အသေအချာ စီစဉ်ပေးပါ့မယ်
Vol. 139 Ch. 1794
ချင်မူ၏ ပခုံးကြွက်သားများ ထောင်းခနဲ တင်းမာသွားသည်။ သို့သော် ချက်ချင်း ပြန်လည်ပြေလျော့သွား၏။
ချင်မူမှာ ထိုက်ယီနှင့်ပတ်သက်၍ သံသယမကင်းသေးပေ။ ထိုက်ယီ၏ လက်ဖဝါး သူ၏ ပခုံးပေါ်သို့ ကျရောက်လာသည့် အခိုက်အတန့်တွင် ထခုန်မိမတတ် ထိတ်လန့်သွားခဲ့သော်လည်း ချက်ချင်းပင် စိတ်တည်ငြိမ်သွားသည်။
အကယ်၍ ထိုက်ယီသာ သူ့ကို တိုက်ခိုက်လိုလျှင် ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးကို ရင်ဆိုင်နေစဉ်ကတည်းက တိုက်ခိုက်နိုင်ခဲ့သည်။ ယခုအချိန်အထိ စောင့်နေရန် မလိုအပ်ပေ။
"ဘိုးဘေးနန်းတော်က ထိုက်ယီထက် ကောင်းကင်နတ်အရှင်မူကို ပိုလိုအပ်တယ်"
ထိုက်ယီလည်း သူ၏ ရန်လိုမှုများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်သည်။ သူက ပြုံးလျက် ပြောသည်။ "မင်း ဒီနေရာမှာ အချိန်ဖြုန်း မနေသင့်ဘူး... ငါ သူတို့ကို ဖိနှိပ်ထားပေးမယ်... မင်း ဘိုးဘေးနန်းတော်ကို ပြန်ပါ... ဘိုးဘေးနန်းတော်ရဲ့ ၀န်ထုပ်က ပိုကြီးမားတယ်... ငါက ပိုပေါ့ပါးတဲ့ ဒီအလုပ်ကို တာ၀န်ယူလိုက်မယ်"
"ဒီကျောက်ပြားတောအုပ်ကို ဘယ်လိုပြည့်စုံအောင် လုပ်ရမလဲ သိလား" ချင်မူက မေး၏။
"မင်း ငါ့ကို သင်ပေးလို့ရတယ်လေ" ထိုက်ယီက လေးနက်စွာ ဖြေသည်။
"ငါက သင်ပေးရင် မြန်မြန် တတ်တယ်"
အတိတ်တုန်းက ထိုက်ယီသည် ချင်မူ့ကို ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းများ သင်ကြားပေးခဲ့သော်လည်း ယခုအခါ ပြောင်းပြန် ဖြစ်သွားချေပြီ။ သခင်လေး မဟာဥသျှောင်၏ ကျောက်ပြားတောအုပ်အချုပ်အနှောင် ဆိုသည်ကား ကမ္ဘာဦးဖရိုဖရဲသင်္ကေတများမှ ဆင်းသက်လာပြီး ဆင့်ကဲတိုးတက်နေခဲ့သော ချိပ်တံဆိပ်ပညာရပ် ဖြစ်သည်။ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများကို ထိုက်ယီ အနည်းငယ် နားလည်သော်လည်း များများစားစား မသိချေ။ ချင်မူ သိမြင်နားလည်သလောက် မနက်ရှိုင်းပေ။
ချင်မူက သူ နားလည်ထားသမျှကို ထိုက်ယီအား လွှဲပြောင်းပေးသည်။ ထိုက်ယီလည်း သေသေချာချာ သိမြင်နားလည်ပြီး မရှင်းလျှင် ချက်ချင်း မေးမြန်းသည်။
သူ၏ တာအိုအခြေခံက အလွန်မြင့်မားသောကြောင့် သံသယများကို မေးမြန်းသည့်အခါ တာအိုဘာသာစကားကိုသာ အသုံးပြုသည်။ တာအိုဘာသာစကားတွင် ပါဝင်သော အချက်အလက်များမှာ အလွန်တရာ ကျယ်ပြန့်ရှုပ်ထွေးသောကြောင့် ပြဿနာ၏ အရင်းအမြစ်ကို တိုက်ရိုက်ထိတွေ့နိုင်သည်။
ချင်မူကလည်း တာအိုဘာသာစကားဖြင့် ပြန်လည်ဖြေကြားပြီး အရှုပ်ထွေးဆုံးသော ပြဿနာများကို အရိုးရှင်းဆုံး ပုံစံဖြင့် ဖြေရှင်းပေး၏။
သူတို့နှစ်ဦးသား တစ်ယောက်တစ်လှည့် အမေးအဖြေ လုပ်နေကြသည်။ တုံးယန်၊ ယာယာ၊ ကျူစန်းထုံနှင့် အခြားသူများမှာ ဒဏ်ရာများကို အနိုင်နိုင် ဖိနှိပ်ရင်း အာရုံစိုက် နားထောင်နေကြ၏။ သူတို့နှစ်ဦး၏ တာအိုဘာသာစကားမှာ နက်နဲခက်ခဲလှသဖြင့် နားလည်ရန် မလွယ်သော်လည်း တစ်ခွန်းစ နှစ်ခွန်းစ နားလည်လိုက်ရုံမျှဖြင့် များစွာ အကျိုးကျေးဇူး ရရှိစေသည်။
