← Chapters

ငါတို့ ရောက်ရှိခဲ့ပြီ

Vol. 29 Ch. 423

ငါတို့ ရောက်ရှိခဲ့ပြီ

Vol. 29 Ch. 423

အဘယ်ကြောင့် ဤသို့ ဖြစ်ပျက် သွားရပါသနည်း။

ယော့ခ်နယ်စားကြီး၏ အကြံပေး အရာရှိသည် ဤသို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ချေ။

သူသည် သူရဲကောင်း တစ်ရာကို ခေါ်ဆောင်လာပြီး ဂိမ်းမာများကို အရှက်ခွဲကာ သူတို့နှင့် တိုက်ခိုက် လာစေရန် လှုံ့ဆော်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့ လက်နက် ချလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

လူဆိုးလေးသည် စံနမူနာ တစ်ခု ဖြစ်နေခဲ့သည်ကို သူ မသိခဲ့ချေ။ အခြား ဂိမ်းမာများက သူတို့၏ လက်နက်အဆင့်များ ခုန်ပျံကျော်လွှား တိုးတက် လာစေရန် ကျွန်စစ်သည်တော်များ ဖြစ်ချင် နေကြခြင်း ဖြစ်သည်။

ပုံပျက်ပန်းပျက် ကိုယ်ခန္ဓာ ရှိသော လူဆိုးလေးသည်ပင် လက်နက်အဆင့် ၁၀သို့ ရောက်ရှိ နိုင်ခဲ့သည်။ အခြား ဂိမ်းမာများသာ ကျွန်စစ်သည်တော်များ ဖြစ်သွားပါက လက်နက်အဆင့် ၂၀သို့ပင် ရောက်ရှိ နိုင်လိမ့်မည်ဟု ဂိမ်းမာများက ထင်နေကြ၏။

သူတို့သည် အကြံပေး အရာရှိနှင့် သူရဲကောင်းများထံမှ အဝတ်အစားများနှင့် ပစ္စည်း ကိရိယာများကို ချွတ်ယူ လိုက်ကြသည်။ လုယူ ပစ္စည်းများကို စိစစ်ပြီးနောက် လေလံပွဲ တစ်ခု ကျင်းပ ခဲ့ကြသည်။ ဈေးနှုန်းများမှာ ကောင်းမွန်သော်လည်း အဖိုးတန်ဆုံး ပစ္စည်းများမှာ စစ်မြင်းများသာ ဖြစ်သည်။

ပစ္စည်း ကိရိယာများနှင့် နှိုင်းယှဉ်ပါက ဂိမ်းမာများသည် စစ်မြင်းများကို ပို၍ စိတ်ဝင်စား ကြ၏။

ထို့နောက် သူတို့သည် အကြံပေး အရာရှိနှင့် သူရဲကောင်းများကို ယော့ခ်နယ်စားကြီး၏ ရဲတိုက်သို့ ပြန်ခေါ် သွားပေးရန် တောင်းဆို ခဲ့ကြသည်။ သူတို့သည် ကျွန်စစ်သည်တော်များ ဖြစ်လို ကြသည်၊ အထူးသဖြင့် လူဆိုးလေးမှာ ပြန်ခေါ်သွားရန် တောင်းပန် နေခဲ့သည်။ သူ၌ အခြေခံ အုတ်မြစ်ကောင်းများနှင့် အတွေ့အကြုံများ ရှိပြီး သူ မှတ်ပုံတင်ထားသော ပြိုင်ပွဲကို မလွတ်သွားချင်ဟု သူက ဆိုသည်။ သို့မဟုတ်ပါက သူသည် တစ်ဘဝလုံး နောင်တ ရနေပေလိမ့်မည်။ သူက ယော့ခ်နယ်စားကြီးကို သစ္စာခံပြီး တစ်ညလုံး သူ၏ အဝတ်အစားများကို လျှော်ဖွပ်ပေးရန်ပင် ဆန္ဒ ရှိကြောင်း အခိုင်အမာ ပြောဆို ခဲ့သည်။

