← Chapters

ကောင်းကင်ဖွင့်လှစ်သူ အင်အားစု ဆင်းသက်လာခြင်း

Vol. 139 Ch. 1790

ကောင်းကင်ဖွင့်လှစ်သူ အင်အားစု ဆင်းသက်လာခြင်း

Vol. 139 Ch. 1790

သခင်လေးနှစ်သည် ထိုကောင်းကင်ဖွင့်လှစ်သူများ ချက်ချင်းလက်ငင်း လက်ခံလိမ့်မည်ဟု လုံးဝမထင်ထားခဲ့သလို အဆုံးသတ်မြို့ပျက်ထဲသို့ အမှန်တကယ် ခုန်ချလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။

တစ်လောကလုံး၌ အဆုံးသတ်မြို့ပျက်၏ အန္တရာယ်ကို မသိသူ ရှိပါ၏လော။

ရက်စက်ကြမ်းကြုတ်ပါသည်ဆိုသော သခင်လေးနှစ်၏ ဂုဏ်သတင်းကို မသိသူ မည်သူရှိသနည်း။

မီလော့နန်းတော်၏ သခင်လေးသုံးပင်လျှင် သူမရှေ့တွင် မာန်မတက်ဝံ့ပေ။ သူမ၏အကူအညီကို တောင်းခံသည့်အခါ ရိုကျိုးစွာ ဆက်ဆံခဲ့သည်။

ထို့အပြင် ချင်မူနှင့် အဆုံးသတ်မြို့ပျက်နတ်ဘုရားမကဲ့သို့သော အဆုံးသတ်မြို့ပျက် တာအိုသိုင်းပညာရှင်များမှ လွဲ၍ မည်သူမှ အဆုံးသတ်မြို့ပျက်မှတစ်ဆင့် စကြဝဠာခေတ်တစ်ခုသို့ ဖြတ်သန်းရန် မဝံ့ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် အဆုံးသတ်မြို့ပျက်၏ တာအိုလမ်းစဉ်သည် တာအိုသိုင်းပညာရှင်များ၏ ကျင့်စဉ်နှင့် လုံးဝဆန့်ကျင်နေ၏။ အဆုံးသတ်မြို့ပျက်ထဲသို့ ဝင်ရောက်ခြင်းသည် မဟာပျက်စီးခြင်းကပ်ဘေး၏ အပြင်းထန်ဆုံးနေရာသို့ ဝင်ရောက်ခြင်းနှင့် မထူးခြားနားသောကြောင့်ပငင်။

ဝင်ရောက်လိုက်လျှင် သူတို့၏ တာအိုသစ်ပင်၊ တာအိုပန်းပွင့်၊ တာအိုသစ်သီး၊ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် သူတို့၏ ကောင်းကင်ဘုံ ၃၆ ဘုံသည် အဆုံးသတ်မြို့ပျက်အတွင်းတွင် ပြိုကွဲသွားပြီး သခင်လေးနှစ်အတွက် အာဟာရဖြစ်သွားလိမ့်မည်။

သို့သော် ဤကောင်းကင်ဖွင့်လှစ်သူများကား အလွန်ရဲရင့်ကြပြီး သူမကို လုံးဝ ဂရုမစိုက်ကြပေ။ ပြင်ဆင်ပြီးမှ ရောက်လာခြင်းဖြစ်ကြောင်း သိသာ၏။

ပြုံးနေသည့်လူ ခေါင်းဆောင်သည့် ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးသည် ၁၆ စင်းမြောက် စကြ၀ဠာ၏ အဆုံးသတ်မြို့ပျက်နှုတ်ခမ်းဝမှ ကျဆင်းလာကြချေပြီ။ သူတို့ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲသို့ ဝင်ရောက်သည့် အခိုက်အတန့်တွင် ၁၆ စင်းမြောက် စကြ၀ဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးသည် ချက်ချင်းဆိုသလို နှိုင်းမရနိုင်အောင် ကြောက်စရာကောင်းလာ၏။

