ချယ်ရီ၏ အရည်
Vol. 29 Ch. 424
ချော်ရည်ဂူများ အတွင်းရှိ ချော်ရည် ကင်းထောက်များနှင့် စစ်သည်တော်များသည် ပြန်လည် ရှင်သန် နိုင်ကြ၏။ ဘော့စ်ဖြစ်သော မီးဘီလူးကြီးကမူ ပြန်လည် ရှင်သန်နိုင်ခြင်း ရှိ၊ မရှိ မသေချာခဲ့ကြချေ၊ အကြောင်းမှာ တရားဝင် ဝက်ဘ်ဆိုက်တွင် ထိုအချက်အလက်ကို ဖော်ပြ ထားခြင်း မရှိသောကြောင့် ဖြစ်သည်။ ဂိမ်းမာများ အတွက်မူ ဤသည်မှာ အသားကျနေသည့် အရာ တစ်ခု ပင်။ သူတို့သည် သူတို့၏ မြေပုံများကိုပင် သူတို့ ဘာသာ ဆွဲခဲ့ကြရသည် ဖြစ်ရာ ဤသည်ထက် အဘယ်အရာကများ ထူးခြား နေဦးမည်နည်း။
ဂိမ်းမာများသည် နှောင့်နှေးနေလိုခြင်း မရှိခဲ့ကြချေ။ သဲလွန်စအရ ချယ်ရီကို ချော်ရည်ဂူသို့ ခေါ်ဆောင်သွား ရမည်ဟု ညွှန်ပြ နေခဲ့သည်။ မြေပုံပေါ်ရှိ နေရာကို သတ်မှတ်ပြီးနောက် သူတို့သည် ချယ်ရီကို ထိုနေရာသို့ ခေါ်ဆောင် သွားခဲ့ကြ၏။
ချယ်ရီသည် မြေပုံပေါ်တွင် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိ လာခဲ့သည်။
သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့၏။
ကြီးမားလှသော ဖီးနစ်ငှက် ရုပ်တုကြီး တစ်ခု ရှိနေခဲ့ပြီး ၎င်း၏ ခြေရင်းတွင် ကျောက်ပြား တစ်ချပ် ရှိနေကာ "၇၂ ပါးသော နတ်ဆိုးများထဲမှ တစ်ပါး ဖြစ်သည့် ဖီးနစ်ကို ဤနေရာတွင် ချိတ်ပိတ်ထားသည်" ဟု ရေးထွင်း ထားသည်။
ချယ်ရီ၏ မျက်ဆံများ ကျုံ့သွားခဲ့သည် — ဤသည်မှာ သတင်းကြီးပင်။
ထိုသည်မှာ ၇၂ ပါးသော နတ်ဆိုးများထဲမှ တစ်ပါးဖြစ်သော ဖီးနစ်ပင်တည်း။ မကြာသေးမီက ဘန်ကာဇီယာမှ လွတ်မြောက်သွားသော နတ်ဆိုး တစ်ပါး ဖြစ်သည့် ပိုလီယိုကိုပင် ဖမ်းဆီး ရမိခြင်း မရှိသေးဟု သတင်းများ ထွက်ပေါ် နေခဲ့သည်။ ယခုမူ ဖီးနစ်တဲ့ လား။
ချယ်ရီ အပြင်သို့ အမြန် ပြေးထွက်သွားခဲ့ပြီး ဂိမ်းမာများက သူ၏ နောက်မှ လိုက်ပါ သွားကြသည်။ အာသာက မေးလိုက်သည်။ "ဗိုလ်ကြီး၊ ဘာဖြစ် နေတာလဲဗျ။"
"ငါ ကုန်သည်မဟာမိတ် အဖွဲ့နဲ့ နတ်ဆိုး စီမံခန့်ခွဲရေး ကော်မတီကို အကြောင်းကြား တော့မယ်။ အဲ့ဒါ ၇၂ ပါးသော နတ်ဆိုးတွေထဲက တစ်ပါး၊ ဖီးနစ်ကွ။" ချယ်ရီက ပြေးရင်း အော်ပြော လိုက်သည်။
...