အကြံပေး အရာရှိက ထိုစကားကို ယုံကြည်ပါမည်လော။ သူတို့က လူဆိုးလေးကို ဖမ်းမိခဲ့သဖြင့် သူက ထိုသို့ တောင်းပန်ခဲ့လျှင်မူ သူတို့က ရယ်မော ပစ်လိုက်ပြီး လူဆိုးလေးသည် အသက်ရှင်နိုင်ရန် သွေးရူးသွေးတန်း တောင်းပန် နေသည်ဟုသာ ယူဆလိုက်ကြမည် ဖြစ်သည်။

သို့သော် ယခုမူ အကြံပေး အရာရှိသည် ဂိမ်းမာများ၏ ဝိုင်းရံခြင်းကို ခံနေရသည်။ သူ့တွင် အသက်ရှင်ချင်စိတ်သာ ရှိတော့၏။

သူက သူတို့၏ တောင်းဆိုချက်များကို လိုက်လျောပြီး လက်နက်ကိုင် ဂိမ်းမာ ထောင်ပေါင်း များစွာကို ယော့ခ်နယ်စားကြီး၏ ရဲတိုက်သို့ ပြန်ခေါ်သွား သင့်ပါသလော။ ပြီးလျှင် ယော့ခ်နယ်စားကြီးကို သူတို့ ဆန္ဒအလျောက် ကျွန်စစ်သည်တော်များ ဖြစ်လိုကြကြောင်း ပြောပြ ရမည်လော။ ရက်စက် ကြမ်းကြုတ်သော ရိုက်နှက်မှုများကို ခံခဲ့ရပြီး အကြိမ်ပေါင်း များစွာ သေလုမျောပါး ဖြစ်ခဲ့ပြီးမှ ထွက်ပြေး လွတ်မြောက်သွားသည့် လူဆိုးလေး အပါအဝင်ပေါ့။ ယခု သူက ပြန်လာရန် တောင်းပန်နေသည် တဲ့လား။ အဘယ်ကြောင့်ပါနည်း။ သူက ယော့ခ်နယ်စားကြီး အပေါ် ထိုမျှလောက် သစ္စာ ရှိနေလေသလော။

အကြံပေး အရာရှိသည် သူ စကား မဆုံးမီမှာပင် ယော့ခ်နယ်စားကြီး၏ ဓားဖြင့် အထိုးခံရပြီး သေဆုံး သွားရမည်ကို စိုးရိမ် နေခဲ့သည်။ ဂိမ်းမာများ အတွက်မူ သူတို့သည် ရဲတိုက်၏ အောက်ခြေတွင်ပင် ဖြူကောင်များ ဖြစ်ကုန်သည်အထိ မြားများဖြင့် အပစ်ခံ ရပေလိမ့်မည်။

သို့ရာတွင် သူသာ သူတို့၏ တောင်းဆိုချက်များကို မလိုက်လျောခဲ့ ပါကလည်း ဤရူးသွပ်နေသော ဂိမ်းမာများ၏ ရိုက်နှက်မှုဖြင့် သေဆုံး သွားနိုင်ပေသည်။

အကြံပေး အရာရှိ သက်ပြင်း ချလိုက်သည်။ သူ့အတွက်တော့ ဘဝသည် အလွန်ပင် ခက်ခဲလှပါဘိတောင်း။

လန်ဆလော့သည် အဖြစ်အပျက်ကို တွေ့ရှိသွားပြီး လီလိုထံသို့ သတင်း ပို့ခဲ့သည်။ ထို့နောက် ဟမ်းစတား သုံးကောင်သည် အခြေအနေကို ဖြေရှင်းပေးရန် ရောက်ရှိ လာခဲ့ကြ၏။

