အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်
Vol. 12 Ch. 166
အခန်း (၁၆၆) : အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်
တိုက်ပွဲတိုင်းပြည်ကမ္ဘာ၏ မဟာရှားတိုင်းပြည်၌…
ဝမ်ဝေ့က ဒဏ်ရာများအား ကုသရန်နှင့် ခံနိုင်ရည် ပိုမိုကောင်းမွန်လာစေရန် ကျင့်ကြံရေးအခန်းထဲတွင် ရက်အနည်းငယ် အချိန်ကုန်ဆုံးခဲ့သည်။ ဝမ်ဝေ့က အလကားသက်သက် အချိန်ဖြုန်းနေခြင်းမျိုး မဟုတ်ဘဲ ဤတိုက်ပွဲတွင် သူ ဘာတွေသင်ယူနိုင်ခဲ့လဲဆိုတာကို ပြန်လည်စဉ်းစားနေသည်။
ထို့နောက် သူ့အခန်းထဲမှ ထွက်လာသည့်အချိန်တွင် သုံ့လီဖန်းက အခန်း၏ အပြင်တွင် သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူမ စောင့်နေတာ အတော်လေးကြာနေသည့်ပုံပေါ်သည်။
“ မင်း ဒီမှာ ဘာလုပ်နေတာလဲ” သူက သူမကို မေးမြန်းလိုက်သည်။
“ ကျွန်မက အရှင့်အတွက် စိတ်ပူလို့ပါ”
ထိုစကားကို ကြားပြီးသွားသည့်အခါ ဝမ်ဝေ့က သူမကို စေ့စေ့စိုက်ကြည့်ပြီးနောက် လက်ဖက်ရည်ကြမ်း အတူတူသောက်ရန် ဖိတ်ခေါ်လိုက်သည်။
ဝမ်ဝေ့က လက်ဖက်ရည်ကြမ်း ကျိုချက်ကာ သောက်သုံးပြီးနောက် တည့်တိုးပြောလိုက်သည်
“ မင်းက ငါ့အပေါ် ခံစားချက်တွေ ရှိနေတယ်ဆိုတာကို ငါ ခံစားကြည့်လို့ရပါတယ်။ ဒါပေမဲ့ ငါတို့ ပထမဆုံး တွေ့တုန်းက မင်းကို ပြောထားတဲ့ စကားက အမှန်ပါပဲ”
သုံ့လီဖန်းက ထိုစကားကို ကြားပြီးနောက် တိုးလျသောအသံဖြင့် မေးလိုက်သည်
“ ကျွန်မက အဆင့်နိမ့်လို့လားဟင်။ ကျွန်မက အားနည်းလို့ မုန်းပြီးတော့ အရှင်နဲ့ မထိုက်တန်ဘူးလို့ ထင်လို့လား”
ဝမ်ဝေ့က ထိုမေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းယမ်းကာ ပြောလိုက်သည်
“ ငါက လူတစ်ယောက်ကို သူတို့ရဲ့နောက်ခံကိုကြည့်ပြီး မဆုံးဖြတ်တတ်ဘူး။ ပြီးတော့ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် မင်း ငါတို့ရဲ့ ကမ္ဘာကို ရောက်လာတာနဲ့ မင်းကို အမွေခံအဖြစ် ဆက်ခံစေချင်တဲ့ စွမ်းအားကြီး ဂိုဏ်းတွေ အများကြီး ရှိလိမ့်မယ်။ ဒါဆိုရင် မင်းရဲ့ အဆင့်က ငါနဲ့အတူတူပဲ ဖြစ်သွားပြီလေ။