ချိတ်ပိတ် ခံထားရသော ဖီးနစ်အကြောင်း သတင်းသည် ဖိုရမ်တွင် ပျံ့နှံ့ သွားခဲ့၏။ ထာဝရတိုင်းပြည်မှ ဂိမ်းမာ အားလုံးသည် ထိုရုပ်တုကြီးထံသို့ သွားရောက်၍ ထိတွေ့ ကြည့်ရှု ကြသည်။ သူတို့သည် အမ်ပီစီများကို မှော်တံဆိပ်ကို ဖယ်ရှားနည်း သိ၊ မသိ မေးမြန်းကြ၏။ ဖီးနစ်သည် ၇၂ ပါးသော နတ်ဆိုးများထဲမှ တစ်ပါး ဖြစ်ပြီး သူ၏ ဘွဲ့အမည်မှာ ခန့်ညားလှသည်။
"ဟမ်။ ၇၂ ပါးသော နတ်ဆိုးတွေလား။" မိုရိုးစ်က သူ၏ အနားယူချိန်အတွင်း ထိုမေးခွန်းကို စဉ်းစား နေပြီးနောက် ဆို၏။ "မြေပေါ်ကမ္ဘာကို သိမ်းပိုက်နိုင်လု နီးပါး ဖြစ်ခဲ့တဲ့ မဟာနတ်ဆိုး မိုက်ကယ်အိန်ဂျယ်လို အကြောင်း ဒဏ္ဍာရီ တစ်ခု ရှိတယ်။ သူက သူ့ရဲ့ အရည်အချင်း ရှိတဲ့ နတ်ဆိုး ၇၂ ပါးနဲ့ မြေအောက်လောက,ကို ထိန်းချုပ် ခဲ့တယ်လို့ ဆိုတယ်။ နတ်ဆိုးတွေထဲက တစ်ပါး ဖြစ်တဲ့ ပိုလီယိုက ထူးဆန်းတဲ့ နေရာ တစ်ခု ဖြစ်တဲ့ ဘန်ကာဇီယာကနေ လွတ်မြောက် သွားတယ်လို့လည်း ကြားမိတယ်။ သတ္တဝါ တစ်ကောင်က ၇၂ ပါးသော နတ်ဆိုးတွေနဲ့ ပတ်သက်တဲ့ ဘွဲ့အမည် ရှိနေတာကိုတော့ ငါ အံ့ဩ မနေတော့ပါဘူး။"
အချို့ဂိမ်းမာများက ရှားလော့ခ်က အာသာနှင့် ဘောင်းဘီမဝတ်သူတို့အား မိုက်ကယ်အိန်ဂျယ်လို အကြောင်း ပြောပြ ဖူးခဲ့သည်ကို ကိုးကားကြ၏။ ရှားလော့ခ်သည် ၇၂ ပါးသော နတ်ဆိုးများ အကြောင်းကိုမူ ဖော်ပြ ပြောဆိုခဲ့ခြင်း မရှိချေ။
ဖီးနစ်နှင့် လွတ်မြောက်သွားသော အကျဉ်းသား ပိုလီယိုတို့၏ အမည်ကို အင်တာဗျူး ခံရသော အမ်ပီစီများက ဖော်ပြ ပြောဆို ခဲ့ကြသည်။
"မင်းတို့ ဖီးနစ်ကို တွေ့ခဲ့တာလား၊ မြောင်။ အာ၊ သူက စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတဲ့ ကောင်ပဲ၊ မြောင်။ သူ သေသင့်တာ ကြာပြီ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာက ကောင်းကင်ဘုံစစ်ပွဲ အတွင်းမှာ ငါ့လို အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လက်ရွေးစင် နတ်ဆိုးတွေက လွဲရင် ဖီးနစ်လို နတ်ဆိုးတွေဆို သေကုန်လောက်ပြီ၊ မြောင်။"
ဂိမ်းမာများ၏ မျက်လုံးများသည် ပိုလီယို၏ အဖြေကို ကြား ရသောအခါ အရောင်တောက် လာခဲ့ကြသည်။ သူတို့က နောက်ထပ် ဇာတ်လမ်း အဖြစ်အပျက်များကို မေးမြန်း သောအခါ ပိုလီယိုက ပြန်ဖြေ၏။ "ငါ ထပ်ပြီး မပြောပြ နိုင်တော့ဘူး။ ငါ ဘာမှ မသိဘူး၊ မြောင်။"
