ဟေးဖုန်း ဟေးရှ
Vol. 5 Ch. 74
မျက်လုံးမှေးမှေးနှင့်လူသည် ခမ်းနားထည်ဝါသော အိမ်တော်မှ ထွက်ခွာလာပြီး မဟာရှားမြို့တော်၏အပြင်ဘက်သို့ ရောက်ရှိလာသည်။
"ဟေးဖုန်း... ဟေးရှ... မင်းတို့ကို တာဝန်တစ်ခု ပေးမယ်...ဒီပုံတူထဲကလူကို မင်းတို့ သတ်လိုက်ကြစမ်း..."
"ဟုတ်ကဲ့"
အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းနှစ်ဦးသည် မျက်လုံးမှေးမှေးနှင့်လူ လက်ကမ်းပေးသော ပုံတူကိုယူဆောင်ပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"သွားပြီး ပြန်လာခဲ့"
မျက်လုံးမှေးမှေးနှင့်လူက အမိန့်ပေးသည်။
အနက်ရောင်ဝတ်စုံဝတ် လူနှစ်ယောက်သည် ဦးညွှတ်လိုက်ပြီး ဖြည်းညှင်းစွာဖြင့် နောက်ပြန် လျှောက်လှမ်းသွားကြသည်။
အကြွင်းမဲ့ စိတ်ချရခြင်း... မည်သည့်အရာသည်အစစ်အမှန် အကြွင်းမဲ့စိတ်ချရခြင်း ဖြစ်သနည်း....။
သေလူများကသာ အကြွင်းမဲ့စိတ်ချရခြင်းဖြစ်ပေ၏။
မျက်လုံးမှေးမှေးနှင့်လူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းတမ်းသော အလင်းတန်းတစ်တန်း ထင်ဟပ်လာသည်။
လျိုမြို့... ချန်အိမ်တော်...
"ဘုန်း"
ချန်မိသားစုခေါင်းဆောင်သည် အဖိုးတန်ပန်းအိုးတစ်လုံးကို ရိုက်ခွဲလိုက်ပြီး သူ၏အောက်ရှိ စားပွဲကို ပြင်းပြင်းထန်ထန် ထုနှက်လိုက်သည်။
"အမှိုက်တွေ... မင်းတို့အားလုံး အမှိုက်တွေချည်းပဲ... လူငယ်တစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူး... မင်းတို့လို အမှိုက်တွေကို မွေးထားရတာ ငါ့အတွက် ဘာအသုံးကျတာရှိလဲ"
လက်ထောက်ဆေးပညာရှင်များသည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး သူတို့၏ခန္ဓာကိုယ်များ မရပ်မနား တုန်ယင်နေသည်။
"မင်းတို့ထဲက တစ်ယောက်ယောက်သာ ဆေးပညာရှင်အဖြစ် အဆင့်မြင့်တက်သွားရင်... ငါက အဲ့ဒီလူကို ဘိုးဘေးတစ်ယောက်လို ဆက်ဆံမယ်... အဲ့ဒီလိုမဟုတ်ရင်တော့ ကျီးဝူက မင်းတို့အတွက် အကောင်းဆုံးဥပမာပဲ"
"မင်းတို့တွေက ငါ့ဆီက အရင်းအမြစ်တွေ ဘယ်လောက်ထိ ဖြုန်းတီးခဲ့ပြီးပြီလဲတိုတာ မင်းတို့ သိလား... မင်းတို့ဖြုန်းတီးခဲ့တဲ့ အရင်းအမြစ်တွေအားလုံး ပေါင်းလိုက်ရင် ငါတို့ ချန်မိသားစုက နောက်ထပ်သိုင်းဆရာကြီးတစ်ယောက်ကိုတောင် မွေးထုတ်ပေးနိုင်တယ်..."