ချောက်နက်ထဲမှ မဟာပျက်စီးခြင်းကပ်ဘေးကား အရာအားလုံးကို ကြိတ်ချေဖျက်ဆီးပစ်နိုင်သည်။ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးမှာ မုန်တိုင်းထဲသို့ ကျရောက်နေသော ဖယောင်းတိုင်မီးများအလား အချိန်မ‌ရွေး ငြိမ်းသေသွားနိုင်သည်။

မုန်တိုင်းထဲတွင် အနီရောင်ကြိုးထုံးဖြင့် ယှက်ဖွဲ့ထားသော သံကြိုးများအောက်၌ အဖြူရောင်အလင်းများက သံကြိုးအတိုင်း အပေါ်သို့ လျင်မြန်စွာ တက်လာနေကြ၏။ ၎င်းတို့သည် သံကြိုး၏ မျက်နှာပြင်ပေါ်တွင် ရစ်ပတ်ပေါက်ရောက်နေသော ဆံပင်ဖြူများ ဖြစ်ပြီး သံကြိုး၏ မျက်နှာပြင်ကို ပိတ်ဆို့ထားသည်။

မကြာမီ အနီရောင်ကြိုးထုံး၏ သံကြိုးငါးချောင်းစလုံး အဖြူရောင် ပြောင်းသွားသည်။

သခင်လေးသုံးလင်ရှောင် အနီရောင်ကြိုးထုံး၏ ပထမဆုံးသော သင်္ကေတကို ဖြေလျှော့ပေးလိုက်သည့်အခါမှစ၍ မီလော့နန်းတော်အရှင်သခင်၏ အနီရောင်ကြိုးထုံးချိပ်တံဆိပ်သည် လျော့ရဲလာခဲ့သည်။

ပထမဆုံးသော ယိုပေါက် ဖြစ်လာသည့်အခါ နှစ်သည် ထွက်ပေါက်တစ်ပေါက် ရသွား၏။ ဤသို့ဖြင့် ယင်းထွက်ပေါက်မှ အဆုံးသတ်မြို့ပျက်၏ မဟာတာအိုကို အဆက်မပြတ် စုပ်ယူရင်း မီလော့နန်းတော်အရှင်သခင်၏ အနီရောင်ကြိုးထုံးချိပ်တံဆိပ်ကို တဖြည်းဖြည်း ချေဖျက်ခဲ့သည်။

ယခုအခါ အနီရောင်ကြိုးထုံးချိပ်တံဆိပ်၏ သင်္ကေတပေါင်း ထောင်သောင်းများစွာ ကျိုးပျက်နေချေပြီ။

ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးကား ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။ ထိုသူများ ကျဆင်းလာသည်နှင့်အမျှ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားသည်လည်း ပိုပို၍ အားကောင်းလာ၏။ သာမန် တာအိုသိုင်းပညာရှင်တစ်ဦး ဤနေရာသို့ ရောက်လာပါက သိုင်းအဆင့်အားလုံး ချက်ချင်း ပျက်စီးကာ ပြာကျသွားနိုင်သည့် အတိုင်းအတာအထိ ပြင်းထန်လာခဲ့သည်။

၁၇ စင်းမြောက် စကြ၀ဠာမှ အဆုံးသတ်မြို့ပျက်သို့ ဝင်ရောက်ခြင်းနှင့် ၁၆ စင်းမြောက် စကြ၀ဠာမှ ဝင်ရောက်ခြင်းသည် လုံးဝ ကွဲပြားသော သဘောတရားနှစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၁၇ စင်းမြောက် စကြဝဠာသည် ကြီးထွားဆဲအဆင့်တွင် ရှိနေသေး၏။ စကြဝဠာသည် ပြီးပြည့်စုံသော ပုံသဏ္ဌာန်သို့ မရောက်သေးသောကြောင့် ထိုနေရာရှိ အဆုံးသတ်မြို့ပျက်၏ စွမ်းအင်က အားအနည်းဆုံးဖြစ်သည်။

