ထိပ်သီးတိုက်ပွဲ
Vol. 12 Ch. 161
အခန်း (၁၆၁) : ထိပ်သီးတိုက်ပွဲ
ဝမ်ဝေ့က ယခုလေးတွင် ကုစားပြီးသွားသော ကျီစုန့်ကို တွေးဆဆဖြင့် စိုက်ကြည့်နေသည်။ ကျီစုန့်က သူ၏ သဘာဝကုစားစွမ်းရည်ကို အသုံးမပြုဘဲ ကုစားရန်အတွက် ကမ္ဘာမြေဆီမှ စွမ်းအင်စုပ်ယူခဲ့သည်ကို သူ သိသည်။
ဓာတ်ငါးပါးထဲတွင် သစ်သားဓာတ်ကို ကုစားသည့် ပစ္စည်းအဖြစ် သိကြသော်လည်း မြေဓာတ်ကလည်း ကုစားသည့်နေရာတွင် ကောင်းမွန်သည်။
လူအများစု သို့မဟုတ် ဓလေ့ထုံးတမ်းများတွင် လူသားမျိုးနွယ် မြေကြီးမှ မွေးဖွားလာကြပြီး နောက်ဆုံး၌ မြေကြီးထဲသို့ ပြန်သွားရသည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် ကမ္ဘာမြေကြီးက မိခင်ဖြစ်ပြီး အင်အား ဖြည့်ပေးနိုင်သလို ကုစားပေးနိုင်ပြီး ကာကွယ်ပေးနိုင်သည်။
ထို့ကြောင့် ကျီစုန့် အသုံးပြုခဲ့သော ကျင့်စဉ်က ထိုသဘောတရားအပေါ် အခြေခံနေသည်ဟု ဝမ်ဝေ့ ခန့်မှန်းလိုက်မိသည်။
သူ မဟာကျိုးတော်ဝင်တိုင်းပြည်မှ သိလာသော အချက်အလက်ကို စဉ်းစားပြီးနောက် ဝမ်ဝေ့က တည်ငြိမ်သော အပြုံးဖြင့် ပြောလိုက်သည်
“အသင်္ချေကမ္ဘာ ဘက်စုံကျမ်းကို ဒီအဆင့်လောက်ထိပဲ ရောက်အောင် ကျင့်ကြံထားတယ်ဆိုရင် ဒီတိုက်ပွဲကို ရှုံးဖို့အတွက် ကံကြမ္မာပါလာတဲ့ပုံပဲ”
သို့သော် ကျီစုန့်က ပုခုံးတွန့်ပြကာ အေးစက်သောအသံဖြင့် ဖြေဆိုလိုက်သည်
“ စိုးရိမ်ရမှာက မင်းပဲ။ ငါ မြင်ရသလောက်တော့ ရှေးဟောင်းခန္ဓာသန့်စင်ခြင်းကျမ်းက မင်းဆီမှာ အလဟာသဖြစ်သွားပြီ ထင်တယ်”
“ ဟား..ဟား…” ဝမ်ဝေ့က မဲ့ပြုံးပြုံးကာ တုံ့ပြန်လိုက်သည်။
“ အဲလိုအလဟာသဖြစ်သွားတာက မင်းကို လက်သီးတစ်ချက်ထဲနဲ့ သတ်ပစ်လိုက်မလိုထိ ဖြစ်သွားတာလေ”
ကျီစုန့်၏ မျက်နှာရှိ အကြောများတင်းလာကာ ပါးစပ်လည်း မဲ့ရွဲ့နေသည်။ သို့သော် သူ့ကိုယ်သူ စိတ်ငြိမ်အောင် ချက်ချင်း လုပ်လိုက်သည်။ ထို့နောက် ကျီစုန့်၏ ဘေးပတ်လည်တွင် ကျောက်တုံး ချပ်ဝတ်တန်ဆာ ထပ်မံထွက်ပေါ်လာသော်လည်း ယခုတစ်ခေါက်တွင် အနည်းငယ် ကွဲပြားသွားသည်။
ချပ်ဝတ်တန်ဆာပေါ်တွင် မရေတွက်နိုင်သည့် ပူပြင်းသောအနီရောင် အစင်းကြောင်းများကို ထွင်းထားသည်။ ထို့နောက် မီးခိုးရောင်မှ အနီရင့်ရောင်သို့ ပြောင်းလဲသွားသည်။ ကျီစုန့်၏ ခေါင်းပေါ်၌ ချိုနှစ်ခု ထွက်ပေါ်လာပြီး သူ့ခြေထောက်အောက်ရှိ ရေခဲမြေက အရည်ပျော်သွားကာ ချော်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ဝမ်ဝေ့က ထိုအရာကို မြင်ပြီး အနည်းငယ် အံ့ဩထိတ်လန့်သွားသည်။ သူက ကျီစုန့်၏ အသွင်ပြောင်းမှုကြောင့် အံ့ဩထိတ်လန့်သွားခြင်း မဟုတ်ဘဲ သူ၏ တုံ့ပြန်မှုကြောင့် ဖြစ်သည်။ နောက်ဆုံးအကြိမ် သူတို့ တိုက်ခိုက်စဉ်က ဝမ်ဝေ့၏ မခံသာအောင် ပြောဆိုမှုကြောင့် ချက်ချင်း ဒေါသထွက်သွားခဲ့သည်။
