ပြောင်မြောက်လွန်းသည့် လှုပ်ရှားမှု
Vol. 13 Ch. 169
အခန်း(၁၆၉) : ပြောင်မြောက်လွန်းသည့် လှုပ်ရှားမှု
မဟာရှားတိုင်းပြည်အတွင်း ဝမ်ဝေ့က စာရွက်အပုံလိုက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ယခင်ရက်ပိုင်းအတွင်း သူက စာရွက်စာတမ်းများ ကိစ္စကြောင့် စိတ်အခြေအနေမကောင်းပေ။
ကျီစုန့်နှင့် တိုက်ပွဲကို အနိုင်ရရှိပြီးနောက် ကျယ်ဝန်းလှသည့် မဟာကျိုးပိုင်နက်က သူ့အပိုင် ဖြစ်လာလေပြီ။ သို့သော်လည်း ကိစ္စများ အခြေကျစေပြီး သူတို့အား မဟာရှားနှင့် သက်ဆိုင်ကြောင်း ခံစားချက်ရစေဖို့ အချိန်တစ်ချို့ ယူရပေဦးမည်။
ရလဒ်အနေနှင့် သူ့ပိုင်နက်တစ်လျှောက် ပုန်ကန်မှုများစွာ ဖြစ်လာခဲ့သောကြောင့် သူက ထိုပုန်ကန်သူများအား နှိမ်နင်းရန် စစ်တပ်အင်အားကို စေလွှတ်နေရသည်။
အကယ်၍ ယခင်လိုသာဖြစ်လျှင် ဝမ်ဝေ့က ထိုအခြေအနေကို ရင်ဆိုင်ဖို့ ရက်စက်မှုအနည်းဆုံး နည်းလမ်းကို ရွေးချယ်မည် ဖြစ်သော်လည်း ယခုစစ်ဆေးမှု အချိန် ပြီးဆုံးခါနီးပြီ ဖြစ်၍ သူ့တွင် ကောင်းကောင်းဆော့ပေးနေဖို့ အချိန်မရတော့ပေ။
ဝမ်ဝေ့က စစ်ဆေးမှု၏ နောက်ဆုံးအောင်မြင်သူ ဖြစ်သော်လည်း သူ့ပြိုင်ဘက်များက သူတို့ကျရှုံးမှုမှ မြန်မြန် အားဖြည့်ကာ သဘာဝလွန်နယ်ပယ်အဆင့်ကို မြန်မြန် တက်လှမ်းကြမည်မှန်း သိနေသည်။
အကယ်၍ သူသာ ဒီကမ္ဘာ၌ ဆက်လက် အချိန်ဖြုန်းနေလျှင် နောက်တွင် ကျန်နေခဲ့လိမ့်မည်။ ထို့ကြောင့် သူ့အစီအစဉ်များကို ငါးနှစ်အတွင်း အပြီးသတ်၍ ကမ္ဘာမှ ထွက်သွားဖို့ ဆုံးဖြတ်ထားသည်။
တိုင်းပြည်ရေးရာ တစ်ခုတည်းကြောင့် ဝမ်ဝေ့၏ စိတ်အခြေအနေဆိုးနေခြင်း မဟုတ်ပေ။ ယန်းလီလင်းက သူ့ကို ကူညီဖို့ ငြင်းထား၍ ဖြစ်သည်။
သူမ ပြောစကားအရ သူ့လုံရွယ်အဖန်ရည်ကြမ်း နှပ်နည်းအား သူမမနှင့် ဝေမျှမပေး၍ စိတ်ဆိုးနေသည်ဟု ဆိုခဲ့သည်။ ထိုအရာကို ကြားပြီး ဝမ်ဝေ့က လီကျွင်းကိုသာ ပါးစပ်မလုံသည်အတွက် အပြစ်တင်လိုက်၏။
သူ့လက်တွဲဖော်ထက် သူ့အစ်ကိုကို ဦးစားပေးရမှာလေ … ငါတို့က သေးခံအတူတူဝတ်ပြီး ကြီးပျင်းလာတာပဲကို …ပါးစပ်လေး လုံပေးလို့ မရဘူးလား
ဝမ်ဝေ့က အံ့ကြိတ်ရင်း သက်ပြင်းချလိုက်သည်။ နောက်ဆုံးဖြေရှင်းချက်အနေနှင့် သူက သုံ့လီဖန်းကိုသာ အကူအညီတောင်းရတော့သည်။ ထို့ကြောင့် သူက မျက်နှာပူမိ၏။