ကောင်းကင်နတ်အရှင်များပင်လျှင် သူတို့၏ကျင့်ကြံခြင်းအခြေခံအား ကာကွယ်ကာ အဆုံးသတ်မြို့ပျက်၏ စွမ်းအားကို ခုခံနိုင်၏။ ထို့‌နောက် အဆုံးသတ်မြို့ပျက်အတွင်းသို့ ဝင်ရောက်နိုင်သည်။ လွတ်မြောက်နိုင်ခြင်း ရှိ၊ မရှိမှာမူ တစ်ဦးချင်းစီ၏ အရည်အချင်းပေါ် မူတည်လိမ့်မည်။

သို့သော် ၁၆ စင်းမြောက် စကြ၀ဠာ မဟာပျက်စီးခြင်းကပ်ဘေးအတွင်းမှ အဆုံးသတ်မြို့ပျက်သည် ၁၆ စင်းမြောက် စကြ၀ဠာ၏ အန္တရာယ်အများဆုံး နေရာဟု ဆိုနိုင်သည်။

ခန်းမသခင်အဆင့် ပုဂ္ဂိုလ်များပင်လျှင် အဆုံးသတ်မြို့ပျက်ထဲသို့ ကျရောက်သွားပါက ကိုယ့်ကိုကိုယ် ကာကွယ်ရန် ခက်ခဲချေသည်။ မီလော့နန်းတော်၏ သခင်လေးများပင် အဆုံးအထိ ဘေးကင်းစွာ ထွက်လာနိုင်ရန် မလွယ်လှပေ။

ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး ကျဆင်းနေစဉ်အတွင်း သူတို့၏ ကိုယ်ခန္ဓာနှင့် မူလဝိညာဉ်များသည် အဆက်မပြတ် ကွဲထွက်ကာ ပျက်စီးနေကြသည်။

သူတို့သည် အလွန်စွမ်းအားကြီးကြသော်လည်း ဤမျှ ပြင်းထန်သော အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို မခံနိုင်ကြချေ။

သူတို့ထဲမှ အချို့တွင် တာအိုသစ်ပင်များ၊ တာအိုသစ်သီး၊ တာအိုပန်းပွင့်နှင့် မဟာခြုံလွှမ်းကောင်းကင်ဘုံများ ရှိကြ၏။ သို့သော် အသူရာချောက်နက် အောက်ခြေသို့ မရောက်မီ တာအိုသစ်ပင်နှင့် တာအိုပန်းပွင့်များ တစ်ခုပြီးတစ်ခု ပြိုကွဲသွားကြသည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံများ ပျက်စီး၍ တာအိုသီးသစ်သီးများ ပျောက်ကွယ်ကုန်ကြသည်။

ဖရိုဖရဲချီများက ရေတံခွန်သဖွယ် အောက်သို့ ကျဆင်းလာသည်။ ထို့နောက် အဖြူရောင်ဆံပင်၊ အနီရောင်ကြိုးထုံး သံကြိုးများနှင့် ‌ရောထွေးသွား၏။

သခင်လေးနှစ်ဝူသည် အဆုံးသတ်မြို့ပျက်၏ အောက်ရှိ၊ ဖရိုဖရဲပင်လယ်ပေါ်တွင် ပက်လက်လှန်လျက် ဤမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်ရှုနေ၏။ သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်နေသော အမူအရာတို့က နေရာယူထားသည်။

“ဒီလောက် အင်အားကြီးတဲ့ သိုင်းပညာရှင်တွေ ငါ့ဆီကို စွမ်းအင်တွေ၊ အာဟာရတွေ ပို့ပေးဖို့ လာကြတာပဲ… ဪ ဆရာ.. ဆရာ ... ဆရာက ငါ့ကို ဖရိုဖရဲပင်လယ်မှာ ဖိနှိပ်ထားပြီး ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ စွမ်းအားကို တဖြည်းဖြည်း ချေဖျက်ပစ်ဖို့ ရည်ရွယ်ခဲ့တာ… တစတစ သေသွား‌အောင်လို့ပေါ့… ဆရာ မမျှော်လင့်ထားဘူး မဟုတ်လား... နောက်တစ်ခေတ်ထဲ ခိုးဝင်ဖို့အတွက် အဆုံးသတ်မြို့ပျက်ကို ဖြတ်သန်းကြတဲ့အထိ မိုက်မဲတဲ့သူတွေ ရှိကြမယ်ဆိုတာကိုလေ”

