ကောင်းကင်ဖွင့်လှစ်သူအပေါင်းအား ချုပ်နှောင်ခြင်း
Vol. 139 Ch. 1793
ကောင်းကင်ဖွင့်လှစ်သူများ၏ အကြည့်သည် ချင်မူနှင့် တာအိုအသုဘခေါင်းတလားပေါ်သို့ ကျရောက်သွား၏။ ချင်မူက သူတို့ထက် ဤနေရာသို့စောရောက်နေရုံသာမက တာအိုအသုဘခေါင်းတလားကိုပါ ယူဆောင်လာခဲ့သည်။
တာအိုအသုဘခေါင်းတလားသည် သခင်လေး မဟာဥသျှောင် ထိုက်ယီကို ချုပ်ထားရန် ဖန်တီးထားခဲ့ခြင်း ဖြစ်၏။
ချင်မူ ဤနေရာသို့ ရောက်လာပြီးနောက် တုံးယန်ကို နားချနိုင်ခဲ့ဟန် တူသည်။ ထို့နောက် တျန်းတုအရှင်သခင်၏ ရုပ်ခန္ဓာကို တာအိုအသုဘခေါင်းတလားထဲသို့ ထည့်သွင်းခဲ့သည်။
ကျောက်ပြားတောအုပ်နှင့်ပတ်သက်၍ ချင်မူမှာ အကြိမ်ကြိမ် လာခဲ့ဖူးသဖြင့် ရင်းနှီးကျွမ်းကျင်နေချေပြီ။ ထို့အပြင် ကောင်းကင်ဖွင့်လှစ်သူများနှင့် ထိုက်ယီတို့ လမ်းတွင် အချိန်အနည်းငယ် ကြန့်ကြာသွားခဲ့သောကြောင့် ချင်မူက ဤနေရာသို့ ဦးစွာ ရောက်ရှိလာပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သည်။
“သခင်လေးဖရိုဖရဲကတော့ တကယ်ကို မဆုတ်မနစ် ကြိုးစားပြီး ဘယ်တော့မှ အရှုံးမပေးတတ်ဘူးပဲ”
အပြုံးမျက်နှာနှင့်် ရှီကျင်းက ပြောသည်။ “မင်း ငါတို့ရဲ့ ကျင့်စဉ်၊ လမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကိူ မြည်းစမ်းဖူးပြီးသားပဲ… ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိသင့်တယ်… မင်း မပြောနဲ့… သခင်လေးနှစ်တောင်မှ ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး… မင်း ခေါင်းဆောင်ကို ခေါင်းတလားထဲ ထည့်ထားတော့ရော ဘာဖြစ်လဲ… မင်းကို အနိုင်ယူ၊ ခေါင်းတလားကို ဖွင့်ပြီး ခေါင်းဆောင်ကို ပြန်ခေါ်ထုတ်လိုက်ရုံပေါ့… ငါတို့ ကောင်းကင်ဖွင့်လှစ်သူတွေအတွက် မခက်ပါဘူး”
“သခင်လေးခုနစ်ကို အနိုင်ယူချင်ရင် အရင်ဆုံး ငါ့ကို အနိုင်ယူရလိမ့်မယ်”
အနီးရှိ အမျိုးသမီးက အဝတ်လျှော်နေခြင်း ရပ်လိုက်သည်။ သူမက တင်းပုတ်ကို ပခုံးပေါ် တင်ကာ မတ်တပ်ရပ်လိုက်ပြီး မာန်အပြည့်ဖြင့် ပြောသည်။ “တျန်းတု ကောင်းကင်ဖွင့်လှစ်သူတွေ… နင်တို့က ပုံပျက်ပန်းပျက် မိစ္ဆာတွေ ဖြစ်သွားကြပြီ… ဒီနေရာက နင်တို့ ရိုင်းစိုင်းရမယ့် နေရာမဟုတ်ဘူး”
“ငါ့ကိုလည်း အရင် အနိုင်ယူရလိမ့်မယ်”
အဘွားအိုက တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လိုက်သည်။ “ငါ သခင်လေးခုနစ်နဲ့ တစ်ကြိမ်နှစ်ကြိမ်ပဲ တွေ့ဆုံဖူးပြီး သူ့ရဲ့ နာမည်ဆိုးကိုလည်း ကြားဖူးတယ်… ဒါပေမဲ့ ဆိုးသွမ်းယုတ်မာတဲ့ သခင်လေးခုနစ်နဲ့ ယှဉ်ရင်တောင် ငါ နင်တို့ကို ပိုပြီး ကြည့်မရဘူး”
“ငါ ကျူစန်းထုံလည်း ရှိသေးတယ်”