ထိုစဉ် ကျောက်ပြားများထဲတွင် ချုပ်ခံထားရသော ကောင်းကင်ဖွင့်လှစ်သူများကမူ မီလော့နန်းတော်၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများသည် ခေတ်နောက်ကျ ကျန်ခဲ့သော ကောင်းကင်နတ်သိုင်းများ ဖြစ်သည်ဟု လှောင်ပြောင်နေကြလေသည်။ နာမည်သာ ရှိပြီး တကယ်တမ်းတွင် တစ်ချက်တည်းနှင့် ပျက်စီးနိုင်ကြောင်း သရော်နေကြသည်။
ချင်မူနှင့် ထိုက်ယီတို့က မကြားဟန်ဆောင်နေကြသည်။ နောက်ပိုင်းတွင် ထိုက်ယီ၏ တာအိုဘာသာစကားသည် ကမ္ဘာဦးဖရိုဖရဲ တာအိုဘာသာစကားအဖြစ် ပြောင်းလဲသွားပြီး ချင်မူကလည်း ကမ္ဘာဦးဖရိုဖရဲ တာအိုဘာသာစကားဖြင့် ပြန်လည် ဖြေကြားသည်။ သူတို့နှစ်ဦး၏ အမေးအဖြေများမှာ ပိုမို နက်နဲလာရာ တုံးယန်တို့ပင် နားမလည်နိုင်တော့ပေ။
တုံးယန်မှာ သက်ပြင်းတချချဖြင့်် စိတ်ဓာတ်ကျနေမိသည်။
တစ်ချိန်က သူလည်း သခင်လေးတစ် မဟာဥသျှောင်နှင့် တန်းတူ ကျော်ကြားခဲ့သည်။ သို့သော် ယခုခေတ်၏ ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းများကား သူ၏ ခေတ်ထက် များစွာ ကျော်လွန်သွားခဲ့ချေပြီ။ ချင်မူနှင့် ထိုက်ယီတို့၏ ဆွေးနွေးမှုများက သူ့ကို ပါးစပ်အဟောင်းသား ကျန်နေစေခဲ့ပြီး အမီလိုက်နိုင်စွမ်း ကင်းမဲ့နေစေသည်။
ဆယ်ရက်ကျော် ကြာပြီးနောက် ထိုက်ယီသည် ကျောက်ပြား၏ သင်္ကေတပြောင်းလဲမှုများနှင့် ဝင်္ကပါပြောင်းလဲမှုများကို နားလည် သဘောပေါက်သွား၏။ ထိုမျှသာမက သူနှင့် အမေးအဖြေ လုပ်နေစဉ်အတွင်း ချင်မူ နှင့် သခင်လေးတစ် မဟာဥသျှောင်ပင် မတွေ့ရှိခဲ့သော ပြောင်းလဲမှုများစွာကို ရှာဖွေတွေ့ရှိခဲ့ရာ ချင်မူအတွက်လည်း အကျိုးကျေးဇူး များစွာ ရခဲ့သည်။
ထိုက်ယီက ချင်မူကဲ့သို့ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများကို အသက်သွင်းရန် ကြိုးစားကြည့်သည်။ အချိန်အတော်ကြာပြီးနောက် သူသည် လူပုံသဏ္ဌာန် ကျောက်ပြားချပ်ပမာ ဖြစ်လာ၏။
"တာအိုနောင်တော်၊ ဝင်္ကပါကို ထပ်ပြီး ပြောင်းကြည့်ဦး" ချင်မူ သတိပေးလိုက်သည်။
ထိုက်ယီလည်း ကျောက်ပြားတောအုပ်၏ စွမ်းအားကို ထိန်းချုပ်ကြည့်လိုက်၏။ ချင်မူမှာ ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးနေကာ ပြောသည်။ "တာအိုနောင်တော် ကျွမ်းကျင်သွားပြီ... ဒီလိုဆိုမှတော့ ဒီနေရာကို တာအိုနောင်တော်ပဲ ထိန်းချုပ်ဖို့ ထားခဲ့လိုက်မယ်"
သူက မတ်တပ်ရပ်ကာ အကြောဆန့်လိုက်ပြီးနောက် တုံးယန်တို့၏ တာအိုဒဏ်ရာများကို ကုသပေးနေသည်။
ထိုက်ယီက ထိုင်ချပြီး မေးလိုက်သည်။ "တုံးယန်၊ မင်းတို့မှာ ဘာအစီအစဉ် ရှိလဲ"
အဘိုးအိုတုံးယန်က ခဏ တုံ့ဆိုင်းသွားသော်လည်း ဖြေ၏။ "လင်က တျန်းတုအရှင်သခင်ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တာ..."
