မီးဘီလူးကြီးနှင့် တိုက်ပွဲ
Vol. 29 Ch. 422
အဝေးရှိ မြို့ငယ်လေးသည် သိပ်မကြီးလှချေ။ ချယ်ရီသည် ၁+၁ ဟိုတယ်ကို ရှာတွေ့ရန် သိပ်အားထုတ်စရာ မလိုခဲ့ပေ။
၎င်းသည် မထင်မရှား နေရာလေး တစ်ခု ဖြစ်သော်ငြား ချယ်ရီကတော့ ပုန်ကန်ခဲ့သည့် ကုန်သည်အဖွဲ့၏ အစောင့်အကြပ် အယောက် ၂,၀၀၀တို့ ပုန်းခိုရာ နေရာ ဖြစ်နိုင်သည်ဟု သံသယ ဝင်နေခဲ့၏။
ချယ်ရီသည် အာသာကို ခေါ်ဆောင်ပြီး ထိုနေရာကို ရှာဖွေ ခဲ့သော်လည်း မည်သည့် အရာမျှ မတွေ့ရှိ ခဲ့ပေ။
သက်ရှိ ၂,၀၀၀ကို ပုန်းအောင်း ရစေနိုင်လောက်သည့် လျှို့ဝှက် မြေအောက်ခန်းမျိုး သူတို့ မတွေ့ခဲ့ကြချေ။ ထိုသို့ဖြင့် သူတို့၏ စုံစမ်း စစ်ဆေးမှုသည် တစ်ဖန် ရပ်တန့် သွားပြန်သည်။
အဘယ်ကြောင့်ပါနည်း။ စာထဲမှာ ညွှန်ပြထားတဲ့ နေရာက ဘယ်မှာ ဖြစ်မည်နည်။
"ဆိုင်ရှင်တွေကို မေးကြည့် ကြရင်ကောဗျာ" အာသာက ချယ်ရီကို အကြံပြု လိုက်သည်။
"ဆိုင်ရှင်တွေလား။ ဟက်ဟက်၊ အာသာ၊ မင်းကတော့ ကလေးပဲ ရှိသေးတာပဲ။"
ကော်ဖီရောင် လေကာဝတ်စုံနှင့် ကော်ဖီရောင် အမဲလိုက် ဦးထုပ်ကို ဝတ်ဆင် ထားသော ချယ်ရီသည် သတ္တုချောင်းလေး တစ်ခုကို မီးညှိလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ရှဲကနဲ မြည်သံ နှင့်အတူ ပရိုတင်းသား မီးလောင်ကျွမ်းနံ့ရသော မီးခိုးငွေ့များကို သူ ဖွာထုတ် လိုက်ပြီးနောက် ဆို၏။ "စာထဲမှာ ဒီဆိုင်မှာ ပြဿနာ ရှိတယ်လို့ ဆိုထားတယ်။ ငါ့ တွက်ချက်မှု အရ ပုန်ကန်တဲ့ အစောင့် ၂,၀၀၀ ဟာ ဆိုင်ထဲမှာ ပုန်းနေ နိုင်တယ်။ ဒါကြောင့် ဆိုင်အကူနဲ့ ဆိုင်ရှင်တွေက သံသယရှိသူတွေ ဖြစ်နိုင်ချေ များတယ်။ အဲ့ဒီတော့ သူတို့ ဆီက ဘာသဲလွန်စမှ ရနိုင်မှာ မဟုတ်ဘူး။"
"ဒါပေမဲ့ သူတို့တွေ မေးပြီး နေကြပြီလေ။"
အာသာက ဆိုင်ရှင်ကို ဝိုင်းပြီး မေးခွန်းပေါင်းစုံ မေးမြန်း နေကြသည့် ဂိမ်းမာများ ဘက်သို့ ညွှန်ပြ လိုက်သည်။
ချယ်ရီသည် ပညာရှင် မဆန်သော ဂိမ်းမာများ အကြောင်း ညည်းညူရင်း ဆိုင်ရှင်ထံသို့ အမြန် လျှောက်သွား လိုက်၏။
