အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်
Vol. 12 Ch. 168
အခန်း (၁၆၈) : အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်
“တစ်ကမ္ဘာနိဗာန အစီအစဉ် ဟုတ်လား။ အဲဒါက ဘာလဲဟင်” ဖုန်းဟွမ်က မေးလိုက်သည်။
“ နာမည်အတိုင်းပဲလေ။ အဲဒါက ဗုဒ္ဓကျင့်ကြံသူတွေအားလုံးကို သူတို့အသိစိတ်တွေ ပေါင်းစည်းခြင်းနဲ့ နိဗ္ဗာန်ရောက်စေတဲ့ အစီအစဉ်တစ်ခုပေါ့ … တစ်သီးတစ်ကမ္ဘာအဆင့်ကို ရောက်စေတာမျိုး … ”
“ ကြားရတာတော့ တကယ်ကို ကောင်းတဲ့ အကြံပါပဲ။ ဗုဒ္ဓဘာသာရဲ့ ပျက်သုဉ်းမှုက ဘာကြောင့် ဖြစ်သွားရတာလဲ”
“ အဲဒါက တကယ်ကို ကောင်းမွန်တဲ့ အကြံဖြစ်သလို အောင်မြင်နိုင်ချေ မြင့်မားတဲ့ အကြံဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့ အဓိက ပြဿနာသုံးခု ရှိနေတယ်။ ပထမဆုံးတစ်ခုက အဲလိုမျိုး အားကောင်းတဲ့ အသိစိတ်ကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ စွမ်းအင်၊ ဒုတိယတစ်ခုက အဲလိုမျိုး စွမ်းအားပမာဏအများကြီးကို လက်ခံနိုင်မဲ့ ခေါင်းဆောင်နဲ့ နောက်ဆုံးတစ်ခုက ကောင်းကင်တာအိုက အဲလိုမျိုး ဖြစ်ခွင့် ပြု၊ မပြုဆိုတာ ရှိသေးတယ်လေ”
“ ဗုဒ္ဓဂိုဏ်းထဲမှာ စွမ်းအားကြီး မဟာဧကရာဇ်တစ်ပါး မွေးဖွားလာတာနဲ့ ခေါင်းဆောင်ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ တခြားပြဿနာနှစ်ခုအတွက် ယုံကြည်မှုစွမ်းအားဆိုတဲ့ တူညီတဲ့ အဖြေ ရှိတယ်”
“ယုံကြည်မှုစွမ်းအားသာ လုံလောက်တယ်ဆိုရင် ဒီအစီအစဉ် အောင်မြင်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင်က လုံလောက်တာထက် ပိုတယ်။ ကောင်းကင်တာအိုနဲ့ ပတ်သက်တဲ့ ကိစ္စကကျတော့ နိဗ္ဗာန်ကို ရောက်ရှိသွားတာက သက်ရှိအားလုံးရဲ့ ယုံကြည်မှုဖြစ်သလို ဆန္ဒလည်း ဖြစ်တာကြောင့် ကောင်းကင်တာအိုက ဝင်ပြီး စွက်ဖက်မှာမဟုတ်ဘူးလို့ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ကြတယ်”
“ သက်ရှိအားလုံးဟုတ်လား…. ဆိုလိုချင်တာက…” ဖုန်းဟွမ်က မေးလိုက်သည်။
“ ဟုတ်တယ် ဗုဒ္ဓဂိုဏ်းရဲ့ အကြံအစည်က အသင်္ချေအလွှာကမ္ဘာတစ်ခုလုံးကို အုပ်စိုးပြီးတော့ တစ်ကမ္ဘာလုံးကနေ ယုံကြည်မှုကို စုစည်းဖို့ပဲ”
ဖုန်းဟွမ်က ပါးစပ်အဟောင်းသားဖြင့် သူ့ဆရာကို ကြည့်လိုက်သည်။ အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးက ကျယ်ပြန့်ပြီး စွမ်းအားကြီသည့်အတွက် လူသားဧကရာဇ်အပြင် နတ်ဆိုးခေတ်တွင်သာ တစ်ခါထပ်ပြီး အုပ်စိုးနိုင်ခဲ့သည်။