ဟမ်းစတား သုံးကောင်သည် မြို့စားကတော် လီလို၏ အမိန့်ကို ယူဆောင် လာခဲ့ကြသည်။

"မင်းတို့ အားလုံး သွားပြီး မင်းတို့ရဲ့ ကြောင်ပေါက်စ မြို့စားကို ပြောလိုက်ကြ၊ ငါတို့ ဗစ်တိုးရီးယားမြို့က ခြိမ်းခြောက်တာကို ခံမှာ မဟုတ်ဘူးလို့။ မြို့စားက ပြန်တောင်းပန် ချင်ရင်တောင် နောက်ကျသွားပြီ။"

"မင်းတို့က တကယ် တောင်းပန်ချင်တယ် ဆိုရင်တော့ မင်းတို့ လက်ဆောင်တွေရဲ့ ရက်ရောမှုကို ကြည့်ပြီးမှ လက်ခံမလား၊ မခံဘူးလား ဆုံးဖြတ်မယ်။"

"စားစရာ တွေရော ပါရဲ့ လား။"

ဟမ်းစတား သုံးကောင်သည် အခြေအနေများကို ပြောပြ ပြီးနောက် အကြံပေး အရာရှိနှင့် သူရဲကောင်းများကို ပြန်လွှတ်ပေး လိုက်သည်။

ပစ္စည်း ကိရိယာများနှင့် မြင်းများမှာမူ ကံကောင်းသော ဂိမ်းမာ အုပ်စုငယ်လေး ထံသို့ ခွဲဝေ ပေးလိုက်ကြပြီ ဖြစ်ရာ ပစ္စည်း ကိရိယာများနှင့် မြင်းများကို မည်သို့ ပြန်ပေး နိုင်တော့မည်နည်း။

အိပ်မက်ဆိုး ကဲ့သို့သော အတွေ့အကြုံသည် ပြီးဆုံးသွားခဲ့လေပြီ။ အကြံပေး အရာရှိသည် လူတိုင်း အတွင်းခံ ဘောင်းဘီတိုများသာ ဝတ်ဆင်ရက် ကျန်တော့သည်ကို မြင်ပြီး စိတ်ဓာတ်ကျ နေခဲ့သော်လည်း သူတို့ တာဝန် ကျေပွန်နိုင်ခဲ့ကြသည်ဟု သူ ယုံကြည် နေခဲ့၏။ မည်သို့ ပင်ဖြစ်စေ သူတို့ ပြန်ရန် အတွက် မြင်းများ ရှာဖွေ ရပေဦးမည်...

...

မီးဘီလူးကြီးသည် သူ၏ လက်ကို မြှောက်လိုက်ပြီး သူ၏ မီးတောက် နေသော လက်သီးဖြင့် လူအုပ် ထူထပ်ရာသို့ ထိုးချ လိုက်သည်။

"မီးတောက် လက်သီး လာနေပြီ။ ရှောင်ကြ။"

"ဟာဗျာ။ ဘော့စ်ရဲ့ တိုက်ကွက်တွေကို ထူးထူးဆန်းဆန်း နာမည်တွေ လျှောက်မပေးကြစမ်းပါနဲ့။"

"လမ်းမပိတ်ကြနဲ့။"

ရုတ်ရုတ်သဲသဲ အခြေအနေတွင် လက်သီးက ထိုးချလိုက်ပြီး ဂိမ်းမာ ဒါဇင်ပေါင်း များစွာ၏ အသက်ကို နုတ်ယူ သွားခဲ့၏။

ဂိမ်းမာများ၏ အခြား တိုက်ခိုက်မှုများက ဆက်လက် ဖြစ်ပေါ် နေခဲ့သည်။

ဖိုးဉာဏ်ကျယ်၏ မာနာ ပုံစံကွက်ကြောင့် အားနည်းသွားပြီး နောက်တွင် မီးဘီလူးကြီးပေါ်မှ မီးတောက်များသည် အရင်ကလောက် မပြင်းထန် တော့ချေ။ အနည်းဆုံးတော့ ဂိမ်းမာများသည် မီးလောင်၍ မသေတော့ဘဲ သူ၏ အနားကပ်ကာ တိုက်ခိုက် နိုင်ခဲ့ကြ၏။

