ထိပ်သီးတိုက်ပွဲ
Vol. 12 Ch. 163
အခန်း (၁၆၃) : ထိပ်သီးတိုက်ပွဲ
ဝမ်ဝေ့က သူ၏ ခန္ဓာခွန်အား တိုးစေရန်အတွက် သူ့ကိုယ်သူ ဒဏ်ရာအရခံခဲ့သော်လည်း ပြိုင်ဘက်၏ နှိပ်စက်ခြင်းကို ခံနေရသည်ဆိုသည့် ခံစားချက်ကို သဘောမကျပေ။
သူ့သိမ်ငယ်မှုက သူ့ကို အကောင်းဆုံးပုံစံ ရရှိသွားစေသည့်အတွက် ကျီစုန့်ကို ဆယ်ဆ၊ အဆတစ်ရာ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ထိုစကားလုံးများကို ပြောဆိုပြီးနောက် စွမ်းအားကြီးသော အရှိန်အဝါက ရုတ်တရက် ဝမ်ဝေ့ဆီမှ ထွက်ပေါ်လာကာ ကောင်းကင် ပြောင်းလဲသွားသည်။
တိုက်ပွဲတိုင်းပြည်ကမ္ဘာတစ်ခုလုံး၏ ကောင်းကင်က ရုတ်တရက် ဝမ်ဝေ့၏ ဆံပင်အရောင်နှင့် တူညီသော ခဲရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် မိုးကြိုးတိမ်တိုက်များက ကမ္ဘာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
လူအားလုံးက ရုတ်တရက် ကမ္ဘာပျက်ကပ် စတင်နေပြီဟု ခံစားလိုက်မိကြ၏။ အထွတ်အထိပ် အရှိန်အဝါက ကမ္ဘာအနှံ့ပျံ့နှံ့သွားကာ သေမျိုးများနှင့် သားရဲများအပြင် ကျင့်ကြံသူများအားလုံးကိုပါ ဒူးထောက်သွားစေသည်။
မတ်တပ်ရပ်နေနိုင်သောသူက လက်တစ်ဆုပ်စာသာ ရှိသော်လည်း သူတို့အနေဖြင့် အားပြင်းသော ဖိနှိပ်မှုကို သည်းခံဖို့ လိုအပ်သေးသည်။
မဟာရှားတိုင်းပြည်တွင် လီကျွင်းနှင့် ယန်းလီလင်းတို့လည်း ဖိအားကို ခံစားလိုက်ရသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။
“ အဲဒါလား” ယန်းလီလင်းက မေးလိုက်သည်။
“ ဟုတ်တယ် အဲဒါက အစ်ကိုကြီး ဝမ်ဝေ့ရဲ့ အရှိန်အဝါပဲ။ သူ ဒီလောက်ထိ ကြိုးစားတာမျိုး မမြင်ခဲ့ဖူးဘူး။ ရုတ်တရက် အိမ်ရှေ့စံမင်းသားကျီစုန့်အတွက်တောင် အားနာလာပြီ” လီကျွင်းက ပြန်ပြောလိုက်သည်။
“ ဒါက အရှင် လုပ်လိုက်တာပေါ့လေ ဟုတ်လား” သုံ့လီဖန်းက မြေပြင်ပေါ်တွင် ဒူးထောက်ရင်း ပြောလိုက်သည်။ လီကျွင်းက စကားပြောရင်း အားမကုန်ချင်သည့်အတွက် ခေါင်းသာ ညိတ်ပြလိုက်သည်။
သုံ့လီဖန်း၏ မျက်နှာပေါ်တွင် အံ့ဩထိတ်လန့်သော အရိပ်အယောင်မျိုး ရှိနေသည်။ ဝမ်ဝေ့က စွမ်းအားကြီးမှန်း သိသော်လည်း ယနေ့မတိုင်ခင်အထိ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ မသိခဲ့ပေ။
သူ့ စိတ်ခံစားချက်ကြောင့် ယခုကဲ့သို့ အာကာသမြင်ကွင်းကို ဖန်တီးနိုင်ခြင်းက ဒဏ္ဍာရီထဲတွင် ပါဝင်သော နတ်ဘုရားများနှင့် ထာဝရရှင်သန်သူများ၏ စွမ်းအား ဖြစ်သည်။ ထိုအကြောင်းကို စဉ်းစားပြီးနောက် သုံ့လီဖန်း၏ မျက်နှာပေါ်အထက် ညိုးငယ်ဖွယ် အမူအရာတစ်ခု ပေါ်ထွက်လာသည်။