ဂိမ်းမာများသည် ချယ်ရီ အတွက် လမ်းဖယ် ပေးလိုက်ကြရာ ထိတ်လန့်နေသော ဆိုင်ရှင်မှာ အသက်ရှူ ချောင်သွားသည်။ ချယ်ရီကို မြင်သောအခါ သူက ချက်ချင်း ပြောလိုက်သည်။ "ခင်ဗျားက စုံစမ်းရေးမှူး အသစ် ချယ်ရီလားခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ ဒီသတ္တဝါတွေက ကျွန်တော့်ကို အသက်ရှူမဝအောင် လုပ်နေကြတာ။"
စိုးရိမ်တကြီး ဖြစ်နေသော ဆိုင်ရှင်က ဂိမ်းမာများကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။
"ခင်ဗျားက ကျွန်တော့်ကို သိလို့လား။"
ချယ်ရီ အံ့အားသင့်သွားသည်။ ဘေးမှ ဂိမ်းမာများကို မြင်သောအခါ သူသည် ဟန်မပျက် နေလိုက်၏။ ကောင်တာပေါ် လက်တစ်ဖက် တင်ကာ မီးခိုးငွေ့များကို ဖွာထုတ်ရင်း အသံကို နှိမ့်၍ ပြောလိုက်သည်။ သူ၏ သမင်လိုက် ဦးထုပ်ကို အနည်းငယ် ငိုက်ချထားရာ နက်နဲသည့် စုံထောက် တစ်ဦးနှင့် တူနေတော့၏။
"ခင်ဗျားက ဒီမြို့ရဲ့ ရှားရှားပါးပါး ရွှေ့ပြောင်းလာသူပဲလေ။ ကျွန်တော်တို့ အားလုံး ခင်ဗျားအကြောင်း ပြောနေကြတာ။"
ဆိုင်ရှင်က ချစ်ခင်နှစ်လိုဖွယ် အမူအရာဖြင့် ချယ်ရီကို ပြောလိုက်သည်။ "ဟုတ်ကဲ့၊ ခင်ဗျားရဲ့ လက်ထောက်တွေ မေးနေတဲ့ သတင်း အချက်အလက်တချို့ ကျွန်တော့်ဆီမှာ ရှိပါတယ်။"
"မဟုတ်ဘူး၊ သူတို့က ကျွန်တော့်…"
ချယ်ရီက ငြင်းချက် ထုတ်ချင်သော်လည်း ဂိမ်းမာများ၏ တင်းမာနေသော အငွေ့အသက်ကို သတိပြု မိလိုက်သည်။ သူသည် အသံကို နှိမ့်၊ အမဲလိုက် ဦးထုပ်ကို ပို ငိုက်ချလိုက်ပြီး လေသံ ခပ်အုပ်အုပ်ဖြင့် ဆို၏။ "ဒါဆို ခင်ဗျားဆီမှာ ဘာအချက်အလက်တွေ ရှိနေ တာလဲ။"
"အာ…" ဆိုင်ရှင်က အမဲလိုက်ဦးထုပ်သည် ချယ်ရီ၏ မျက်နှာကို ဖုံးကွယ်လုနီးပါး ဖြစ်နေသည်ကို သတိပြု မိသွားသည်။ သူက လူ့ယဉ်ကျေးမှု အရ မျက်လုံးချင်း ဆုံကြည့် လိုသော်လည်း မတတ်နိုင်ခဲ့ချေ။ သူက ပြောသည်။ "ကုန်သည်အဖွဲ့က ကျွန်တော်တို့ အဝေးရှိ မြို့ငယ်လေးကို ဖြတ်သွားတုန်းက သတ္တဝါ တစ်ကောင်က ကျွန်တော့်ကို စာရွက်ပိုင်းလေး တစ်ခု ပေးသွားပြီး အကူအညီ တောင်းသွားတယ်။"
ဆိုင်ရှင်သည် ကြေမွနေသော စာရွက် တစ်ရွက်ကို ထုတ်ယူပြီး ချယ်ရီထံသို့ ကမ်းပေး လိုက်သည်။