ဘောင်းဘီမဝတ်သူသည် သူ၏ ဒိုင်းကို ကိုင်ကာ မီးဘီလူးကြီး၏ ကြီးမားသော လက်သီးကို ရှောင်တိမ်း လိုက်သည်။ လက်သီးသာ မီတာ အနည်းငယ်မျှ ပို၍ နီးကပ်စွာ ကျရောက်ခဲ့ပါက ဘောင်းဘီမဝတ်သူ ဖုန်ရှုနေရလောက်ပြီ ဖြစ်သည်။

အပူချိန် မြင့်မားမှုကြောင့် သူ၏ အရေပြားသည် ဒိုင်းထဲသို့ အရည်ပျော် ဝင်သွားခဲ့သော်ငြား ဒဏ်ရာကြောင့် သူ သိပ်ထိခိုက်ပုံ မရချေ။ မိုးလက်ဖက်ရည်က သူမ၏ သစ်ကိုင်း မှော်နှင်တံကို မြှောက်လိုက်ပြီး သူမ၏ အဖြူရောင် ကုစားခြင်း မာနာ စွမ်းရည်များကို အသုံးပြုကာ ဂိမ်းမာများကို တတ်နိုင်သလောက် ကုသပေး နေခဲ့၏။

"အာသာ ရောက်နေပြီလား။" ဘောင်းဘီမဝတ်သူ သူ၏ တိုက်ခိုက်မှု လမ်းကြောင်း ပြောင်းရန် စဉ်းစားနေစဉ် ရင်မွှေးမီးလောင်က မေးလိုက်သည်။

"သူက ဘာလို့ လာမှာလဲ။ သူက ချယ်ရီရဲ့ ဇာတ်လမ်းကို တိုးတက်အောင် လုပ်နိုင်တဲ့ တစ်ဦး တည်းသော သူလေ။ သူက မြေပုံကို ရထားပြီးတော့ ဘော့စ်ရဲ့ နောက်က ဥမင်လိုဏ်ခေါင်းကို မြေပုံမှာ အမှတ်အသား လုပ်ထားတာ၊ ဆိုလိုတာက ဆောင်းတောင်ကုန်းမြို့ရဲ့ ကုန်ပစ္စည်းတွေက အဲ့ဒီ မှာ သိုလှောင်ထားဖို့ အလားအလာ အများဆုံးပဲ။"

"ဒါပေမဲ့ အမှန်တရားက မပေါ်သေးတော့ သူက ချယ်ရီကို သူ့ စုံစမ်း စစ်ဆေးမှုမှာ ကူညီပေး ရဦးမှာပေါ့။" ဘောင်းဘီမဝတ်သူက မီးဘီလူးကြီး၏ နောက်ထပ် တိုက်ကွက်ကို သတိထား ကြည့်ရင်း ပြေးရင်းလွှားရင်း ပြန်ဖြေ လိုက်သည်။

ဂိမ်းမာများသည် အဝေးမှ ဖြစ်စေ၊ အနီးကပ် ဖြစ်စေ မီးဘီလူးကြီးကို ထိခိုက် ပျက်စီးအောင် တိုက်ခိုက် နေကြ၏။ မြင့်မြတ်သော အလင်းတန်းသည် မီးဘီလူးကြီးအပေါ် အလွန် ထိရောက်မှု ရှိခဲ့သည်။

