ထိပ်သီးမိသားစုကြီးလေးစုအတွင်းသို့ တက်လှမ်းခြင်း
Vol. 5 Ch. 75
နေ့လယ်ခင်းတွင် လျိုမြို့ရှိ ချင်းအိမ်တော်တွင် မိတ်ဆွေများဖြင့် ပြည့်နှက်နေကာ စားကောင်းသောက်ဖွယ်များနှင့် ဧည့်ခံပွဲကျင်းပနေသည်။
"သောက်ကြအုံး... လာ သောက်ကြအုံး... ဒီနေ့က ငါတို့ချင်းမိသားစု ထွန်းတောက်လာတဲ့ နေ့ပဲ... ဒီနေ့ကစပြီး ငါတို့ ချင်းမိသားစုက လျိုမြို့ရဲ့ စတုတ္ထမြောက်ထိပ်သီးမိသားစု တရားဝင် ဖြစ်လာခဲ့ပြီ..."
သန်မာထွားကြိုင်းသော လူငယ်တစ်ဦးက အရက်ပန်းကန်လုံးကိုကိုင်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"သောက်... မသောက်တဲ့ကောင်က ငါ့ရဲ့မြေးပဲ"
ဧည့်ခံပွဲတွင် လူငယ်အမြောက်အများ အတူတကွ ဝိုင်းဖွဲ့ထိုင်ကာ သောက်စားနေကြ၏။
"ချင်းရှောင်ကျွင်း... မင်း သခင်လေးနဲ့ အရက်ခွက်ခြင်းတိုက်ဖို့ သတ္တိရှိလား..."
လူငယ်တစ်ဦးက တိုက်တွန်းလိုက်သည်။
"ဘာလို့ ငါက သတ္တိမရှိရမှာလဲ"
သန်မာထွားကြိုင်းသော လူငယ်က ရဲရင့်စွာဖြင့် တုံ့ပြန်လိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ချင်းမင် ထိုင်နေသော စားပွဲထံသို့ လျှောက်လှမ်းသွားလေသည်။
"သခင်လေးချင်း... မင်းက ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ... ဒါကြောင့် ငါ မင်းကို တစ်ခွက်တိုက်ပါရစေ"
ချင်းမင်ကလည်း အရက်ခွက်ကို ကောက်ကိုင်ပြီး ပြောဆိုသည်။
"ကောင်းပြီလေ... ချင်းရှောင်ကျွင်း... ငါ မင်းကို အများကြီးမျှော်လင့်ထားတယ်... မင်းက မိသားစုထဲမှာ အငယ်ဆုံး... ပြီးတော့ သိုင်းစစ်သည်တော်အဆင့်ကို ပထမဆုံး တက်လှမ်းနိုင်တော့မယ်လို့ ငါ ကြားတယ်... ငါလည်း မင်းကို တစ်ခွက်တိုက်တယ်"
"ကျေးဇူးတင်ပါတယ် သခင်လေးချင်း"
ချင်းရှောင်ကျွင်းသည် ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး အရက်များကို တစ်စက်မကျန်သောက်လိုက်၏။
"လာ... ငါ မင်းအတွက် ထည့်ပေးမယ်"
ချင်းမင်က ချင်းရှောင်ကျွင်း၏အရက်ပန်းကန်လုံးထဲသို့ သူကိုယ်တိုင် အရက်ဖြည့်ပေးလိုက်သည်။
ချင်းမင် ဤမျှထိ ကြင်နာတတ်သည်ကို လူများအားလုံး မြင်တွေ့ချိန်၌ သူတို့သည်လည်း ရောက်ရှိလာကာ အရက်ခွက်များ တိုက်လိုက်ကြသည်။
ချင်းမိသားစု၏လူငယ်အနေဖြင့် သူတို့သည် တိုက်ရိုက်မျိုးဆက်များနှင့် ဆက်ဆံမှုနည်းပါးကာ ယေဘုယျအားဖြင့် သူတို့ လုပ်ဆောင်ရမည့်အပိုင်းကိုသာ လုပ်ဆောင်ကြသည်။
ဤသည်မှာလည်း ချင်းမိသားစုမှ တမင်သက်သက် ဖန်တီးထားသော အခြေအနေဖြစ်ပြီး အခြေခံအားဖြင့် မိသားစုတိုင်း ထပ်တူထပ်မျှပင်။