ပြီးတော့ မြင့်မားတဲ့ရာထူးနဲ့ များပြားတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် မင်းရဲ့ ခွန်အားက အဆမတန် တိုးတက်လာလိမ့်မယ်”
“ နိမ့်ကျတဲ့ မွေးဖွားလာမှုကြောင့် မဟုတ်ဘူးဆိုရင် ကျွန်မက မလှလို့လားဟင်” သုံ့လီဖန်းက ခေါင်းငုံ့ထားရင်း မေးလိုက်သည်။
“ ငါက အပေါ်ယံတွေကို အဲလောက် မကြည့်ပါဘူး” ဝမ်ဝေ့က သက်ပြင်းချရင်း ပြောလိုက်သည်။
“ အမှန်တော့ ကံကြမ္မာအရ ဖူးစာပါတဲ့သူက တစ်နေရာရာမှာ စောင့်နေတယ်လို့ ယုံကြည်တယ်”
“ တာအိုမှာ ကိုယ့်ကံကြမ္မာနဲ့ အသင်္ချေကမ္ဘာနဲ့ မျိုးနွယ်တွေရဲ့ ကံကြမ္မာကို ထိန်းချုပ်တဲ့ စွမ်းရည်ပါတဲ့ သူဆီကနေ ဒီလိုကြားရတယ်ဆိုတာ တစ်မျိုးတော့ ဖြစ်ပေမဲ့ အချစ်နဲ့ ပတ်သက်လာရင်တော့ ကံကြမ္မာဆိုတာကို ယုံကြည်ပါသေးတယ်”
“ ငါ အဲဒီလူနဲ့ ပထမဆုံးအကြိမ် တွေ့လိုက်ရုံနဲ့ သူမက ငါ့အတွက်ဖြစ်ပြီး ငါတို့အချင်းချင်း သက်ဆိုင်တယ်ဆိုတာ ချက်ချင်း သိသွားလိမ့်မယ်လို့ ယုံကြည်တယ်။ အဲလိုအချစ်မျိုးက အပေါ်ယံပဲဖြစ်တယ်လို့ အားလုံးက ပြောနေကြပေမဲ့ ငါကတော့ ယုံကြည်နေတုန်းပဲ။
သူမနဲ့ ငါက တစ်သက်လုံးအတူတူ ရှိသွားပြီးတော့ သူမက တာအိုအဆုံးသတ်ကို ရောက်သွားတဲ့နေရာမှာ သူမလည်း အတူတူ ရှိနေလိမ့်မယ်လို့ ယုံကြည်တယ်။ ငါ့ရဲ့ ဇနီးအနေနဲ့တင် မဟုတ်ဘဲ တန်းတူ လက်တွဲဖော်၊ အမှန်တရားကို ရှာဖွေသူ ဖြစ်နေမှာ”
ထိုစကားကို ပြောပြီးနောက် တစ်စုံတစ်ယောက်၏ မျက်နှာက သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ဝမ်ဝေ့၏ မမေ့နိုင်သော မှတ်ဉာဏ်ဖြင့်ပင် မျက်နှာက အတော်လေး ဝေဝါးနေသော်လည်း သူတို့ တကယ်တွေ့ကြသည့်အခါ ထိုလူကို ချက်ချင်း မှတ်မိနိုင်လောက်မည့် ခံစားချက်မျိုး ရနေသည်။
သုံ့လီဖန်းက ဝမ်ဝေ့ကို ဒီလိုပုံစံဖြင့် မမြင်ဖူးသည့်အတွက် သူပြောသည့် စကားလုံးများကို ကြားပြီး အံ့ဩနေမိသည်။ သူက စွမ်းအားကြီးပြီး သန်မာကာ ဘယ်အရာမှ သူ့ကို မနှောင့်ယှက်နိုင်ဘဲ ပြဿနာတိုင်းအတွက် ဖြေရှင်းချက်ရှိနေသည့် ခံစားချက်မျိုးကို ပေးသည်။
ထိုအကြောင်းကို စဉ်းစားမိပြီး သူမက သက်ပြင်းချကာ ပြောလိုက်သည်
“ ဟုတ်ပါပြီ အဲဒီအမျိုးသမီးက ဘယ်သူပဲဖြစ်ဖြစ် အရှင်ရဲ့ မြတ်နိုးမှုကို ရတယ်ဆိုတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး အမျိုးသမီးပဲ ဖြစ်လိမ့်မယ်”