ထိုက်ယီက စကားဖြတ်ပြောလိုက်သည်။ "မင်း လောကထဲ ထပ်မဝင်ရဲတော့ဘူး မဟုတ်လား"
အဘိုးအိုတုံးယန် တိတ်ဆိတ်သွားမိသည်။ ခဏအကြာတွင် ခါးသက်သက် လေသံဖြင့် ဖြေလေသည်။ "ကျုပ် အမှန်တကယ် မဝင်ရဲတော့ပါဘူး... တစ်ချိန်က ကျုပ်ဟာ အတိတ်စကြဝဠာ ခုနစ်စင်းမှာ ပါရမီ အမြင့်ဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်၊ အင်အားအကြီးဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်ခဲ့တယ်... အခုတော့... ကျုပ်..."
သူ ခေါင်းခါလိုက်ပြီး ခါးသီးစွာ ရေရွတ်နေသည်။ "ကျုပ် လောကထဲကို မဝင်ရဲတော့ဘူး"
အဘွားအို၊ အမျိုးသမီး၊ ယာယာ၊ ကျူစန်းထုံနှင့် အခြားသူများလည်း တွန့်ဆုတ်နေကြသည်။ သူတို့ အိပ်မက်မက်ခဲ့သည်မှာ အချုပ်အနှောင်မှ လွတ်မြောက်လျှင် လောကကြီးထဲ ပြန်လည် ဝင်ရောက်ရန် ဖြစ်၏။ သို့သော် အဘိုးအိုတုံးယန်၏ စကားကို ကြားသောအခါ သူတို့လည်း တွေဝေသွားကြသည်။
ယခုခေတ်၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများသည် ယခင်နှင့် နှိုင်းယှဉ်လျှင် များစွာ ကွဲပြားသွားချေပြီ။ ကျင့်စဉ်၊ လမ်းစဉ်များ၏ တိုးတက်မှုက သူတို့လို အိုကြီးအိုမ မိစ္ဆာကြီးများကိုပင် နားမလည်နိုင်အောင် ဖြစ်စေသည်။ တစ်ချိန်က သူတို့သည် ကိုယ်ပိုင်ခေတ်များတွင် ဇာမဏီနငှက်တောင်များပမာ ရှားပါးထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ကြလေပြီ။
" ကျောက်ပြားတောအုပ်ထဲမှာတော့ ကြွားဝါလို့ ရသေးတယ်လေ ... တစ်ချိန်က အဖြစ်အပျက်တွေကို ပြောလို့ ရသေးတယ်... ဒါပေမဲ့ လောကထဲ ဝင်သွားရင်တော့..."