……………
မဟာရှုတိုင်းပြည်၌…
ဖုန်းဟွမ်က မြေပြင်ပေါ်တွင် ဒူးထောက်ကျနေသည့် လက်အောက်ငယ်သားများကို ကြည့်ပြီး ချွေးစေးထွက်နေမိသည်။ သူ တစ်စုံတစ်ခု လုပ်ချင်သော်လည်း သူကိုယ်တိုင်က ပြင်းထန်သော ဖိအားဒဏ်ကို ခံစားနေရသည့်အတွက် မျှော်နန်းဆောင်ထဲသို့ ဝင်သွားကာ အစီအရင်အားလုံးကို အသက်သွင်းလိုက်သည်။
ဖုန်းဟွမ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချပြီးနောက် အော်ခေါ်လိုက်သည်
“ ဆရာ ဘာတွေဖြစ်နေတာလဲ”
ရှစ်ဖူယွီ၏ မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်မှု တစ်ခု ဖြစ်လာသည်။ သူ လက်ယမ်းလိုက်သည့်အခါ ဝမ်ဝေ့နှင့် ကျီစုန့်တို့ တိုက်ခိုက်နေသည့် အသံများ မျှော်နန်းဆောင်ထဲတွင် ထွက်ပေါ်လာသည်။
ထိုအချိန်တွင် မြောက်ပိုင်းချော်ရည်ဒေသ၌ ကျီစုန့်က ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ထွက်လာသော အရှိန်အဝါကို ခံစားမိလိုက်သည့်အတွက် ချက်ချင်းနောက်ဆုတ်လိုက်ပြီးနောက် သူ့ဘေးပတ်လည်ရှိ ဖိအားကို ခါချလိုက်သည်။
ဝမ်ဝေ့ကတော့ ဘာမှမပြောတော့ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ထိုးကြိတ်တော့မည့် အသွင်ယူလိုက်သည်။ သူ့ကြွက်သားများ၏ ကျုံ့ဝင်မှုကြောင့် ပတ်ဝန်းကျင်ရှိ အာကာပြင်က ရုတ်တရက် တုန်လှုပ်လာသည်။ သူက “လေကပ်ဘေး”ဟု အော်ပြီးနောက် လက်သီးဖြင့် ထိုးကြိတ်လိုက်သည်။
ဝုန်း…
ဧရာမပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ပြီးနောက် အနက်ရောင်လေများ တိုက်ခိုက်လာပြီးနောက် လေမုန်တိုင်းများ၊ လေဆင်နှာမောင်းများနှင့် ဟာရီကိန်းများ ဖြစ်ပေါ်သွားစေသည်။ ထို သဘာဝဖြစ်စဉ်များအားလုံးက အရွယ်အစား၊ အမြင့်အားဖြင့် ကီလိုမီတာ ထောင်ချီနေသည်။
ဝမ်ဝေ့၏ လက်သီးချက်က မရေတွက်နိုင်သည့် လျင်မြန်သော လေမုန်တိုင်းများ ဖြစ်ပေါ်သွားစေပြီး အဘက်ဘက်သို့ ပျံ့နှံ့သွားကာ သူတို့၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေပုံပေါ်သည်။
ကျီစုန့်က သူ့ကို အစိတ်စိတ်အမြွာမြွာဖြစ်အောင် ဖျက်ဆီးပစ်ချင်နေသည့် အားပြင်းသည့် ကပ်ဘေးများစွာ၏ ဝန်းရံခြင်းကို ခံထားရသည်။ ထို့ကြောင့် သူ တွေဝေခြင်းမရှိဘဲ လက်ကို ယမ်းကာ ဘေးပတ်လည်တွင် အလွှာတစ်ခုကို ဖန်တီးလိုက်သည်။
သို့သော် ထိုအရာက သာမန်အလွှာ မဟုတ်ဘဲ မြေဆွဲအားကို အပြင်သို့တွန်းထုတ်ကာ အနက်ရောင်လေများ သူ့ကို မထိနိုင်အောင် ကာကွယ်ထားသည်။
