲ လိမ်လည်လှည့်ဖျားခဲ့ပေ၏။

အထက်တန်းလွှာမိသားစုများက ချန်မိသားစုကို တိတ်တဆိတ် လှောင်ပြောင်သရော်လိုက်ကြသည်။

"အစ်ကို..."

ချင်းချင်းသည် သူမ၏အစ်ကို လျှောက်လှမ်းလာသည်ကို မြင်တွေ့ပြီးနောက် ပျော်ရွှင်စွာဖြင့် အလျင်အမြန် အပြေးသွားလိုက်သည်။

ချင်းမင်သည် ချင်းချင်း၏နှာခေါင်းလေးကို ဆွဲညှစ်လိုက်ပြီး သူ၏ဖခင်နှင့်အကြီးအကဲချင်းထံသို့ လျှောက်လှမ်းသွားကာ ပြောဆိုလိုက်သည်။

"ကျွန်တော်က တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ပါတယ်"

"ကောင်းတယ်... အရမ်းကောင်းတယ်"

ချင်းယွမ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

All Chapters