“ ကံကောင်းတဲ့သူက ငါပါ” ဝမ်ဝေ့က ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် တိတ်ဆိတ်စွာဖြင့် လက်ဖက်ရည်ကြမ်း သောက်နေကြသည်။ အဆုံးသတ်တွင် သုံ့လီဖန်း ထသွားတော့မည်ကို ဝမ်ဝေ့က နောက်ဆုံးတစ်ခေါက် သူမကို တားလိုက်ကာ ပြောလိုက်သည်
“ မင်းက ကျင့်ကြံခြင်းနဲ့ တာအိုရရှိအောင် လုပ်တဲ့နေရာမှာ အရမ်းစိတ်အားထက်သန်ပြီး ရည်မှန်းချက် ကြီးမားတယ်လို့ မြင်တယ်။ အဲဒါကြောင့် မင်းကို အကြံတစ်ခုလောက် ပေးပါရစေ။
မင်း ကျင့်ကြံရေးလမ်းကြောင်းမှာ တကယ် ဝေးဝေးသွားချင်တယ်ဆိုရင် ဘယ်သူ့ကိုမှ မင်းရဲ့တန်ဖိုးကို သတ်မှတ်ခွင့် မပေးနဲ့။ အဲဒါက ပတ်ဝန်းကျင်ရဲ့ ဓလေ့ထုံးတမ်းဖြစ်စေ၊ မင်းရဲ့ မူလဇစ်မြစ် ဖြစ်စေ၊ မိုးမြေဖြစ်စေ နောက်ဆုံး ငါ ဖြစ်နေရင်တောင်မှ လုပ်ခွင့်မပေးနဲ့။
မင်း ဘာနဲ့ထိုက်တန်လဲ၊ မင်းက ဘာတွေတတ်နိုင်လဲနဲ့ ဘယ်လောက်အမြင့်ထိ ရောက်နိုင်လဲဆိုတာကို မင်းတစ်ယောက်တည်းပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် …”
ထိုစကားလုံးများ၏ အရေးကြီးမှုကို သတိထားမိသွားသည့်အတွက် သုံ့လီဖန်း၏ အကြည့်တို့ လင်းလက်သွားသည်။ သူမ ထိုအရာများကို မှတ်သားဖို့ ကြိုးစားလိုက်ပြီး အချိန်ရှိလျှင် တရားထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမက ဝမ်ဝေ့ကို ရိုသေစွာ နှုတ်ဆက်ပြီး မြန်ဆန်စွာဖြင့် ထွက်သွားသည်။
သုံ့လီဖန်းနှင့် ဆွေးနွေးမှုပြီးသွားသည့်အခါ ဝမ်ဝေ့က တိုင်းပြည်၏ ပြဿနာများကို ဖြေရှင်းရန် သွားလိုက်သည်။ သူ၏ ပိုင်နက်က အဆများစွာ ကျယ်ပြန့်သွားသည့်အတွက် ဖြေရှင်းရမည့်ကိစ္စများစွာ ရှိနေသေးသည်။
ထိုအချိန်တွင် မဟာရှုတိုင်းပြည်၌ ဖုန်းဟွမ်လည်း ကျီစုန့်နှင့် ဝမ်ဝေ့တို့ကြားက တိုက်ပွဲကို ကြည့်လို့ပြီးသွားသည်။ အစက သူ ထိတ်လန့်သွားသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။
သို့သော် သူ့ဆရာ တစ်ချိန်လုံး နေသားမကျဖြစ်နေသည်ကို သတိထားမိသည့်အတွက် အကြောင်းအရင်းကို မေးမြန်းလိုက်သည်။