သို့သော် ယခုတစ်ခေါက် စက္ကန့်အနည်းငယ်အကြာတွင် သူ့ကိုယ်သူ ပြန်ထိန်းနိုင်ခဲ့သည်။ ထိုအရာကို မြင်ပြီးနောက် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း သူတစ်ယောက်တည်း အသစ်အဆန်းများကို လေ့လာသင်ယူကာ အရွယ်ရောက်လာခြင်းမဟုတ်ဘဲ သူ့ပြိုင်ဘက်ကလည်း စွန့်စားမှုများ၊ ရှုံးနိမ့်မှုများဆီမှ သင်ယူကာ အရွယ်ရောက်လာကြောင်း ဝမ်ဝေ့ သတိထားလိုက်မိသည်။
အဆုံးသတ်တွင် မြန်မြန်အရွယ်ရောက်ပြီး တတ်နိုင်သမျှ မြန်မြန် လေ့လာသင်ယူနေသူများက သူ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် တွေ့ဆုံရမည့်သူများ ဖြစ်လာနိုင်သည်။
ထိုကဲ့သို့သော အရာမျိုးကို မြန်မြန်စဉ်းစားပြီးနောက် စိတ်ကို မြန်မြန်စုစည်းကာ တိုက်ပွဲအပေါ်တွင်သာ ပြန်လည်အာရုံစိုက်ထားလိုက်သည်။ တွေဝေခြင်းမရှိဘဲ ကျီစုန့်ဆီ အမြန်ပြေးသွားကာ ငလျင်လက်သီးဖြင့် ထိုးနှက်လိုက်သည်။
သို့သော် ကျီစုန့်က မလွန်ဆန်နိုင်သည့်အတွက် သူ့လက်ကို ကျောက်ရည်ပူအဖြစ် ပြောင်းလဲကာ ပြန်လည်ထိုးနှက်လိုက်သည်။
ဝုန်း…
သူတို့နှစ်ယောက်၏ တိုက်ကွက် ထိပ်တိုက်တွေ့မိသည့်အခါ ကြောက်စရာကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ ထို့နောက် ဧရာမ မီးခိုးတိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်၏ ထိုးနှက်ချက် တွေ့ဆုံသွားသည့်နေရာတွင် နျူးကလီးယားဗုံး ပေါက်ကွဲသလိုမျိုး ဖြစ်ပေါ်သွားစေသည်။
ထို့နောက် တိုက်ပွဲတိုင်းပြည်ကမ္ဘာ၏ မြောက်ပိုင်းဒေသတစ်ခုလုံး စတင်တုန်ရီလာသည်။ ထိုနေရာတွင် နေထိုင်သော လူများနှင့် တိရစ္ဆာန်များက ရုတ်တရက် သူတို့၏ပတ်ဝန်းကျင်ရှိ အရာအားလုံး တုန်လှုပ်လာသည်ဟု ခံစားလာရပြီး ခြေမြဲစွာ မရပ်နိုင်ကြတော့ပေ။ ကံကောင်းစွာဖြင့် ဤဒေသတွင် အိမ်အနည်းငယ်နှင့် အဆောက်အဦး အနည်းငယ်သာ ရှိသည်။
တိုက်ခိုက်နေစဉ်အတွင်း ဝမ်ဝေ့ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားရပြီး ချော်ရည်များက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်နေသော်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင် အစင်းရာလေးတစ်ခုပင် မရှိပေ။ သူ့အရေပြားက ဒဏ်ရာပင်မရပေ။ ကျီစုန့်က တစ်နေရာတည်းတွင် မတ်တပ်ရပ်နေသော်လည်း သွေးအန်နေသည်။
ယခုတစ်ခေါက်တွင် ဝမ်ဝေ့က သူ့ပြိုင်ဘက်ကို ပြန်လည်ကုစားဖို့ အချိန်မပေးပေ။ သူက အံ့ဖွယ်သွေးကြောကို ချက်ချင်း အသက်သွင်းကာ ထိုးနှက်လိုက်သည်။ သူက သူ့အဘိုး၏ အားပြင်းလက်သီးကျင့်စဉ်ထဲတွင် ပါဝင်သော ခြင်္သေ့လက်သီးကို အသုံးပြုလိုက်သည်။