ပိုလီယိုသည် အကြောင်းပြချက် ခပ်ညံ့ညံ့များ ပေးပြီး ဂိမ်းမာများကို မောင်းထုတ် လိုက်သည်။
အရှင်ရှားလော့ခ် အတွက်မူ ဂိမ်းမာများသည် သူနှင့် စကားပြောဆိုနိုင်ခြင်း မရှိ ခဲ့ကြချေ။
ထာဝရတိုင်းပြည်အပြင် ဆောင်းတောင်ကုန်းမြို့သည်လည်း မေးခွန်း ထုတ်နေသော ဂိမ်းမာများကြောင့် ဒုက္ခ ရောက်နေခဲ့၏။ မီးတောင်နက်၏ ချော်ရည်ဂူအတွင်း ဖီးနစ် ချိတ်ပိတ် ခံထားရသည့် သတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး ဆောင်းတောင်ကုန်းမြို့သား အားလုံးသည် ထိုအကြောင်းကို ဆွေးနွေး နေကြတော့သည်။
ချယ်ရီသည် ချိတ်ပိတ် ခံထားရသော ဖီးနစ် အကြောင်းကို စုံစမ်း စစ်ဆေးရင်း အလုပ်များ နေခဲ့၏။ သူ၏ အဓိက ပစ်မှတ်မှာ အဝေးရှိ မြို့ငယ်လေး ဖြစ်သည်၊ အကြောင်းမှာ ၎င်းသည် တောင်ခြေရင်းရှိ တစ်ခု တည်းသော လူနေထိုင်ရာ နေရာ ဖြစ်သောကြောင့်ပင်။ မြို့သူမြို့သားများသည် ချိတ်ပိတ် ခံထားရသော ဖီးနစ်အကြောင်းကို သိရှိ ကြပေလိမ့်မည်။ တပ်စောင့်စခန်းမှ လျှို့ဝှက် ဖိုင်များထဲတွင် သူသည် ဖီးနစ်နှင့် ပတ်သက်သော အချက်အလက်များကို တွေ့ရှိ ခဲ့၏။
၎င်းတို့သည် ဖီးနစ်ကို ချိတ်ပိတ်သည့် လုပ်ငန်းစဉ်ကို သရုပ်ဖော်ထားသော ပန်းချီကားများ၏ မှိန်ဖျော့နေသော ပုံရိပ်များ ပါသည့် ရှေးဟောင်း စာလိပ်များ ဖြစ်ကြသည်။
ဖီးနစ်ငှက် ပုံစံဖြင့် ရှိနေသော ဖီးနစ်ကို အိုဂါအုပ်စု တစ်စုက ဝန်းရံ ထားခဲ့သည်။ အိုဂါခေါင်းဆောင်သည် သူ၏ အရပ်ထက် နှစ်ဆ မြင့်မား၏။ ဖီးနစ်က အိုဂါများနှင့် တိုက်ခိုက်နေစဉ်တွင် အော့ခ် အချို့နှင့် ဂနိုမ်း အချို့လည်း ရှိနေ ခဲ့ကြသည်။ ဖီးနစ်သည် မီးလျှံများ ကျောက်တုံးများဖြင့် မုန်တိုင်း တစ်ခုကို ဖန်တီးလိုက်ပြီး အိုဂါများနှင့် သူ၏ အကူအညီ ပေးသူများကို သတ်ဖြတ် ပစ်ခဲ့သည်။
ဖီးနစ်သည် သူ၏ နှစ်ပေါင်း များစွာသော သက်တမ်းကို အလဲအလှယ်လုပ် အသုံးပြု၍ သူ၏ သေဆုံးသွားသော အကူအညီ ပေးသူများကို ပြန်လည် အသက်သွင်း ပေးခဲ့သည်။ သို့သော် အိုဂါများက လက်မလျှော့ ခဲ့ကြချေ။ သူတို့၏ အစွမ်းအထက်ဆုံး မှော်ဆရာက လှည့်စားကာ ဖီးနစ်ကို မီးတောင်နက် အတွင်း ပိတ်လှောင် ချိတ်ပိတ် ပစ်ခဲ့သည်။
နောက်ဆုံး စာလိပ်တွင်မူ "ချယ်ရီ၏ အရည်သာလျှင် ဖီးနစ်ကို နိုးထစေနိုင်သည်" ဟူသော စာသားများ ပါရှိ နေခဲ့သည်။