ရှစ်ဖူယွီက သူ့တပည့် စဉ်းစားနေသည်ကို ရိပ်မိပြီး ပြောလိုက်သည်
“ ဟုတ်တယ် … ဗုဒ္ဓဂိုဏ်း ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်ချင်ပေမဲ့ မဟာချင်တော်ဝင်တိုင်းပြည်ကိုပဲ အုပ်ချုပ်ခဲ့ရတယ်”
သူ့ကိုယ်သူ စိတ်ထိန်းရင်း ပြောလိုက်သည်
“ သူတို့ မအောင်မြင်းလိုက်ဘူးမလား ”
“ ဒီထက်ပိုပြီးဆိုးတာက အစီအစဉ်ကို စတောင်မစရသေးဘူး။ ပျက်စီးသွားတာ ”
“ ဘယ်လိုဖြစ်သွားတာလဲ”
“ ကမ္ဘာရဲ့ ကျင့်ကြံသူတွေက လူသားဧကရာဇ်လိုမျိုး ကမ္ဘာကို အုပ်စိုးဖို့ တခြားတစ်ယောက်ကို ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ ဗုဒ္ဓဂိုဏ်းက သိတဲ့အတွက် သူတို့က အဲဒီအကြံအစည်ကို ထိပ်သီးလျှို့ဝှက်ချက်အနေနဲ့ ထားထားတာ။
သူတို့ စွမ်းအားကြီး မဟာဧကရာဇ်တစ်ပါးကို မွေးထုတ်ပြီးမှ အကြံအစည်ကို အကောင်ထည်ဖော်ဖို့ စဉ်းစားထားတာ။ ကံမကောင်းစွာနဲ့ အစီအစဉ်က ပေါက်ကြားသွားတယ်”
“ ပေါက်ကြားသွားတယ်ဟုတ်လား။ ဘယ်လိုမျိုးလဲ” ဖုန်းဟွမ်က မေးလိုက်သည်။
“ အဲဒီနေရာမှာ မင်းရဲ့ ဘိုးဘေး ပါဝင်လာခဲ့တာပဲ”
ရှစ်ဖူယွီက စက္ကန့်အနည်းငယ်လောက် ရပ်ပြီးမှ ဆက်ပြောလိုက်သည်
“ ရှေးဟောင်းဧကရာဇ်ခေတ်တုန်းက တာအိုဘာသာနဲ့ ဗုဒ္ဓဘာသာက တကယ့်ပြိုင်ဘက်တွေ ဖြစ်ပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာရဲ့ အများလက်ခံယုံကြည်ထားတဲ့ ဘာသာဆိုတဲ့ နာမည်ကို ရဖို့ တိုက်ခိုက်ခဲ့ကြတယ်”
“ အဲဒီအချိန်တုန်းက ဓာတ်ငါးပါးနန်းတော်က တာအိုဘာသာရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ ထိုက်ယီနက်နဲမုခ်ဆိုတာကိုတောင် မဖန်တီးရသေးဘူး။ ဒါပေမဲ့ ယုံကြည်မှုခေတ်ပြီးသွားတော့ ဓာတ်ငါးပါးနန်းတော်က မျိုးဆက်အဆက်ဆက် တောင်တွေကို ပိတ်ပစ်လိုက်တဲ့အထိ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ဖိနှိပ်မှုအောက် ကျရောက်ခဲ့တယ်။ သူတို့က ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအတွက် တိုက်ခိုက်မယ်ဆိုပြီး ဆုံးဖြတ်ပြီးတဲ့နောက်မှသာ ထွက်လာကြတာ ”
“ အဲဒါကြောင့် ယုံကြည်မှုခေတ်မှာ ဓာတ်ငါးပါးနန်းတော် မရှိတော့ ထိုက်ယီနက်နဲမုခ်က အတော်လေး လုံ့လစိုက်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့က မဟာဧကရာဇ် မရှိတဲ့အတွက် ဧကရာဇ်မျိုးရိုးလို့ သတ်မှတ်လို့ မရဘဲ ထာဝရနယ်မြေလို့ပဲ သတ်မှတ်လို့ရတယ်”