ပြောရလျှင် သူက ထိုကောင်မလေးကို ငြင်းထားခဲ့ပြီး ယခု သူ့အတွက် အလုပ်လုပ်ပေးဖို့ တောင်းဆိုနေလေသည်။ ဝမ်ဝေ့က အလုပ်သမားတွေကို ခေါင်းပုံဖြတ်သည့် အရင်းရှင်တစ်ယောက်လို ခံစားနေရသည်။ သို့သော်လည်း သူမက ဘာမှမငြီးတွားဘဲ ကူပေးသည်ကို မြင်ကာ သူမက အလုပ်ကို တကယ်သဘောကျကြောင်း သူ့ဘာသာ ယုံလိုက်ပြီး အပြစ်ရှိစိတ်ကို ပယ်ဖျောက်လိုက်သည်။
တစ်ရက် နဂါးပလ္လင်ခန်းတွင် သူတို့ အလုပ်လုပ်နေရင်း တစ်ယောက်က အထဲဝင်လာကာ သီးသန့်ဧည့်သည်တော်တစ်ယောက် လာရောက်တွေ့ဆုံကြောင်း အကြောင်းလာကြားသည်။
ရောက်လာသူက မဟာရှုတိုင်းပြည်၏ ခေါင်းဆောင် ဖုန်းဟွမ် ဖြစ်နေလေသည်။
ဝမ်ဝေ့က ထိုလူသည် သူနှင့် တွေ့ဖို့ ဘာကြောင့်ရောက်လာမှန်း မစဉ်းစားတတ်ပေ။ သို့သော်လည်း သူက ဂရုမစိုက်ပေ။ မည်သူကမှ သူ ဒီကမ္ဘာအုပ်စိုးမည့်အစီအစဉ်အား မတားဆီးနိုင်ပေ။ ထို့ကြောင့် မဟာရှုတိုင်းပြည်သည် နောက်ဆုံးထွက်သက်တွင် ဖြစ်ပြီး သူ မအုပ်စိုးခင် အချိန်တစ်ခုမျှသာ လိုအပ်လေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဖုန်းဟွမ်က နဂါးပလ္လင်ခန်းထဲ ရောက်လာကာ လက်နှစ်ဖက်ယှက်လိုက်ပြီး ဝမ်ဝေ့အား နှုတ်ဆက်လိုက်သည်။
သို့သော်လည်း ညီလာခံမှ အမတ်တစ်ယောက်က အော်ပြောလိုက်သည် “ရဲတင်းလိုက်တာ … အရှင့်ကို ကောင်းကောင်း ဂါရဝမပြုဘူးပေါ့လေ”
သို့သော် ဝမ်ဝေ့က ဖုန်းဟွမ်သည် သူ့ကို မဟာရှား အုပ်ချုပ်သူအနေနှင့် မဟုတ်ဘဲ တာအိုအခွင့်အလမ်းဂိုဏ်း၏ အမွေခံသားတော်အဖြစ် ဆက်ဆံနေမှန်း ညွှန်ပြနေသည့် အပြုအမူကို သုံးသွားမှန်း သိ၍ ထိုလူအား လက်ဝေ့ပြလိုက်သည်။
တကယ်တော့ သူက ထုံးတမ်းများအား ဂရုမစိုက်ပေ။ လူတစ်ယောက်က လိုအပ်သော လေးစားမှုကို ပြသသရွေ့ အားလုံး အဆင်ပြေလေသည်။
ထို့ကြောင့် ဝမ်ဝေ့က ထိုက်ယီနက်နဲမုခ်မှ ကောင်းကင်ရွေးချယ်ခံအား ခြုံငုံကြည့်လိုက်သည်။
သူက ဖုန်းဟွမ်သည် တာအိုအပေါ် နားလည်မှု မည်မျှမြင့်မားနေကြောင်း ညွှန်ပြနေသည့် ငြိမ်းအေးကာ သဘာဝဆန်ဆန် သဘောထားတို့ရှိကြောင်း သတိပြုမိလိုက်သည်။
တာအိုအကြောင်းပြောမှ ဝမ်ဝေ့က ယခင်ဘဝက လောင်ဇူနှင့် ကျွမ်းကျစ်တို့ ရေးသားထားသည့် ထောင်ထျဲ့ချင်ကို ဖတ်ဖူး၍ အနည်းငယ် သိလေသည်။ သူက သူ့သူဌေး အထင်ကြီးစေရန် လုပ်ခဲ့သော်လည်း သူ့မှတ်ဉာဏ်များက သူတို့ကို မှတ်မိနေစေသေးသည်။