ကံမကောင်းစွာဖြင့် ကျီစုန့်၏ မြေဆွဲအားဒိုင်းကာက စက္ကန့်အနည်းငယ်သာ တောင့်ခံနိုင်ခဲ့ပြီး လေဓားသွားများ၏ ပိုင်းဖြတ်ခြင်းကို ခံရပြီးနောက် တိုက်ခိုက်မှုက သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။
ဝုန်း…
နောက်ထပ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ အနက်ရောင်လေများက ပစ်မှတ်ကို ထိတိုက်ပြီးတော့ ရည်ရွယ်ချက်မဲ့စွာ လှည့်လည်သွားလာနေသည်။ မြောက်ပိုင်းဒေသ၏ နယ်မြေအများစုတွင် မရေတွက်နိုင်သော ပိုင်းဖြတ်ရာများ ရှိနေသည်။ တချို့နေရာတွင် အင်မတန်နက်သော ချောက်များ ဖြစ်ကုန်သည်။
တိုက်ခိုက်မှု၏ အလယ်ထဲ ရောက်နေသော ကျီစုန့်က အသက်ရှင်သန်နိုင်ခဲ့သော်လည်း အတော်လေး အခြေအနေဆိုးနေသည်။
ချပ်ဝတ်တန်ဆာ လုံးဝ ပျက်စီးနေပြီး ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရာများစွာ ရှိနေပြီး တချို့ဒဏ်ရာများက အရိုးထိ မြင်နေရသည်။ သို့သော် ထိုအရာက သူ့ ဒဏ်ရာများ၏ အဆိုးဆုံးအပိုင်း မဟုတ်ပေ။
လက်မောင်းတစ်ဖက် ဖြတ်ခံလိုက်ရသည့်အတွက် သွေးများက ရေတံခွန်ကဲ့သို့ ပန်းထွက်နေသည်။ ကျီစုန့်က သွေးထွက်ခြင်း ရပ်တန့်သွားစေရန် မူလချီကို ချက်ချင်း အသုံးပြုလိုက်ပြီး ပါးစပ်ဖြင့် အသက်ရှူသွင်းသည့်ပုံစံ လုပ်လိုက်သည်။
သူက သူ့ကိုယ်သူ ကုစားရန်အတွက် ကမ္ဘာမြေ၏ စွမ်းအင်ကို စုပ်ယူချင်သော်လည်း သူ၏ ခြေလက်များကို ပြန်လည်ကောင်းမွန်စေသည့် အဆင့်သို့ မရောက်ရှိနိုင်ခဲ့ပေ။ ဝမ်ဝေ့ပင် ထိုအဆင့်သို့ မရောက်သေးသလို အရိုးများကို ပြုပြင်မွမ်းမံလို့ မပြီးမချင်း ထိုအဆင့်သို့ မရောက်ရှိနိုင်ပေ။
ထိုအကြောင်းကို နားလည်လိုက်ပြီးနောက် ကျီစုန့်က ချော်ရည်ကို အသုံးပြုပြီး လက်တစ်ဖက် ဖန်တီးလိုက်သည်။ လက်အစစ်လောက် မကောင်းသော်လည်း ယခုအတွက်တော့ အသုံးဝင်သည်။
ယခုအချိန်တွင် ဝမ်ဝေ့က သူ၏ ဒုတိယမြောက် တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။ ယခုတစ်ခေါက် တိုက်ခိုက်မှုကို မိုးကြိုးကပ်ဘေးဟု ခေါ်သည်။
ထိုလက်သီးချက် အပြီးတွင် မိုးကြိုးနှင့် လျှပ်စီးက မြောက်ပိုင်းဒေသကို လွှမ်းခြုံသွားကာ မိုးကြိုးကွင်းပြင်အဖြစ် ပြောင်းလဲလိုက်သည်။
ထိုမိုးကြိုးများအားလုံးတွင် ကျီစုန့်အား ဖျက်ဆီးရန်ဆိုသည့် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ ကောင်းကင်ရှိ တိမ်တိုက်များမှပင် မိုးကြိုးမိုးများ ရွာသွန်းနေသည်။
