← Chapters

ထိပ်သီးတိုက်ပွဲ

Vol. 12 Ch. 164

ထိပ်သီးတိုက်ပွဲ

Vol. 12 Ch. 164

အခန်း (၁၆၄) : ထိပ်သီးတိုက်ပွဲ

ဝမ်ဝေ့က ထွက်ပေါ်လာသော ပုံရိပ်ကို သိသော်လည်း ဘယ်သူဆိုတာ မှတ်မိဖို့ ဝိုးတိုးဝါးတားဖြစ်နေသည့်အတွက် သူ အများကြီး အာရုံစိုက်မထားလိုက်ပေ။ မကြာခင် အဖြေပေါ်လာလိမ့်မည်။

ကျီစုန့် ယခုလက်ရှိတွင် သေခါနီးအခြေအနေ ဖြစ်နေသည်။ ကိုယ်တွင်းအင်္ဂါများ၊ အရိုးများနှင့် ကြွက်သားများ ဖျက်ဆီးခံထားရပြီး ခြေလက်နှစ်ချောင်းလည်း ဖြတ်တောက်ခံထားရကာ ဝိညာဉ်ကလည်း နဂါး၏ စွမ်းအားကြောင့် အကျိုးသက်ရောက်မှုကို ခံစားနေရသည်။

သို့သော် သူ့မျက်နှာက တည်ငြိမ်နေဆဲ ဖြစ်သည်။ အကျဉ်းချုံးပြောရလျှင် သူ့အကြည့်ထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုတို့ ပါဝင်နေသည်။ ထို့ကြောင့် သွေးအရင်းအမြစ်တစ်စက်ကို ထုတ်ရင်း လျှာထိပ်ကို ကိုက်လိုက်သည်။

ထိုအရာကို အကူပစ္စည်းအဖြစ် အသုံးပြုပြီး လျှို့ဝှက်ကျင့်စဉ်ဖြစ်သော သေဆုံးခြင်းကမ္ဘာမြေကို အသက်သွင်းခဲ့သည်။ ထို့နောက် မရေတွက်နိုင်သော အစိမ်းရောင်အလင်းတန်းများက ကျီစုန့်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ အစိတ်အပိုင်းတိုင်းကို ပြင်ဆင်နေသည်။

စက္ကန့်အနည်းငယ်အတွင်း သူ့အရိုးများ ပြန်လည်ထွက်ပေါ်လာကာ နေရာတကျ ပြန်ဖြစ်သွားသည်။ ကိုယ်တွင်းအင်္ဂါအသစ်များနှင့် ကြွက်သားများ ထွက်ပေါ်လာကာ ဖြတ်တောက်ခြင်းခံထားရသော လက်နှင့်ခြေထောက်များပင် ပြန်လည်ထွက်ပေါ်လာပြီး အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

သို့သော် သူ မပျော်ရွှင်ပေ။ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုလိုက်သည့်အတွက် ဆိုးကျိုးကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း သူ သိသည်။ ဒီထက်ပိုပြီး အရေးကြီးသည်က မြောက်ပိုင်းဒေသတစ်ခုလုံး၏ ရှင်သန်မှုကို ကျီစုန့်က စုပ်ယူလိုက်သည်။

ထို့ကြောင့် ယခုအချိန်မှစပြီး မြောက်ပိုင်းနယ်မြေက နှစ်ထောင်ပေါင်းများစွာ သို့မဟုတ် တစ်သက်လုံး ဘာမှ ရှင်သန်မပေါက်ရောက်နိုင်သည့် မြေတစ်ခု ဖြစ်သွားလိမ့်မည်။