ချယ်ရီ တုန်လှုပ် သွားခဲ့သည်။ သူသည် လူ့အဖွဲ့အစည်း အတွက် သိသာ ထင်ရှားသော အကျိုးပြုမှုများ ပြုလုပ်ခဲ့ကြောင်း သူ သိသော်လည်း သူ ဤမျှ အရေးပါနေလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။
စာလိပ်များအရ ဖီးနစ်သည် ဖော်ရွေသော သတ္တဝါ တစ်ဦး ဖြစ်သည်။ သူသည် ဒေသခံများကို ဆိုးယုတ်သော အိုဂါများအား အနိုင်ယူရာတွင် ကူညီပေးခဲ့ပြီး သူ မတော်တဆ သတ်ဖြတ် မိခဲ့သော သတ္တဝါများကိုလည်း ပြန်လည် အသက်သွင်း ပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် မီးတောင်နက် အတွင်း အိုဂါများ၏ ချိတ်ပိတ်ခြင်းကို ခံခဲ့ရသည်... အလွန် သနားစရာ ကောင်းသော သတ္တဝါ ပါတကား။
ချယ်ရီ ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် ဘေးရှိ အဝတ်အစားများကို ဆွဲယူလိုက်ပြီး အပြင်သို့ လျှောက်ထွက် သွားခဲ့သည်။ ဝင်ပေါက်ဝမှ သူ၏ လုပ်ဖော်ကိုင်ဖက်များက နားမလည်နိုင်စွာ မေးလိုက်ကြသည်။ "ချယ်ရီ။ မင်း ဘယ်သွားမလို့လဲ။ မင်း စုံစမ်း နေတုန်းပဲလား။ အလုပ်ချိန်တောင် နီးနေပြီ။"
"အာ၊ ငါ ဖီးနစ်ပေါ်က တံဆိပ်ကို ဖယ်ရှားမလို့။ ငါ သူရဲကောင်း တစ်ယောက် ဖြစ်တော့မှာ ။"
ချယ်ရီက ခေါင်းလှည့်ကာ လက်မထောင် ပြလိုက်သည်။
ချယ်ရီသည် သူ၏ ပခုံးပေါ်တွင် ဤမျှ လေးလံသော တာဝန် တစ်ခုကို တစ်ခါမျှ မခံစား ဖူးခဲ့ချေ။ သူ တစ်ဦးတည်း ကသာလျှင် ဖီးနစ်ကို ကယ်တင် နိုင်ပေလိမ့်မည်။
...
ချယ်ရီသည် မီးတောင်နက်၏ ဝင်ပေါက်တွင် ရှိနေခဲ့ပြီး ထာဝရတိုင်းပြည်မှ ဂိမ်းမာများ၏ ကင်းလှည့်မှုများကို စောင့်ကြည့် နေခဲ့သည်။ သူတို့၏ ကင်းလှည့်မှုများတွင် မည်သည့် ဟာကွက်ကိုမျှ သူ မတွေ့ရှိ ခဲ့ချေ။
သူတို့၏ ကင်းလှည့်မှုများသည် သက်ပြင်းချလွင်ပြင်မှ တစ်နေ့လျှင် ၂၄ နာရီ ကင်းလှည့်မှုများနှင့် ဆင်တူလှ၏။
ချယ်ရီ ကျေနပ် အားရမိသည်။ ထာဝရတိုင်းပြည်မှ စစ်သည်တော်များသည် အလွန် တာဝန်သိတတ် ကြပေသည်။
သူ လျှောက်ထွက် သွားခဲ့ရာ ဂိမ်းမာများက သူ့ကို တွေ့ရှိ သွားကြသည်။ သူတို့သည် ချယ်ရီကို ဝိုင်းရံလိုက်ပြီး ဇာတ်လမ်း၏ နောက်ထပ် အဖြစ်အပျက်အသစ်များကို သူ့အား မေးမြန်းကြသည်။
ချယ်ရီက ပြန်ဖြေ လိုက်သည်။ "ငါ ဖီးနစ်ရဲ့ တံဆိပ်ကို ဖယ်ရှားဖို့ လာခဲ့တာ။"
အလိုလေး၊ ဒီလောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းလို့လား။ သူတို့ မနက်ကမှ ဖီးနစ်ရဲ့ ရုပ်တုကို တွေ့ရှိ ခဲ့ကြပြီး ညကျတော့ သူက တံဆိပ်ကို ဖယ်ရှား တော့မယ် တဲ့လား။ သူတို့ မှော်အမြောက် ဒါမှမဟုတ် ပစ်စင်ကြီးကို ယူလာရ ပေတော့မည်။ ဆီးအိတ်ဗုံးများက ဤမျှ ကြီးမားသော ဖီးနစ်ငှက် အတွက် မလုံလောက် နိုင်ချေ။