ဝမ်ဝေ့၏ ထိုးနှက်မှုကြောင့် ခြင်္သေ့ ရုတ်တရက် ထွက်ပေါ်လာကာ အသံလှိုင်းတိုက်ခိုက်မှုကို ပြုလုပ်ရန် ဟိန်းဟောက်လိုက်သည်။ သို့သော် ထိုတိုက်ခိုက်မှုက သာမန် ခြင်္သေ့လက်သီး မဟုတ်ပေ။
ဝမ်ဝေ့က ငလျင်လက်သီး၏ တုန်ခါမှုကို ခြင်္သေ့၏ ဟိန်းဟောက်မှုဖြစ်သော အသံလှိုင်းတိုက်ခိုက်မှုနှင့် ပေါင်းစပ်လိုက်သည်။
ထို့ကြောင့် ကျီစုန့် ရုတ်တရက် နားအူသွားသည်ကို ခံစားလိုက်ရပြီး စွမ်းအားကြီးသော လှိုင်းက သူ၏ ကိုယ်တွင်းအင်္ဂါများကို စတင် ထုံထိုင်းသွားစေသည်။ ထို့ကြောင့် သူလည်း တွေဝေခြင်းမရှိတော့ဘဲ ပါးစပ်ဟကာ ပြန်လည် ဟိန်းဟောက်လိုက်သည်။
သို့သော် သူ့ပါးစပ်မှ ထွက်လာသည်က အသံလှိုင်းများ မဟုတ်ဘဲ လောင်ကျွမ်းနေသော ချော်ရည်ပူများဖြစ်ပြီး ခြင်္သေ့၏ ဟိန်းဟောက်မှုနှင့် ထိတွေ့သွားသည့်အခါ နောက်ထပ် အားပြင်းသော ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားသည်။
ဝမ်ဝေ့က မူလချီနှင့် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီကို ပေါင်းစပ်ကာ ဒိုင်းကာတစ်ခုဖန်တီးပြီး အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူက ပေါက်ကွဲမှုထဲသို့ တိုက်ရိုက်ဝင်သွားကာ ဖြစ်ပေါ်လာသော အပူဒဏ်များကို သည်းခံလိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် ဘေးပတ်လည်ရှိ မီးခိုးများကြောင့် ဘာမှမမြင်နိုင်သော ကျီစုန့်ရှေ့သို့ ရောက်ရှိသွားသည်။ သို့သော် သူက အန္တရာယ်ကို အာရုံခံနိုင်ဆဲ ဖြစ်သည်။ ထို့ကြောင့် သူ၏ ချပ်ဝတ်တန်ဆာ ဘေးပတ်လည်တွင် ချော်ရည်ပူများ ပိုမိုဖန်တီးကာ အေးစက်စေပြီး ခုခံစွမ်းရည်ထဲသို့ ပေါင်းထည့်လိုက်သည်။
ဝမ်ဝေ့ ကျီစုန့်၏ ရှေ့သို့ ရောက်ရှိသွားပြီးနောက် ကျားလက်သီးကို အသုံးပြုလိုက်သည်။ ဝမ်ဝေ့၏ လက်သီးမှ ကျားတစ်ကောင် ထွက်လာပြီးနောက် ကျီစုန့်၏ အသိစိတ်ကို လွှမ်းမိုးချင်သည့် ပြင်းထန်သော သတ်ဖြတ်အရှိန်အဝါ ထွက်ပေါ်လာသည်။
သို့သော် သူ တွေဝေနေရာမှ ချက်ချင်းနိုးထလာသော်လည်း ထိုအချိန်တွင် ကျားက အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး လမ်းကြောင်းရှိအရာအားလုံးကို ဖျက်ဆီးဖို့ ကြိုးစားနေသည်။
ကျီစုန့်၏ ချပ်ဝတ်တန်ဆာက သူ့ကို အချိန်ရအောင် လုပ်ပေးလိုက်သော်လည်း ထိုတိုက်ခိုက်မှုကို တားဆီးနိုင်မည် မဟုတ်ကြောင်း သူ သိထားသည်။ ထို့ကြောင့် သူက ချက်ချင်း ညာဘက်လက်မောင်းဆီ လမ်းကြောင်းလွှဲကာ စတေးခံလိုက်သည်။
