ထိပ်သီးတိုက်ပွဲ
Vol. 12 Ch. 162
အခန်း (၁၆၂) : ထိပ်သီးတိုက်ပွဲ
ကျီစုန့်က တောင်ကို စိုက်ကြည့်နေပြီး တိုက်ခိုက်မှု၏ ရလဒ်ကို စောင့်မျှော်နေသည်။ ထိုအချိန်တွင် သူ၏ ဘေးပတ်လည်၌ အေးခဲနေသော မြေတစ်ပိုင်းတစ်စမှပင် မရှိတော့ပေ။ မြောက်ပိုင်းဒေသ၏ နေရာအများစုက ချော်ရည်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
ယခင်က အပြာရောင်ဖြစ်နေခဲ့သော နယ်မြေက တစ်နေရာမှစ၍ အလျားလိုက်အတိုင်း အနီရောင်နှင့် လိမ္မော်ရောင်သို့ ပြောင်းလဲကာ ချော်ရည်အပိုင်းအစများက နေရာအနှံ့ ပြန့်ကျဲနေသည်။
မီးခိုးနှင့် ရေနွေးငွေ့များက တိမ်တိုက်များဆီသို့ ရောက်ရှိသွားပြီး အမဲရောင်ဖြစ်အောင် ပြောင်းလဲနေသည်။ ပြာမှုန့်များက နေရာအနှံ့ပျံ့နှံ့နေပြီး ပြင်းထန်သောအပူကို ခံနိုင်ရည်ရှိကာ အသက်ရှင်နေသောသူများအား အသက်ရှူကြပ်အောင် လုပ်နေသည်။
တိုက်ခိုက်မှုအပြီး မိနစ်အနည်းငယ်အကြာတွင် ဝမ်ဝေ့ ကျရောက်သွားသော တောင်က ချက်ချင်း ပေါက်ကွဲသွားသည်။ ထို့နောက် ဝမ်ဝေ့က လေထဲတွင် ထွက်ပေါ်လာသည်။
ဝမ်ဝေ့၏ အပေါ်ပိုင်း အဝတ်အစားများ မီးလောင်ကျွမ်းခံရကာ ဝတ်ရုံ၏ အောက်ပိုင်းသာ ကျန်ရှိခဲ့တော့သည်။ ဝမ်ဝေ့၏ ဗိုက်ကြွက်သား၈ခုကို မြင်နေရပြီး သူ၏ ရှည်လျားသော ခဲဖြူရောင် ဆံပင်ကလည်း လေထဲ လွင့်မြောနေသည်။
ကျီစုန့်က သူ့ပြိုင်ဘက် ကောင်းကောင်းမွန်မွန် ရှိနေသေးသည်ကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာက မသာမယာဖြစ်သွားသည်။ ဤတိုက်ပွဲကို အနိုင်ရရန် နောက်ဆုံး လျှို့ဝှက်ကတ်ကို ထုတ်သုံးရမည် ဖြစ်ကြောင်း သူ သိသည့်အတွက် စိတ်အေးစေရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
သူ တွေဝေခြင်းမရှိဘဲ မီတာထောင်ကျော်မြင့်သော လေထဲသို့ ခုန်ကာ နောက်ကျွမ်းထိုးလိုက်ပြီး ချော်ရည်ပူပေါ်တွ် ဘာမှမခံစားရသလိုမျိုး မတ်တပ်ရပ်နေသည့် ဝမ်ဝေ့ကို ကန်လိုက်သည်။
ဝမ်ဝေ့က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး သံမဏိကဲ့သို့သော ကြွက်သားများ၏ စွမ်းအားကို စုစည်းကာ ထိုးနှက်လိုက်သည်။
ဝုန်း…
သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် အားပြင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသော်လည်း သူတို့က ထိုကဲ့သို့သော အရာမျိုးကို ဂရုမစိုက်ပေ။