ကျူစန်းထုံမှာ သူ၏ နောက်စေ့ရှိ ဝက်အမွှေးကြမ်းများကို ကုတ်လိုက်ရင်း ခေါင်းခါလိုက်၏။ "ဟီးဟီး... ဘယ်သူက ငါတို့ကို သိမှာလဲ... ကြွားလို့တောင် မပြီးသေးဘူး အသတ်ခံလိုက်ရမှာ သေချာတယ်"
ချင်မူ၏ မျက်လုံးများ အရောင်လက်သွားပြီး ရုတ်တရက် ထပြောသည်။ "တာအိုနောင်တော် တုံးယန်... အားလုံးပဲ... ခင်ဗျားတို့ ကျုပ်ကို ယုံကြည်တယ်ဆိုရင် ကျုပ် ခင်ဗျားတို့ကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်"
အားလုံး သူ့ကို ကြည့်လိုက်ကြမိသည်။ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်၊ တုံ့ဆိုင်းမှုနှင့် ကြောက်ရွံ့မှုများ ရောယှက်နေသည်။ သူတို့မှာ အနာဂတ်အား ကြောက်ရွံ့နေကြလေသည်။
သူတို့မှာ ဤနေရာတွင် ချုပ်ခံထားရသဖြင့်် ကြောက်စရာ မိစ္ဆာကြီးများနှင့် တူသော်လည်း စကြဝဠာတစ်ခုပြီးတစ်ခု၏ ပျက်စီးခြင်း၊ မွေးဖွားခြင်းများကို ဖြတ်သန်းပြီးနောက် ကြီးမားသော ရည်မှန်းချက်များ မရှိတော့ဘဲ သနားစရာတီကောင်များသာ ဖြစ်သွားခဲ့ကြ၏။
ချင်မူက ချောင်းတစ်ချက် ဟန့်လိုက်သည်။ "ရှန့်ကျွင်းလည်း တစ်ချိန်က ဒီနေရာမှာ ဖိနှိပ်ခံခဲ့ရပြီး နောက်ပိုင်းမှာ ကျုပ်နဲ့ လိုက်လာခဲ့တယ်... ခင်ဗျားတို့ ရှန့်လေးရဲ့ စိတ်ဓာတ်ကို သိကြမှာပါ... သူက သိပ်သစ္စာရှိပြီး ရိုးသားတယ်... ဒါပေမဲ့ သူ ၁၇ စင်းမြောက် စကြဝဠာထဲ ဝင်ချင်တယ်ဆို ကျုပ်ရဲ့ စည်းကမ်းအတိုင်း လိုက်နာရတယ်... အရင်က မကောင်းမှုတွေ အများကြီး လုပ်ခဲ့ပေမယ့် ကျုပ်က သူ့ကို အသစ်တဖန် ပြုပြင်ခွင့်ပေးခဲ့တယ်... ကျုပ်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လူတွေကို ဘဝပြန်ဝင်စားစေနိုင်တဲ့ လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီး ရှိတယ်... အဲ့ဒါနဲ့ ကျုပ် ရှန့်လေးကို လူဝင်စားခိုင်းလိုက်တယ်..."
ထိုက်ယီက မျက်ခုံးပင့်လိုက်ပြီး သူ့ကို တစ်ချက် လှမ်းကြည့်သည်။
ချင်မူက ချောင်းတစ်ချက် ထပ်ဟန့်ကာ ဂရုတစိုက် ပြောသည်။ "ရှန့်ကျွင်း လူဝင်စားမသွားခင်မှာ သူ့ရဲ့ မဟာတာအိုတွေ၊ မဟာခြုံလွှမ်းကောင်းကင်ဘုံ၊ တာအိုသစ်ပင်၊ တာအိုပန်းပွင့်၊ တာအိုသစ်သီး၊ သတ်ဖြတ်ခြင်းတာအို အစရှိတဲ့ အရာအားလုံးကို ဖြေဖျက်ခဲ့တယ်… ကောင်းကင်နဲ့ မြေကြီးဆီ ပြန်အပ်နှံပြီး ၁၇စင်းမြောက် စကြဝဠာကို အာဟာရ ဖြည့်ပေးခဲ့တယ်... ရှန့်လေးက စာရွက်ဖြူ တစ်ရွက်ပေါ်မှာ လူဝင်စားသလို အစကနေ ပြန်စခဲ့တာ"
ထိုက်ယီက သူ့ကို နောက်တစ်ချက် လှမ်းကြည့်သည်။ ချင်မူ ချောင်းတစ်ချက် ထပ်ဟန့်လိုက်ရင်း ဆက်ပြော၏။ "အခု ကျုပ်ရဲ့ ၁၇ စင်းမြောက် စကြဝဠာက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတဲ့အတွက် ပါရမီရှင်တွေမှ အများကြီးပဲ... အခု ရှန့်လေးဆိုရင် အသက် နှစ်ဆယ်ကျော် လူငယ်လေး ဖြစ်နေပြီ... ကျုပ်တို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ထူးချွန်ထက်မြက်တဲ့လူငယ် တစ်ယောက်ပေါ့ဗျာ”