ယခုတစ်ခေါက်ကိစ္စက ကျီစုန့် လုပ်ခဲ့သည့် ချော်ရည်များကြောင့် မြေပျက်စီးခြင်းနှင့် မတူညီပေ။ ပူလောင်နေသည့် ချော်ရည်များရှိသော ခက်ခဲသည့် အခြေအနေမှာပင် အပင်များက အသက်ရှင်နိုင်ခဲ့သေးသည်။ အထူးသဖြင့် မီးဓာတ် သို့မဟုတ် လွန်ကဲသော ယန်ဓာတ်ရှိသည့် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နိုင်ပြီး ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် သတ္တုရိုင်းတုံးများကိုပင် ဖန်တီးနိုင်သည်။

သို့သော် ကျီစုန့်၏ လျှို့ဝှက်ကျင့်စဉ်ကြောင့် ယခုကစပြီး ထိုအရာများကို မလုပ်နိုင်တော့ပေ။ မြောက်ပိုင်းဒေသက အနောက်ပိုင်း ကန္တာရထက်ပင် လွင်ပြင်ခေါင်တီး ဖြစ်သွားသည်။

ထိုအပြုအမူကြောင့် ကျီစုန့်က ကောင်းကင်တာအို၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် သူ့မှာ အချိန်မရှိဘူးဆိုတာကို သူ သိသည်။ အကယ်၍ သူ ဤတိုက်ပွဲကို အနိုင်ရခဲ့လျှင်ပင် ဤကမ္ဘာထဲတွင် အချိန်ကြာကြာ နေနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူက အားပြင်းသော တိုက်ခိုက်မှုမလုပ်ခင် အချိန်မဖြုန်းခဲ့ခြင်း ဖြစ်သည်။ လက်ယမ်းလိုက်ပြီး “မြေဆွဲတွန်းအား”ဟု အော်လိုက်သည့်အခါ သူ့ဆီမှ အားပြင်းသော မြေဆွဲအားထွက်လာကာ အဘက်ဘက်ရှိ အရာအားလုံးကို ဖျက်ဆီးလိုက်သည်။

ထိုတိုက်ခိုက်မှုက ကျီစုန့်၏ မြေဆွဲအား ဒိုင်းကာမှ အပြင်ဘက်သို့ ကျယ်ပြန့်သွားခြင်း ဖြစ်ပြီး လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးသွားခြင်း ဖြစ်သည်။

သို့သော် ဝမ်ဝေ့က ထိုတိုက်ခိုက်မှုကို ဂရုမစိုက်ပေ။ ဆံနွယ်က လေထဲတွင် လွင့်မြောနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ နောက်ထပ် လက်သီးတစ်ချက် ဖြိုခွင်းလိုက်သည်။

"နဂါးလေပြင်းကပ်ဘေး”

အင်မတန်ရှည်လျားသော နဂါးနက်က ဝမ်ဝေ့ဆီမှ ထွက်ပေါ်လာကာ ကျီစုန့်ဆီ အရှိန်ဖြင့် ဦးတည်သွားစေသည်။ ထိုနဂါးက သူ၏ တိုက်ခိုက်မှုကို ဖြိုခွင်းပြီး သူ့ဆီ ဦးတည်လာနေသည်။ ကျီစုန့်လည်း ဘေးပတ်လည်ရှိ လေထုကို ဖိကာ လေဖိအားဗုံးတစ်ခု ဖန်တီးပြီး ပေါက်ကွဲစေသည်။

ဝုန်း…

ပေါက်ကွဲမှုကြောင့် မြောက်ပိုင်းဒေသတစ်ခုလုံး တုန်လှုပ်သွားကာ ပေါက်ကွဲမှု၏ တန်ပြန်မှုကြောင့် ကျီစုန့်လည်း လွင့်ထွက်သွားသည်။