ပေါက်ကွဲမှုနောက်တွင် ဝမ်ဝေ့၏ ခြေထောက်အောက်မှ မြေကြီးက မီတာထောင်ပေါင်းများစွာအထိ ကွဲအက်သွားသည်။ ထို့နောက် ဝမ်ဝေ့ သွေးအန်သွားသည့်အတွက် အံ့ဩသွားမိသည်။
သို့သော် ကျီစုန့်က သူ့ကို တုံ့ပြန်ဖို့နှင့် စဉ်းစားဖို့ အချိန်မပေးပေ။ ပထမဆုံး တိုက်ခိုက်မှုနောက်တွင် အားပြင်းသော လက်သီးထိုးနှက်ချက် လိုက်ပါလာသည်။
ဝမ်ဝေ့က ပြန်လည်ထိုးနှက်ချင်သော်လည်း ပြန်လည်သက်သာလာသည်မှာ မကြားသေးသဖြင့် လှုပ်ရှားဖို့ အင်မတန် ခက်ခဲနေသည်။ သူက ရွှံ့နွံထဲ ရောက်နေသကဲ့သို့ ဖြစ်နေပြီး လှုပ်ရှားမှုတိုင်းက အတော်လေး နှေးကွေးသွားသည်။
ထို့ကြောင့် ကျီစုန့်က ဝမ်ဝေ့၏ နှလုံးသားအပေါ် တည့်တည့် ထိုးနှက်လိုက်ပြီး သွေးအန်အောင် လုပ်ကာ ကီလိုမီတာထောင်ချီပြီး လွင့်ထွက်သွားစေသည်။
လမ်းတစ်လျှောက်တွင် မြေပြင်ပေါ်၌ ဝမ်ဝေ့က အကြိမ်ပေါင်းများစွာ ချုပ်နှောင်ခံပြီးမှ မတ်မတ် ပြန်ရပ်နိုင်သည်။ သူက မြေပြင်ပေါ် တံတွေးထွေးကာ ကျီစုန့်ကို စိုက်ကြည့်လိုက်သည်။ သူ၏ သွေးနှင့် တံတွေးက မြေပြင်ကို မထိခင်မှာပင် အငွေ့ပျံသွားသည်။
“ မင်းက မြေဆွဲအားကို ထိန်းချုပ်နိုင်တယ်ပေါ့ ဟုတ်လား” ဝမ်ဝေ့က တည်ငြိမ်သော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
သူ ဒဏ်ရာရသည့်အကြောင်းအရင်းက တိုက်ခိုက်မှုသည် သူ၏ အရေပြားနှင့် ကြွက်သားများ၏ ကာကွယ်ထားမှုကို ဖြတ်ကျော်သွားနိုင်၍ မဟုတ်ဘဲ ထိုအရာများကို ရှောင်ကွင်းပြီး ကိုယ်တွင်းအင်္ဂါများဆီ တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသွားခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် သူ အများကြီး မထိခိုက်သွားရသည့် တစ်ခုတည်းသော အကြောင်းအရင်းက သူ၏ ပင်ကိုယ်စက်ကွင်းက မြေဆွဲအားအများစုကို ခုခံထားသည့်အတွက် ဖြစ်သည်။
နောက်ဆုံးတိုက်ခိုက်မှု၌ ကျီစုန့်၏ ခွန်အားက သူ့ထက်ပိုပြီး စွမ်းအားကြီးသွားခြင်းမျိုး မဟုတ်ပေ။ သူက ဘေးပတ်လည်ရှိ မြေဆွဲအားကို ကွေးညွတ်စေကာ ဝမ်ဝေ့ဆီ လမ်းကြောင်းလွှဲပေးရင်း ခွန်အားကို မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
ထိုအရာက မြေဆွဲအား၏ ဦးတည်ရာကို အောက်မှ အပေါ်သို့ သွားစေရန် ထိန်းချုပ်ပြီး အရာဝတ္ထုတစ်ခုကို မြှောက်ကိုင်လိုက်ပုံနှင့် တူညီသည်။ ဤတိုက်ခိုက်မှုတွင် ကျီစုန့်က မြေဆွဲအားကို အောက်မှ ရှေ့သို့ရောက်အောင် ထိန်းချုပ်လိုက်ပြီး သူ့စွမ်းအားကို အဆမတန် မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