ထိုက်ယီ သူ့ကို ထပ်ကြည့်ရန် ကြံလိုက်စဉ် ချင်မူက မျက်ထောင့်နီဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် ပြန်လှည့်ကာ ကြင်နာသနားတတ်သော အမူအရာဖြင့် အားလုံးကို ပြုံးပြလေသည်။ "ရှန့်လေး ဒီလို လုပ်နိုင်ရင် ခင်ဗျားတို့လည်း လုပ်နိုင်ပါတယ်... သူ့ရဲ့ တာအိုနှလုံးသားက မပြောင်းလဲသေးဘူး... ဘ၀ပြန်ဝင်စားပြီး အစကနေ ပြန်စရင်တောင်မှ ကောင်းကင်အောက်မှာ အကောင်းဆုံး ပါရမီရှင်တစ်ယောက် ဖြစ်နေဦးမှာ… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကိုလည်း အမီလိုက်နိုင်ဦးမယ်… ပြုပြင်ပြောင်းလဲမှုရဲ့ အနာဂတ် ခေါင်းဆောင်တောင် ဖြစ်လာနိုင်သေးတယ်... ခင်ဗျားတို့လည်း သူ့လိုပဲ လုပ်နိုင်တယ်လို့ ထင်ရင် ကျုပ်တို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ လူပြန်ဝင်စားဖို့ လိုက်လာခဲ့ပါလား ... ခင်ဗျားတို့ သူ့လောက်တောင်် မစွမ်းဆောင်နိုင်ဘူး ထင်ရင်တော့ ထားလိုက်တော့... ဒီမှာပဲ ဆက်နေခဲ့ကြ”
အဘိုးအိုတုံးယန် တုံ့ဆိုင်းသွားသည်။ ချင်မူ၏ စကားများမှာ မယုံကြည်ချင်စရာ ဖြစ်သော်လည်း အမှန်တကယ် ဆွဲဆောင်မှု ရှိနေ၏။
ကျူစန်းထုံ၊ ယာယာနှင့် အခြားသူများလည်း တွေဝေသွားကြသည်။ ချင်မူ၏ စကားများက တွင်းတူးပြီး သူတို့ ခုန်ချလာရန် စောင့်နေသကဲ့သို့ ခံစားရသဖြင့် မယုံတစ်ဝက်ပင်။
ထို့အပြင် ယခင် တာအိုလမ်းစဉ်များ၊ ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ တာအိုသစ်ပင်၊ တာအိုသစ်သီးများကို စွန့်လွှတ်ခိုင်းခြင်းသည် နှမြောစရာ ကောင်းလှ၏။
ဤသို့သာဆိုလျှင် သူတို့ နှစ်ကုဋေပေါင်းများစွာ ကြာသည်အထိ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရသည်များက အဓိပ္ပာယ် ရှိပါတော့မည်လော။
ချင်မူက လူတိုင်းကို တစ်ချက်စိုက်၍ ကြည့်လိုက်၏။ "တာအိုနောင်တော်တို့၊ အစ်မတော်တို့၊ ခင်ဗျားတို့ အချက်တစ်ချက်ကို သိထားရမယ်... အနာဂတ်မှာ အတိတ်စကြဝဠာတာအိုသိုင်းပညာရှင်တွေ ဘ၀ပြန်ဝင်စားခွင့်ကို လိုချင်တယ် ဆိုရင်တောင် ကျုပ် ပေးချင်မှ ပေးမှာ... ဥပမာ မီလော့နန်းတော်၊ ကောင်းကင်ဖွင့်လှစ်သူတွေ၊ ဒါမှမဟုတ် အနန္တအဘိုးအိုရဲ့ လက်အောက်ငယ်သားတွေလိုပေါ့"
သူက ခပ်ပေါ့ပေါ့ ဆက်ပြောသည်။ "သူတို့အတွက် အဆုံးသတ်က တစ်ခုပဲ ရှိတယ်... အဲ့ဒါက ကိုယ်ပိုင်တာအိုကို ချေဖျက်ပြီး စကြဝဠာကနေ လုယူထားတဲ့ စွမ်းအင်တွေကို စကြဝဠာဆီ ပြန်ပေးရမယ်... ဒီကြားထဲမှာ စစ်ပွဲတွေ၊ သတ်ပွဲတွေ ဖြစ်လာလိမ့်မယ်... သူတို့ကို ကြိုဆိုနေတာကတော့..."
သူ နှုတ်ခမ်းစေ့လိုက်သည်။ "ဝိညာဉ်ပါ ဖျက်ဆီးခံခြင်းပဲ"
အဘွားအိုက အဘိုးအိုတုံးယန်ဆီ ကြည့်၍ ပါးစပ်ဟလိုက်သော်လည်း မည်သည်မှ မပြောချေ။ ကျူစန်းထုံ၊ ယာယာနှင့် အမျိုးသမီးတို့ကလည်း အဘိုးအိုတုံးယန်ထံ လှမ်းကြည့်လိုက်ကြသည်။ ဆုံးဖြတ်ချက် မချနိုင်သဖြင့် တုံးယန်၏ အကူအညီကိုသာ တောင်းခံရတော့၏။
အဘိုးအိုတုံးယန်၏ မှုန်ဝါးနေသော မျက်လုံးများက ထိုက်ယီကို မျှော်လင့်တကြီး ကြည့်လိုက်ပြီး အက်ကွဲစွာဖြင့် မေးသည်။ "တာအိုနောင်တော်..."