အနီရောင်အလင်းတန်းက ကျီစုန့်၏ ညာဘက်လက်မောင်းထဲသို့ ဝင်သွားသော်လည်း ကျီစုန့် မအော်ခဲ့သလို လဲကျသွားခြင်းလည်း မရှိပေ။ အဲဒီအစား ချက်ချင်း ပြန်လည်တိုက်ခိုက်လိုက်သည်။
သူ့ခြေထောက်ကို မြေပေါ်တွင် ဆောင့်လိုက်သောအခါ ရေခဲနေသော ကမ္ဘာမြေက ကောင်းကင်သွေဖယ်ပုဆိန်ဖြင့် ခွဲခံလိုက်ရပုံပေါ်သည်။
ထိုအချိန်တွင် တိုက်ခိုက်မှု ပြီးဆုံးသွားသော ဝမ်ဝေ့က သူ့အော်တည့်တည့်တွင် မြေကြီးနှစ်ခြမ်းကွဲသွားသည်ကို မြင်လိုက်ရပြီး အားပြင်းသော မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။
ကြောက်စရာကောင်းသောအပူက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်ရုံသာမက သူ့ဝိညာဉ်ကိုပါ ပိုင်းဖြတ်ချင်နေပုံပေါ်သည်။ ထိုအပူက သူ၏ တည်ရှိမှုကိုပါ လောင်ကျွမ်းစေချင်နေသည်။
တစ်ချိန်တည်းမှာပင် ကျီစုန့်က ထိုအဖြစ်အပျက်များကို ကြည့်နေပြီး သူ့လက်မောင်းကို ဘယ်လိုကုစားရမလဲဆိုတာ လေ့လာနေသည်။ သူ့အတွက် ကံမကောင်းစွာဖြင့် သူ၏ ကြံ့ခိုင်ခန္ဓာက ဒဏ်ရာများကို ချက်ချင်းကုစားနိုင်တာမျိုး မရှိပေ။ ထို့ကြောင့် ဒဏ်ရာများကို ကုသရန် မြေကမ္ဘာ၏ စွမ်းအင်ကို စုပ်ယူလိုက်သည်။
သို့သော် ဖြစ်စဉ်က အင်မတန် နှေးကွေးနေသည်။ ထိုတိုက်ခိုက်မှုက သူ၏ ကုစားမှုကို ဟန့်တားသည့် စိတ်ဆန္ဒပါဝင်နေမှန်း ကျီစုန့် သတိထားမိသွားသည့်အခါ သူ ထိုအရာနှင့် စတင်တိုက်ခိုက်ရတော့သည်။
မိနစ်အနည်းငယ်အကြာတွင် မီးတောင်ပေါက်ကွဲခြင်း ရပ်တန့်သွားပြီးနောက် ဝမ်ဝေ့ လေထဲတွင် ပေါ်လာသည်ကို ကျီစုန့် မြင်လိုက်ရသည်။
ကျီစုန့်၏ တိုက်ခိုက်မှုက ဝမ်ဝေ့၏ အကာအကွယ်ကို မဖျက်ဆီးနိုင်သည့်အတွက် မျက်နှာ မသာမယာဖြစ်သွားသည်။
စွမ်းအားကြီးသော အကာအကွယ်က ဝမ်ဝေ့၏ အရေပြားကို ဝန်းရံထားသည်ကို ကျီစုန့်မြင်နိုင်သည်။ သူ၏ တိုက်ခိုက်မှုက ထိုစက်ကွင်းကို ချိုးဖျက်နိုင်ခဲ့သော်လည်း သူ့အရေပြားကိုတော့ မထိုးဖောက်နိုင်ခဲ့ပေ။
စက္ကန့်အနည်းငယ်အကြာတွင် ကျီစုန့်က သူ၏ လက်မောင်းထဲတွင် ရှိနေသော သတ်ဖြတ်ခြင်းအလိုဆန္ဒကို ဖယ်ရှားနိုင်ပြီး ကောင်းမွန်စွာ ကုသသွားနိုင်ခဲ့သည်။ သို့သော် ဝမ်ဝေ့၏ ပင်ကိုယ်အရှိန်အဝါက သူ့ကို ပြန်ပြီး လွှမ်းခြုံထားကာ ထပ်မံကာကွယ်ပေးထားသည်။
ကျီစုန့်က သူ့ပြိုင်ဘက်ကို ဒဏ်ရာရအောင် မလုပ်နိုင်သည်ကို မယုံနိုင် ဖြစ်နေသည့်အတွက် အတော်လေး မျက်နှာပျက်လာသည်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်တုန်းက လက်သီးတောင် မထိုးနိုင်ခဲ့တဲ့သူက အခု ဒီလောက်အဆင့်ထိ ရောက်လာတယ်ဆိုတာ သူ ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်မှာလဲ