ကျီစုန့်က မြေပြင်ပေါ်ရှိ ချော်ရည်အားလုံးကို အသုံးပြုကာ ကျောက်တုံးအိမ်အဖြစ် ဖန်တီးလိုက်သည်။ ထို့အပြင် မြေဆွဲအားကွင်းပြင်ကိုပါ အသုံးပြုလိုက်သည်။ သို့သော် မိုးကြိုးက စနောက်နေခြင်း မဟုတ်ပေ။
ထိုအရာက မြေဆွဲအား ကာကွယ်မှုကို ဖျက်ဆီးပြီးနောက် ကမ္ဘာမြေဒိုင်းကာကို ဖျက်ဆီးကာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို ဖျက်ဆီးလိုက်သည်။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး ဖြည်းဖြည်းချင်း လောင်ကျွမ်းလာသည်ကို ခံစားရပြီးနောက် ပြင်းထန်သော နာကျင်မှုကို ခံစားလာရသည်။
အဆုံးသတ်တွင် ကျီစုန့်က တိုက်ခိုက်မှု ရပ်စဲသွားသည်အထိ ကျယ်လောင်စွာ အော်ဟစ်နေသည်။ ထို့နောက် သူ၏ အရေပြားနှင့် ကြွက်သားများက လျှပ်စီးကြောင့် အမဲရောင် ဖြစ်သည်အထိ လောင်ကျွမ်းခံထားရကာ သူ၏ ကျောဘက်နှင့် ရင်ဘတ်တွင် မိုးကြိုးပုံစံ အမာရွတ်များ ကျန်ရှိခဲ့သည်။
ထိုအချိန်တွင် ဝမ်ဝေ့က လွန်ခဲ့သည့် နှစ်အနည်းငယ်က ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းမှ သင်ယူထားခဲ့သော ထို စွမ်းအားကြီး တိုက်ခိုက်မှုနှစ်ခုကို ချီးမွမ်းဖို့ အချိန်ခဏယူလိုက်သည်။
သူ၏ အရေပြားနှင့် ကြွက်သားဖြစ်သော ခန္ဓာကိုယ်က အစိတ်အပိုင်းများကို ကြံ့ခိုင်စေရန် လေနှင့် မိုးကြိုး နှစ်ခုလုံးကို အသုံးပြုခဲ့သည်။ ထိုအရာများက သဘာဝဒြပ်များကို တိုက်ခိုက်မှုပုံစံအဖြစ် ဘယ်လိုအသုံးပြုရမည်ဆိုတာကို ကျမ်းစာထဲတွင် ထည့်ရေးထားသည့် ကျင့်စဉ်များ ဖြစ်ကြသည်။
ယခင်က ဝမ်ဝေ့ ထိုအကြောင်းများကို အပြည့်အဝ မသင်ယူခဲ့ရသေးသော်လည်း ရှုပ်ထွေးပွေလီ အာကာပြင်ထဲတွင် ရှိနေစဉ်အခါက အပြည့်အဝ နားလည်သွားနိုင်ခဲ့သည်။
ထို့နောက် ဝမ်ဝေ့က ကြွက်သားထဲတွင် ရှိနေသော မိုးကြိုးကို အသုံးပြုပြီး အရှိန်ကို မြှင့်တင်လိုက်သည်။ ပေါက်ကွဲမှု ၇ခုနှင့်အတူ အသံအလျင်၏ ခုနစ်ဆသို့ ရောက်ရှိသွားပြီး ကျီစုန့်၏ရှေ့တွင် ထွက်ပေါ်လာကာ သူ့ကို ခေါင်းမှ ဆွဲပြီး လေထဲသို့ ပျံသန်းသွားသည်။
ကျီစုန့်က ဝမ်ဝေ့ကို မြေဆွဲအားလက်သီးဖြင့် ထိုးနှက်လိုက်သော်လည်း ယခုတစ်ခေါက် တိုက်ခိုက်မှုက ဘာအကျိုးသက်ရောက်မှုမှ မရှိပေ။ ဝမ်ဝေ့၏ ပင်ကိုယ်စက်ကွင်းက အရေပြားမှ ကွာကျကာ တိုက်ခိုက်မှုကို တားဆီးသည့် ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုစက်ကွင်း ယခုကဲ့သို့ လုပ်နိုင်သည်ကို ကျီစုန့် မမြင်ခဲ့ဖူးသည့်အတွက် အံ့ဩနေမိသည်။ ထိုအရာက ဝမ်ဝေ့ အရိုက်ခံရပြီးနောက် တိုးတက်လာသော စွမ်းရည်ဖြစ်ကြောင်း သူ သိမည် မဟုတ်ပေ။