ထိုက်ယီလည်း သက်ပြင်းချကာ ပြော၏။ "တာအိုမိတ်ဆွေမူရဲ့ ရည်ရွယ်ချက်က အတိတ်စကြ၀ဠာရဲ့ ပုပ်သိုးလှိုက်စားနေတဲ့ အရာ မှန်သမျှ ရှင်းလင်းဖို့ပဲ... တျန်းတုအရှင်သခင်တောင်မှ အတိတ်စကြ၀ဠာရဲ့ ပုပ်သိုးလှိုက်စားနေတဲ့ အရာပဲလေ ... မီလော့နန်းတော်အရှင်သခင် ဖြစ်နေရင်တောင်မှ အတိတ်စကြ၀ဠာရဲ့ ပုပ်သိုးလှိုက်စားနေတဲ့ အရာပဲ ... မီလော့နန်းတော် အရှင်သခင်ကတော့ သိပ်တော်တယ်... သူ တာအိုနှလုံးသား သေဆုံးသွားတော့ သူ့ရဲ့ ကျင့်ကြံအခြေခံကို တာအိုအဖြစ် ချေဖျက်ပြီး စကြဝဠာဆီ ပြန်အပ်ခဲ့တယ်"
အဘိုးအိုတုံးယန်သည် သူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွား၏။
သို့သော် ထိုက်ယီက သူ နားမလည်မည်ကို စိုးရိမ်သဖြင့် ဆက်ရှင်းပြသည်။ “ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ထိန်းသိမ်းထားနိုင်ရတဲ့ အကြောင်းရင်းက ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်က ဒီစကြဝဠာရဲ့ ထိုက်ယီ ဖြစ်နေလို့ပဲ... ပြန်မပေးလည်း ရတယ်... ဒါပေမဲ့ မင်းတို့က မတူဘူး... ၁၇ စင်းမြောက် စကြဝဠာကို အကျိုးပြုဖို့ ပြန်ပေးရလိမ့်မယ်... ဒါပေမဲ့ ဒါကလည်း အခွင့်အရေးတစ်ခုပဲ... အခု ၁၇ စင်းမြောက် စကြဝဠာက အရင် စကြဝဠာတွေနဲ့ လုံးဝ မတူတော့ဘူး... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေရဲ့ ပြောင်းလဲမှုက လွန်ခဲ့တဲ့ စကြဝဠာ ၁၆ စင်းရဲ့ နှစ်ပေါင်းကုဋေကုဋာအတွင်း တစ်ခါမှ မဖြစ်ဖူးတဲ့ ကြီးမားတဲ့ အပြောင်းအလဲကြီးပဲ... မင်းတို့ ဘ၀ပြန်ဝင်စားပြီး ပြန်မွေးဖွားခွင့် ရခဲ့ရင် ဒီအခွင့်အရေးကို အရယူရမယ်... ဘာလို့လဲဆိုတော့ ၁၇ စင်းမြောက် စကြဝဠာမှာ ဝင်စားပြီး ပြန်မွေးဖွားတာက မင်းတို့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်တွေ ဆင်းသက်လာတာထက် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်လို့ပဲ"
အဘိုးအိုတုံးယန်လည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပြီး ထရပ်ကာ ချင်မူ့ကို အရိုအသေပေးသည်။ "သခင်လေးခုနစ်၊ ကျေးဇူးပြုပြီး ကျုပ်တို့လို သတ္တိမရှိတဲ့သူတွေကို အခွင့်အရေးတစ်ခု ပေးပါ"
ကျူစန်းထုံ၊ ယာယာနှင့် အခြားသူများလည်း ထကာ အရိုအသေပေးကြ၏။ "သခင်လေးခုနစ်၊ ကျေးဇူးပြုပြီး အခွင့်အရေးတစ်ခု ပေးပါ"
ချင်မူက သူ၏ လက်နှစ်ဖက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ကာ လေးနက်စွာ ပြောသည်။ "အားလုံးပဲ ကျုပ်ကို ယုံကြည်ကြပါ... ခင်ဗျားတို့ကို စိတ်မပျက်စေရပါဘူး... စိတ်ချနိုင်ပါတယ်... အားလုံး သေသေချာချာ စီစဉ်ပေးပါ့မယ်"
ထိုက်ယီ ချောင်းတစ်ချက် ဟန့်လိုက်သည်။
