မျှော်လင့်ချက်မဲ့ခြင်း
Vol. 5 Ch. 73
ချန်မိသားစုခေါင်းဆောင်နှင့်မြို့တော်ဝန်ချန်တို့သည် အောင်ပွဲခံနေသောချင်းမင်ကို ကြည့်ပြီး ကြက်သေသေနေကြသည်။
ဤတစ်ကြိမ်တွင် ချန်မိသားစုသည် ပြိုင်ပွဲတွင် ရှုံးနိမ့်သွားရုံသာမက လက်ထောက်ဆေးပညာရှင်တစ်ဦးကို သတ်ဖြတ်လိုက်သကဲ့သို့လည်း ဖြစ်သွားခဲ့သည်။
ဤသည်မှာ လျိုမြို့၏ ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်လာခဲ့လေပြီ။
ချန်မိသားစုခေါင်းဆောင်သည် ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် လှည့်ထွက်သွားပြီး ချန်မိသားစု၏အစေခံတချို့သည် ကျီးဝူ၏အလောင်းကို သယ်ဆောင်သွားကြ၏။
မူလက ကျီးဝူသည် ချန်မိသားစုတွင် အဆင့်အတန်း အနည်းငယ်မြင့်မားသည်။ အနည်းဆုံးအနေဖြင့် သူ၏ ဆေးဖော်စပ်မှုစွမ်းရည်သည် ဆရာရှောင်မှလွဲလျှင် အကောင်းဆုံး ဖြစ်သော်လည်း ယခုချိန်၌ သူ သေဆုံးသွားခဲ့လေပြီ။
သေဆုံးသွားသော လူတစ်ယောက်သည် တန်ဖိုးမရှိတော့ချေ။ ချန်မိသားစု၏ လက်အောက်ငယ်သားများသည် ကျီးဝူ၏ အလောင်းကို အလေးအနက်မထားဘဲ ပစ်စလတ်ခတ် သယ်ဆောင်သွားကြ၏။
"ကျီးဝူမှာ မယားငယ် နှစ်ယောက်တောင် ရှိတယ်... ဒီည ငါတို့တွေ သွားပြီးမြည်းစမ်းကြည့်ကြမလား..."
"အဲ့ဒီ မယားငယ်နှစ်ယောက်ကို ငါ မြင်ဖူးတာ ကြာလှပြီ... ကျီးဝူ သေသွားတာ ကောင်းတယ်... သူ မသေရင် ငါတို့က မိသားစုခေါင်းဆောင် မျက်နှာသာပေးတာကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ..."
ချန်မိသားစုဝင် အစောင့်နှစ်ယောက်သည် ကျီးဝူ၏အလောင်းကို သယ်ဆောင်ရင်း အပြုံးနှင့် တိုင်ပင်ဆွေးနွေးလိုက်ကြသည်။
ချန်မိသားစု ထွက်ခွာသွားပြီးနောက် ဤကြီးမားသော တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့သည်။
.....
မဟာရှားအင်ပါယာ၏ မြို့တော်ဖြစ်သည့် မဟာရှားမြို့တော်တွင် နေ့ရောညပါ သက်ဝင်လှုပ်ရှားပြီး ပျော်ရွှင်ဖွယ်ကောင်းပေ၏။ ဤသည်မှာ ဘယ်သောအခါမှ မီးရောင်ပျက်ပြယ်မသွားသော မြို့တစ်မြို့ပင်။
မြို့ထဲရှိ မြေတစ်လက်မစီတိုင်းသည် အလွန်အဖိုးတန်လေရာ ချမ်းသာကြွယ်ဝသူ မဟုတ်ပါက မြို့ထဲတွင် နေထိုင်ရန် အရည်အချင်း မပြည့်မီပေ။
ဤမဟာရှားမြို့တော်၏ ဗဟိုချက်နေရာတွင် ခမ်းနားထည်ဝါသည့် အိမ်တော်ကြီးတစ်လုံး တည်ရှိသည်။
"ကျွယ်ရှင်း... မင်းရဲ့ဆရာ အသက်ရှင်နေတုန်းပဲ..."
မျက်ပေါက်မှေးမှေးနှင့် လူတစ်ယောက်သည် စိတ်ဝိညာဉ်ဆေးပင်များကို စီနေသည့်လူအား ကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ဟူး..."
ဤစကားကိုကြားချိန်တွင် စိတ်ဝိညာဉ်ဆေးပင်များကို စီနေသောလူက ညင်သာစွာ သက်ပြင်းချလိုက်သည်။
"မင်းရဲ့ဆရာ့ လက်စားချေမှာကို မင်း မကြောက်ဘူးလား... မင်းက သူ့ရဲ့ ရတနာဆေးမီးဖိုကို လုယူခဲ့တဲ့အပြင် သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ် မဟုတ်လား..."
မျက်ပေါက်မှေးမှေးနှင့်လူက ဆက်လက်၍ ပြောဆိုသည်။
"ငါ မကြောက်ဘူး"
ကျွယ်ရှင်း ခေါင်းခါယမ်းပြီး ပြောဆိုသည်။
"အဆင့်ရှစ် အဆိပ်နဂါးဆေးလုံးအောက်မှာ ဘယ်သူမှ အသက်မရှင်နိုင်ဘူး... ငါလည်း မရှင်နိုင်ဘူး... ငါ့ဆရာလည်း မရှင်နိုင်ဘူး... သူ အခု အဆိပ်သင့်နေမှန်း သူ သိမှာတောင် မဟုတ်ဘူး... သူက သေတော့မှာကို ငါ့လို တပည့်တစ်ယောက်က ဘာလို့ သွားပြီးနှောင့်ယှက်နေရမှာလဲ..."