သူမက တခစ်ခစ် ရယ်မောလိုက်သည်။ “သူတို့အားလုံးကို ဝါးမြိုလိုက်ရင် ငါ့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်နိုင်တယ်… အထွတ်အထိပ်အခြေအနေထက်တောင် ကျော်လွန်သွားနိုင်သေးတယ်… ဆရာ၊ ဒီနေ့က ကျွန်မ လွတ်မြောက်မယ့်နေ့ပဲ…. ဆရာ့ရဲ့ ခံယူချက်တွေကို ကျွန်မ ပြီးမြောက်အောင် လုပ်ပေးမယ်… ဒါပေမဲ့ ကျွန်မရဲ့ လုပ်နည်းက ဆရာ့နဲ့တော့ မတူဘူး”

“ကျွန်မ အရာအားလုံးကို ဝါးမြိုပစ်မယ်… စကြဝဠာတစ်ခုလုံးက ပုပ်သိုးနေတာ မှန်သမျှကို ဝါးမြိုပြီး ဆရာ အိပ်မက်မက်ခဲ့တဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာသစ်တစ်စင်းကို ပြန်ဖန်တီးမယ်”

သူမမှာ စိတ်လှုပ်ရှားလာသည်။ သို့သော် ထိုကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး ကျဆင်းနေစဉ် ရုတ်တရက် ထူးခြားဆန်းပြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြန်၏။ ပျက်စီးသွားသော မဟာခြုံလွှမ်းကောင်းကင်ဘုံ ပတ်ဝန်းကျင်မှ ဖရိုဖရဲချီတို့ ပြောင်းလဲသွားသည်။

ထိုဖရိုဖရဲချီများသည် ကျဆင်းနေစဉ်အတွင်း စကြဝဠာအသေးစားများ အဖြစ်သို့ အလိုအလျောက် ပြောင်းလဲသွားပြီး အပြင်ဘက်သို့ ကျယ်ပြန့်လာကာ မကြာမီ ပြီးပြည့်စုံသော စကြဝဠာများ ဖြစ်လာကြချေပြီ။

ထိုစကြ၀ဠာများဆီမှ ထူးဆန်းပြီး ခန့်မှန်းရခက်သော မဟာတာအိုအငွေ့အသက်များ ထွက်ပေါ်လာသည်။ သခင်လေးနှစ်ပင်လျှင် ထိုမဟာတာအိုအမျိုးအစားများကို ခွဲခြားမသိနိုင်တော့ချေ။

ကောင်းကင်ဖွင့်လှစ်သူ တစ်ဦးစီ၏ ခန္ဓာကိုယ်သည်လည်း ပျက်စီးပြိုကွဲကာ ဖရိုဖရဲချီမျှင်များ ဖြစ်လာ၍ ထိုစကြ၀ဠာလောက သုံးဆယ့်ငါးခုထဲသို့ ဆင်းသက်သွားကြ၏။

ထိုဖရိုဖရဲချီများသည် သက်တံ့များသဖွယ် ထိုကမ္ဘာများထဲသို့ ကျရောက်သွားပြီး ကောင်းကင်ဖွင့်လှစ်သူများအဖြစ် ပြောင်းလဲသွားကာ ယခင်ပုံစံအတိုင်းပင် ဖြစ်နေလေသည်။

သခင်လေးနှစ်မှာ ထိုမျှ ဆန်းကြယ်သော မဟာတာအိုနှင့် ကောင်းကင်နတ်သိုင်းကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ထိုကမ္ဘာလောက သုံးဆယ့်ငါးခုသည် ပုလဲလုံးလေးများသဖွယ် တဖျတ်ဖျတ် တောက်ပလျက် ဖရိုဖရဲပင်လယ်ဆီသို့ ဆက်လက်ကျဆင်းနေသည်ကိုသာ မြင်လိုက်ရသည်။