ရွာထိပ်ရှိ သစ်ပင်တွင် ဇောက်ထိုးဆွဲခံထားရသော ဝက်သည် ရုတ်တရက် ကြိုးမှ လွတ်မြောက်သွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ လူသန်ကြီးအဖြစ် ပြောင်းလဲသွားသည်။ သူက ရှေ့သို့ထွက်လာကာ နှာခေါင်းရှုံ့လိုက်၏။ “ငါက မီလော့နန်းတော်ကို အမြဲ ဆန့်ကျင်ခဲ့တာ… သခင်လေးလို့ ခေါ်တဲ့သူတွေကိုလည်း မုန်းတယ်… တွေ့တာနဲ့ တံတွေးနဲ့ မျက်နှာကို ထွေးပစ်ချင်ခဲ့တာ… ဒါပေမဲ့ သခင်လေးခုနစ်က မီလော့နန်းတော်က သူပဲ…. ငါ သူ့ကို ကြည့်လို့ရတယ်… ဆန့်ကျင်ဘက်အနေနဲ့ မင်းတို့ကိုတော့ လုံးဝ ကြည့်မရဘူး… သခင်လေးခုနစ်ကို ရန်ရှာချင်ရင် ငါ့အလောင်းကို နင်းပြီးမှ သွားကြ”
“ကောင်းပြီလေ” အပြုံးမျက်နှာနှင့်် ရှီကျင်းက ဟားတိုက် ရယ်မောလိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲခြင်း မရှိပေ။
“ငါ့ကိုလည်း အနိုင်ယူရဦးမယ်”
အဘိုးအိုတုံးယန်က မှင်သေသေ ပြောသည်။ “လင်က ငါ့ကို တျန်းတုရဲ့ ရုပ်ခန္ဓာကို ဘယ်သူမှ မဖျက်ဆီးနိုင်အောင် ကာကွယ်ပေးဖို့ တောင်းဆိုခဲ့တာ… လင်ကိုလည်း တျန်းတုအရှင်သခင်လိုပဲ ငါ လေးစားတယ်… သူ့ကို ပေးထားတဲ့ ကတိကို တည်ရမယ်… တစ်ချိန်က ငါလည်း တျန်းတု ကောင်းကင်ဖွင့်လှစ်သူ တစ်ယောက် ဖြစ်ခဲ့ပေမယ့်.... တစ်ချိန်က မင်းတို့ထဲက တစ်ယောက် ဖြစ်ခဲ့ပေမယ့် … ငါ မင်းတို့ကို တားဆီးရလိမ့်မယ်”
ကလေးမလေးကလည်း သက်ပြင်းချပြီး သစ်ပင်ပေါ်မှ လျှောဆင်းလာကာ ညည်းညူသော လေသံဖြင့် ပြောသည်။ “ယာယာက သခင်လေးခုနစ်ကိုလည်း မလေးစားဘူး… တျန်းတုအရှင်သခင်ကိုလည်း မသိဘူး… နင်တို့ရဲ့ ရန်ငြိုးတွေကိုလည်း နားမလည်ဘူး… ဒါပေမဲ့ ယာယာ အကျဉ်းကျနေတဲ့ အတောအတွင်းမှာ ကျူစန်းထုံ၊ တုံးယန်တို့နဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့တယ်… သူငယ်ချင်းကောင်းတွေက နင်တို့ကို တိုက်ခိုက်ချင်မှတော့ ယာယာလည်း မတတ်သာဘဲ ဝင်ပါရတော့မှာပေါ့… ခဏနေ နင်တို့ ယာယာ့အလောင်းကို နင်းသွားတဲ့အခါ ဖြည်းဖြည်း နင်းကြနော်”
အပြုံးမျက်နှာနှင့်် ရှီကျင်းက သက်ပြင်းချလိုက်သည်။ “မင်းတို့အားလုံး ရောဂါဖြစ်နေကြပြီ … ဦးနှောက်မှာ ရောဂါဖြစ်နေကြတာ… ကုသဖို့ လိုတယ်”
ကျူစန်းထုံက ဒေါသတကြီး ဆဲဆိုလိုက်သည်။ “မင်းသာ ရောဂါဖြစ်နေတာကွ… မင်းတို့တစ်မိသားစုလုံး ရောဂါဖြစ်နေတာကွ … မင်းတို့ရဲ့ ဦးနှောက်တွေ ပုပ်သိုးပျက်စီးနေကြပြီ”
ကောင်းကင်ဖွင့်လှစ်သူများသည် သူ၏ ဆဲဆိုမှုများကို လုံးဝ ဂရုမစိုက်ကြပေ။ သူတို့ လျှောက်လှမ်းသော လမ်းစဉ်မှာ လွဲချော်နေသော်လည်း သူတို့၏ တာအိုနှလုံးသားအဆင့်မှာမူ အလွန်တရာ မြင့်မား၏။ သူတို့က ကျူစန်းထုံနှင့် အခြားသူများကို ကုသမှု လိုအပ်နေသော ဝေဒနာရှင်များအဖြစ်သာ သဘောထားကြသည်။
ဤသို့သော အပြုအမူကပင် သူတို့ကို ပို၍ ကြောက်မက်ဖွယ် ကောင်းစေ၏။