မြင့်မြတ်သော သူရဲကောင်း တစ်ဦးက ကျောက်နံရံပေါ် တက်ပြီး "စာသင်နှစ်သစ်မှာ ပျော်ရွှင်ပါစေ။" ဟု အော်ပြော လိုက်သည်။ မြင့်မြတ်သော အလင်းတန်းအတွင်း လွှမ်းခြုံ ခံထားရသော မြင့်မြတ်သော သူရဲကောင်းသည် သူ၏ တူကြီးဖြင့် မီးဘီလူးကြီး၏ ဦးခေါင်းကို ထုရိုက်လိုက်ရာ မီးပွားများပင် ထွက်ပေါ်လာခဲ့၏။ ဂိမ်းမာများက အံ့ဩတကြီး အာမေဋိတ် ပြုလိုက်ကြသည်။

မြင့်မြတ်သော အလင်းတန်း၏ အကာအကွယ် ဆုံးရှုံး သွားပြီးနောက် သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာသော မီးပွားများကြောင့် မြင့်မြတ်သော သူရဲကောင်းသည် သေလု နီးပါး ဖြစ်သွားခဲ့၏။

ဂနိုမ်း မြင့်မြတ်သော သူရဲကောင်းသည် မီးဘီလူးကြီး ယိုင်နဲ့နဲ့ ဖြစ်ကာ နာကျင်စွာ အော်ဟစ်သည်အထိ တူဖြင့် ထုနိုင်ခဲ့၏။ ဂိမ်းမာများသည် ထိုကဲ့သို့သော အစွမ်းကို မနာလို ဖြစ်နေကြပြီး ဂိမ်းက မြှင့်တင်ပေးနေသော အကောင်းမြင် စိတ်ဓာတ်ကို ခံစား မိလိုက်ကြသည် — ကြိုးစားသင်ယူလျှင် အရာအားလုံး ရရှိနိုင်သည် ဟူသော အချက်ကိုပင်။

မြင့်မြတ်သော အလင်းတန်း၏ စွမ်းအားသည် ဒြပ်စင် မွန်းစတားများအပေါ် အလွန် ထိရောက်မှု ရှိခဲ့သည်။

မြင့်မြတ်သော သူရဲကောင်း အရေအတွက်မှာ နည်းလှ၏။ ဂိမ်းမာများ ထဲတွင် တော်တော်များများသည် စာသင်ကြားခြင်းကို မနှစ်သက်ကြဘဲ မြင့်မြတ်သော သူရဲကောင်း ဖြစ်ရန် အတွက် မသင့်တော်ကြချေ။ သင်ကြားပေးပြီးသည့် နောက်မှာပင် သူတို့သည် ထိုအသိပညာကို သစ်ခုတ်ရန် အတွက်မျှသာ အသုံးပြု နိုင်ခဲ့ကြသည်။ သူတို့သည် မြင့်မြတ်သော သူရဲကောင်း စာမေးပွဲကို မအောင်မြင် နိုင်ခဲ့ကြချေ။

ဘော့စ်ပေါ် ခုန်ချရန် နံရံများ တက်နေသည့် ဂိမ်းမာများ အပြင် သူ့ကို ဆီးအိတ်ဗုံးများဖြင့် တိုက်ခိုက်သည့် ဂိမ်းမာများလည်း ရှိခဲ့၏။ ဗုံးများသည် အပူချိန် မြင့်မားမှုကြောင့် အလိုအလျောက် ပေါက်ကွဲလိမ့်မည် ဖြစ်ရာ အလွန် အဆင်ပြေ ခဲ့သည်။

ပေါက်ကွဲမှုက ဘော့စ်၏ စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးသလော သို့တည်းမဟုတ် လျော့ကျစေသလော ဆိုသည်မှာမူ မရှင်းလင်းခဲ့ချေ။

မိနစ် ဆယ်ဂဏန်းမျှ တိုက်ခိုက်ပြီးသည့် နောက်တွင်လည်း ဂိမ်းမာများသည် ဘော့စ်ကို အနိုင်မယူနိုင် ခဲ့ကြချေ။ ထိုအခြေအနေသည်... ဖိုးဉာဏ်ကျယ်က ဂိမ်းမာများကို မှော်အမြောက် တစ်လက် ဂူအတွင်းသို့ တွန်းသွင်းရန် စီစဉ်ပေးသည့် အချိန် မတိုင်မှီ အထိပင် ဖြစ်ခဲ့သည်။