ဤတိုက်ပွဲက သူ ထင်ထားသည်ထက် ပိုမိုခက်ခဲမည့်အကြောင်းကို စဉ်းစားပြီးနောက် ဝမ်ဝေ့ မျက်မှောင်ကြုတ်လိုက်မိသည်။
ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံရာတွင် အရိုးပြီးမှ ကိုယ်တွင်းအင်္ဂါများအား ကြံ့ခိုင်အောင်လုပ်သည့် ဖြစ်စဉ်ရောက်ရှိမည် ဖြစ်သည်။ ယခုလက်ရှိတွင် ဝမ်ဝေ့က အရိုးများကိုပင် ကြံ့ခိုင်အောင်လုပ်ခြင်းပင် မပြီးစီးသေးပေ။
သို့သော် သူက ရုတ်တရက် အကြံတစ်ခု ရလာသည့်အတွက် နောက်မဆုတ်ဘဲ ထူးဆန်းစွာဖြင့် စတင် အသက်ရှူတော့သည်။ ထို့နောက် ကောင်းကင်သို့ ဦးတည်သွားကာ မြေဆွဲအားလှုံ့ဆော်ခြင်းစွမ်းရည်ကို အသုံးပြုပြီး လေထဲတွင် ပျံသန်းနေသည့် ကျီစုန့်ဆီသို့ ဦးတည်သွားလိုက်သည်။
ကျီစုန့်လည်း ပြိုင်ဘက်ဆီ အမြန်ပြေးသွားကာ ပတ်လည်ရှိ မြေဆွဲအားကို ချက်ချင်း အသက်သွင်းလိုက်ပြီး ဝမ်ဝေ့၏ လှုပ်ရှားမှုကို အင်မတန် တောင့်တင်းနေအောင် လုပ်လိုက်သည်။ ထိုအခွင့်အရေးကို အခွင့်ကောင်းယူပြီး နောက်ထပ် လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။
ဝုန်း…
ဝမ်ဝေ့ နောက်ထပ်တစ်ခါ လွင့်ထွက်သွားပြန်သည်။ သူ မြေပြင်ကို အင်မတန် ပြင်းထန်သော အရှိန်ဖြင့် တိုက်မိပြီး မိုင်ပေါင်းများစွာအထိ ရောက်သွားသော ဧရာမ ချော်ရည်လှိုင်းကြီးတစ်ခု ဖြစ်သွားသည်။ ထို့နောက် သူ ထပ်ပြီး သွေးအန်ပြန်သည်။
ယခုတစ်ခေါက်တွင် မြေဆွဲအား၏ အကျိုးသက်ရောက်မှုသာမက ဘေးပတ်လည်ရှိ ပြာမှုန့်များကလည်း သူ့ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်ကာ အကြီးအကျယ် ပျက်စီးအောင် ပြုလုပ်နေသည်။
သို့သော် ကျီစုန့်က သူ့ကို အသက်ရှူဖို့ပင် အခွင့်အရေးမပေးပေ။ မြေဆွဲအားကို အောက်သို့ ပို့လိုက်သည့်အချိန်တွင် သူ့အရှိန် ရုတ်တရက် မြင့်တက်လာပြီး ဝမ်ဝေ့ဆီ လျင်မြန်စွာ ဦးတည်သွားလိုက်သည်။
ကျီစုန့်၏ လမ်းကြောင်းတစ်လျှောက်တွင် စက်ဝိုင်းပုံစံ အငွေ့ ၅ခုကို မြင်လိုက်ရပြီး ကျယ်လောင်သော ပေါက်ကွဲသံ ငါးခုက လိုက်ပါလာသည်။ ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် ကျီစုန့်၏ အရှိန်က အသံ၏ အလျင် ငါးဆသို့ ရောက်ရှိသွားသည်။
ဝုန်း…