အလယ်ဗဟိုမှ မီတာရာကျော်အကွာအဝေးတွင် ကျီစုန့် သွေးအန်သွားသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ပုံမှန်တိုက်ခိုက်မှုများ အလုပ်မဖြစ်သည်ကို သတိထားမိသွားသည့်အတွက် သူ စုစည်းလို့ရသည့် စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ မြောက်ပိုင်းဒေသတစ်ခုလုံး စတင်တုန်ရီလာပြီး မြေပြင်မှ ကွဲထွက်သွားသည်။ ကျီစုန့်က ကမ္ဘာဂြိုလ်အနည်းငယ် ပေါင်းစပ်ထားသကဲ့သို့ ကြီးမားသော မြေဖြစ်သည့် မြောက်ပိုင်းဒေသတစ်ခုလုံးကို မြှောက်ပင့်ထားသည်။

ထို့နောက် သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ ကုန်းမြေက အစိတ်စိတ်အမြွာမြွာဖြစ်သွားပြီး မရေတွက်နိုင်သည့် မီးတောက်ဥက္ကာပျံများ ဖြစ်သွားသည်။

ကျီစုန့်က “ဥက္ကာပျံမိုး”ဟု အော်ဟစ်လိုက်ပြီးနောက် ထိုဥက္ကာပျံများကို ဝမ်ဝေ့ရှိရာဘက်သို့ လွှဲယမ်းလိုက်သည်။ ထိုအရာက သာမန်ဥက္ကာပျံမိုး မဟုတ်ဘဲ ကျီစုန့်က သူတို့၏ အရှိန်ကို မြှင့်တင်ရန် မြေဆွဲအားကို အသုံးပြုလိုက်သည်။

ဝမ်ဝေ့က ခေါင်းမော့ကာ သူ့ဆီဦးတည်လာနေသော အလင်းတန်းများကို စိုက်ကြည့်လိုက်သည်။ ဝမ်ဝေ့က ယခင်က ဥက္ကာပျံမိုးကို မမြင်ဖူးသည့်အတွက် အင်မတန် လှပသောမြင်ကွင်းတစ်ခု ဖြစ်နေသည်။

မြင်ကွင်းကို ရှုစားရန် အချိန်ခဏယူပြီးနောက် ဝမ်ဝေ့က စွမ်းအားအကြီးဆုံးတိုက်ခိုက်မှုကို အသုံးပြုဖို့ ပြင်ဆင်လိုက်သည်။ ထိုတိုက်ခိုက်မှုက သူ ယခုလေးတင် ဖန်တီးလိုက်သည့် ငလျင်လက်သီးကို အဆင့်မြှင့်ထားသည့်ပုံစံ ဖြစ်သည်။

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်မှ တုန်ခါမှုအားလုံးကို စတင်စုစည်းလိုက်သည်။ နျူထရွန်ကြယ်လိုမျိုးလောက် သိပ်သည်းသည့် အရေပြားဖြစ်စေ၊ သန်မာသည့် စိန်ကြွက်သားဖြစ်စေ၊ သံမဏိကဲ့သို့သော အရိုးများဖြစ်စေ အရာအားလုံး အလျင်အမြန် တုန်ခါလာသည်။

သူက ထိုနေရာမှာတင် ရပ်တန့်သွားခြင်း မရှိပေ။ သူ၏ ဘေးပတ်လည်ရှိ ပင်ကိုယ်စက်ကွင်းကလည်း စတင်တုန်ခါလာကာ အရေပြားနှင့် ကြွက်သားထဲရှိ မိုးကြိုးနှင့် လေကလည်း တုန်ခါလာသည်။ သူ၏ ဝိညာဉ်ပင် လျင်မြန်သောနှုန်းဖြင့် တုန်ခါလာသည်။

ထို့နောက် သူက လက်သီးထဲရှိ တုန်ခါမှုအားလုံးကို အာရုံစိုက်ကာ အော်ဟစ်ရင်း လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။

"ကမ္ဘာထိုးခွင်းလက်သီး"