ထို့အပြင် အသင်္ချေအင်ပါယာကမ္ဘာတစ်ခွင် ကျင့်ကြံသူများ ကျင့်ကြံသည့် မူလလမ်းစဉ် စနစ်က တာအိုပေါ်မှ အတွေးအမြင်အမျိုးမျိုး အခြေခံထားလေသည်။
သူက ထိုအရာများကို တွေးပြီးနောက် ပြောလိုက်သည် “ တာအိုသားတော် ဖုန်းဟွမ်က ဒီတိုင်းပြည်လေးကို ဘာကိစ္စနဲ့များ ရောက်လာတာလဲ ”
“ ဒီကို အပေးအယူလာလုပ်တာပါ ”
“အိုး ပြောပါဦး ”
“ မဟာရှုတိုင်းပြည်ကို ခင်ဗျားဆီ မတိုက်ခိုက်ဘဲနဲ့ လက်လွဲပေးမယ်။ အပြန်အလှန်အနေနဲ့ ကျုပ်ကို မဟာရှားတိုင်းပြည်မှာ ဆရာသခင်ဆိုတဲ့ ရာထူးကို ပေးပြီး မဟာရှားတိုင်းပြည်ရဲ့ ဘာသာရေးကို တာအိုဘာသာအဖြစ် အသုံးပြုရမယ်”
ဝမ်ဝေ့က ဖုန်းဟွမ် မျက်ဝန်းထဲ စိုက်ကြည့်လိုက်ပြီး “ လာနောက်နေတာလား … ငါက ဒါတွေအကုန်လုပ်ထားပြီးတော့ မင်းက အလကားလိုချင်နေတာလား။ မင်းကိုယ်မင်း အထင်ကြီးလွန်းတယ် ”
ဝမ်ဝေ့က ထိုလူ၏ အကြံအစည်ကို မှန်းဆမိလေသည်။ သူက တခြားသော ကောင်းကင်ရွေးချယ်ခံများကို အချင်းချင်း တိုက်ပွဲဖြစ်စေပြီး သူ့ကိုယ်သူ နောက်ဆုံးအနိုင်ရသူနှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်ပေသည်။
တိုင်းပြည် ဆရာသခင်တစ်ယောက်၏ အဆင့်အတန်းနှင့် ဘာသာတရားဖြန့်ဝေမှုဖြင့် သူက စစ်ဆေးမှု၏ နောက်ဆုံးသော အောင်မြင်သူအဖြစ် ချီကံကောင်းမှုများကို စုပ်ယူနိုင်လေသည်။
ဒီကောင်က စစ်ဆေးမှုတစ်ခုလုံးမှာ ဘာမှမလှုပ်ရှားတာ မဆန်းတော့ဘူး …
ဝမ်ဝေ့က တိတ်တဆိတ် တွေးလိုက်မိသည်။
သူက ဖုန်းဟွမ်၏ အဆုံးသတ်ကစားပွဲက ဘာလဲဟု အမြဲတမ်း စဉ်းစားနေခဲ့သည်။ ဒီစစ်ဆေးမှုအတွင်း သူက ပိုင်နက်များစွာကို အုပ်စိုးဖို့ အခွင့်အရေးများစွာ ရှိခဲ့သည်။
တိုင်းပြည်ကို အမှန်တကယ် အုပ်စိုးနိုင်သူတစ်ဦးအနေနှင့် သူက မဟာဝူကို အလွယ်လေး ကျူးကျော်ပြီး အုပ်စိုးလို့ ရလေသည်။ သို့မဟုတ် သူ့အနေနှင့် မဟာကျိုးက မဟာဝူနှင့် တိုက်ခိုက်နေစ် မဟာကျိုးကို တိုက်ခိုက်လို့ ရသေးသည်။ သို့သော်လည်း သူက ဘာမှမလုပ်ခဲ့ပေ။ သူက ကြားနေသာ နေပြီး သူ့ပိုင်နက်လေးကိုသာ ကာကွယ်ထားသည်။ ယခု သူ ကစားပွဲကို အကြာကြီး ကစားနေဟန်ပေါ်၏။
ထိုစဉ် ဖုန်းဟွမ်က အငြင်းခံရသည့်အတွက် အံ့ဩသွားဟန်မပေါ်ပေ။ သူက ဆက်ပြောလိုက်သည် “အနောက်ပိုင်းကန္တာရကိုပါ ထပ်ထည့်မယ်ဆိုရင် ဘယ်လိုလဲ ”