အသံလှိုင်းငါးဆ အရှိန်နှင့်အတူ ကျီစုန့်က ဝမ်ဝေ့ကို တည့်တည့်ဝင်တိုက်လိုက်သည့်အခါ တံတွေး၊ သွေးနှင့် ကိုယ်တွင်းအင်္ဂါအချို့ အန်ထွက်ကုန်သည်။ ထို့အပြင် အရိုးကျိုးသံကိုပါ ကြားလိုက်ရသေးသည်။ ခဏအကြာတွင် ကျီစုန့်က သူ့ကို မြေပြင်ပေါ်မှ ကန်ကာ လွင့်ထွက်သွားစေသည်။
ထိုအချိန်တွင် ဝမ်ဝေ့က သူ့ကိုယ်သူ လေထဲတွင် တည်ငြိမ်အောင် လုပ်ရန် အားအကုန်သုံးပြီးနောက် ငြီးငြူလိုက်မိသည်။ သို့သော် ခဏအကြာတွင် ကျီစုန့် သူ့ဆီ လာနေသည်ကို မြင်သည့်အတွက် ရောက်ရှိလာသော တိုက်ခိုက်မှုကို ဟန့်တားရန် လက်ကို ကြက်ခြေခတ်ပုံစံ ပြုလုပ်လိုက်သည်။
ယခုတစ်ခေါက်တွင် ဝမ်ဝေ့က လေထဲတွင် မီတာအနည်းငယ်လောက်သာ နောက်ဆုတ်သွားရသည်။
ကျီစုန့်က မျက်မှောင်ကြုတ်ကာ မြေဆွဲအား၏ ပြင်းအားကို အနည်းငယ် တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဝမ်ဝေ့က ပြင်းထန်သောခွန်အားကြောင့် ထပ်မံလွင့်ထွက်သွားကာ တစ်ဆက်တည်းမှာပဲ သွေးအန်ပြန်သည်။
သို့သော် ဝမ်ဝေ့၏ ကုစားနိုင်စွမ်းက ပြင်းထန်လှသည်။ သူ ဒဏ်ရာရပြီး မိနစ်အနည်းငယ်သာ ကြာသေးသော်လည်း သူ့အရိုးများက သူ့ဘာသာသူ ကုစားနေသည်။ ကိုယ်တွင်းအင်္ဂါများကိုတော့ သန့်စင်သော မူလအင်အားကို အသုံးပြုကာ ကုသပြီး အားဖြည့်လိုက်သည်။
ရင်ဆိုင်တိုက်ခိုက်နေသည့်အတော်အတွင်း မြောက်ပိုင်းဒေသတစ်ခုလုံး ဖျက်ဆီးခံထားရသည်။ လုံးဝ ချော်ရည်နယ်မြေဖြစ်သွားပြီး ထိုနေရာတွင် ရှင်သန်နေထိုင်သော တိရစ္ဆာန်၊ လူ၊ ပိုးမွှားနှင့် အပင်များအားလုံးကို သတ်ပစ်လိုက်ကြောင်းကို ထည့်ပြောစရာပင် မလိုတော့ပေ။
ထိုနှစ်ယောက် ဖန်တီးလိုက်သော လှိုင်းက အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့်အောက်ရှိ ကျင့်ကြံသူများအားလုံးကို သတ်ပစ်နိုင်လောက်သည်အထိ စွမ်းအား ပြည့်ဝသည်။ ကံကောင်းစွာဖြင့် မြောက်ပိုင်းဒေသတွင် လူအနည်းငယ်သာ နေသည်။ သို့သော် သူတို့၏ တိုက်ပွဲကြောင့် ဒဏ်ရာရထိခိုက်သူက တစ်သိန်းဝန်းကျင် ရှိသည်။
ကျီစုန့်ကတော့ ဝမ်ဝေ့ကို ပိုမိုအားပြင်းသော တိုက်ကွက်များဖြင့် ဆက်လက်တိုက်ခိုက်နေသည်။ သို့သော် သူ့ပြိုင်ဖက်က အလျှော့ပေးဖို့ ငြင်းဆန်နေသည်။
ကျီစုန့် တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် မြေဆွဲအားကို အနည်းငယ်စီ တိုးမြှင့်နေရကြောင်း သတိထားမိသည်။ ယခုနှုန်းအတိုင်းဆိုလျှင် ထိုတိုက်ခိုက်မှုများကို ကြာရှည် ထိန်းထားနိုင်မည် မဟုတ်ပေ။
