မိသားစု၏ စိုးရိမ်မှု
Vol. 5 Ch. 62
ညနေပိုင်းတွင် ဧည့်သည်များ ထွက်ခွာသွားပြီးနောက် ချင်းမိသားစုဝင်များသည် ချင်းမင်၏အိပ်ခန်းထဲတွင် စုရုံးနေကြ၏။
"အစ်ကို... မနက်ဖြန် ဆေးလုံးတိုက်ပွဲကို မသွားနဲ့တော့နော်..."
ချင်းချင်းသည် ချင်းမင်ကို ဆုပ်ကိုင်ရင်း သနားဖွယ်ကောင်းသောလေသံဖြင့် ပြောဆိုလိုက်သည်။
ချင်းမင်သည် မည်သည်ကြောင့် အန္တရာယ်ရှိသော ဆေးလုံးတိုက်ပွဲတွင် ပါဝင်ရမည်ကို သူမ နားမလည်ချေ။ ဤကဲ့သို့ မပြုလုပ်ဘဲ သာမန်ဘဝမျိုးနှင့်နေခြင်းသည် ပို၍ကောင်းမွန်သည်ဟု သူမ တွေးမိလေ၏။
မည်သည်ကြောင့် သေခြင်းရှင်ခြင်းတိုက်ပွဲတွင် အသက်ဖြင့်ရင်း၍ တိုက်ခိုက်ရမည်နည်း။
ချင်မင်က ပြုံးလိုက်ပြီး သူ့ညီမ၏ခေါင်းကို ပွတ်သပ်ကာ ပြောဆိုလိုက်သည်။
"ချင်ချင်း... မင်းရဲ့အစ်ကို ဆေးဖော်စပ်တာကို မင်း မြင်ဖူးပါတယ်... ငါက ဆေးဖော်စပ်တဲ့နေရာမှာ အရမ်းတော်တယ်... မင်း စိတ်မပူပါနဲ့..."
"ဒါပေမဲ့... ဒါပေမဲ့... တကယ်လို့များ..."
ချင်းချင်းက စိတ်မသက်မသာလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ ဆိုတာ မရှိဘူး..."
ချင်းမင်သည် ပြတ်သားစွာဖြင့် စကားဖြတ်ပြောလိုက်သည်။
နောက်နေတာလား...
ဆေးနတ်ဘုရားတစ်ယောက်နှင့် လက်ထောက်ဆေးပညာရှင်တစ်ယောက်၏ ဆေးလုံးတိုက်ပွဲတွင် သူ ရှုံးနိမ့်ရန်အကြောင်းမရှိချေ။
"ချင်းမင်... မင်း သေချာရဲ့လား..."
ချင်းယွမ်က စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
ချင်းသခင်မကြီးသည်လည်း အလွန် စိတ်မသက်မသာ ဖြစ်နေလေ၏။
"မင်အာ... မဟုတ်ရင် ငါတို့ ပြိုင်ပွဲမှာ မပါဝင်တော့ဘူး... ငါတို့ရှုံးရင် ရှုံးပါစေ... စိတ်ဝိညာဉ်ကျောက်တုံးတွေ ဆိုတာ ပြင်ပအရာတွေပဲ... မိသားစု ငြိမ်းငြိမ်းချမ်းချမ်းနေရတာက အကောင်းဆုံးပဲ..."
ချင်းယွမ်က ပြောဆိုသည်။
"အဖေ... ဘာမှစိတ်မပူပါနဲ့... ကျွန်တော် ဘေးကင်းမှာပါ..."
ချင်းမင်က ပြုံးလိုက်ပြီးနောက် သူ၏မိခင်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"အမေ... စိတ်မပူပါနဲ့... အမေ့သားက တန်ဖိုးကြီးပါတယ်... အန္တရာယ် တစ်စုံတစ်ရာ ရှိခဲ့ရင် အဖေနဲ့ ဆရာ့ကို စင်ပေါ်တက်ပြီး ကျွန်တော့်ကို ကယ်ခိုင်းလို့ ရပါတယ်..."
"ဒါဆိုရင်တော့ ငါ စိတ်ချနိုင်ပါပြီ..."
သူမ၏သား ဤကဲ့သို့ ပြောဆိုသည်ကို ကြားသည့်အချိန်တွင် ချင်းသခင်မကြီး စိတ်သက်သာရာရသွားသည်။
ချင်းမင်၏ဆရာသည် ဆေးဆရာကြီးတစ်ယောက် ဖြစ်သည့်အပြင် သိုင်းဘုရင်တစ်ယောက်လည်း ဖြစ်ကြောင်း သူမ သိရှိထားသည်။ သူသည် ဒဏ်ရာရနေသော်လည်း သိုင်းဘုရင်တစ်ယောက်ထံတွင် ထိုအဆင့်စွမ်းအားမျိုး ရှိနေဆဲပင်။ သူ ဒဏ်ရာရနေလျှင်ပင် ချင်းမင်ကို ကာကွယ်ပေးရန်အတွက် ပြဿနာ တစ်စုံတစ်ရာ ရှိမည်မဟုတ်ချေ။
"မင်း ဒီလို ပြောမှပဲ ငါတို့ စိတ်သက်သာရာ ရတော့တယ်... မင်း စောစောအနားယူသင့်တယ်... မနက်ဖြန်ကျရင် မင်းရဲ့ဆရာဆီသွားပြီး ဆွေးနွေးလိုက်အုံး... ငါတို့က ဆေးမဖော်စပ်တတ်ဘူး... ဒါကြောင့် မင်းကို မကူညီနိုင်ဘူး... မင်း မှတ်ထားရမှာက နိုင်တာ ရှုံးတာ အရေးမကြီးဘူး... အရေးကြီးဆုံးက မင်း အသက်ရှင်နေဖို့ပဲ"
ချင်းယွမ်က တည်ကြည်လေးနက်စွာဖြင့် အမိန့်ပေးလိုက်သည်။
ချင်မင်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ကဲ့. အဖေ... ကျွန်တော်က သေချာပေါက် အသက်ဆက်ရှင်မှာပါ..."