“ထာဝရနယ်မြေ ဟုတ်လား” ဖုန်းဟွမ်က ကြားဖြတ်ပြောလိုက်သည်။
“ သူတို့က အထွတ်အထိပ်နယ်မြေတွေထက် ပိုပြီး စွမ်းအားကြီးပေမဲ့ ဧကရာဇ်မျိုးရိုးထက်တော့ ပိုပြီး အားနည်းတယ်ဆိုတဲ့အကြောင်း သိထားရမယ်။ မင်း အနာဂတ်မှာ ပိုပြီး စွမ်းအားကြီးလာတဲ့အခါ အဲဒီအချက်အလက်ကို ပိုပြီး နားလည်လာလိမ့်မယ်” ရှစ်ဖူယွီက ပြောလိုက်သည့်အတွက် သူ ခေါင်းညိတ်ပြလိုက်သည်။
“ မင်းရဲ့ဘိုးဘေးက တစ်ကမ္ဘာနိဗာနအစီအစဉ်ကို ကောင်းကင်မျိုးနွယ်ဆီက သတင်းရခဲ့တာ”
“ကောင်းကင်မျိုးနွယ်က ဘယ်လိုလုပ်ပြီးတော့ ထိပ်တန်းလျှို့ဝှက်ချက်ကို သိသွားရတာလဲ။ သတင်းထွက်သွားတာကိုရော ဒီအတိုင်း ထားလိုက်တာလား”
ရှစ်ဖူယွီက သက်ပြင်းချပြီး ဆက်ပြောလိုက်သည်
“ အကြံအစည်ဖြစ်လာဖို့အတွက် ယုံကြည်မှု ပမာဏအများကြီး လိုအပ်တယ်။ ကောင်းကင်မျိုးနွယ်ကလည်း ယုံကြည်မှုစွမ်းအားကနေ မွေးဖွားလာတာဆိုတော့ သူတို့က ဒါကို လုပ်ဆောင်ဖို့ အပြီးပြည့်စုံဆုံး အထောက်အပံ့တွေပဲ။ ပြီးတော့ ဗုဒ္ဓဂိုဏ်းက အကြံအစည်ကို အောင်မြင်အောင် မလုပ်ခင် မဟာမိတ်တွေ လိုချင်ခဲ့တာ”
“ အဲဒီအကြံအစည်နဲ့ဆိုရင် ကောင်းကင်မျိုးနွယ်လည်း ယုံကြည်မှုစွမ်းအား ပမာဏအများကြီးကို ရသွားလိမ့်မယ်။ အဲဒါဆိုရင် သူတို့မျိုးနွယ်ရဲ့ လူဦးရေနည်းပါးတဲ့ ပြဿနာကို ဖြေရှင်းသွားနိုင်လိမ့်မယ်။ အဲဒါကြောင့် သူတို့က ပြီးပြည့်စုံတဲ့ တွဲဖက်တွေ ဖြစ်ခဲ့တာလေ”
“ မင်းရဲ့ ဘိုးဘေးနဲ့ ကောင်းကင်မျိုးနွယ်ကြားထဲက တိကျတဲ့ ဆက်နွယ်မှုကို ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ အကြံအစည်အကြောင်းကို သိသွားပြီးတော့ သူက ဗုဒ္ဓဘာသာကို ဆန့်ကျင်ဖို့အတွက် ကျင့်ကြံသူတွေအားလုံးကို တိတ်တဆိတ် စုရုံးခဲ့တယ်”
ခဏတာရပ်တန့်ပြီးနောက် ရှစ်ဖူယွီက ပြောလိုက်သည်
“ မင်းရဲ့ဘိုးဘေးက အရမ်းဉာဏ်များပြီး ကောင်းကင်သွေဖယ်နေတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူ့ခေတ်တုန်းက ထင်ထင်ပေါ်ပေါ် မနေတော့ သူ့ရဲ့ ဂုဏ်သတင်းလည်း သိပ်ပြီး မကျော်ကြားခဲ့ဘူး။ သူ စွမ်းအားကြီးတယ်လို့ လူတိုင်းက သိကြပေမဲ့ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကိုတော့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင်အထိ ဘယ်သူမှ မသိခဲ့ကြဘူး”