“ တပည့် မင်း ဒုက္ခရောက်နေပြီလို့ ထင်တယ်” ရှစ်ဖူယွီက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“ ဆရာ ဘာကိုဆိုလိုချင်တာလဲ”
စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်
“ ဒီဝမ်ဝေ့က မင်းတို့ဂိုဏ်းဘိုးဘေးရဲ့ ငယ်ရွယ်တဲ့ ပုံစံကို အမှတ်ရစေတယ်”
"အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်လား"
“ ဟုတ်တယ်”
“ ဆရာက အဲဒီတုန်းက အသက်ရှင်ခဲ့တယ်ဆိုတော့ ဘိုးဘေးက ဘယ်လိုလူမျိုး ဖြစ်ခဲ့တာလဲဟင်။ ဂိုဏ်းထဲမှာ သူနဲ့ ပတ်သက်ပြီးတော့ မှတ်တမ်းတွေ အများကြီး မရှိဘူး”
ခဏတာစဉ်းစားပြီးနောက် ရှစ်ဖူယွီက မေးလိုက်သည်
“ မင်း သိတာကို ပြောကြည့်ပါဦး”
“ ကျွန်တော် သိထားတာက ဘိုးဘေးရဲ့ နာမည်အရင်းက လီထိုက်ရွှမ်း ဖြစ်တာရယ်၊ တာအိုကို သက်သေပြပြီးတော့ အကြွင်းမဲ့စတင်ခြင်းဆိုတဲ့ နာမည်ကို ရယူခဲ့တာ။ သူက ယုံကြည်မှုခေတ်ကို အဆုံးသတ်ပေးလိုက်တဲ့အတွက် အကျော်ကြားဆုံးပဲ”
ရှစ်ဖူယွီက ခေါင်းညိတ်ပြီးမှ ဆက်ပြောလိုက်သည်
“ ကိစ္စတွေက မင်း ပြောသလိုမျိုး မရိုးရှင်းဘူး။ ယုံကြည်မှုခေတ်တုန်းက ဗုဒ္ဓဘာသာက ကမ္ဘာတစ်ခွင်လုံးကို အထွတ်အထိပ်အထိ အုပ်စိုးခဲ့တယ်။ ယုံကြည်မှုစွမ်းအားကို စုပ်ယူတဲ့ ကျင့်စဉ်ကြောင့် ဗုဒ္ဓကျင့်ကြံသူအများစုရဲ့ ကျင့်ကြံနှုန်းက ပိုပြီးမြန်နေခဲ့တာ။ သူတို့က တချို့လူတွေထက် ပိုခွန်အားကြီးပြီးတော့ အဲဒီခေတ်ရဲ့ ကောင်းကင်ရွေးချယ်ခံများနဲ့ပါ ယှဉ်လို့ ရနိုင်တယ်”
“ အဲဒီအချိန်တုန်းက တာအိုအခွင့်အလမ်းဂိုဏ်းတောင် ယုံကြည်မှုခေတ်နှောင်းပိုင်းမှာ မဟာဧကရာဇ်သုံးယောက်ပဲ ရှိသေးတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် ဂိုဏ်းအမျိုးမျိုးနဲ့ အယူအဆ အမျိုးမျိုး ရှိပေမဲ့လည်း အပြင်လူတွေနဲ့ ရင်ဆိုင်တဲ့အခါကျ သူတို့က စည်းလုံးတယ်။ အဲဒီအချိန်တုန်းက ဗုဒ္ဓဘာသာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ တစ်ခုတည်းသော အုပ်စုက ကောင်းကင်မျိုးနွယ် ဒါမှမဟုတ် နတ်ဘုရားမျိုးနွယ်ပဲ”
“ နတ်ဘုရားမျိုးနွယ်တဲ့လား။ အံ့ဖွယ်တာအိုအဖွဲ့အစည်းရဲ့ အံ့ဖွယ်အဖွဲ့အစည်းကို ပြောချင်တာလား” ဖုန်းဟွမ်က ကောင်းကင်မျိုးနွယ် သို့မဟုတ် နတ်ဘုရားမျိုးနွယ်ကို မကြားဖူးသည့်အတွက် စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်နေသည်။