အဓိကနှင့်သာမညကို ခွဲခြားခြင်းဖြင့်သာ မိသားစုတစ်ခု ကြီးထွားလာပေမည်။
ထိုသို့မဟုတ်ပါက မိသားစု၏အတွင်းရေးတိုက်ပွဲများ သက်သက်ကပင်လျှင် မိသားစုတစ်စုလုံး အမြစ်ပြတ်ပျက်စီးသွားစေနိုင်သည်။
ညအချိန်တွင် အရက်အလွန်အကျွံသောက်ထားသော ချင်းမင်သည် ချင်းယွမ်၏စာကြည့်ခန်းထဲတွင် မတ်တတ်ရပ်နေလေ၏။
သူသည် အရက်များစွာ သောက်ထားသော်လည်း သူ၏မျက်လုံးများသည် ကြည်လင်နေဆဲပင်။
"ချင်းမင်... မင်း ဒီနေ့ ပင်ပန်းသွားပြီ"
ချင်းယွမ်က ချင်းမင်ကိုကြည့်ပြီး နူးညံ့ညင်သာစွာ ပြောဆိုလိုက်သည်။
"ဒါက အစွမ်းအစမရှိတဲ့ အဖေတစ်ယောက်ကြောင့်ပဲ... တကယ်လို့ မင်းရဲ့အဖေသာ မဟာသိုင်းဆရာကြီးတစ်ယောက် ဖြစ်ခဲ့ရင်... မင်းက ဘာလို့ ဒီလောက်ထိ အန္တရာယ်များတဲ့ တာဝန်တွေကို ထမ်းဆောင်ရမှာလဲ"
"အဖေ... ကျွန်တော်လည်း ချင်းမိသားစုဝင်တစ်ယောက်ပါ... ဒါကြောင့် ချင်းမိသားစုအတွက် ကျွန်တော်လည်း ပံ့ပိုးကူညီသင့်ပါတယ်... ဒါက ကျွန်တော် လုပ်သင့်တဲ့အရာပါ"
ချင်းမင်က ပြောဆိုသည်။
"ကောင်းပြီလေ"
ချင်းယွမ်သည် တောက်ပသောမျက်လုံးများဖြင့် ချင်းမင်ကိုကြည့်ပြီး ပြောဆိုလိုက်၏။
"မင်အာ... မင်းက ကြီးပြင်းလာတဲ့နောက်မှာ ယောက်ျားကောင်းတစ်ယောက် ဖြစ်လာပြီ...အခု မင်းမှာ တာဝန်ယူမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်... အခု ငါ သေသွားရင်တောင်... ငါ့ရဲ့ဘိုးဘေးတွေကို မျက်နှာပြနိုင်ပြီ"
ချင်းမင်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး တုံ့ပြန်သည်။
"အဖေ... အဖေက ချင်းမိသားစုက ကုန်းမြေရဲ့ ထိပ်သီးမိသားစု ဖြစ်လာတာကို မမြင်ရသေးဘူး... ပြီးတော့ အဖေက ပြိုင်ဘက်ကင်းသိုင်းပညာနည်းစနစ်တွေကို မလေ့ကျင့်ရသေးဘူး... အဖေ ဘယ်လိုလုပ်ပြီး သေလို့ ဖြစ်မှာလဲ"
"သေမယ့်စကားကို မပြောတော့ဘူး...ဒီနေ့က အရမ်း ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ပဲ... ငါက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ မင်္ဂလာမရှိတဲ့ စကားတွေကို ပြောနိုင်ရတာလဲ"
ချင်းယွမ်က သက်ပြင်းချလိုက်သည်။
ချင်းမင်သည် တောက်ပနေသော မျက်လုံးများဖြင့် သူ၏ဖခင်ကိုကြည့်ကာ အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် ပြောဆိုသည်။
"အဖေ... အခုချိန်မှာ ကျွန်တော်တို့မိသားစုရဲ့ အနာဂတ်က အဆုံးမရှိဘဲ လှပနေပုံ ပေါက်ပေမဲ့... တကယ်တမ်းကျတော့ ကျွန်တော်တို့အတွက် အန္တရာယ်တွေအရမ်းများနေတယ်"