မှော်အမြောက်ကို အားဖြည့်ပြီး မီးဘီလူးကြီးထံသို့ ချိန်ရွယ် လိုက်၏။

"ပစ်။"

မည်သူက အမိန့်ပေး လိုက်သည်ကို မသိရသော်ငြား မှော်အမြောက်သည် မီးဘီလူးကြီးထံသို့ ပစ်ခတ် လိုက်သည်။ မာနာစွမ်းရည် သွင်းထားသော အမြောက်ဆံသည် မီးဘီလူးကြီး၏ ကိုယ်ထဲသို့ ထိုးစိုက် ဝင်သွားခဲ့၏။ အမြောက်ဆံ ပေါက်ကွဲမှုသည် မီးဘီလူးကြီးပေါ်မှ မီးတောက်များကို ငြိမ်းသတ်လိုက်ပြီး ဂူ တစ်ခု လုံးကို တုန်ခါ သွားစေခဲ့သည်။ ဂိမ်းမာများသည် ဂူပြိုကျမည်ကိုပင် စိုးရိမ်သွားကြ၏။

တုန်ခါမှုသည် ခဏအကြာတွင် ရပ်တန့် သွားခဲ့၏။ သူ၏ မီးတောက်များ ဆုံးရှုံးသွားပြီး နောက်တွင်မူ မီးဘီလူးကြီး၌ ဖြည်းဖြည်းချင်း ပြိုကွဲသွားသော အနက်ရောင် ကျောက်တုံးကိုယ်ထည် တစ်ခုသာ ချန်ရစ်ခဲ့ပြီး ကြီးမားသော ဖုန်မှုန့်မုန်တိုင်း တစ်ခုကို ဖြစ်ပေါ် စေခဲ့သည်။

"ပြီးသွားပြီလား၊ မြောင်။" ပိုလီယိုက ဖိုးဉာဏ်ကျယ်၏ ဘေးသို့ ခပ်ကျော့ကျော့ လျှောက်လာရင်း မေးလိုက်သည်။ ဖုန်မှုန့်များသည် ဂူအတွင်း ပျံ့နှံ့နေပြီး ဂိမ်းမာများကို ဝါးမြို နေခဲ့၏။

"ပြီးသွားပုံပဲ။"

ဖိုးဉာဏ်ကျယ်က လမ်းပိတ်နေသော မီးဘီလူးကြီးကို ရှင်းလင်းရင်း ခေါင်းညိတ် လိုက်သည်။ သူသည် ရှားလော့ခ်က ပေးအပ်ခဲ့သော တာဝန်ကို ပြီးမြောက် အောင်မြင် ခဲ့လေပြီ။

ကြက်ဥခေါင်းက သူ၏ တောင်ပံများကို ခတ်လိုက်ပြီး သူ၏ ဝဖီးနေသော ကိုယ်လုံးကို ကျောက်ပုံ ပေါ်သို့ ဆွဲတင် လိုက်၏။ သူသည် ပျံသန်းရန် သူ၏ တောင်ပံများကို ဖြန့်ချင် ခဲ့သော်ငြား အချိန် အကြာကြီး ကြိုးစားခဲ့သော်လည်း မအောင်မြင် ခဲ့ချေ။