“ အဲဒီတိုက်ပွဲမှာ ဗုဒ္ဓဂိုဏ်းက ကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးဖို့ သူတို့ရဲ့ အရင်းအမြစ်တွေအကုန်လုံးကို စုစည်းလိုက်တယ်။ ကမ္ဘာတွေမှာ ပျံ့နှံ့နေတဲ့ ဂိုဏ်းတစ်ခုလုံးရဲ့ ယုံကြည်မှု စွမ်းအားကို အသုံးပြုပြီးတော့ ဗုဒ္ဓရွှေခန္ဓာကို ဖန်တီးခဲ့တယ်”
“ ရွှေရောင်ခန္ဓာ ပြီးပြည့်စုံသွားတဲ့နေ့ကို မှတ်မိနေတုန်းပဲ။ ဗုဒ္ဓအလင်းတန်းတွေက အသင်္ချေအင်ပါယာတစ်ခုလုံးရဲ့ ကုန်းမြေတွေအားလုံးကို ရောင်စုံကြာပန်းတွေနဲ့ ဖုံးလွှမ်းသွားစေတယ်။ ငါတို့ရှိနေတဲ့ ကမ္ဘာတစ်ခုလုံးမှာလည်း အသင်္ချေကမ္ဘာတွေက လူတွေရဲ့ ရွတ်ဖတ်သံတွေ ပဲ့တင်ထပ်နေတယ်။ တကယ်ကို ခမ်းနားတဲ့ မြင်ကွင်းတစ်ခု ဖြစ်ခဲ့တာပေါ့”
“ ကံမကောင်းစွာနဲ့ အဲဒါက အသုံးမဝင်ခဲ့ပါဘူး” ရှစ်ဖူယွီက သက်ပြင်းချရင်း ပြောလိုက်သည်။
“ ဘိုးဘေးကြောင့်လား”
“ ဟုတ်တယ် လီထိုက်ရွှမ်းကြောင့်ပဲ။ အဲဒီခေတ်ရဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ သူက ဗုဒ္ဓဂိုဏ်းရဲ့ ကောင်းကင်ရွေးချယ်ခံတွေ အားလုံးအပြင် ဗုဒ္ဓရွှေခန္ဓာ ရှိတဲ့တစ်ယောက်ကိုပါ တစ်ယောက်တည်းနဲ့ ရင်ဆိုင်သတ်ဖြတ်ခဲ့တာလေ”
“ရွှေခန္ဓာရဲ့ ပိုင်ရှင်က သူ့ ခွန်အားတိုးတက်နိုင်ဖို့အတွက် ကောင်းကင်ရွေးချယ်ခံတွေအားလုံးရဲ့ အသက်ကိုတောင် စတေးခဲ့သေးတယ်။ သူက မျှော်လင့်ချက်ရဲ့ ရုပ်လုံးဖော်တဲ့အရာဖြစ်ပြီးတော့ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးတွေရဲ့ ဆန္ဒဆိုလည်း ဟုတ်သလို ခေတ်တစ်ခုလုံးရဲ့ ရည်မှန်းချက်ဆိုလည်း ဟုတ်တယ်”
“ ဒါပေမဲ့ သူက လီထိုက်ရွှမ်းရဲ့ ဓားလက်ချက်ကြောင့် ကျရှုံးခဲ့ရလို့ အချည်းနှီးပါပဲ။ ပြီးတော့ မင်းရဲ့ ဘိုးဘေးက တာအိုကို သက်သေပြပြီးတော့ အကြွင်းမဲ့စတင်ခြင်းဆိုတဲ့ နာမည်ကို ယူခဲ့တာပဲ”
ရှစ်ဖူယွီက ထိုနေရာထိ ပြောပြီးနောက် ခဏရပ်တန့်ကာ နောက်ပစ်ထားသည့် လက်ကို တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဆက်ပြောလိုက်သည်
“ ကိစ္စတွေ ပြီးဆုံးသွားပြီလို့ မင်း ထင်နေလား။ မဟုတ်သေးဘူး…အခုမှ အစပဲ ရှိသေးတယ်”
“ တာအိုကို သက်သေပြပြီးတော့ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က သူ့ရဲ့ ရက်စက်တဲ့ ဘက်ခြမ်းကို ချပြခဲ့တယ်။ သူက အရင်ကဆက်သွယ်ခဲ့တဲ့ ဂိုဏ်းအားလုံးကို စုစည်းပြီးတော့ ဗုဒ္ဓဘာသာကိုဆန့်ကျင်တဲ့ တိုက်ပွဲတစ်ခုဆင်နွှဲဖို့ အကြောင်းပြချက်အနေနဲ့ တစ်ကမ္ဘာနိဗာနအစီအစဉ်ကို အသုံးပြုခဲ့တယ်”