“တာအိုနောင်တော် ထိုက်ယီ… ခင်ဗျားက တျန်းတုအရှင်သခင် ဖြစ်ချင်တာလား…. ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင်ပဲ ဖြစ်ချင်တာလား” ချင်မူ ရုတ်တရက် မေးလိုက်သည်။
ထိုက်ယီ တိတ်ဆိတ်နေ၏။ ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ အကြည့်များကလည်း သူ့အပေါ်သို့ ကျရောက်လာသည်။ အပြုံးမျက်နှာနှင့် ရှီကျင်းက ပြောသည်။ “ခေါင်းဆောင်… ခင်ဗျား ရောဂါဖြစ်နေတယ်… တျန်းတုအရှင်သခင် အဖြစ်ကို ပြန်ရောက်မှပဲ ရောဂါပျောက်မှာ”
ထိုက်ယီ သက်ပြင်းချမိသည်။ “တာအိုမိတ်ဆွေမူ… မင်းက ငါ့ကို တျန်းတုအရှင်သခင် ဖြစ်ခွင့်ပေးမှာလား”
ချင်မူ ခေါင်းခါ၏။ “ခွင့်မပြုနိုင်ဘူး… ကျုပ် မီလော့နန်းတော်ကို ပထမဆုံးအကြိမ် ဝင်ရောက်ပြီး မီလော့နန်းတော် အရှင်သခင်နဲ့ တွေ့တုန်းက ဆရာက ထိုက်ယီကို သတိထားဖို့ ပြောခဲ့တယ်… ကျုပ်က သူ့စကားကို သံသယဝင်ပြီး သူ လိမ်နေတာ ထင်ခဲ့မိတယ်… ဒါပေမဲ့ နောက်ပိုင်းတော့ နားလည်သွားတယ်… သူက ခင်ဗျားကို သတိထားခိုင်းတာ မဟုတ်ဘဲ တျန်းတုအရှင်သခင်ကို သတိထားခိုင်းတာပဲ… တာအိုနောင်တော် ထိုက်ယီအပေါ်မှာတော့ ကျုပ် လေးစားကြည်ညိုမှုပဲ ရှိပါတယ်… ထိုက်ယီ ဖြစ်နေသမျှ ကာလပတ်လုံး ခင်ဗျားဟာ ၁၇ စင်းမြောက် စကြဝဠာကို နှစ်ပေါင်းခြောက်ကုဋေကြာအောင် ကာကွယ်ပေးခဲ့တယ်… ဒါပေမဲ့ ခင်ဗျားသာ တျန်းတုအရှင်သခင် ဖြစ်သွားခဲ့ရင် ၁၇ စင်းမြောက် စကြဝဠာကို ဖျက်ဆီးမယ့်သူ ဖြစ်သွားလိမ့်မယ်”
ထိုက်ယီ တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးဖွင့်လိုက်ပြီး ပြုံးနေ၏။ “ငါ နားလည်ပါပြီ… မင်း စတိုက်လို့ရပြီ”
ချင်မူ၏ မျက်လုံးများမှ အလင်းတန်းများ ဖြာထွက်လာသည်။၊ သူ၏ ကမ္ဘာဦးဖရိုဖရဲမူလချီသည် ချက်ချင်း အသက်ဝင်လာ၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သည့် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ ဖြစ်တည်လာပြီး ထူးဆန်းသော ဝင်္ကပါတစ်ခု ဖွဲ့စည်းလိုက်သည်။
တခဏအတွင်းမှာပင် သူသည် မတ်စောက်နေသည့် ကျောက်ပြားကြီးဖြစ်သွားသယောင်ပင်။
ချင်မူသည် သခင်လေး မဟာဥသျှောင် တည်ဆောက်ခဲ့သော ကျောက်ပြားတောအုပ်မှ ကျောက်ပြားတစ်ချပ်ကို စွန့်ပစ်မြေမှ ဘိုးဘေးနန်းတော်သို့ ပို့ဆောင်ခဲ့သော်လည်း ကောင်းကင်နတ်ဧကရီ လက်ချက်ဖြင့် ပျက်စီးသွားခဲ့သည်။
ကျောက်ပြားတောအုပ်မှာ မပြည့်စုံတော့သဖြင့် ဤနေရာ၏ အချုပ်အနှောင်စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။
သို့သော် ချင်မူက ကျောက်ပြားချပ်များကို နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်ထား၏။ သူ ကျောက်ပြားတောအုပ်ထဲသို့ ဝင်ရောက်သည့် အခါတိုင်း ကမ္ဘာဦးဖရိုဖရဲသင်္ကေတများကို အသုံးပြု၍ ကျောက်ပြားအဖြစ် ဟန်ဆောင်ကာ ဝင်္ကပါထဲသို့ ခိုးဝင်ခဲ့သည်။