ကျီစုန့်အနေဖြင့် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသည့်အတွက် ဤတိုက်ပွဲကို တစ်ခါတည်း အဆုံးသတ်ရန် စွမ်းအားကြီးသော တိုက်ခိုက်မှုတစ်ခုကို အသုံးပြုလိုက်သည်။
"မြေဆွဲအား ပေါက်ကွဲမှု" ကျီစုန့်က လက်ဟန်ပြုလုပ်ရင်း အော်လိုက်သည်။
ရုတ်တရက် ဝမ်ဝေ့က လှောင်အိမ်တစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရပြီးဘေးပတ်ဝန်းကျင်ရှိ မြေဆွဲအားက အဘက်ဘက်မှနေ၍ သူ့ကို ကြေမွအောင် လုပ်နေသည်။ လေးဖက်လေးတန်လုံးမှ သူ့ကို ကြိတ်ချေချင်နေပုံပေါ်သည်။
သူက တွေဝေခြင်းမရှိဘဲ စတင်ပြီး ပြန်လည်တိုက်ခိုက်တော့သည်။ ဖြည်းဖြည်းချင်း တိုးဝင်လာသော မြေဆွဲအားကို တိုက်ထုတ်နိုင်ရန်အတွက် လက်ကို ဆန့်ထုတ်လိုက်သည်။ ခန္ဓာကိုယ်ထဲမှ ကြွက်သားအားလုံးကို စုစည်းလိုက်သည့်အတွက် အံကို ကြိတ်လိုက်မိသည်။
ဝမ်ဝေ့၏ ဘေးပတ်လည်ရှိ လေထုက စတင်တုန်ရီလာပြီးနောက် အာကာပြင် ဖျက်ဆီးခံရတော့မည့် ပုံရိပ်ယောင် တစ်ခုကို ဖန်တီးလိုက်သည်။ ထို့ကြောင့် တိုက်ပွဲတိုင်းပြည်ကမ္ဘာ၏ အာကာပြင်က ပျက်စီးဖို့ အတော်လေး နီးနေပြီ ဖြစ်၏။
စက်ဝိုင်းပုံစံ မြေဆွဲအားထဲတွင် ဝမ်ဝေ့က စွမ်းအားအကုန်လုံးကို သည်းမခံနိုင်သည့်အတွက် ကြွက်သားနှင့် အရိုးများ စတင်ပျက်ဆီးလာသည်။ သို့သော် ဝမ်ဝေ့က အော်ဟစ်ငြီးငြူခြင်း မရှိသလို မျက်နှာပေါ်တွင် စိတ်ပျက်အားလျော့မှုကိုလည်း မတွေ့ရပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ့ကြည့်ရတာ စိတ်လှုပ်ရှားနေပုံပေါ်သည်။ ကြွက်သားများနှင့် အရိုးများက ဆက်လက်ကျိုးနေသော်လည်း သူတို့ကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် အသက်ရှူနေသည်။ မိုးမြေကြားရှိ စိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ဖြစ်စဉ်ကို အရှိန်မြှင့်တင်ပေးသည်။
မူလက အတွင်းသို့ ပြိုဆင်းလာသော မြေဆွဲအားကို တိုက်ထုတ်ရန် ဝမ်ဝေ့က ဒူးတစ်ဖက်ပေါ်တွင်သာ အားပြုထားခဲ့ရပြီး အချိန်ကြာလာသည့်အခါ သူ မတ်တပ်ထနိုင်လာသည်။ ထို့နောက် အားပြင်းသော ဟိန်းဟောက်သံနှင့်အတူ သူ၏ ဘေးပတ်လည်တွင်ရှိနေသော မြေဆွဲအားစက်ကွင်းကို လက်ဗလာဖြင့် စုတ်ဖြဲလိုက်သည်။
ကျီစုန့်က ဖြစ်ပျက်နေသည့်အရာအားလုံးကို မကျေမနပ် စိုက်ကြည့်နေရင်း ပြောလိုက်သည်