“ ပြီးတော့ သူက သနားညှာတာမှု ကင်းမဲ့တယ်။ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က ယုံကြည်မှုစွမ်းအားကို အတော်လေး မုန်းနေပုံရတယ်။ အဲဒါကြောင့် ဗုဒ္ဓဘာသာကို လုံးဝအမြစ်ပြတ်သုတ်သင်ရှင်းလင်းဖို့ လုပ်ခဲ့ပြီးတော့ သူလည်း အောင်မြင်သွားခဲ့တယ်”
“ သူက အသင်္ချေအင်ပါယာကမ္ဘာထဲမှာ ရှိတဲ့ ဗုဒ္ဓဂိုဏ်းတွေအားလုံးကို ဖျက်ဆီးပစ်ပြီးတော့ မရေတွက်နိုင်တဲ့ ဧကရာဇ်မျိုးရိုးကိုလည်း အလွတ်မပေးခဲ့ဘူး။ ကောင်းကင်မျိုးနွယ်က သူ့ကို အများကြီး အထောက်အပံ့ ပေးခဲ့ပေမဲ့လည်း သူ ချမ်းသာမပေးခဲ့ဘူး”
“ ဗုဒ္ဓဂိုဏ်းအတွက်တော့ သူတို့ ဘယ်လိုနည်းလမ်းမျိုးပဲ သုံးသုံး အသုံးမဝင်ဘူးလေ”
“ အဲဒီအချိန်တုန်းက ထာဝရအရှင်တွေနဲ့ တာအိုဘိုးဘေးတွေ အများကြီး အသတ်ခံခဲ့ရတာ။ အရင်က မဟာဧကရာဇ်တွေ ကျန်ရှိခဲ့တဲ့ ပုံရိပ်တွေလည်း အများကြီး ထွက်ပေါ်လာပေမဲ့ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်ကိုတော့ မယှဉ်နိုင်ကြဘူးလေ”
“ အနောက်ပိုင်းသန့်စင် ကောင်းချီးနယ်မြေကိုတောင် မချန်ဘဲ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က ဖျက်ဆီးလိုက်တယ်။ အဲဒီအချိန်တုန်းက ကောင်းချီးနယ်မြေက ဧရာမကမ္ဘာအဖြစ် ပြောင်းလဲနေပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာလိုမျိုး ကောင်းကင်အလိုဆန္ဒကမ္ဘာလို အရွယ်အစားဖြစ်လာဖို့ နည်းနည်းပဲ လိုတော့တာ”
ဖုန်းဟွမ်က သူ့ဂိုဏ်းမှ ဘိုးဘေး၏ စွန့်စားခန်းများအကြောင်းကို နားထောင်ရင်း အကြည့်များ တောက်ပနေသည်။ ရှစ်ဖူယွီက နောက်ဘက်သို့ ပစ်ထားသော လက်တွင် သွေးကြောများပင် ထင်းနေသော်လည်း ဆက်ပြောနေသည်
“ အဲဒါက အဆုံးသတ်လို့ ထင်လား။ မဟုတ်သေးဘူးနော် … အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က တကယ်ကို အညှာတာကင်းမဲ့တယ်။ သူ့ရဲ့ ကိုယ်ပိုင်တာအိုကို အသုံးပြုပြီးတော့ ဗုဒ္ဓဘာသာရဲ့ စတင်မှုကိုပါ ဖြတ်တောက်လိုက်တာ။ ဆိုလိုချင်တာက သူက သူတို့ရဲ့ မူလဇစ်မြစ်ကို ကမ္ဘာကနေ ဖျက်ပစ်လိုက်တာပဲ။ ဒါဆိုရင် တပည့် သူတို့ရဲ့ စတင်ခြင်းကို ဖျက်ခံလိုက်ရတဲ့ တစ်စုံတစ်ယောက်က ဘာဖြစ်သွားမယ်လို့ထင်လဲ”