ချင်မူ၏ မျက်နှာထား တင်းမာသွားပြီး စူးစူးဝါဝါး လှမ်းကြည့်လိုက်သည်။
ထိုက်ယီက သဘောပေါက်သွားသည်။ "တုံးယန်... မင်း ငါ့နောက် လိုက်ခဲ့တာ ဒီလောက် ကြာပြီဆိုတော့ ငါ မင်းကို သတိပေးရဦးမယ်... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက တော်တော်ကောင်းပေမယ့် လူဆိုးတချို့လည်း ရှိတယ်... ဘ၀ပြန်ဝင်စားတဲ့အခါ သတိထား... ကိုယ့်ကို ရောင်းစားသွားတာတောင် ငွေ လိုက်ရေပေးရတဲ့ ဘ၀မရောက်စေနဲ့... တချို့လူတွေရဲ့ နာမည်က သိပ်မကောင်းဘူးကွ"
အဘိုးအိုတုံးယန်မှာ တုန်လှုပ်သွားမိသည်။ ‘ထိုက်ယီက တစ်ခုခုကို ပြောချင်နေတဲ့ပုံပဲ... ဟုတ်တယ်... သခင်လေးခုနစ်က အတိတ်စကြဝဠာတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာ... ဘ၀ပြန်ဝင်စားတဲ့အခါ သခင်လေးခုနစ် လှည့်စားတာခံရမှာစိုးလို့ သတိထားဖို့ ပြောနေတာလား...’
သို့သော် ထိုက်ယီက ပွင့်ပွင့်လင်းလင်း မပြောသဖြင့် သူလည်း တိုက်ရိုက် မေးမြန်းရဲချေ။
‘ထိုက်ယီကို ဆက်ပြောခိုင်းထားရင် ပြဿနာတွေ ရှုပ်ကုန်တော့မှာပဲဟ’
ချင်မူမှာ ချက်ချင်း ဆုံးဖြတ်ချက်ချပြီး တုံးယန်၊ ကျူစန်းထုံနှင့် အခြားသူများကို ခေါ်ဆောင်ကာ ကျောက်ပြားတောအုပ်မှ ထွက်ခွာသွားသည်။ "ညတာ ရှည်ရင် ပို အန္တရာယ်များတယ်... အခုချက်ချင်း သွားမှ"
တောအုပ်ထဲတွင် ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ မျက်နှာများက ကျောက်ပြားမျက်နှာပြင်တွင် ကပ်လျက် ထူးဆန်းသော အကြည့်များဖြင့် သူတို့ကို ကြည့်နေကြသည်။ အဘိုးအိုတုံးယန်နှင့် အခြားသူများက ချင်မူနောက်မှ လိုက်ပါကာ တံခါးပေါက်မှ ထွက်လာကြ၏။ ချင်မူက ဟိုဟိုသည်သည် ကြည့်နေသဖြင့် ကျူစန်းထုံက စပ်စပ်စုစု မေးသည်။ "သခင်လေး ဘာကြည့်နေတာလဲ"
"ဟိုခေါင်းတလားတွေ"
ချင်မူက ပြောသည်။ "ခင်ဗျားတို့ မကြာခင် တာအိုအဖြစ် ပြောင်းလဲကြတော့မှာ... ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းအခြေခံတွေကို မသုံးရတော့ဘူးလေ … သိပ်နှမြောစရာကောင်းတယ်မဟုတ်လား ... ကျုပ် ခေါင်းတလားတချို့ ဖမ်းဖို့ စီစဉ်ထားတာ … သူတို့ကို ဆွဲခေါ်သွားဖို့ ခင်ဗျားတို့ အကူအညီ လိုတယ်... ပြီးမှ အဲ့ဒါတွေကို ရိုက်ခွဲပြီး ကောင်းကင်ရဲ့ မြေကြီးရဲ့ ချီနဲ့ ဝိညာဉ်စွမ်းအင်တွေအဖြစ် ပြောင်းလဲလိုက်မယ်... ထူးဆန်းလိုက်တာ... ဒီခေါင်းတလားတွေ ဘယ်ရောက်သွားကြတာတုန်း"
ဘိုးဘေးနန်းတော်တွင် တိုက်ပွဲများ ရှိနေသေးသဖြင့် ရှာဖွေရန် အချိန်မရှိတော့ချေ။ အဘိုးအိုတုံးယန်နှင့် အခြားသူများကို ခေါ်ဆောင်ကာ အရင် ထွက်ခွာလာခဲ့သည်။