ချန်မိသားစုခေါင်းဆောင်က ဒေါသတကြီး ပြောဆိုလိုက်သည်။
ဤလက်ထောက်ဆေးပညာရှင်များသည် ဆေးဖော်စပ်ရာတွင် ငွေကြေးဆုံးရှုံးစေပြီး အရေးကြီးသည့်အချိန်တွင် တစ်ယောက်မျှ အသုံးမကျချေ။
သူတို့အနက် အစွမ်းထက်ဆုံးကျီးဝူသည် သေဆုံးသွားလေပြီ။ ဤအမှိုက်ကောင်များသည် မည်သည့်အချိန်မှ ဆေးပညာရှင်အဖြစ် တက်လှမ်းနိုင်မည်နည်း။
ဆေးပညာရှင်အဖြစ် တက်လှမ်းနိုင်ပါက သူတို့၏ အဆင့်အတန်းသည် မိသားစုခေါင်းဆောင်ဖြစ်သော သူ့ထက် ခြေတစ်လှမ်းခန့် ပို၍မြင့်မားပေ၏။
သို့ရာတွင် ဆေးပညာရှင်အဖြစ် တက်လှမ်းနိုင်ခြင်းမရှိပါက သူတို့၏အဆင့်အတန်းသည် သိုင်းစစ်သည်တော်များနှင့် အတူတူသာဖြစ်ပြီး သိုင်းစစ်သည်တော်ထက်ပင် ပို၍ဆိုးရွားပေ၏။
သိုင်းစစ်သည်တော်များသည် အနည်းဆုံးအနေဖြင့် အိမ်တော်ကို ကာကွယ်စောင့်ရှောက်နိုင်ပေမည်။ ဤလက်ထောက်ဆေးပညာရှင်များသည် မည်သည့်နေရာ၌ အသုံးဝင်မည်နည်း။
စိတ်ဝိညာဉ်ဆေးပင်များကို ဖြုန်းတီးခြင်းမှလွဲ၍ သူတို့သည် တခြားမည်သည့်အရာကို လုပ်နိုင်မည်နည်း။
ချီသန့်စင်ခြင်းဆေးလုံးများသည် အလွန်ဈေးပေါပေ၏။ အဆင့်မြင့် ချီသန့်စင်ခြင်းဆေးလုံးများ မဟုတ်ပါက ထိုအရာများကို အောင်မြင်စွာ ဖော်စပ်နိုင်လျှင်ပင် စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိမည်မဟုတ်ချေ။
ဤသည်မှာ လောကကြီးအတွင်းတွင် လက်ထောက်ဆေးပညာရှင်များ အလွန် များပြားနေသောကြောင့်ပင်။
တချို့ဆေးပညာရှင်များသည် ချီသန့်စင်ခြင်းဆေးလုံးများကို ဖော်စပ်နေဆဲဖြစ်သဖြင့် ထိုဆေးလုံးများ၏ဈေးနှုန်းကို ပို၍နိမ့်ကျသွားစေသည်။
ထို့ကြောင့် ဆေးပညာကို သင်ယူနေသူတစ်ဦးသည် အစစ်အမှန် ဆေးပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ခြင်းမရှိပါက သူသည် အမှိုက်တစ်စသာ ဖြစ်ပေမည်။
စိတ်ဝိညာဉ်ကျောက်တုံးများ မရှာဖွေနိုင်သော ဆေးပညာရှင်သည် မည်သည့်နေရာ၌ အသုံးကျမည်နည်း။
"မင်းတို့အားလုံး ထွက်သွားကြတော့"
ချန်မိသားစုခေါင်းဆောင်က သက်ပြင်းချပြီး ပြောဆိုလိုက်သည်။
သူသည် ဆဲဆိုသင့်သည်များကို ဆဲဆိုပြီးပြီဖြစ်ကာ သူ၏ဒေါသများလည်း ပျောက်ကွယ်လုနီူပါးဖြစ်သွားလေပြီ။
ယခုချိန်တွင်မူ တန်ပြန်တိုက်ခိုက်ရန်အတွက် စဉ်းစားရမည့် အချိန်ပင်။
သူသည် ချင်းမိသားစုကို ဖျက်ဆီးရပေမည်။ ချင်းမိသားစု အမြစ်ပြတ်သေဆုံးသွားခြင်း မရှိပါက သူတို့၏ချန်မိသားစုသည် ဘယ်သောအခါမှ ပြန်လည်၍ နာလန်ထူနိုင်တော့မည် မဟုတ်ချေ။
လုပ်ကြံသတ်ဖြတ်ခြင်း..