ချင်းယွမ်သည် ထွက်ခွာမသွားလိုသော ချင်းသခင်မကြီးကို ဆွဲခေါ်ပြီး တံခါး၏အပြင်သို့ ထွက်သွားလေ၏။
ချင်းယွမ်နှင့် ချင်းသခင်မကြီးတို့ ထွက်သွားပြီးနောက် ချင်းချင်းသည် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ မျက်ရည်များကျလာကာ ငိုယိုလိုက်တော့သည်။
"အစ်ကို... ဆေးလုံးတိုက်ပွဲကို မသွားပါနဲ့... နော်... ဆေးလုံးတိုက်ပွဲတွေက အရမ်း အန္တရာယ်များတယ်လို့ ကျွန်မ ကြားဖူးတယ်... ဆေးဖော်စပ်တဲ့ ဆေးပညာရှင်တွေ အများကြီးက ဆေးလုံးတိုက်ပွဲကြောင့် သေဆုံးရတယ်... ဟင့်..."
ချင်းမင်သည် ချက်ချင်းဆိုသလိုပင် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားပြီး သူမကို မည်သို့ နှစ်သိမ့်ရမည်အား မသိတော့ချေ။
သူ၏ညီမ ဤမျှထိ ဝမ်းနည်းနေမှန်း သိခဲ့လျှင် သူသည် ဆေးလုံးတိုက်ပွဲ တိုက်ခိုက်ရန်အတွက် စကားတစ်ခွန်းမျှ ပြောမည်မဟုတ်ပေ။
သို့ရာတွင် ယခုအချိန်၌ ဤကိစ္စကို ဆုံးဖြတ်ပြီးဖြစ်သောကြောင့် ပြန်လည်၍ပြောင်းလဲရန် နည်းလမ်း မရှိတော့ချေ။ ထိုကြောင့် သူသည် သူ၏ညီမကို နှစ်သိမ့်ရန် နည်းလမ်းများကိုသာ စဉ်းစားလိုက်၏။
"ညီမလေး... အစ်ကို မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်..."
ချင်းမင်က သူ၏ညီမနားအနီးသို့ကပ်၍ တီးတိုးပြောဆိုလိုက်သည်။
"ဘာလျှို့ဝှက်ချက်လဲ..."
ချင်းချင်းသည် လျှို့ဝှက်ချက်ရှိသည်ဟု ကြားလိုက်သည်နှင့် သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး ချင်းမင်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လေသည်။
ချင်းမင်သည် သူ့ညီမ၏ခေါင်းကို ပွတ်သပ်ပြီး ပြောဆိုလိုက်၏။
"တကယ်တော့... အစ်ကို ကျင့်ကြံတဲ့ ကျင့်ကြံနည်းစနစ်က အဆိပ်မတိုးဘူး..."
"ဝိုး..."
ချင်းချင်းက ဝမ်းသာပျော်ရွှင်သွားကာ ခုန်ပေါက်လိုက်သည်။
"အဆိပ်မတိုးဘူးလား... အရမ်း အစွမ်းထက်တာပဲ...ဒါနဲ့.. အဆိပ်မတိုးဘူး ဆိုတာ ဘာကြီးလဲ..."
"အင်း... အဆိပ်မတိုးဘူး ဆိုတာက ဘယ်အဆိပ်ကမှ ငါ့ကို မထိခိုက်စေနိုင်ဘူးလို့ ဆိုလိုတာပဲ... အတိုချုပ် ပြောရရင် မနက်ဖြန်တိုက်ပွဲမှာ အစ်ကို နိုင်မှာ သေချာတယ်... အဲဒီ အရုပ်ဆိုးတဲ့ကောင်က ဘယ်လို အဆိပ်ဆေးလုံးမျိုးကို ဖော်စပ်ပါစေ... သူက ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး..."
ချင်းမင်က ရှင်းပြသည်။
"ဟုတ်..."
ချင်းချင်းသည် တွေဝေတုံ့ဆိုင်းစွာဖြင့် ခေါင်းညိတ်လိုက်ပြီး မျက်ရည်များကြားမှ ပြုံးလိုက်သည်
"ကျွန်မ သိသားပဲ... ကျွန်မရဲ့အစ်ကိုက အတော်ဆုံးပဲ... ဘာမဟုတ်တဲ့ ဆေးလုံးတိုက်ပွဲက အစ်ကို့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး... ဒါဆိုရင် ကျွန်မကို ကတိပေး... အစ်ကို ဆေးလုံးတိုက်ပွဲ ပြီးရင် ကျွန်မအတွက် သကြားလုံးတွေလုပ်ပေးရမယ်..."
"ကောင်းပြီ... ကောင်းပြီလေ..."
ချင်းမင်က အပြုံးနှင့် တုံ့ပြန်သည်။
သူသည် သူ၏ညီမကို သကြားလုံးလုပ်ပေးမည်ဟု ယခင်က တစ်ကြိမ်တစ်ခါမျှ ကတိမပေးခဲ့ချေ။ ထို့ပြင် သူ ဖော်စပ်ခဲ့သည်မှာ ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများဖြစ်သော်လည်း မည်သည့်အချိန်ကစ၍ သကြားလုံးများ ဖြစ်သွားခဲ့သနည်း။
သို့ရာတွင် သူ၏ညီမ ပျော်ရွှင်နေသမျှ မည်သည့်အရာကိုမဆို သူ လုပ်ဆောင်ရပေမည်။