“ဘာပြောချင်တာလဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ ဒီစစ်ဆေးမှုတစ်လျှောက် ငါက အနောက်ပိုင်းနယ်မြေထဲက တိုင်းပြည်တွေအထိ တာအိုအကြောင်း ဖြန့်ဝေပြီးပြီ။ သူတို့က အခုငါ့လက်အောက်မှာ … မင်းက ဘာမဆို အကောင်းဆုံးဖြစ်ချင်တဲ့သူမှန်း သိသာတယ်။ အဲဒါကြောင့် မင်းက သက်တံရောင်ချီကံကောင်းမှုကို လိုချင်နေမှာပဲ။ ဒါပေမဲ့ အဲဒါကို ရဖို့ မင်း တစ်ကမ္ဘာလုံးကို အုပ်စိုးဖို့ လိုတယ်။ အနောက်ပိုင်းနယ်မြေ အပါအဝင်ပေါ့ ”
ဝမ်ဝေ့က အသိအမှတ်ပြုစွာ ခေါင်းညိတ်ကာ “မင်း ပြောတာ မှန်တယ်။ ဒါပေမဲ့ အဲဒီအခြေအနေမှာ မင်းက ဘယ်နေရာမှာ ပါလဲ မမြင်မိဘူး။ မင်း မပါရင်တောင် ငါက အနောက်ပိုင်းနယ်မြေကို အုပ်စိုးနိုင်ဦးမှာပဲ ”
“ မင်း ပြောတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကိစ္စတွေက မင်းထင်သလောက် မရိုးရှင်းဘူး။ အနောက်ပိုင်းက ကန္တာရလူတွေအတွက် တာအိုဘာသာက ဘာသာရေးတစ်ခုတင် မကဘူး။ သူတို့ရဲ့ ဆင်းဆင်းရဲရဲ လူနေမှုအဆင့်အတန်းအတွက်လည်း ကယ်တင်မှုတစ်ခုပဲ … အဲဒါကြောင့် သူတို့ယုံကြည်မှုကို ခြိမ်းခြောက်လာတဲ့သူတိုင်းကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး ”
“ အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ” ဝမ်ဝေ့က မေးလိုက်သော်လည်း ဖုန်းဟွမ်က ဘာဆက်ပြောမည်ကို သိနေလေသည်။
“ ဒီကမ္ဘာရဲ့ တာအိုဘိုးဘေးတစ်ယောက်အနေနဲ့ ငါ့ဆီမှာ စွမ်းအားတွေရှိတယ်” ဖုန်းဟွမ်က ပြန်ဖြေလိုက်သည်။
“ငါသာ အဲဒီလူတွေကို မဟာရှားက တာအိုဘာသာအတွက် အနှောင့်အယှက်ဆိုတာ ပြောလိုက်တာနဲ့ လူသန်းချီက မင်းနဲ့ ရင်ဆိုင်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး … သူတို့ယုံကြည်ရာ .. သူတို့ကိုးကွယ်မှု … သူတို့ဘဝနည်းလမ်းအတွက် တိုက်ခိုက်ကြတဲ့ လူတွေရဲ့ စွမ်းအားကို မင်းလည်း တွေးကြည့်လို့ရမှာပါ ”
ဖုန်းဟွမ်က ခဏတာ ရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“တကယ်တော့ အဲလိုတွေဆိုရင်တောင် မင်းတို့မဟာရှားက နောက်ဆုံးမှာ အနိုင်ရသူ ဖြစ်လာနိုင်တာလည်း သိတယ်။ ဒါပေမဲ့ တန်ကြေးကရော … အနောက်ပိုင်း နယ်မြေက လူအများစု သေဆုံးကုန်မှတော့ ကျတ်တီးနယ်မြေကို အုပ်စိုးနေလို့ ဘာအကျိုးရှိမှာလဲ။ ဒီယုံကြည်မှုစစ်ပွဲကို ဘယ်လောက်ကြာမှ အဆုံးသတ်နိုင်မယ် ထင်လဲ။ ဒါပေမဲ့ ငါရဲ့ အကူအညီနဲ့ ဒါကို ရှောင်ရှားနိုင်တယ် …