ဝမ်ဝေ့ ထိုလက်သီးချက်ကို ပစ်ခွင်းလိုက်သည့်အချိန်တွင် ကမ္ဘာထဲရှိအရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုအချိန်အတွင်း ငှက်များ၏ သီဆိုသံ၊ ပန်းများ ယိမ်းနွဲ့ခြင်းတို့ ရပ်တန့်သွားပြီး ပိုးကောင်များလည်း တောင်ပံခတ်နိုင်သည့် စွမ်းရည် ဆုံးရှုံးသွားကာ လူများလည်း စကားမပြောတတ်ကြတော့ပေ။

ထို့နောက် ကမ္ဘာတစ်ခုလုံး အလင်းကို ပျောက်ဆုံးကာ အမှောင်ကျသွားသည်။

ထိုအရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ထို့နောက် ကမ္ဘာတစ်ခုလုံး စတင်တုန်လှုပ်လာသည်။ ထိုနေရာက မဟာရှားတည်ရှိသည့် အရှေ့ပိုင်းဒေသဖြစ်စေ၊ မဟာရှုနှင့် မဟာကျိုး တည်ရှိသည့် အလယ်ပိုင်းဒေသဖြစ်စေ အရာအားလုံး တုန်ရီလာသည်။

ထို့နောက် သဘာဝကပ်ဘေးများအားလုံး စတင်လာသည်။ နေရာတိုင်းတွင် ငလျင်လှုပ်ပြီး အရှေ့ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင် ဆူနာမီများ ဖြစ်ပေါ်ကာ မီးတောင်များလည်း ပေါက်ကွဲပြီး အလယ်ပိုင်းဒေသတစ်ခွင်တွင် လေဆင်နှာမောင်းနှင့် လေမုန်တိုင်းများ တိုက်ခတ်လာသည်။ တစ်ချိန်တည်းမှာပဲ အနောက်ပိုင်းကန္တာရ၌ သဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည်။

မြောက်ပိုင်းဒေသ၏ ကျန်ရှိသောနေရာတစ်လျှောက်တွင် အာကာပြင် အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာသည်။ ထိုကပ်ဘေးများကြောင့် လူအများစု အသတ်ခံရတော့မည် ဖြစ်သည်။

ထိုအချိန်တွင် အဆုံးမဲ့လေဟာနယ်ထဲ၌ အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်နှင့် ကျီဟန်တို့က ထိုအရာကို မြင်ပြီး မျက်နှာထား ချက်ချင်း ပြောင်းလဲသွားကာ ဖြစ်သင့်သည့်အရာကို လုပ်ဆောင်လိုက်ကြတော့သည်။

သူတို့ လက်ယမ်းလိုက်သည့်အခါ တိုက်ပွဲတိုင်းပြည် ကမ္ဘာငယ်တစ်ခုလုံးနှင့် အထဲရှိ လူများက လက်တစ်ဆုပ်စာ ဘောလုံးအဖြစ်သို့ ကျုံ့ဝင်သွားပြီး နောက်ထပ်တစ်ခါ လက်ယမ်းလိုက်သည့်အခါ ကမ္ဘာငယ်ဖြစ်သည့် သလင်းကျောက်အကြည်ရောင် ဘောလုံး၏ ဘေးပတ်လည်တွင် မရေတွက်နိုင်သော အက္ခရာများ ပေါ်ထွက်လာသည်။

ထိုကဲ့သို့ ပြုလုပ်ပြီးနောက် ကမ္ဘာငယ်ထဲတွင် ပျံ့နှံ့နေသော သဘာဝကပ်ဘေးများအားလုံးကို လျှော့ချကာ ထိုနေရာတွင် နေထိုင်သူများ၏ အသက်ကို ကယ်တင်လိုက်နိုင်သည်။

ယန်းချန်က စိတ်သက်သာရာရစွာ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်

“ သခင်လေးရဲ့ တိုက်ခိုက်မှုက ကမ္ဘာဦးဝိညာဉ်နယ်ပယ်အဆင့် ဖျက်ဆီးခြင်းအဆင့်ထိ ရောက်သွားတယ်ဆိုတာ မယုံနိုင်ဘူး။ အစတုန်းက ကျုပ်တို့ ဒီကမ္ဘာကို ထိပ်သီး အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်ရဲ့ တိုက်ခိုက်မှုတွေ ခံနိုင်အောင် လုပ်ပေးထားပေမဲ့ ကြည့်ရတာ လုံလောက်မှု မရှိဘူးထင်တယ်”