ထိုကမ္ဘာသုံးဆယ့်ငါးခုသည် မဟာပျက်စီးခြင်းကပ်ဘေးအတွင်းတွင် အဆက်မပြတ် ပျက်စီးနေသော်လည်း အဆက်မပြတ် ပြန်လည်မွေးဖွားနေသည်။ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ပြင်းထန်နေသော်လည်း ထိုကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးကား လုံးဝ ဘေးကင်းနေဆဲဖြစ်ပြီး ကျင့်စဉ်စွမ်းအင် အနည်းငယ်မျှပင် မဆုံးရှုံးခဲ့ပေ။

သခင်လေးနှစ်မှာ သူတို့၏ စွမ်းအားကို တစ်စက်ကလေးမှပင် မဝါးမြိုနိုင်ခဲ့ချေ။

“ဒီ တာအိုဖီဆန်သူတွေက တကယ်ပဲ အရည်အချင်း ရှိကြတာပဲ”

သခင်လေးနှစ်၏ အတွေးများ လှုပ်ရှားသွားသည်။ သံကြိုးငါးချောင်းပေါ်တွင် ရစ်ပတ်နေသော ဆံပင်ဖြူများသည် ရုတ်တရက် သံကြိုးများပေါ်မှ ပျံတက်လာပြီး ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးဆီသို့ ထိုးစိုက်သွားကြလေသည်။

ဇွက်… ဇွက်…ဇွက်

ဆံပင်ဖြူများက ထိုကမ္ဘာ သုံးဆယ့်ငါးခုထဲသို့ တစ်‌ချောင်းပြီးတစ်ချောင်း ထိုးဖောက်ဝင်ရောက်ရင်း စွမ်းအင်ကို အသည်းသန် ဝါးမြိုနေ၏။ အချို့ ဆံပင်ဖြူများသည် ထိုကောင်းကင်ဖွင့်လှစ်သူများ၏ ကိုယ်ခန္ဓာနှင့် မူလဝိညာဉ်များကိုပင် ထိုးဖောက်ဝင်ရောက်နေချေသည်။

“ဒါတွေအားလုံးက ငါ့အတွက် အမြည်းတွေပဲ”

သခင်လေးနှစ် ထိုသို့ပြောလိုက်စဉ်မှာပင် ဆံပင်ဖြူများ ပြတ်တောက်ကုန်သည်။ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ ကောင်းကင်နတ်သိုင်းများသည် အလွန်ထူးဆန်းစွာဖြင့်သူမ၏ ဆံပင်ဖြူများကို ဖြတ်တောက်လိုက်၏။ ပြတ်ကျသွားသော ဆံပင်ဖြူများအား သူမ အာရုံမခံနိုင်‌တော့ပေ။

သူမသည် ကောင်းကင်ဖွင့်လှစ်သူများ၏ စွမ်းအားကို မစုပ်ယူနိုင်ရုံသာမက၊ ဆံပင်ဖြူများမှာလည်း ကမ္ဘာတို့အတွင်းရှိ ကောင်းကင်ဖွင့်လှစ်သူများ၏ စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ၏စွမ်းအင်ကား ကောင်းကင်ဖွင့်လှစ်သူများ၏ စုပ်ယူခြင်း ခံလိုက်ရချေပြီ။

သခင်လေးနှစ်မှာ အမျက်ဒေါသထွက်သွားပြီး ၁၆ စင်းမြောက် စကြဝဠာ၏ အဆုံးသတ်မြို့ပျက် ကြာပန်းကို အသက်သွင်းလိုက်သည်။ ကြာပလ္လင်သည် လျင်မြန်စွာ ဆင်းသက်လာပြီး ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးဆီသို့ ပြေး၀င်ကာ ကမ္ဘာတစ်ခုပြီးတစ်ခု ဖျက်ဆီးလိုက်၏။

အဆုံးသတ်မြို့ပျက်၏ တာအိုဆိုသည်မှာ ကမ္ဘာပေါ်တွင် အလျှို့ဝှက်ဆုံးနှင့် ကြောက်စရာအကောင်းဆုံး မဟာတာအိုဖြစ်သည်။ သူမသည် အဆုံးသတ်မြို့ပျက်၏ တာအိုတွင် အမြင့်မားဆုံး ဖြစ်ပြီး သူမကိုယ်သူမ မီလော့နန်းတော်အရှင်သခင်ကို ကျော်လွန်နိုင်သည့် တစ်ဦးတည်းသော သူဟု သတ်မှတ်ထား၏။