မင်းက တစ်ကမ္ဘာလုံးကို အလွယ်လေး အုပ်စိုးနိုင်မယ်။ ငါလည်း အကျိုးမြတ် ရလာမယ် ”
ဝမ်ဝေ့က နဂါးပလ္လင်ပေါ် လက်ချောင်းဖြင့် တီးခေါက်ရင်း နက်နက်နဲနဲ စဉ်းစားနေသည်။ သူက ဖုန်းဟွမ်၏ အကြံအစည်သည် မည်မျှပြောင်မြောက်ကြောင်း သဘောပေါက်သွားသည်။ ထို့အပြင် သူက ဒီစစ်ဆေးမှုအတွက် မလိုလားအပ်ရာများ ထပ်၍ မဖြုန်းတီးလိုတော့ပေ။
သို့သော်လည်း …
“ မင်းရဲ့ အဆိုပြုချက်ကို သဘောတူနိုင်တယ်။ ဒါပေမဲ့ တောင်းဆိုစရာတချို့ ရှိတယ် … ”
ဖုန်းဟွမ်က အလျှင်စလို ပြောလိုက်သည် “ပြောပါ ”
“အရင်ဆုံး မင်းက သက်တံနှစ်ရောင် ရောက်တဲ့အထိပဲ ချီကံကောင်းမှုကို စုပ်ယူနိုင်မယ်”
“မဖြစ်နိုင်တာ” ဖုန်းဟွမ်က ပြောလိုက်သည်။
သူက တတ်နိုင်သမျှ ရလဒ်အမြင့်ဆုံး ရရှိဖို့ အားလုံး လုပ်ဆောင်ခဲ့လေရာ ဘယ်လိုလုပ် အနည်းဆုံး လက်ခံနိုင်မည်နည်း။
တကယ်တော့ သူ့အတွက်ဆိုလျှင် ဖုန်းဟွမ်က ထိုနည်းလမ်းကို အသုံးမပြုချင်ပေ။ ကံမကောင်းစွာဖြင့် ခရမ်းရွှေရောင် ချီကံကောင်းမှုနှင့် သက်တံနှစ်ရောင် ကြားက အကာအရံက သူ့နယ်မြေလေးဖြင့် ရောက်ရှိဖို့ အလှမ်းကွာဝေးလွန်းလှသည်။
သူ့ဆရာပြောစကားအရ ကမ္ဘာငယ်တစ်ခုလုံးကို အုပ်စိုးနိုင်သူသာ ထိုအဆင့်နှစ်ခုကြားက အကာအရံကို ချိုးဖောက်နိုင်လိမ့်မည်။ အကယ်၍ သက်တံသုံးရောင် သို့မဟုတ် လေးရောင် အစရှိသဖြင့် ရောက်ရှိလိုလျှင် ကျယ်ပြောသော ပိုင်နက်ထက် ပိုလိုအပ်သည်။
တိုင်းသူပြည်သားများကို ကောင်းမွန်စွာ အုပ်ချုပ်ပြီး သူတို့ကို ပျော်ရွင်ကောင်းမွန်အောင် ထားရမည်။ ထိုအခါမှ သက်တံခြောက်ရောင် ချီကံကောင်းမှုကို အာမခံပေးနိုင်လိမ့်မည်။ အကယ်၍ နောက်ဆုံးအရောင်အထိ ရောက်လိုလျှင် ကမ္ဘာကြီးကို အခြေခံအားဖြင့် ပြောင်းလဲပေးရမည် ဖြစ်၏။
ထို့ကြောင့် ဖုန်းဟွမ်က ဝမ်ဝေ့သည် နောက်ဆုံးအောင်မြင်သူ ဖြစ်ကြောင်း သိသည့်အခါ အလွန်ပျော်မိသည်။ သူ ရရှိထားသော သတင်းများအရ မဟာရှားတိုင်းပြည်ရှိ လူများက ပျော်ရွင်ကာ ကောင်းမွန်စွာ နေထိုင်ကြလေသည်။
သို့သော် ယခုတွင် …
“ ငါ့အခြေအနေကို လက်ခံရင် လက်ခံ မဟုတ်ရင်တော့ စစ်ပဲ တိုက်ကြတာပေါ့” ဝမ်ဝေ့က အေးစက်စက် ပြောလိုက်သည်။
ထိုစဉ် ဖုန်းဟွမ်က ရွေးချယ်မှုကို စဉ်းစားရင်း အမူအရာ ပျက်ယွင်းနေသည်။