ယန်းချန်က စကားပြောရင်း ပျော်ရွှင်နေစဉ် ကျီဟန်က သူ့ဘက်ကလူက ထိုတိုက်ခိုက်မှုကို ခံရသည့်သူ ဖြစ်နေသည့်အတွက် မျက်နှာ မသာမယာဖြစ်နေသည်။

တိုက်ပွဲဆီ ပြန်သွားလိုက်ရအောင်

ဝမ်ဝေ့မှ ကောင်းကင်သွေဖယ် လက်သီးဖြင့် ပစ်ခွင်းလိုက်သည့်အခါ ကျီစုန့် တိုက်ခိုက်လိုက်သည့် ဥက္ကာပျံမိုးကို လုံးဝ ရှင်းထုတ်ပြီးသား ဖြစ်သွားသည်။ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုကြောင့် ဖုန်မှုန့်တစ်မှုန့်ပင် ကျန်မနေခဲ့ပေ။

လုံးဝ သုတ်သင်ခံလိုက်ရသည်က ထိုအရာများတင် မဟုတ်ပေ။ ဝမ်ဝေ့၏ ဘေးပတ်လည်ရှိ အာကာပြင်ပင် အများစု ဖျက်ဆီးခံလိုက်ရပြီး မြောက်ပိုင်းဒေသတွင် ရှုပ်ထွေးပွေလီ အာကာပြင်စွမ်းရည် ပြည့်နေသော လေဟာနယ်တစ်ခုကို ဖန်တီးလိုက်သည်။

ပုံမှန်အားဖြင့် လေဟာနယ်ပြိုကွဲခြင်း နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများသာလျှင် အာကာပြင်ကို ဖြိုခွဲနိုင်သည်။ သို့သော် ဝမ်ဝေ့၏ တိုက်ခိုက်မှုက ဤကမ္ဘာ၏ ခံနိုင်စွမ်းကို ကျော်လွန်သွားသည့်အတွက် အာကာပြင် ကွဲအက်သွားရခြင်း ဖြစ်သည်။

ကျီစုန့်ကတော့ တစ်နည်းနည်းဖြင့် အသက်ရှင်နိုင်နေသေးသည်။ တိုက်ခိုက်မှု သူ့ကို မထိခင် တူညီသော ပုံရိပ်ယောင်က သူ့ကို ကာကွယ်ပေးလိုက်သည်။ ယခုတစ်ခေါက်တွင် ထိုအရာက ဘာလဲဆိုတာ ဝမ်ဝေ့ မြင်လိုက်နိုင်သည်။

“ နန်းစွန့်မင်းသား ကျီရှန့်လား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး အံ့ဩထိတ်လန့်စွာဖြင့် ပြောလိုက်သည်

“ ဓမ္မခန္ဓာတဲ့လား”

သူ အံ့ဩသွားရသည့် အကြောင်းအရင်းက မင်းသားကျီစုန့်ကို ကာကွယ်ရန် ထွက်ပေါ်လာသည့် ပုံရိပ်ယောင်က အထွတ်အထိပ် နယ်ပယ်အဆင့်၏ ဓမ္မခန္ဓာတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

မိနစ်အနည်းငယ် စဉ်းစားပြီးနောက် ဝမ်ဝေ့က ကိစ္စများ၏ အဓိကအကြောင်းအရာကို ခန့်မှန်းမိလာသည်။ စိတ်ဝိညာဉ်ခရီးလမ်းတွင် ပျက်စီးသွားခဲ့သော ကျီစုန့်၏ အုတ်မြစ်ကို ကုစားပေးရန် အစစ်အမှန်အုပ်ချုပ်သူ ကျီရှန့်က လျှို့ဝှက်ကျင့်စဉ်သုံးကာ သူ့ကိုယ်သူ စတေးခဲ့ကြောင်း ခန့်မှန်းမိလိုက်သည်။