“ မင်းက မင်းရဲ့ ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံဖို့အတွက် ငါ့ရဲ့ မြေဆွဲအားစွမ်းရည်ကို သုံးနေခဲ့တာပဲ။ အသေအချာပြောရရင်တော့ မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေကို မွမ်းမံခဲ့တာပေါ့”
ဝမ်ဝေ့က ထိုစကားကို ကြားသည့်အခါ ပြုံးရင်း ပြောလိုက်သည်
“ အင်း ငါက အရိုးတွေကို ကြံ့ခိုင်အောင် လုပ်ပြီးသွားပြီဆိုတော့ ကိုယ်တွင်းအင်္ဂါတွေကို မြေဆွဲအားနဲ့ ကြံ့ခိုင်အောင်လုပ်ရမှာပဲ။ ငါက ဖြစ်စဉ်ကို မြှင့်တင်ဖို့အတွက် ဒီသေရေးရှင်ရေး အခြေအနေကို အသုံးပြုပြီးတော့ အနာဂတ်အတွက် ပြင်ဆင်ရုံပါပဲ”
ထိုစကားကို ပြောပြီးနောက် သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ သူ၏ ကြွက်သားနှင့် အရိုးခွန်အားက အင်မတန် မြင့်တက်လာသည်။ သူ အိမ်ပြန်ရောက်သွားသည့်အခါ သူ လုပ်ဖို့လိုအပ်သည်က သူ့အရိုးများကို ကြံ့ခိုင်အောင်လုပ်ခြင်း ပြီးဆုံးသွားရန်အတွက် လိုအပ်သော အရာဝတ္ထုကို စုပ်ယူခြင်း ဖြစ်သည်။
သူ့ကိုယ်သူ ဒီလောက်ထိ အရိုက်ခံနေရခြင်းအကြောင်းက သူ ကျင့်ကြံထားသော အားပြင်းလက်သီး ကျင့်စဉ်ကြောင့် ဖြစ်သည်။ ဤကျင့်စဉ်အရ ဒဏ်ရာပိုပြီး ရလေလေ ပိုပြီးအကျိုးအမြတ် ရလေလေ ဖြစ်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့ကိုယ်သူ နာကျင်ခံစားရအောင် လုပ်နေခြင်း ဖြစ်သည်။
ကိုယ်တွင်းအင်္ဂါများက သူတိုက်ခိုက်နေစဉ်အတွင်း ရရှိလိုက်သည့် အကောင်းဆုံး အကျိုးအမြတ် ဖြစ်သည်။ ရှေးဟောင်းခန္ဓာသန့်စင်ခြင်းကျမ်းအရ အတွင်းအင်္ဂါများကို မွမ်းမံခြင်းက အင်မတန် အန္တရာယ်များသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်က အချိန်အတော်လေး ကြာမြင့်တတ်သည်။
ဝမ်ဝေ့က အကြာကြီး မစောင့်ချင်ပေ။ ထို့ကြောင့် အလားအလာရှိနိုင်စွမ်းကို ကြည့်ပြီး ဖြစ်စဉ်ကို မြှင့်တင်ရန် သေရေးရှင်ရေးအခြေအနေကို အသုံးပြုလိုက်သည်။ ထို့ကြောင့် သူ ရရှိလိုက်သော အကျိုးအမြတ်က စိတ်ကူးမယဉ်နိုင်ပေ။
ဝမ်ဝေ့က ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ကျီစုန့်ကို တည်ငြိမ်သော အပြုံးဖြင့် စိုက်ကြည့်လိုက်သည်။ သူ့အကြည့်ထဲတွင် ကြောက်စရာကောင်းဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါများ ပါဝင်နေသည်။ ထို့နောက် သူက ပြောလိုက်သည်
“ မင်း ငရဲကို တွေ့ကြုံခံစားဖို့ အသင့်ဖြစ်ပြီလား”