မမျှော်လင့်ဘဲ ကောင်းကင်ဖွင့်လှစ်သူများနှင့် တွေ့ကြုံရာတွင် ရှုံးနိမ့်သွားခဲ့ရသည်။ သူမ သည်းမခံနိုင်ပေ။

အနီရောင်ကြိုးထုံး၏ စွမ်းအားက ပေါက်ကွဲထွက်လာပြီး သူမ၏ စွမ်းအားကို ဖိနှိပ်လိုက်သည်။ သခင်လေးနှစ်ဝူကျိကား ဂရုမစိုက်ဘဲ ဖရိုဖရဲပင်လယ်၏ မျက်နှာပြင်မှ ခုန်ထွက်လိုက်၏။ သူမက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ဆံပင်ဖြူများ ပျံတက်လာသည်။

ဖရိုဖရဲပင်လယ်တွင် ကြာရွက်များ ပျံဝဲလာသည်။ အရာအားလုံးကို ဝါးမြိုဖျက်ဆီးပစ်နိုင်သော အဆုံးသတ်မြို့ပျက် အသူရာချောက်နက်မျိုးစုံ ပေါ်လာပြီး ထိုကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးဆီသို့ ဦးတည်သွားချေပြီ။

ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးသည် ကမ္ဘာပျက်ကပ်ဘေးထဲ ကျရောက်သွားသည့်အလားပင်။ သူတို့၏ ကမ္ဘာတို့မှာ သခင်လေးနှစ်၏ တိုက်ခိုက်မှုအောက်တွင် တစ်ခုပြီးတစ်ခု ပြိုကွဲပျက်စီးသွားပြီး အသူရာချောက်နက်များက ဝါးမြိုသွား၏။ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်များမှာလည်း အဆုံးသတ်မြို့ပျက် အသူရာချောက်များထဲသို့ ဆွဲသွင်းခံလိုက်ရကာ ဖရိုဖရဲချီများအဖြစ် စတင်ပြောင်းလဲနေတော့သည်။

သို့ထိတိုင် ထိုကောင်းကင်ဖွင့်လှစ်သူများကား မထိတ်လန့်ကြပေ။ သူတို့တွင် တန်ပြန်တိုက်ကွက်များ ရှိနေပုံရသည်။

“ကောင်းကင်ဖွင့်လှစ်သူတို့၊ နင်တို့မှာ မဟာပျက်စီးခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့ စွမ်းရည် ရှိပေမယ့် မွေးဖွားခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့ စွမ်းရည်ရော ရှိရဲ့လား”

သခင်လေးနှစ်ကကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ အဆုံးသတ်မြို့ပျက်၏ တာအိုလမ်းစဉ်တွင် ဘက်နှစ်ဖက် ရှိ၏။ ပျက်စီးခြင်းနှင့် မွေးဖွားခြင်းပင်။ ဤအခိုက်အတန့်တွင် အဆုံးသတ်မြို့ပျက်၏ မဟာတာအို၏ အခြားတစ်ဖက်ဖြစ်သော မွေးဖွားခြင်းကပ်ဘေး၏ စွမ်းအား စတင်ပေါက်ကွဲထွက်လာတော့သည်။

ဝုန်း..

ထိုအဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းများမှ မွေးဖွားခြင်းကပ်ဘေး ပေါ်ထွက်လာ၏။ ကောင်းကင်ဖွင့်လှစ်သူများ တစ်ဦးပြီးတစ်ဦး ပျက်စီးကုန်ကြသည်။ သခင်လေးနှစ်၏ အထက်ကောင်းကင်တွင် ကောင်းကင်ဖွင့်လှစ်ခြင်းနှင့် ထိုက်ငါးပါးပြောင်းလဲခြင်း၏ ထူးဆန်းသော မြင်ကွင်းများ ပေါ်ပေါက်လာသည်။

သခင်လေးနှစ်က လှပခမ်းနားသော ဤမြင်ကွင်းကို မော့ကြည့်ရင်း ပြုံးနေသည်။

လူအများစုသည် အဆုံးသတ်မြို့ပျက်ကို ဖျက်ဆီးခြင်းတစ်ခုတည်းဟု အထင်မှားနေကြ၏။ သို့သော် အဆုံးသတ်မြို့ပျက်၏ မွေးဖွားခြင်းက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။

မဟာပျက်စီးခြင်းကပ်ဘေးကို တာအိုသိုင်းပညာရှင်များ ကျော်ဖြတ်နိုင်ကောင်း ကျော်ဖြတ်နိုင်မည် ဖြစ်သော်လည်း မွေးဖွားခြင်းကပ်ဘေးကတော့ မီလော့နန်းတော်၏ သခင်လေးများပင်လျှင် ကြောက်ရွံ့ရသော ကပ်ဘေးတစ်ခု ဖြစ်လေသည်။

စကြ၀ဠာအသစ်တစ်ခု မွေးဖွားရာ၌ ပေါက်ကွဲထွက်လာသော စွမ်းအားသည် ယခင်စကြဝဠာမှ အရာအားလုံးကို ဖျက်ဆီးပစ်ပြီး စကြဝဠာသစ်အဖြစ်သို့ ပြောင်းလဲ‌စေ၏။

အဆုံးသတ်မြို့ပျက် တာအိုသိုင်းပညာရှင်သာလျှင် ဤစွမ်းအားကို ထိန်းချုပ်နိုင်သည်။

မီလော့နန်းတော်တွင် မီလော့နန်းတော်အရှင်သခင်နှင့် သခင်လေးတစ် မဟာဥသျှောင်တို့သာလျှင် မွေးဖွားခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်သည်ဟု ပြောရဲကြသည်။ ကျန်သူများကတော့ ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။

ဤသည်မှာ ခန်းမသခင်များနှင့် သခင်လေးများ သူမကို အလွန်ကြောက်ရွံ့ရသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။

သူမ၏ မွေးဖွားခြင်း ကောင်းကင်နတ်သိုင်းအောက်တွင် ကောင်းကင်ဖွင့်လှစ်သူများ လွတ်မြောက်နိုင်စရာ အကြောင်း မရှိပေ။

သို့သော် ဖရိုဖရဲပင်လယ်အပေါ်တွင် စကြဝဠာအသေးစားများ ဖြစ်ပေါ်နေစဉ် ထိုက်ငါးပါးပြောင်းလဲမှုက ရုတ်တရက် ရပ်တန့်သွားသည်။ ကျဆင်းနေသော ထိုစကြဝဠာအသေးစားများတွင် သခင်လေးနှစ် မမြင်ဖူး၊ မကြားဖူးသော ထူးဆန်းသော မဟာတာအိုမျိုးစုံ ပေါ်ပေါက်လာ၏။

ထိုစကြဝဠာအသေးစားများ၏ မွေးဖွားခြင်းဖြစ်စဉ်သည် သူမ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ မရှိချေ။ သူမလည်း ထိန်းချုပ်မရနိုင်ပေ။

စကြဝဠာအသေးစားများ၏ ပြောင်းလဲလာသော လမ်းကြောင်းများသည် ထူးဆန်းပြီး ခန့်မှန်းရခက်သည်။ ထိုစကြဝဠာအသေးစားများ ဖရိုဖရဲပင်လယ်၏ မျက်နှာပြင်သို့ ကျရောက်သွားသည့်အခါ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးသည် ထိုစကြဝဠာအသေးစားများထဲမှ တစ်ဦးပြီးတစ်ဦး ထွက်လာပြီး သူမကို ဗဟိုပြုဝန်းရံကာ ထူးဆန်းသော ၀င်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်၏။

ကောင်းကင်ဖွင့်လှစ်ခြင်းပလ္လင်

“သခင်လေးနှစ်က တကယ်ကို ထူးကဲတာပဲ”