ချင်းမင်၏စကားကို ကြားလိုက်ရသည့်အချိန်တွင် ချင်းယွမ်သည် ချက်ချင်းဆိုသလိုပင် အမူးပြေသွားလေ၏။
"မင်း ဘာပြောချင်တာလဲ... ပွင့်ပွင့်လင်းလင်းသာ ထုတ်ပြောလိုက်ပါ"
"အခုချိန်မှာ ကျွန်တော်တို့ ချင်းမိသားစုက လောင်ကြေးဖြစ်တဲ့ ဆိုင်လေးဆယ်ကို ရထားတယ်... ပြီးတော့ မိသားစုထဲမှာ ဆေးဆရာကြီးအဆင့် ဆေးပညာရှင်တစ်ယောက်လည်း ရှိတယ်... ဒါက တကယ်ကို အရှိန်အဟုန် အပြည့်နဲ့ တိုးတက်လာတော့မယ့် အရိပ်အယောင်ပဲ... ဒါပေမဲ့ အချိန်တခဏအတွင်းမှာ တိုးတက်လာမှုက ယိုယွင်းပျက်စီးခြင်းတဲ့ဘက်ကို ဦးတည်တယ်လို့ ဆိုကြတယ်... အရင်က ချင်းမိသားစုက လျိုမြို့မှာ နိမ့်ကျတဲ့ မိသားစုတစ်ခုပဲ ဖြစ်တာကြောင့် ကျွန်တော်တို့ကို အာရုံစိုက်နေတဲ့ မိသားစုတွေ အများကြီး မရှိခဲ့ဘူး... အခုတော့... ကျွန်တော်တို့ ချင်းမိသားစုက လျိုမြို့ရဲ့ စတုတ္ထမြောက် အကြီးဆုံးမိသားစု ဖြစ်လာပြီ... ဒါကို နာမည်ကျော်ကြားလာတယ်လို့ ပြောလို့ရပေမဲ့ မျက်လုံးတွေအများကြီးက ကျွန်တော်တို့ကို စိုက်ကြည့်နေကြတယ်... ကျွန်တော်တို့ နည်းနည်းလေး ပေါ့ဆလိုက်တာနဲ့... တခြားသူတွေရဲ့ ဆွဲချတာကို ခံရလိမ့်မယ်... ဒါ့ပြင် ကျွန်တော်တို့ ချင်းမိသားစုရဲ့ အခြေခံအုတ်မြစ်က အရမ်းနိမ့်ကျလွန်းတယ်"
ချင်းမင်က သုံးသပ်ပြသည်။
"အမှန်ပဲ... ငါတို့ ချင်းမိသားစုရဲ့ အခြေခံအုတ်မြစ်က တခြားထိပ်သီးမိသားစုတွေကို အမီလိုက်ဖို့ အရမ်းနိမ့်ပါးလွန်းနေတယ်"
မိုးကုပ်စက်ဝိုင်းပေါ်မှ လရောင်ကိုကြည့်ပြီး ချင်းယွမ်သည် အနည်းငယ်စိုးရိမ်ပူပန်သွားပေ၏။
မိသားစု၏အင်အား အလွန်နိမ့်ကျနေသည့်အချိန်တွင် သူသည် သည်းကြီးမည်းကြီး ဖွံ့ဖြိုးတိုးတက်လိုခဲ့သည်။ သို့ရာတွင် ချင်းမိသားစုသည် ရုတ်တရက်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့်အချိန်တွင် ထိုအရာကို ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း သူ နားလည်သဘောပေါက်သွားသည်။
လျိုမြို့ရှိ တခြားထိပ်သီးမိသားစုများသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ခန့်မှစ၍ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်သည်။ ဤနည်းလမ်းဖြင့် ဖွံ့ဖြိုးတိုးတက်လာကာ အခြေခံအုတ်မြစ်ခိုင်မာခြင်းဖြင့်သာ သူတို့သည် လျိုမြို့တွင် ထိပ်သီးမိသားစုအဖြစ် လုံခြုံစွာ နေထိုင်နိုင်ခဲ့ခြင်းဖြစ်ပေ၏။
Thank For Reading.