ချယ်ရီက စာရွက်ကို ဖြန့်ကြည့် လိုက်ရာတွင် လိမ်ကောက်နေသော စာလုံးများကို တွေ့လိုက် ရ၏။ "ခေါင်းဆောင်က ပုန်ကန်နေပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါ။"
စာလုံးများသည် ဖတ်၍ပင် မရအောင် ဖြစ်နေသော်လည်း အရေးကြီးသော သတင်း အချက်အလက် ပါဝင် နေသည်။
၎င်းသည် ဒိုင်ယာရီပါ အကြောင်းအရာများကို အတည်ပြု ပေးလိုက်ခြင်းပင်။ ကုန်သည်အဖွဲ့ အစောင့်များ၏ ခေါင်းဆောင်သည် ပုန်ကန်ခဲ့သော ခေါင်းဆောင် ဖြစ်ပေသည် တကား။
"ပူးပေါင်း ဆောင်ရွက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီအမှုကို ဖြေရှင်းပြီးရင် ခင်ဗျားကို နိုင်ငံသားကောင်းဆု ပေးပါ့မယ်။"
ချယ်ရီက အာသာကို ပြောလိုက်သည်။ "သွားကြစို့။ ငါတို့ သဲလွန်စ အသစ် ရပြီ။ သဲလွန်စ အသစ်ကို သွားစုံစမ်း ကြရအောင်။"
"နေဦးလေ ဗိုလ်ကြီး။" အာသာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာသဲလွန်စလဲဗျ။"
အာသာ၏ အမေးကြောင့် ချယ်ရီ ဆွံ့အသွားသည်။ စာရွက်က ဒိုင်ယာရီ၏ မှန်ကန်မှု ကိုသာ အတည်ပြုပေးပြီး နောက်ထပ် စုံစမ်းရမည့် ပစ်မှတ်ကို ညွှန်ပြထားခြင်း မရှိချေ။
"ဗိုလ်ကြီး၊ ကျွန်တော့်ဆီမှာ နောက်ထပ် စာရွက်တစ်ရွက် ရှိသေးတယ် ခင်ဗျ။" ဆိုင်ရှင်က ချယ်ရီကို အနေခက်စွာ အော်ပြော လိုက်သည်။
"အဟား၊ ငါ သိသားပဲ။ ဒါ ငါ ပြောနေတဲ့ သဲလွန်စပဲပေါ့။"
ချယ်ရီသည် နားမလည်နိုင် ဖြစ်နေသော အာသာကို ကြည့်လိုက်သည်။
ချယ်ရီက ဆိုင်ရှင်ထံမှ စာရွက်ကို ယူလိုက်ရာ စာသားများကို တွေ့လိုက် ရ၏။ "ချော်ရည်ဂူတွေကို သွားပါ။ မြေပုံက ဘဏ်ရဲ့ ကိုယ်ပိုင် အပ်နှံသေတ္တာ အမှတ် ၀၀၈ ထဲမှာ ရှိတယ်။"
"သွားစို့။ ဘဏ်ကို။"
ချယ်ရီ ချက်ချင်း အပြင်သို့ ထွက်သွား တော့သည်။
…
"ဒါဆို ချယ်ရီက မြေပုံ ရသွားပြီပေါ့လေ။"
ရှားလော့ခ်သည် စခရင်ရှော့များနှင့် ဗီဒီယိုများ ပါသော ဆွေးနွေးခန်း ဖိုရမ်ကို ကြည့်ရှု နေခဲ့သည်။ သူသည် ချယ်ရီ ကိုယ်ပိုင် အပ်နှံသေတ္တာထဲမှ ရရှိခဲ့သော မြေပုံကို စစ်ဆေး နေ၏။