သူ့တပည့်၏ မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးသော အကြည့်ကို မြင်ပြီးနောက် ရှစ်ဖူယွီက သက်ပြင်းချရင်း ခေါင်းယမ်းကာ ပြောလိုက်သည်
“ မဟုတ်ဘူး သူတို့က မတူညီဘူး။ အံ့ဖွယ်မျိုးနွယ်တွေက ကောင်းကင်မျိုးနွယ်ကနေ မျိုးရိုးကို အမွေဆက်ခံဖို့ အကြံရခဲ့တာ”
“ကောင်းကင်မျိုးနွယ်က များသောအားဖြင့် မိုးကြိုး၊ မီး၊ ရေ၊ မြေ စတဲ့ ရုပ်ပိုင်းဆိုင်ရာကိုယ်ထင်ပြမှုတွေပဲ။ အဲဒါကြောင့် သူတို့ကို မိုးကြိုးနတ်ဘုရား၊ မီးနတ်ဘုရား စသည်ဖြင့် ခေါ်ကြတာလေ”
“ အဲဒါက ဝိညာဉ်မျိုးနွယ် မဟုတ်ဘူးလား”
သို့သော် ရှစ်ဖူယွီက ခေါင်းယမ်းရင်း ပြောလိုက်သည်
“ ဒါပေမဲ့ ကွဲပြားနေသေးတယ်။ နတ်ဘုရားမျိုးနွယ်ဆိုတာက မရေတွက်နိုင်တဲ့ သေမျိုးတွေနဲ့ ကျင့်ကြံသူတွေက သီးသန့်အယူအဆတစ်ခုဖြစ်တဲ့ မီးဆီမှာ ဆုတောင်းပြီး မီးကို နတ်ဘုရားအဖြစ် ကိုးကွယ်ရင်း ဖြစ်ပေါ်လာတာ။ အဲဒီလူတွေအားလုံးဆီမှာ လည်ပတ်နေတဲ့ ယုံကြည်မှုစွမ်းအားက ဆုတောင်းသူတွေ နတ်ဘုရားမျိုးနွယ်ကို ပေးကမ်းတဲ့ ဆုတောင်းမှုတွေအကုန်လုံး ပါဝင်နေပြီး စိတ်ကူးမယဉ်နိုင်တဲ့ စွမ်းအား ပါဝင်နေတဲ့ သက်ရှိကို ဖန်တီးလိုက်တာ”
“ ဝိညာဉ်မျိုးနွယ်ကကျတော့ ရှည်လျားတဲ့ အချိန်တစ်လျှောက် မိုးမြေကနေ သူတို့ဘာသာသူတို့ မွေးဖွားလာပြီးတော့ များပြားတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုကြတယ်။ ပြီးတော့ ဝိညာဉ်မျိုးနွယ်အနေနဲ့ ဖြည်းဖြည်းချင်း ကျင့်ကြံရပေမဲ့ ကောင်းကင်မျိုးနွယ်က လွန်ကဲတဲ့ စွမ်းအားတွေနဲ့ မွေးဖွားလာတာ။ အားအနည်းဆုံးလူတောင် ကမ္ဘာဦးဝိညာဉ်နယ်ပယ်အဆင့် ရှိတယ်။ တချို့ဆိုရင် အထွတ်အထိပ် နယ်ပယ် ကျင့်ကြံဆင့်နဲ့ မွေးဖွားလာကြတယ်”
ဖုန်းဟွမ်က ထိုနှစ်ခုကြားမှ ကွာခြားချက်ကို နားလည်သွားသည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။ ဝိညာဉ်မျိုးနွယ်ဆိုသည်မှာ နတ်ဆိုးသားရဲများ လူသားအဖြစ်သို့ ပြောင်းလဲကာ သူတို့ကိုယ်သူတို့ နတ်ဆိုးမျိုးနွယ်စု ခေါ်ဝေါ်ခြင်းမျိုးနှင့် တူသည်။