“ သူတို့ တည်ရှိဖို့ တားမြစ်ခံရလိမ့်မယ်။ စတင်မှုမရှိရင် အသက်လည်းမရှိသလို အဆုံးသတ်ဆိုတာလည်း မရှိဘူးလေ” ဖုန်းဟွမ်က စက္ကန့်အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ မှန်တယ်။ အဲဒီလိုနဲ့ ဗုဒ္ဓဘာသာရဲ့ သမိုင်းက တည်ရှိမှုကနေ ဖျက်ခံလိုက်ရတယ်။ သူတို့ရဲ့ ဗဟုသုတ၊ အတွေးအခေါ်၊ သူတို့ရဲ့ ကျင့်စဉ်၊ သူတို့ရဲ့အောင်မြင်မှုနဲ့ သူတို့ရဲ့ အမှတ်တရတွေ အားလုံးကိုပေါ့။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အရာအားလုံး ပျောက်ကွယ်သွားတယ်”
“ အဲဒါကြောင့် ဒီခေတ်မှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ ဘာမှမသိကြတော့တာပဲ”
ဖုန်းဟွမ်က အထိတ်တလန့်ဖြင့် တစ်စုံတစ်ခုကို အမြန်မေးမြန်းလိုက်သည်
“ နေပါဦး ဆရာပြောတာသာ အမှန်ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ အခုခေတ်မှာ ဘာသတင်းမှ မရှိသင့်တော့ဘူး မဟုတ်လား။ အခုကျ ဘာလို့ သူတို့နဲ့ ပတ်သက်ပြီးတော့ သတင်းတွေ ကြားနေရသေးတာလဲ။
ပြီးတော့ အနောက်ပိုင်းသန့်စင် ကောင်းချီနယ်မြေကိုလည်း အခုထိ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားသေးတယ်လေ။ ကျော်ကြားတဲ့ ဗုဒ္ဓဧကရာဇ်ကျမ်း (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဗုဒ္ဓစာလိပ်)နဲ့ ပတ်သက်ပြီးတော့ ကောလဟာလတွေ ရှိနေတဲ့ အကြောင်းကိုတော့ ထည့်ပြောစရာတောင် မလိုတော့ဘူး”
“ အဲလိုရှိနေရတဲ့ အကြောင်းအရင်းက ဗုဒ္ဓဂိုဏ်းရဲ့ နောက်ဆုံးနားခိုရာမလို့လေ။ သူတို့မဖျက်ဆီးခင် နောက်ဆုံးအချိန်မှာ စုဆောင်းထားတဲ့ ဗောဓိသစ်ပင်အစေ့ကနေ တစ်ဆင့် မေတ္တယျဗုဒ္ဓမယ်တောင်ထံမှာ စတေးကြတယ်။ ရည်ရွယ်ချက်က ဗုဒ္ဓဘာသာအတွက် အနာဂတ်ရှိစေချင်လို့လေ။ ပြီးတော့ သူတို့လည်း ကောင်းမွန်တဲ့ အဖြေကို ရရှိခဲ့တယ်”
“ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ် ဒေါသထွက်ပြီးတော့ အနောက်ပိုင်းသန့်စင် ကောင်းချီးနယ်မြေရဲ့ အကြွင်းအကျန်တွေအားလုံးကို ဖျက်ဆီးပစ်ဖို့ သွားပေမဲ့ သူ ကျရှုံးသွားခဲ့တယ်။ သူက မေတ္တယျဗုဒ္ဓ မယ်တော်ရဲ့ ဆန္ဒနဲ့အတူ ကောင်းကင်ဖြိုခွင်းတိုက်ပွဲကို ဆင်နွှဲခဲ့ပြီးတော့ ဒဏ်ရာအကြီးအကျယ်ရပြီး ရှုံးနိမ့်သွားတယ်”
“ ဟင်… ဘိုးဘေးက တကယ်ရှုံးသွားတာလား” ဖုန်းဟွမ်က အံ့ဩသွားသောအကြည့်ဖြင့် ကြည့်ရင်း မေးလိုက်သည်။