ကြက်ဥခေါင်းက ဖုန်အလိမ်းလိမ်း ဖြစ်နေသော ဂိမ်းမာများကို ကြည့်ပြီး အော်ပြော လိုက်သည်။ "မင်းတို့ ကောင်းကောင်း လုပ်နိုင် ခဲ့ကြတယ်။ စစ်သည်တော်တို့။ မင်းတို့က ငါ့ရဲ့ စစ်မှန်တဲ့ အစေခံတွေပဲ။ ငါက အမှောင်မီးလျှံတွေရဲ့ သခင်၊ ညရဲ့ ဒီမွန်းနဂါးပေါ့။ မင်းတို့က ကြောက်မက်ဖွယ် မီးလျှံသခင်ကို အနိုင်ယူ ခဲ့ကြပြီ။ နက်ရှိုင်းတဲ့ ဂူထဲကို ဝင်ဖို့ အချိန်တန်ပြီ။ ရတနာ အားလုံးကို ငါ့ဆီ ပြန်ပေးကြ။"

ဂိမ်းမာများသည် အရမ်းကို ပျော်ရွှင်စွာ အော်ဟစ် ကြိုဆိုကြ၏။ ထို့နောက် သူတို့သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကျောက်တုံးများနှင့် သတ္တုများကို ကောက်ယူ စုဆောင်းကြသည်။ ၎င်းတို့သည် မီးဘီလူးကြီး၏ အစိတ်အပိုင်းများပင်။ ဂိမ်းမာများသည် ၎င်းတို့က ဘာတွေ လဲဆိုသည်ကို မသိခဲ့ကြသော်ငြား အစွမ်းထက်သော ဘော့စ်ကို မှော်အမြောက်ဖြင့်သာ သတ်နိုင်ခဲ့သည် ဖြစ်ရာ တစ်ခုခုတော့ အသုံးဝင် ရမည်ဟု တွေးထင် နေကြသည်။

ချော်ရည် ကင်းထောက်များနှင့် စစ်သည်တော်များ ထံတွင် ပစ္စည်း ကိရိယာများကို တိုးတက် စေနိုင်သော ချော်ရည် ကျောက်တုံးများနှင့် ကျောက်သလင်းများ ရှိခဲ့၏။ ဘော့စ်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများသည်လည်း အလွန် အသုံးဝင် ရမည်သာ၊ အကြောင်းမှာ ထိုသတ္တုသည် မီးဒဏ်ကို ခံနိုင်ရည် ရှိပြီး အထက်တန်းစား ပစ္စည်းများ အဖြစ် ပြုလုပ်နိုင်ဖွယ် ရှိသောကြောင့်ပင်။

ဆယ်မိနစ်အတွင်းမှာပင် ဂိမ်းမာများသည် ကျောက်တုံးများနှင့် သတ္တုအပိုင်းအစ အားလုံးကို စုဆောင်း ပြီးသွားခဲ့ကြ၏။

လုယူစရာ ဘာမျှ မကျန်တော့ကြောင်း သေချာသွားပြီးသည့် နောက်တွင် ဂိမ်းမာများသည် ဂူ၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာကို ဆက်လက် စူးစမ်း ရှာဖွေကြ၏။ မြေပုံအရမူ ဂူ၏ အတွင်းပိုင်းသည် အဖြေ အားလုံးကို ပေးအပ် ပေလိမ့်မည်။

...

"ချော်ရည်ဂူကို သွားကြစို့။ မြေပုံမှာ အမှတ်အသား လုပ်ထားတဲ့ နေရာမှာ ဘာရှိလဲ သွားကြည့် ကြရအောင်။ အာသာ၊ ဒါက ခက်ခဲတဲ့ စွန့်စားခန်း တစ်ခု ဖြစ်လာမှာပဲ။" ချယ်ရီက သူ၏ ချပ်ဝတ်ကို ဝတ်ဆင်ကာ သူ၏ ဓားရှည်ကို ကိုင်ရင်း အာသာအား ပြောလိုက်သည်။

"အာ။ ကျွန်တော်တို့ အဲ့ဒီ နေရာကို တွေ့ပြီး သွားပြီ။"

အာသာက ခဏမျှ ဆွံ့အ သွားပြီးမှ ပြန်ဖြေ လိုက်၏။

All Chapters