ချယ်ရီက မြေပုံကို လျှို့ဝှက် အဆင့် သတ်မှတ် ထားသော်လည်း အာသာက ဆွေးနွေးခန်း ဖိုရမ်တွင် အကြောင်းအရာကို တင်လိုက်ပြီး နောက်တွင်တော့ လျှို့ဝှက် အဖြစ် မရှိနေတော့ချေ။
"ဘရု၊ မင်း ဘယ်လို ထင်သလဲ။"
"အရှင်ရှားလော့ခ်၊ ဒါက အခွင့်အရေးကောင်း တစ်ခု ပါပဲ။ ဆောင်းတောင်ကုန်းမြို့ရဲ့ သစ္စာရှိ မြို့သား တစ်ယောက် ချန်ထားခဲ့တဲ့ မြေပုံ တစ်ခု ရှိနေတယ်။ ကုန်ပစ္စည်းတွေကို အမှတ်အသား လုပ်ထားတဲ့ နေရာမှာ ထားခဲ့ဖို့ အလားအလာ များပါတယ်။ ကျွန်တော်တို့ ချယ်ရီထက် အရင် အဲ့ဒီကို ရောက်အောင် သွားရပါမယ်။ ဒန်ဂျင်အမြုတေက အဲ့ဒီ နေရာမှာ ရှိရမှာပဲ။ ဒါမှ ကျွန်တော်တို့ ဒန်ဂျင်ကို အဆင့် မြှင့်တင် နိုင်မယ်၊ ဂိမ်းမာတွေရဲ့ အတွေ့အကြုံကို တိုးတက် စေမယ်၊ ဂိမ်းမာ အရေအတွက်ကို တိုးမြှင့်မယ်၊ ဆောင်းတောင်ကုန်းမြို့ကို တိုက်ခိုက်ပြီး အဲ့ဒီကနေ တစ်ဆင့်…"
ဘရုက သူ၏ "ဆောင်းတောင်ကုန်းမြို့ သိမ်းပိုက်ရေး အစီအစဉ် ဗားရှင်း အကြိမ်ရေ မသိ အကြောင်းကို တရစပ် ပြောနေစဉ်မှာပင် ရှားလော့ခ်ကတော့ မြေပုံကိုသာ အာရုံစိုက် နေခဲ့သည်။ သူသည် ဂိမ်းမာများ စူးစမ်း ရှာဖွေပြီးနောက် ပေးပို့ထားသော နောက်ထပ် မြေပုံ တစ်ခုကို ဖွင့်လိုက်၏။
ဂိမ်းမာများ၏ မြေပုံသည် ချယ်ရီ ရရှိခဲ့သော မြေပုံထက် ပိုမို တိကျပြီး ကြည့်၍ ကောင်းမွန် လှသည်။
"ဘရု၊ မြေပုံနှစ်ခုနဲ့ ပတ်သက်ပြီး မင်း ဘာတွေ့ရလဲ။" ရှားလော့ခ်က ဘရု၏ ဆောင်းတောင်ကုန်းမြို့ သိမ်းပိုက်ရေး အစီအစဉ်ကို ဖြတ်ပြော လိုက်ပြီး မေးလိုက်သည်။
"ဟမ်။ ဂိမ်းမာတွေရဲ့ စံနှုန်းက ပိုမြင့်တယ်ခင်ဗျ။" ဘရုက မြေပုံများကို စစ်ဆေးရင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
"မဟုတ်ဘူး၊ ဒီနေရာကို ကြည့်စမ်း။"
ရှားလော့ခ်က မြေပုံ နှစ်ခုကို ညွှန်ပြကာ ဆို၏။ "ချယ်ရီရဲ့ မြေပုံ အရဆိုရင် ပန်းတိုင်ကို ရောက်ဖို့ ဂိမ်းမာတွေက မီးဘီလူးကြီးရဲ့ ဂူကို ဖြတ်သွား ရလိမ့်မယ်။"
"ဟုတ်တယ်ဗျ။ ကျစ်၊ ကုန်သည်အဖွဲ့ရဲ့ အစောင့်တွေက မီးဘီလူးကြီးရဲ့ ဂူကို ဘယ်လို ဖြတ်သွားခဲ့ကြ တာပါလိမ့်။ ကျွန်တော်တို့မှာ မီးဘီလူးကြီးကို ရင်ဆိုင်ဖို့ နည်းလမ်း မရှိသေးဘူး။" ဘရုက နှမြောတသစွာ ပြောလိုက်သည်။