သူ ကျရှုံးသွားသော်လည်း ကျီစုန့်က မရပ်တန့်ဘဲ ပင်ကိုယ်စက်ကွင်းကို ဆက်လက်တိုက်ခိုက်နေသည်။ သို့သော် ဘာအကျိုးသက်ရောက်မှုမှ မရှိပေ။ ဝမ်ဝေ့က သူ့ကို ဆွဲပြီး ကောင်းကင်သို့ တက်သွားပြီးနောက် အားအကုန်သုံးကာ မြေပြင်သို့ ပြန်လည်ဆင်းသက်လာသည်။
ဝုန်း…
ဝမ်ဝေ့က ကျီစုန့်ကို အင်မတန်ပြင်းထန်သော အားဖြင့် မြေပြင်ပေါ်သို့ ပစ်ချကာ စွမ်းအားကြီးလှိုင်းများကို ဖြစ်ပေါ်သွားစေသည်။ လှိုင်းက အင်မတန် အားပြင်းသည့်အတွက် မြောက်ပိုင်းဒေသမှာပင် ရပ်တန့်မသွားဘဲ အလယ်ပိုင်းဒေသသို့ ဦးတည်သွားနေသည်။
လှိုင်းသာ ထိုနေရာကို ထိတိုက်မိသွားပါက ရလဒ်အနေဖြင့် မရေတွက်နိုင်သော လူများစွာ သေဆုံးရလိမ့်မည်။ ဝမ်ဝေ့အတွက် ကံကောင်းစွာဖြင့် အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က အချိန်မီ ဝင်ပါပြီး မြောက်ပိုင်းဒေသ ကျော်လွန်သွားခြင်းကို ကာဆီးပေးလိုက်သည်။
ကျီစုန့်က ခန္ဓာကိုယ်ထဲရှိ အရိုးများ ကျိုးသွားသည့်အတွက် ထပ်မံအော်ဟစ်လိုက်သည်။ သူ သွေးများပင် အန်ထွက်သွားသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများပါ ပါလာသည်။ သို့သော် ဝမ်ဝေ့က တိုက်ခိုက်လို့ မပြီးသေးပေ။
သူက ကျီစုန့်ကို မြေပြင်ပေါ်မှ ထူကာ လေထဲသို့ ပစ်လိုက်ပြီးနောက် နောက်ထပ် လက်သီးတစ်ချက်ဖြင့် ထိုးလိုက်သည်။ ယခုတစ်ခေါက် သူက မိုးကြိုးကပ်ဘေးနှင့် နဂါးအာဏာလက်သီးကို ပေါင်းစပ် အသုံးပြုလိုက်သည်။
ထို့ကြောင့် ကီလိုမီတာအနည်းငယ် ရှည်လျားသော စွမ်းအားကြီးသည့် မိုးကြိုးနဂါးက ကိုယ်ထင်ပြလာသည်။ ထိုအရာက အံ့ဖွယ်သားရဲများ၏ ဂုဏ်ကို ယူဆောင်လာပြီး တစ်ချိန်တည်းမှာပဲ မိုးမြေ၏ စွမ်းအားကို ကိုယ်စားပြုနေသည်။
နဂါးက ကျီစုန့်ဆီ တည့်တည့်သွားပြီး သူ၏ ခန္ဓာနှင့် ဝိညာဉ်ကိုသာမက သူ့တည်ရှိမှု၏ အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်နေသည်။
သို့သော် ထိုကဲ့သို့ မလုပ်ရသေးခင် ကျီစုန့်၏ ခန္ဓာကိုယ်မှ ဧရာမပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာကာ သူ့ကို အများကြီး ထိခိုက်ခြင်းမှ ကာကွယ်ပေးလိုက်သည်။
ထို့ကြောင့် သူ မြေပြင်ပေါ်သို့ ပြန်မရောက်ခင် ခြေထောက်တစ်ဖက်သာ နဂါး၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။ ထိုပုံရိပ် ထွက်ပေါ်လာသည့်အခါ ယခင်က ရင်းနှီးဖူးခဲ့သည့်သူ တစ်ယောက်ကဲ့သို့ ရင်းနှီးသော ခံစားချက်ကို ရလိုက်သည့်အတွက် ဝမ်ဝေ့ မျက်မှောင်ကြုတ်လိုက်မိသည်။