"အဆိပ်နဂါးဆေးလုံးလား"
မျက်ပေါက်မှေးမှေးဖြင့်လူ၏ မျက်လုံးသူငယ်များ ကျဥ်းမြောင်းသွားပြီး အံ့အားတသင့် ပြောဆိုလိုက်သည်။
"မင်းက သူ့ကို အဖိုးတန်တဲ့ အဆိပ်နဂါးဆေးလုံးတိုက်လိုက်တာလား... ဘာလို့ အဲ့ဒီလောက်ထိ အဖိုးတန်တဲ့ ဆေးလုံးကို ဒုက္ခိတလူအိုကြီးတစ်ယောက်အတွက် သုံးလိုက်တာလဲ..."
"အဖိုးတန်တာလား .."
ကျွယ်ရှင်းက ခေါင်းညိတ်လိုက်ပြီး သူ၏လက်ထဲမှ သိုလှောင်လက်စွပ်ကို ထိတွေ့ကြည့်ပြီး ပြောဆိုလိုက်သည်။
"အဖိုးတန်တယ်ဆိုတာတော့ အမှန်ပဲ... ဒါပေမဲ့ နတ်ဘုရားအဆင့် ဆေးမီးဖိုနဲ့ ယှဉ်လိုက်ရင် ဒါက ဘာများထည့်တွက်စရာ ရှိလို့လဲ... ဒါ့ပြင် ဆရာ့ရဲ့ဒန်တျန်ကို ငါ ဖျက်ဆီးခဲ့ပြီးပြီ... အခု သူ့ရဲ့ဒဏ်ရာက သေချာပေါက် ဆိုးရွားနေမှာပဲ...ငါ ခန့်မှန်းမိသလောက်တော့ သူ့ရဲ့စွမ်းအားက သိုင်းဆရာကြီးအဆင့်လောက်မှာပဲ ရှိနေလိမ့်မယ်... ငါက ဘာကို စိုးရိမ်စရာ ရှိသေးလို့လဲ..."
"ငါ့ရဲ့အဆိပ်နဂါးဆေးလုံးသာ မရှိခဲ့ရင်... ငါ အခုထိ ကြောက်လန့်နေရလိမ့်မယ်... ဒါကို မတန်ဘူးလို့ မင်း ထင်နေတုန်း..."
"အဆိပ်နဂါးဆေးလုံးက အဆင့်ရှစ် အဆိပ်ဆေးလုံး ဆိုပေမဲ့ မင်းရဲ့ဆရာက အဆိပ်ဖြေနိုင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ.. မင်း သိထားရမှာက အဆိပ်ဆေးလုံးတိုင်းမှာ ဖြေဆေးတစ်ခု အမြဲတမ်း ရှိနေတာကိုပဲ"
မျက်ပေါက်မှေးမှေးနှင့်လူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"မဖြစ်နိုင်ဘူး"
ကျွယ်ရှင်းက ခေါင်းခါယမ်းပြီး တုံ့ပြန်လိုက်၏။
"မင်းက ဆေးပညာရှင်တစ်ယောက် မဟုတ်တာကြောင့် ဒီကိစ္စကို မင်း နားလည်မှာမဟုတ်ဘူး...အဆိပ်နဂါးဆေးလုံးရဲ့ အဆိပ်ကိုဖြေချင်ရင် အဆင့်ကိုး သူတော်စင်နဂါးဆေးလုံးကို သုံးမှရမယ်... နတ်ဘုရားအဆင့်အောက်က ဘယ်အဆိပ်မဆို ဖြေရှင်းနိုင်တယ်လို့ ဆိုကြတဲ့ သူတော်စင်နဂါးဆေးလုံးကသာ ငါ့ဆရာရဲ့ အဆိပ်ကို ဖြေနိုင်စွမ်း ရှိလိမ့်မယ်... ဒါပေမဲ့ သူတော်စင်နဂါးဆေးလုံးက အဆင့်ကိုးထဲမှာ အခက်ခဲဆုံးဆေးလုံးဖြစ်ပြီး လောကကြီးထဲမှာ ဘယ်သူမှ မဖော်စပ်နိုင်ဘူး... ဆေးဧကရာဇ်တစ်ယောက်က ကူညီမပေးဘူးဆိုရင် ငါ့ရဲ့ဆရာ သေချာပေါက် သေရလိမ့်မယ်..."
"ငါ့ရဲ့ဆရာ သေချာပေါက် သေရမယ်ဆိုတာ သံသယဝင်ဖို့ မလိုမှတော့... တစ်နှစ်လောက်ကြာမှ သူ့ရဲ့အလောင်းကို ရှင်းလင်းဖို့ ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ... မထိုက်တန်တဲ့လှုပ်ရှားမှုမျိုးကို ငါက ဘာလို့ လုပ်နေရမှာလဲ..."
မျက်လုံးမှေးမှေးဖြင့်လူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာပြီး သူ အနည်းငယ် စိတ်သက်သာရာရသွားသည်။
သူ၏အရှင်သခင်သည် ဤကဲ့သို့ ပြောဆိုခဲ့သဖြင့် သူ့ထံ၌ စိုးရိမ်စိတ် အနည်းငယ် ရှိနေသေးလျှင်ပင် တိုက်ရိုက်ပြောဆို၍ မရတော့ချေ။