ရှားလော့ခ်သည် မှော်ဖန်လုံး တစ်ခုကို ထုတ်ယူ လိုက်ရာ ဂိမ်းမာများ မီးဘီလူးကြီးထံ ပြေးဝင် တိုက်ခိုက် နေကြသည့် မြင်ကွင်းကို ပြသနေသည်။ သူတို့သည် မီးဘီလူးကြီးကို အာရုံလွှဲနေစဉ်မှာပင် မာနာပုံစံကွက်ကို တစ်ပြိုင်နက်တည်း ဖန်တီး နေကြ၏။
ဖိုးဉာဏ်ကျယ်က ဂိမ်းမာများ၏ အလုပ်ကို ကြီးကြပ် နေခဲ့ပြီး ကြက်ဥခေါင်းနှင့် ပိုလီယိုတို့ကမူ ကြောင်ကစားသည့် ဘောလုံးနှင့် ဆော့ကစား နေကြသည်။
မာနာပုံစံကွက်သည် ပြီးမြောက်ရန် နှစ်ရက် ကြာမြင့်ခဲ့၏။
…
တရားဝင် ဝက်ဘ်ဆိုက်တွင် မွန်းစတား မှတ်တမ်းကို အသစ် တင်လိုက်သည်။ ဤသည်မှာ ဘော့စ်၏ မှတ်တမ်း ဖြစ်၏။
[ဘော့စ်အမည်: မီးဘီလူးကြီး (ခေါင်းဆောင်)]
အဆင့်: ခေါင်းဆောင်အဆင့်
ဖော်ပြချက်: ဒြပ်စင် စွမ်းအားများ စုစည်းရာ နေရာများတွင်သာ အစွမ်းထက်သော ဒြပ်စင် မွန်းစတားများ ရှိနေ တတ်သည်။ မီးဘီလူးကြီးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မရှိသေးချေ။ သူသည် မီးတောက်များကို ထိန်းချုပ်နိုင်ပြီး ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။
လုယူပစ္စည်း: မသိရှိရသေး
ဂိမ်းမာများ မာနာပုံစံကွက်ကို ပြီးစီးအောင် လုပ်ဆောင်ပြီး နောက်တွင် မွန်းစတား မှတ်တမ်းကို အသစ် တင်ခဲ့သည်။ ဂိမ်းမာများက သူတို့သည် ဘော့စ်နှင့် တိုက်ခိုက် ရတော့မည်ဟု ခန့်မှန်း လိုက်ကြသည်။
ဘော့စ်နှင့် ပတ်သက်သော သတင်း အချက်အလက်မှာ နည်းပါးလှသဖြင့် ဂိမ်းမာများ အတွက် အသုံးဝင်သော သတင်း အချက်အလက် တစ်စုံတစ်ရာမျှ မရရှိခဲ့ချေ။
သို့သော် ထိုအချက်က မီးဘီလူးကြီးနှင့် တိုက်ပွဲ အတွက် ပြင်ဆင်နေကြသော ဂိမ်းမာများကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
ဖိုးဉာဏ်ကျယ်သည် မာနာပုံစံကွက်ထဲသို့ သူ၏ မာနာစွမ်းရည်ကို သွင်းလိုက်ရာ ပုံစံကွက်ထဲမှ ထူးဆန်းသော အရည်တစ်မျိုး စိမ့်ထွက် လာခဲ့သည်။
ထိုအရည်သည် ရေ မဟုတ်ချေ။ ၎င်းသည် အေးစက်၍ စေးကပ်သော အရည် တစ်မျိုး ဖြစ်ပြီး မာနာပုံစံကွက် အတိုင်း လှုပ်ရှား နေ၏။ အရည်သည် မီးဘီလူးကြီး၏ ကိုယ်ပေါ်တွင် ကပ်ငြိ သွားပြီး အပူချိန် မြင့်မားမှုကြောင့် အခိုးအငွေ့ အဖြစ်သို့ ပြောင်းလဲ သွားသည်။