ပြုံးနေသောသူ၏ မျက်နှာသည် ယခင်ကအတိုင်းပင်။ သူ၏ အပြုံးက အလွန်တရာ ကြောက်စရာကောင်း၏။ သူ၏ မျက်နှာကြွက်သားများမှာ မျက်နှာပေါ်တွင် တောင့်တင်းနေသည့်အလား ပါးစပ်မှ အပြုံးက နားရွက်တက်ချိတ်မတက် ကြီးမားပြီး သွားအားလုံး ပေါ်နေသည်။

သူ စကားပြောသောအခါ မျက်နှာကြွက်သားက လုံးဝမလှုပ်ရှားဘဲ ပါးစပ်ထဲရှိ လျှာသာ လှုပ်ရှားနေ၏။ သို့သော် သူ၏ အပြုံးသည် မျက်နှာဖုံးမဟုတ်၊ အပြုံးအစစ်ပင်။

ကြက်သီးထစရာ အပြုံးမျိုး ဖြစ်သည်။

“သခင်လေးသုံးနဲ့ တိုက်ခိုက်တုန်းက ဒဏ်ရာရပြီး ထွက်ပြေးစေခဲ့ရုံပဲ လုပ်ခဲ့တာ…. ဒါပေမဲ့ သခင်လေးနှစ်နဲ့ တိုက်ခိုက်ရင်တော့ ကျုပ်တို့ဟာ အနိုင်ယူခံရပြီး ပြန်တိုက်ခိုက်ဖို့တောင် အင်အား မရှိခဲ့ဘူး”

ထိုပြုံးနေသောသူ၏ မျက်နှာအမူအရာသည် အပြောင်းအလဲ မရှိချေ။ သူ၏ လေသံက သခင်လေးနှစ်ကို ချီးကျူးနေပုံရသော်လည်း သူ၏ အပြုံးကတော့ ‌ကျောချမ်းစေ၏။

“ဒါပေမဲ့ ပျက်စီးခြင်းကပ်ဘေးပဲဖြစ်ဖြစ်၊ မွေးဖွားခြင်းကပ်ဘေးပဲဖြစ်ဖြစ် ကျုပ်တို့ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးတာ နှမြောဖို့ ကောင်းတယ်… ပြောရရင် ၇ စင်းမြောက် စကြ၀ဠာရဲ့ မွေးဖွားခြင်းကပ်ဘေးကို ကျုပ်တို့ စတင်ခဲ့တာလေ”

ပြုံးနေသောသူက ရယ်မောလိုက်သည်။ “သခင်လေးနှစ်၊ ကျုပ်တို့ရဲ့ တျန်းတု ကောင်းကင်ဖွင့်လှစ်ပွဲအခမ်းအနားကို မြင်တွေ့ဖို့ အသင့်ဖြစ်ပြီလား”

သခင်လေးနှစ်၏ မျက်နှာအမူအရာက လေးနက်လာသည်။ အဆုံးသတ်မြို့ပျက်ကြာပန်း ၁၆ ပွင့်က ရုတ်တရက် ပေါင်းစည်းသွားပြီး တာအို ၁၆ ဆင့် ကြာပလ္လင်အဖြစ် ဖွဲ့တည်လိုက်၏။ သူမက ထိုကြာပလ္လင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေသည်။

ထိုအချိန်တွင် ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ ပုံရိပ်များ ပျောက်ကွယ်သွားပြီး ကောင်းကင်ဖွင့်လှစ်ခြင်းအခမ်းအနား ဖြစ်ပေါ်လာသည်။

ဘိုးဘေးနန်းတော်တွင်

ချင်မူ တစ်ခုခုကို ခံစားမိလိုက်သဖြင့် မော့ကြည့်လိုက်မိသည်။ ဘိုးဘေးနန်းတော်၏ ကောင်းကင်ရှိ ချိပ်ပိတ်ထားသည့်နေရာတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ရပ် ပေါက်ကွဲထွက်လာပြီး သူ၏ ချိပ်တံဆိပ်အား ဖောက်ထွက်လာနေသည်ကို တွေ့လိုက်ရ၏။

All Chapters