သို့သော် ဝိညာဉ်မျိုးနွယ်မှာ များသောအားဖြင့် အာရုံခံစားမှုရှိသော အပင်များ၊ ကျောက်တုံးများ သို့မဟုတ် လက်နက်များ ဖြစ်ပြီး လူသားခန္ဓာကိုယ်အဖြစ်သို့ ပုံပြောင်းထားကြခြင်း ဖြစ်သည်။ ဖုန်းဟွမ် သိထားသလောက်ဆိုလျှင် သူတို့တစ်ယောက်ချင်းစီက သူတို့ကိုယ်သူတို့ နတ်ဆိုးမျိုးနွယ်ဟု အသိအမှတ်ပြုရန် ငြင်းဆန်နေသည့်အတွက် အတူတူ ရောနှောပြီး ဝိညာဉ်မျိုးနွယ်ကို ဖန်တီးလိုက်ခြင်း ဖြစ်ပေသည်။
သူ့တပည့် နားလည်သွားသည်ကို မြင်ပြီးနောက် ရှစ်ဖူယွီက ဆက်ပြောလိုက်သည်
“ ကောင်းကင်မျိုးနွယ်က အစတုန်းက ဗုဒ္ဓဘာသာနဲ့ ပြိုင်ဆိုင်နိုင်ခဲ့တယ်။ ဘာလို့လဲဆိုတာ အဲဒါက သူတို့အတွက် တခြားကျင့်ကြံသူတွေထက်ပိုပြီးတော့ ယုံကြည်မှုစွမ်းအားကို စုပ်ယူဖို့ ပိုပြီး လွယ်ကူခဲ့တယ်။”
“ အစတုန်းက ဟုတ်လား”
“ ဟုတ်တယ်။ ဗုဒ္ဓဂိုဏ်းက သူတို့ရာထူးကို ခြိမ်းခြောက်ဖို့ လုံးဝ ခွင့်မပြုဘူး။ အဲဒါကြောင့် ကောင်းကင်မျိုးနွယ်ရဲ့ စွမ်းအားကို လျော့ကျသွားစေမဲ့ အကြံကို စဉ်းစားခဲ့တယ်။ မင်း နတ်ဘုရားအမည်စာရင်းကို သိတယ်မဟုတ်လား”
“ သိတယ်” ဖုန်းဟွမ်က ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်သည်။
“ အဲဒါက ငါတို့ အသုံးပြုတဲ့ နည်းလမ်းပဲလေ။ နတ်ဘုရားဆိုတဲ့ ရာထူးကို လူသားကျင့်ကြံသူတွေဆီ အပ်နှင်းပြီးတော့ ကောင်းကင်မျိုးနွယ်ရဲ့ စွမ်းအားကို ခွဲယူလို့ရခဲ့တာပဲ”
“ ဘယ်လိုမျိုး ခွဲခြမ်းတာလဲ”
“ ဥပမာအရဆိုရင် လူသားတစ်ယောက်က မီးနတ်ဘုရား ရာထူးကို ရသွားတယ်ပဲ ထားပါတော့။ လူတွေက မီးနတ်ဘုရားဆီမှာ ဆုတောင်းကြတဲ့အခါ ယုံကြည်မှုစွမ်းအားက ဘယ်သူ့ဆီ ရောက်သွားမလဲ။ ကောင်းကင်မျိုးနွယ် မီးနတ်ဘုရားဆီလား ဒါမှမဟုတ် မီးနတ်ဘုရား ရာထူးရထားတဲ့ လူသားမျိုးနွယ်ဆီလား”
ထိုအရာက ကောင်းကင်မျိုးနွယ်၏ စွမ်းအားကို လှုပ်နှိုးရန် အကောင်းဆုံးနည်းလမ်းဖြစ်သည့်အတွက် ဖုန်းဟွမ်၏ အကြည့်တို့ တောက်ပသွားသည်။ ထို့နောက် သူ မေးလိုက်သည်
“ ဆရာ ပြောတာသာ အမှန်ဆိုရင် တခြားဂိုဏ်းတွေက ဘာလို့ ယုံကြည်မှုကို အသုံးမပြုတာလဲ။ ကျွန်တော်က ဘာလို့ ကောင်းကင်မျိုးနွယ်ကို မကြားဖူးရတာလဲ”