ဂိမ်းမာများသည် အော်ဟစ် ကြပြီး လက်နက်များကို ပြင်ဆင် ကြ၏။
ချယ်ရီသည် ဂိမ်းမာများ သူ၏ လုံခြုံရေး အတွက် စိုးရိမ်ပူပန် ပေးကြသည့် အတွက် စိတ်လှုပ်ရှား သွားခဲ့သည်။ သူတို့သည် ဖီးနစ်က ချယ်ရီကို အန္တရာယ် ပြုမည်ကို စိုးရိမ်သောကြောင့် သူ့ကို ကာကွယ်ရန် လက်နက်များကို ယူနေကြခြင်း ဖြစ်ပေသည်။ သူ့ ပတ်ဝန်းကျင်တွင် ဤမျှ များပြားသော သတ္တဝါများသာ မရှိနေခဲ့ပါက သူ ရှိုက်ကြီးတငင် ငိုကြွေးမိပေလိမ့်မည်။
ဂိမ်းမာများသည် ဖီးနစ်၏ ဂူသို့ သွားသော ချယ်ရီ၏ နောက်မှ လိုက်ပါ သွားကြသည်။
လမ်းတစ်လျှောက် တွင် သူတို့သည် ပြန်လည် ရှင်သန်လာသော ချော်ရည် ကင်းထောက်များနှင့် စစ်သည်တော်များကို တွေ့ကြုံ ခဲ့ကြရသည်။ သို့သော် မွန်းစတားများသည် ဂိမ်းမာများကို ဇာတ်လမ်း အဖြစ်အပျက်များ တိုးတက်လာစေရန်မှ တားဆီးနိုင်ခြင်း မရှိခဲ့ကြချေ။
ဂိမ်းမာများသည် မာနာစွမ်းရည်နှင့် အဝေးပစ် လက်နက်များကို အသုံးပြု၍ မွန်းစတားများကို တိုက်ခိုက် ကြသည်။ သတ္တိကောင်းသော အနီးကပ် တိုက်ခိုက်ရေးသမား အချို့က "ချီတက်၊ ခုန်ပျံပိုင်းဖြတ်။" ဟု အော်ဟစ်ကြ၏။ သူတို့ ရှေ့သို့ ချီတက်သွားသော အခါတွင်မူ သူတို့၏ မိတ်ဆွေများထံမှ အဝေးပစ် တိုက်ခိုက်မှုများကြောင့် သေဆုံး သွားခဲ့ကြသည်။
ချယ်ရီ အံ့ဩတကြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူသည် သူတို့၏ ရဲဘော်များကို သတ်ဖြတ်ခြင်းမှ တားဆီး လိုခဲ့သော်လည်း သူသည် ပတ်ဝန်းကျင်မှ ဂိမ်းမာများ၏ ဝိုင်းရံခြင်းကို ခံရပြီး ဖီးနစ်၏ ဂူဘက်သို့ တွန်းပို့ခြင်း ခံခဲ့ရသည်။
သူတို့ ဖီးနစ်၏ ဂူသို့ ရောက် ရှိသော အခါတွင်မူ သူ၏ ဘေးတွင် ဂိမ်းမာများ ပို၍ ပို၍ များပြား လာခဲ့သည်။ သူသည် သူ၏ မှော်မှတ်တမ်းတင်စက်ကို ကိုင်ကာ ရိုက်ကူးနေသော ပက်ထရစ်စတား၊ တပ်စောင့်စခန်းမှ စခန်း စုံစမ်းရေးမှူး၊ သူ၏ လုပ်ဖော်ကိုင်ဖက်များ၊ မြို့၏ ခေါင်းဆောင်များနှင့် ကျောင်းများမှ ကျောင်းသား ကိုယ်စားလှယ်များ ကိုပင် တွေ့မြင် ခဲ့ရသည်။
"ဘာလို့ ... ဘာလို့ လူတိုင်းက ဒီကို ရောက်နေ ကြတာလဲ။"
ချယ်ရီက မြို့သူမြို့သားများကို ကြည့်ပြီး နားမလည်နိုင် ဖြစ်နေခဲ့၏။