ချန်မိသားစုခေါင်းဆောင်သည် ခေါင်းခါလိုက်ပြီး ဤအတွေးကို စွန့်လွှတ်လိုက်၏။
ဆေးဆရာကြီးအဆင့် ဆေးပညာရှင်ကြီးတစ်ဦး၏တပည့်ကို လုပ်ကြံသတ်ဖြတ်ခြင်း...ဤတန်ကြေးသည် သူ တတ်နိုင်သည့်အရာ မဟုတ်ချေ။
ချင်းမိသားစုမှ တခြားလူများကို လုပ်ကြံသတ်ဖြတ်ခြင်းသည်လည်း အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ချေ။ ချင်းမိသားစုသည် ဆေးပညာရှင်ကြီးအပေါ် မှီခိုနေပေ၏။
အကယ်၍ ချင်းမိသားစုခေါင်းဆောင်နှင့်အကြီးအကဲများသာ ဖြစ်နေပါက သူတို့ကို ရင်ဆိုင်ရန် သူ့ထံ၌ နည်းလမ်းအမြောက်အများရှိသည်။
ထိုဆေးပညာရှင်ကြီးသည် သူ့အတွက် အမှန်တကယ်ကို ခေါင်းကိုက်ဖွယ်ရာပင်။ ထို့ပြင် အစစ်အမှန်ဆေးပညာရှင်တိုင်းကို ဆေးပညာမဟာမိတ်အဖွဲ့မှ ကာကွယ်ပေးထားလေ၏။
ထိုဆေးပညာရှင်ကြီးသည် လျိုမြို့မှ အင်အားစုများ၏တိုက်ပွဲတွင် မပါဝင်ခဲ့သဖြင့် သူ့ကို ရင်ဆိုင်ရန် သူတို့ထံတွင် အကြောင်းပြချက် မရှိချေ။
ဆေးပညာရှင်တစ်ယောက်သည် မိသားစုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ သဘာဝကျသောကိစ္စပင်။ အကယ်၍ သူတို့သည် ချင်းမိသားစု၏ရန်သူများအနေဖြင့် ထိုဆေးပညာရှင်ကြီးကို သတ်ဖြတ်ခဲ့လျှင်...
လောကကြီးတစ်ခုလုံး ရှုပ်ထွေးသွားမည် မဟုတ်လော။ ဆေးပညာမဟာမိတ်အဖွဲ့သည် ဆေးပညာရှင်များကို ကာကွယ်ပေးရန် တည်ရှိနေခြင်း မဟုတ်လော။
"ဒီလိုဆိုရင်တော့ လက်နက်အင်အားသုံးဖို့ပဲ စဉ်းစားရတော့မယ်... သာမန်တိုက်ခိုက်မှုနဲ့ ချင်းမိသားစုကို ချေမှုန်းနိုင်ရင်... ဆေးပညာရှင်ကြီးတောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... ဒါ့ပြင်... ဆေးပညာရှင်ကြီးကသာ လှုပ်ရှားရဲရင်... ငါက သူ့ကိုလည်း သတ်လို့ရပြီ... ဘယ်သူမှ ဘာမှ ပြောနိုင်မှာ မဟုတ်ဘူး"
ဤကဲ့သို့ တွေးမိသည့်အချိန်တွင် ချန်မိသားစုခေါင်းဆောင်၏မျက်နှာပေါ်မှ ခက်ထန်တင်းမာနေမှုများ ပြေလျော့သွားတော့သည်။
ချင်းမင်သည် ဆေးပညာလောကထဲသို့ ဝင်ရောက်လာခါစသာ ဖြစ်သဖြင့် စွမ်းအားကြီးမားခြင်းမရှိနိုင်ဟု သူ မူလက တွေးထင်ခဲ့သည်။ ထို့ကြောင့် သူသည် ချင်းမိသားစုကို ဆေးပညာအားအသုံးပြု၍ တိုက်ရိုက်ဖိနှိပ်လိုခဲ့သည်။
မမျှော်လင့်ဘဲ ကြက်ခိုးမရသည့်အပြင် ဆန်လည်း ဆုံးရှုံးသွားခဲ့သည်။ သူ၏ဆေးဆိုင်နှစ်ဆယ်ကို ဆုံးရှုံးခဲ့ရုံသာမက မြို့တော်ဝန်၏ ဆေးဆိုင်နှစ်ဆယ်ကိုလည်း ဆုံးရှုံးခဲ့ရလေ၏။
အရေးအကြီးဆုံးမှာ ထိုဆေးဆိုင်များကို ရရှိသွားခြင်းဖြင့် ချင်းမိသားစု၏အင်အား အလွန်ကြီးမားလာမည်ပင်။