ထို့ကြောင့် ဤတိုက်ခိုက်မှုကို အစွမ်းကုန်အားစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ အနက်ရောင် ချော်ရည်ချပ်ဝတ်တန်ဆာက ရုတ်တရက် ဆယ်မီတာမှ မီတာနှစ်ဆယ်အထိ မြင့်တက်သွားသည်။ ထို့နောက် ကျီစုန့်က လက်သီးများဖြင့် စတင်ပစ်ခွင်းတော့သည်။
သို့သော် အားပြင်းသောလက်သီးတစ်ချက်စီတိုင်းတွင် ဥက္ကာပျံတစ်ခု ထွက်ပေါ်လာပြီး ဝမ်ဝေ့ဆီသို့ ရောက်ရှိသွားသည်။ ထို့အပြင် ထိုဥက္ကာပျံများက အသံလှိုင်းအလွှာကို ချိုးဖောက်ပြီး ဖျက်ဆီးခြင်းအဆင့်သို့ တိုးမြင့်သွားသည်။
ဝုန်း…ဝုန်း…ဝုန်း…
လောင်ကျွမ်းနေသော ဥက္ကာပျံများတွင် အရာအားလုံး၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ဖျက်ဆီးပစ်မည်ဆိုသော အလိုဆန္ဒပါဝင်နေသည်။ သူတို့က ကမ္ဘာအားလုံးကို ဖျက်ဆီးပစ်ချင်နေသည်။ ထို့အပြင် ဖျက်ဆီးခြင်းက ဘာအကြောင်းပြချက်မှမရှိဘဲ ပျက်ဆီးစေခြင်းသက်သက်သာ ဖြစ်နေသည်။
ဝမ်ဝေ့က ထိုတိုက်ခိုက်မှုကို မြင်ပြီးနောက် လေးနက်သောအကြည့်များ ဖြစ်ပေါ်သွားသည်။ သို့သော် သူက မကြောက်ရွံ့သလို တွေဝေခြင်းမရှိဘဲ ခွန်အားအကုန်သုံးကာ လက်သီးဖြင့် ထိုးနှက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လေထုဖိအားကို ကွေးညွတ်သွားစေသည်။
ပထမဥက္ကာပျံ ပေါက်ကွဲသွားသည့်အခါ မရေတွက်နိုင်သည့် တောက်လောင်နေသော ကမ္ဘာမြေအပိုင်းအစများက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြန့်ကျဲသွားသည်။
ထိုအရာကို မြင်ပြီးနောက် ဝမ်ဝေ့၏ အကြည့်တို့ လင်းလက်သွားကာ ဆက်လက် ထိုးကြိတ်နေသည်။ သို့သော် အရေအတွက်က အင်မတန်များပြားလှပြီး ထိုအရာများက အရမ်းမြန်မြန်ဆန်ဆန်လာနေသည်။
ထို့ကြောင့် ဥက္ကာပျံအနည်းငယ်ကို ကြိတ်ချေပြီးနောက် ထိုအရာများက သူ့ဆီ အမြန်လာကာ ဝင်တိုက်သွားသည်။
ဝုန်း…
နောက်ထပ် အားကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ ဝမ်ဝေ့က လက်မောင်းဖြင့် တိုက်ခိုက်မှုကို ဟန့်တားလိုက်နိုင်သော်လည်း အားပြင်းသောလှိုင်းကြောင့် ကီလိုမီတာအနည်းငယ် လွင့်ထွက်သွားကာ အေးခဲနေသော တောင်ပေါ်သို့ ရောက်ရှိသွားသည်။
နောက်ထပ် ဝုန်းဆိုသော အသံဖြင့် ဝမ်ဝေ့ ဆင်းသက်သွားသော တောင်လည်း ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ ထိုအချိန်တွင် ကျီစုန့်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူနေရင်း တောင်ရှိရာဘက်သို့ စိုက်ကြည့်လိုက်သည်။
သူက ယခုတစ်ခေါက် သူ့တိုက်ကွက် အလုပ်ဖြစ်၊ မဖြစ် စောင့်ကြည့်နေခြင်း ဖြစ်၏။