“ ဟုတ်တယ် အဲဒါက သူ့ဘဝမှာ တစ်ခုတည်းသော ကျရှုံးမှုပဲ။ အဲဒါကြောင့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းအနည်းငယ်နဲ့ အမွေအနှစ်အနည်းငယ်က ရှင်သန်လာနိုင်ခဲ့တာ”
ဖုန်းဟွမ်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြပြီးနောက် မေးလိုက်သည်
“ ဒါပေမဲ့ဆရာ အဲဒါက ဝမ်ဝေ့နဲ့ ဘာဆိုင်လို့လဲဟင်”
“ မင်းကို မေးပါဦးမယ်။ မင်းက မဟာဧကရာဇ်တွေအကြောင်းကို အများကြီး ဖတ်ထားတာဆိုတော့ သူတို့အများစုက အကြွင်းမဲ့စတင်ခြင်းဧကရာဇ်လိုပဲလို့ မင်းထင်လား”
“ မထင်ဘူး။ မဟာဧကရာဇ်အများစုက သူ့ရဲ့ သမိုင်းကြောင်းအောက်ခြေမှာ မှတ်စုထားသွားကြတယ်။ ကျွန်တော်ရဲ့ ဘိုးဘေးဆီမှာကျတော့ လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်။ သူတို့အားလုံးကလည်း ငယ်ငယ်လေးနဲ့ အရမ်းထိတ်လန့်ဖို့ကောင်းတဲ့ အရည်အချင်းတွေကို ပြသခဲ့ကြတယ်။ နေပါဦး … ဆရာပြောတာက ဝမ်ဝေ့ကို မြင်ရင် ကျွန်တော်ရဲ့ဘိုးဘေးကို သတိရစေတယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား”
ရှစ်ဖူယွီက ခေါင်းညိတ်ပြပြီး ဆက်ပြောလိုက်သည်
“ ခွန်အားဖြစ်စေ၊ ဆန္ဒဖြစ်စေ၊ ဉာဏ်ပညာဖြစ်စေ၊ အရည်အချင်းဖြစ်စေ ဒီဝမ်ဝေ့က အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်ကို လုံးဝ သတိရသွားစေတယ်။ ကြည့်ရတာက သူ့ရဲ့တာအိုက ပိုပြီးတော့ ကြောက်စရာကောင်းမယ်ထင်တယ်”
ရှစ်ဖူယွီက သူ့တပည့်အား အမှန်တရားအားလုံးကို ပြောမပြခဲ့ပေ။ သူက ဝမ်ဝေ့ကို အနည်းငယ် ကြောက်ရွံ့မိသည်။ နောက်ဆုံးတိုက်ကွက်ဖြစ်သည့် ကမ္ဘာထိုးခွင်းလက်သီးတွင် သူက ဝမ်ဝေ့ဆီမှ ကြောက်စရာကောင်းသော လှုပ်ခတ်မှုကို ရုတ်တရက် ခံစားလိုက်မိသည်။
ထိုကဲ့သို့သော လှုပ်ခတ်မှုကို မေတ္တယျဗုဒ္ဓမယ်တော်၏ ဆန္ဒနှင့် အကြွင်းမဲ့စတင်ခြင်းဧကရာဇ်တို့ တိုက်ခိုက်စဉ်က သူမဆီမှ ခံစားခဲ့ရသော လှုပ်ခတ်မှုမျိုး ဖြစ်သည်။ ဝမ်ဝေ့တွင် သူကိုယ်တိုင်ပင် မသိသော ကြောက်စရာကောင်းသည့် လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ကို သူ သိလိုက်သည်။
ဖုန်းဟွမ်က စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်
“ ဆရာ ဘာဆက်လုပ်ကြမလဲဟင်”
“ အဲဒီမေးခွန်းကို မင်းဘာသာမင်း ပြန်မေးသင့်တယ်”
“ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မူလအစီအစဉ်အတိုင်း ဆက်လုပ်ရအောင်” ဖုန်းဟွမ်က မိနစ်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။