ထိုအရာက အဖြစ်အပျက်ပြီးသွားပြီးနောက် ကျီရှန့် ဘယ်တော့မှ မထွက်ပေါ်လာရသည်နှင့် အလယ်ပိုင်းကုန်းမြေတွင် အထွတ်အထိပ် နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် သေဆုံးခြင်းကို ပြသသည့် အမြင်အာရုံတစ်ခု ပေါ်ထွက်လာသည့်အကြောင်း၏ သက်သေပြမှု တစ်ခု ဖြစ်သည်။

ထိုအချိန်တွင် လူအများစုအပြင် တာအိုအခွင့်အလမ်းဂိုဏ်း၏ အရိပ်ကပါ စုံစမ်းစစ်ဆေးခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပေ။ သို့သော် သေဆုံးသွားသော အထွတ်အထိပ်ရှင်က မဟာကျိုးတော်ဝင်တိုင်းပြည်နှင့် သက်ဆိုင်နေကြောင်း နတ်ဘုရားအသိစိတ်က ထုတ်ဖော်ပြသသွားသည်။

ထိုဓမ္မခန္ဓာကို ကျီစုန့်ပေါ်တွင် မြင်ပြီးနောက် ဝမ်ဝေ့က ရုတ်တရက် ခန့်မှန်းနိုင်သွားသည်။

ကျီရှန့်၏ လျှို့ဝှက်ကျင့်စဉ်က ကျီစုန့်၏ အုတ်မြစ်ကို ပြင်ဆင်ပေးပြီး တိုးတက်သွားစေရုံသာမက သူ့ကို ဓမ္မခန္ဓာ ရသွားစေသည့်အတွက် ကျီစုန့်ဆီ ပြီးပြည့်စုံသော တာအို ပေးအပ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် သူ အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားသည့်အခါ ပြိုင်ဘက်ကင်းဖြစ်သည့် ဓမ္မခန္ဓာ နှစ်ခုကို ရရှိသွားလိမ့်မည်။

ထိုအရာများကို စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် လေဟာနယ်ထဲတွင် မြောနေသည့် ကျီစုန့်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်သည်။

သူက ဆိုးရွားသည့်ပုံစံ ဖြစ်နေသည်။ ခြေလက်သုံးဖက် လုံးဝ မရှိတော့ဘဲ ဘယ်ဖက် ခြေထောက်တစ်ချောင်းသာ ကျန်တော့သည်။ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများက လုံးဝ အရည်ဖြစ်နေပြီး ဦးခေါင်းခွံနှင့် အရေပြားအိတ်သာ ကျန်ရှိပြီး လေထဲတွင် မြောနေသည်။

သေချာတွက်ချက်လိုက်လျှင် သူ သေရမည် ဖြစ်သော်လည်း စွမ်းအားတစ်ခုက သူ၏ ဦးခေါင်းနှင့် ဝိညာဉ်ကို ကာကွယ်ပေးကာ သူ အသက်ဆက်ရှူနိုင်ရန် စွမ်းအားကြီးာ အသက်စွမ်းအားတစ်ခုကို ထောက်ပံ့ထားသည်။

ဝမ်ဝေ့က ဦးတည်ရာတစ်ဖက်ကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်

“ ခင်ဗျား ဒီမှာ ရှိတယ်ဆိုတာ သိတယ် ထွက်လာခဲ့ပါ”

ခဏအကြာတွင် ဝမ်ဝေ့နှင့် သိပ်မဝေးသည့်နေရာ၌ အရိပ်တစ်ခု ထွက်ပေါ်လာသည်။

All Chapters