ကမ္ဘာဦးဘုံ ရောက်သောအခါ ချင်မူက သူတို့၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို တာအိုအဖြစ် ပြောင်းလဲရန် ချက်ချင်း စီစဉ်လိုက်၏။ ထို့နောက် ချင်ဖုန်းကျင့်ကို ခေါ်ပြီး လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးကို ပြင်ဆင်စေသည်။
ချင်ဖုန်းကျင်မှာ အဘိုးအိုတုံးယန်နှင့် အခြားသူများကို မြင်သောအခါ ထိတ်လန့်သွားမိသည်။ သူက အသိစိတ်အလျဉ်ဖြင့် ချက်ချင်း မေးလိုက်သည်။ "ညီလေး... မင်း ဒီတာအိုသိုင်းပညာရှင်ငတုံးတွေကို ဘယ်က ရှာလာတာလဲ"
"အာရုံမထားပါနဲ့"
ချင်မူက ဖြေသည်။ "သူတို့ မကြာခင် တာအိုအဖြစ် ပြောင်းလဲတော့မှာ... ဒါပေမဲ့ သူတို့ရဲ့ ဝိညာဉ်တွေတော့ ကျန်ခဲ့လိမ့်မယ်... အစ်ကိုကြီး သူတို့ကို သေသေချာချာ စီစဉ်ပေး... ဘာအမှားအယွင်းမှ မဖြစ်စေနဲ့"
ချင်ဖုန်းကျင့် တုံ့ဆိုင်းနေ၏။ "မင်း သူတို့ကို ပြောပြီးပြီလား... လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးကနေ ဘ၀ပြန်၀င်စားပြီးရင် အတိတ်ဘဝက မှတ်ဉာဏ်တွေ ပျက်သွားမယ်ဆိုတာလေ"
ချင်မူ၏ မျက်နှာတွင် အပြုံးတစ်ပွင့် ပွင့်လန်းနေချေသည်။
ချင်ဖုန်းကျင့်က ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ လက်မထောင်လိုက်သည်။ "မင်းက ငါ့အစ်ကိုကြီး… ငါက မင်းညီလေးပဲ"
"နင်တို့ ဘာတွေပြောနေကြတာလဲ" ယာယာက စပ်စပ်စုစု မေးသည်။
"ဘာမှမဟုတ်ပါဘူး... ကျုပ်တို့ ညီအစ်ကိုနှစ်ယောက် မတွေ့တာကြာလို့ စကားစမြည် ပြောနေကြတာ"
ချင်မူက လှည့်ကြည့်ကာ ကြင်နာသနားတတ်သော အမူအရာဖြင့် ပြုံးနေသည်။ "အစ်ကိုကြီး… မိသားစုကောင်းကောင်း ရှိလား... ဒီက တာအိုနောင်တော်တို့အတွက် စီစဉ်ပေးပါဦး"
ချင်ဖုန်းကျင့်လည်း သေခြင်းရှင်ခြင်း စာအုပ်ကို ဖွင့်လိုက်ပြီး သေသေချာချာ ရှာဖွေစစ်ဆေးလိုက်သည်။ "မိသားစုကောင်း ရှိတယ်ကွ ... အိမ်ရှင်က ဝက်နက်ဘဝကနေ တာအိုရရှိခဲ့တာ... တစ်ချိန်က ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူရဲ့ ကောင်းချီးပေးတာလည်း ခံခဲ့ရဖူးတယ်... မိစ္ဆာမျိုးနွယ်ရဲ့ ဆရာသခင်ကြီးတစ်ပါးပဲ... သားသမီးတွေ အများကြီး ရှိပြီး သွေးဆက်ကလည်း သိပ်ကောင်းတယ်... ဒီက တာအိုမိတ်ဆွေ ကျူစန်းထုံ၊ ဒီမိသားစုမှာ ဘ၀ပြန်ဝင်စားချင်လား"
ကျူစန်းထုံခမျာ ဝမ်းသာအားရ ဖြစ်သွားပြီး ရယ်မောလိုက်သည်။ "ဘ၀ပြန်ဝင်စားမယ့် နေရာတောင် ရွေးလို့ ရသေးသကိုး မိုက်သဟ"
ချင်ဖုန်းကျင့်က စေတနာလှိုင်လှိုင်ဖြာနေသည်။ သူ့ကို လေးနက်စွာ တစ်ချက်ကြည့်ပြီး ပြောသည်။ "ခင်ဗျားတို့အားလုံးက ကျုပ်အစ်ကိုကြီး ... အဲ... ကျုပ်ညီလေးရဲ့ မိတ်ဆွေတွေပဲဟာ… အထူး ဂရုစိုက်ပေးရမှာပေါ့ဗျာ”