မီးဘီလူးကြီးပေါ်မှ မီးတောက်များ လျော့နည်း သွား၏။ ၎င်း၏ အမွှေးများ အဖြတ်ခံလိုက်ရ သကဲ့သို့ ဖြစ်ပြီး ချော်ရည်ဂူ၏ အပူချိန်ပင် ကျဆင်း သွားတော့သည်။
"အခုပဲ လှုပ်ရှားကြ။ ချီတက်ကြ။"
ဖိုးဉာဏ်ကျယ် အမိန့်ပေးစရာ မလိုဘဲ ဂိမ်းမာ တစ်ဦးက အော်ဟစ်လိုက်ရာ သူတို့သည် မီးဘီလူးကြီးထံသို့ ရေလှိုင်းကဲ့သို့ တိုးဝင် သွားကြသည်။
စိတ်မရှည်သော ဂိမ်းမာများသည် ကာကွယ်သူများက ဘော့စ်၏ ပစ်မှတ်ထားမှုကို ဆွဲဆောင်သည် အထိ မစောင့်ဘဲ တိုက်ခိုက်မှုများ ပြုလုပ် ကြတော့သည်။ မြားများ၊ ရေခဲမြားများ၊ ဟာရီကိန်းများနှင့် မီးလုံးများကိုပင် မီးဘီလူးကြီးအား တိုက်ခိုက်ရာတွင် အသုံးပြု ကြ၏။
မီးလုံးများ အသုံးပြုသော ဂိမ်းမာများကိုမူ အခြား ဂိမ်းမာများက တားဆီး လိုက်ကြသည်။ အကြောင်းမှာ မီးဘီလူးကြီးသည် မီးလုံးများ ထိမှန်ပြီးနောက် ပို၍ အားကောင်း တက်ကြွလာပုံ ပေါ်သောကြောင့် ဖြစ်သည်။
ဂိမ်းမာ ထောင်ပေါင်း များစွာ တို့သည် ဘော့စ်နှင့် တိုက်ခိုက် နေကြ၏။
"သူတို့တွေ တက်ကြွ နေကြတာပဲ၊ မြောင်။" ပိုလီယိုက သူ၏ လက်ထဲမှ ဘောလုံးကို ပွတ်သပ်ရင်း မီးဘီလူးကြီးထံ ချီတက် နေကြသော ဂိမ်းမာများကို ကြည့်ကာ ပြောလိုက်သည်။
"မီးဘီလူးကြီးက ငါ့ အစေခံပဲ။ ငါက အမှောင်မီးလျှံတွေရဲ့ သခင်ကွ။"
ကြက်ဥခေါင်းကလည်း သူ၏ လက်သည်းများဖြင့် ဘောလုံး တစ်လုံးကို ပွတ်သပ်ရင်း တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှု နေခဲ့သည်။
"မြောင်၊ သူတို့ ပျော်နေရင် ပြီးတာပါပဲ။" ပိုလီယိုက ဂိမ်းမာများနှင့် ဘော့စ်တို့၏ တိုက်ပွဲကို လျစ်လျူ ရှုလိုက်ပြီးနောက် ပြောလိုက်သည်။
…
မြေပေါ်ကမ္ဘာတွင်။
သူတို့၏ ထူးဆန်းအံ့ဖွယ် ကြုံတွေ့မှုများ ရရှိ နေကြသော ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည် ကျွန်စစ်သည်တော်များ အဖြစ် သူတို့၏ ခရီးစဉ်ကို စတင်ရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။