ပက်ထရစ်စတားက သူ၏ မှော်မှတ်တမ်း တင်စက်ကို ချလိုက်ပြီး ဂိမ်းမာများကို ကြည့်ကာ ဆို၏။ "သူတို့က မင်း ဖီးနစ်ရဲ့ တံဆိပ်ကို ဖယ်ရှား တော့မယ်လို့ ပြောတာ ကြားလိုက်တယ်၊ ဒါကြောင့် ငါ သူတို့ နောက်ကို လိုက်လာခဲ့တာ။ ဒီလို သတင်းကြီးကို ငါ လွတ်သွားလို့ မဖြစ်ဘူး။"
"စီနီယာ၊ စီနီယာက ကျွန်တော်တို့ကို ဖီးနစ်ရဲ့ တံဆိပ်ကို ဖယ်ရှား တော့မယ်လို့ ပြောခဲ့တယ်လေ၊ ဒါကြောင့် ကျွန်တော်တို့ စီနီယာကို အားပေးဖို့ ဒီကို လိုက်လာခဲ့ကြတာ။" ချယ်ရီ၏ လုပ်ဖော်ကိုင်ဖက်များက ဘေးမှ အော်ဟစ် ကြသည်။
"ဟုတ်တယ်၊ ချယ်ရီ၊ အားတင်းထား။"
"ချယ်ရီ။" စခန်းစုံစမ်းရေးမှူးက ချယ်ရီကို သဘောကောင်းစွာ ကြည့်ကာ ဆို၏။ "ငါက မင်းကို ထူးခြားတဲ့ သူတစ်ယောက်လို့ အမြဲတမ်း ယုံကြည် ခဲ့တယ်။ တကယ်လည်း ငါ့အထင် မှန်ခဲ့တယ်။ ဖီးနစ်ရဲ့ ကံကြမ္မာက မင်း လက်ထဲမှာပဲ ရှိနေတယ်။"
"စခန်းစုံစမ်းရေးမှူး..." ချယ်ရီ သူ၏ မျက်လုံးများ ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက် ရသည်။ သူ လှည့်ထွက်သွားပြီး ဖီးနစ်၏ ရှေ့သို့ လျှောက်သွားကာ ကိုယ်ကို ကိုင်းညွှတ် လိုက်၏။
"ငါ မျက်ရည်တွေကို အလဟဿ မဖြစ်စေနိုင်ဘူး။ ဒါက ငါ့ရဲ့ အရည်ပဲ။"
မျက်ရည်စက်များသည် ဖီးနစ်၏ ရုပ်တုပေါ်သို့ ကျဆင်း သွားခဲ့သည်။ ထို့နောက် ချယ်ရီက ခြေလှမ်း နှစ်လှမ်း နောက်ဆုတ်လိုက်ပြီး သမိုင်းဝင် အခိုက်အတန့်ကို စောင့်ဆိုင်း နေခဲ့သည်။
လူတိုင်း အသက်ရှူ အောင့်ထားကြပြီး ဂိမ်းမာများက မှော်အမြောက်ထဲသို့ မာနာစွမ်းရည်ကို သွင်းလိုက် ကြသည်။
ဘာမျှ ဖြစ်မလာခဲ့ချေ။
"ဘာအခြေအနေလဲ။ အရည်က မှန်ရဲ့ လား။"
ချယ်ရီ အံ့အားသင့် သွားခဲ့သည်။ သူ ရှေ့သို့ တိုးသွားပြီး သူ၏ တံတွေးကို ထွေးလိုက်သည်။
ဘာမျှ ဖြစ်မလာခဲ့ချေ။
သူ သူ၏ လက်ချောင်းကို ဖြတ်လိုက်ပြီး သူ၏ သွေးကို အစက် ချလိုက်သည်။
ဘာမျှ ဖြစ်မလာခဲ့ချေ။
သူ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်လိုက်ပြီး သူ၏ ချွေးကို ထည့်လိုက်သည်။
ဘာမျှ ဖြစ်မလာခဲ့ချေ။
သူ သူ၏ နှာရည်ကို ထုတ်ယူပြီး ပွတ်သပ် လိုက်သည်။
ဘာမျှ ဖြစ်မလာခဲ့ချေ။
သူ ဘာလုပ်ရမှန်း မသိတော့ချေ။ သူ သူ၏ နောက်မှ မျှော်လင့်တကြီး မျက်နှာများကို တစ်ချက်မျှ ကြည့်လိုက်ပြီး သူ၏ ဘောင်းဘီကို ပြတ်ပြတ်သားသား ဆွဲချွတ် လိုက်တော့သည်...