ဤတစ်ကြိမ် သူ၏ ခန္ဓာကိုယ်ကို ကျောက်ပြားအဖြစ် ပြောင်းလဲလိုက်ခြင်းက ... သခင်လေး မဟာဥသျှောင် ကျောက်ပြားတောအုပ်ထဲသို့ ဝင်ရောက်ပြီး တုံးယန်နှင့် အခြားသူများကို နှိမ်နင်းရန် ကျောက်ပြားအဖြစ် ပြောင်းလဲခဲ့သော နည်းလမ်းနှင့် တူညီလေသည်။
ကျောက်ပြားတောအုပ်သည် ဝုန်းခနဲ အသက်ဝင်လာပြီး ကျောက်ပြားတစ်ခုချင်းစီက ထွန်းလင်းတောက်ပလာတော့သည်။ မရေမတွက်နိုင်သော သင်္ကေတများ ထွက်ပေါ်လာသည်။ သခင်လေး မဟာဥသျှောင် ချန်ထားခဲ့သော ဝင်္ကပါ စတင်အသက်ဝင်လာချေပြီ။
ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ ခြေလှမ်းများရွေ့လျား၍ ခန္ဓာကိုယ်များ လှုပ်ရှားသွားကြ၏။ သူတို့၏ တုံ့ပြန်မှုက အလွန်လျင်မြန်ဖျတ်လက်သည်။ ချင်မူ ကျောက်ပြားတောအုပ်၏ အချုပ်အနှောင်စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ကလည်း ကောင်းကင်ဖွင့်လှစ်ခြင်းယဇ်ပလ္လင်၀င်္ကပါကို ချက်ချင်း ဖော်ဆောင်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် အဘိုးအိုတုံးယန်၊ ကျူစန်းထုံ၊ ယာယာ၊ အမျိုးသမီးနှင့် အဘွားအိုတို့ကလည်း ပြိုင်တူလှုပ်ရှားလိုက်ကြပြီး ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးအား တိုက်ခိုက်ကာ သူတို့၏ ၀င်္ကပါကို ဖျက်ဆီးရန် ကြိုးစားကြ၏။
သူတို့အားလုံး အချိန်ရရန် တိုက်ခိုက်ပေးနေကြခြင်းပင်။ ချင်မူ ကျောက်ပြားတောအုပ်၏ အချုပ်အနှောင်စွမ်းအားကို အထွတ်အထိပ်အထိ ရောက်အောင် အသက်သွင်းရန် အချိန် လိုအပ်သည်။ ထိုအချိန်မတိုင်မီ ကောင်းကင်ဖွင့်လှစ်သူများကို တားဆီးထားရမည် ဖြစ်ပြီး ယဇ်ပလ္လင်၀င်္ကပါ စွမ်းအား အသက်ဝင်မလာအောင် ဆောင်ရွက်ရပေလိမ့်မည်။
ဤသည်မှာ ချင်မူနှင့် သူတို့ ကြိုတင်တိုင်ပင်ထားသော အစီအစဉ် ဖြစ်၏။
ကောင်းကင်ဖွင့်လှစ်သူများတွင် မီလော့နန်းတော် သခင်လေးများကိုပင် အနိုင်တိုက်နိုင်သော ပူးပေါင်းတိုက်ကွက်ကို ပိုင်ဆိုင်ထားကြသည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် သခင်လေးနှစ်ကိုပင် ဒဏ်ရာအပြင်းအထန် ရစေခဲ့ခြင်းက သက်သေပင်။
သခင်လေးနှစ်၏ စွမ်းအားသည် သခင်လေးတစ် မဟာဥသျှောင်ထက်ပင် ပို၍ ကြီးမားနိုင်သည်။ အနီရောင်ကြိုးထုံးဖြင့် ချုပ်နှောင်ခံထားရသော်လည်း သူမကို ဒဏ်ရာရအောင် လုပ်ရန်မှာ မလွယ်ကူချေ။
ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးသည် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် သူမကို ဒဏ်ရာအပြင်းအထန် ရစေခဲ့ပြီး အဆုံးသတ်မြို့ပျက်မှ ထွက်ခွာနိုင်ခဲ့သဖြင့် ချင်မူကသည် သူတို့အား သခင်လေးများအဆင့် သတ်မှတ်ထားပြီး ဖြစ်သည်။
ကျောက်ပြားတောအုပ်ကို အသက်သွင်းရန် အချိန်လိုအပ်သလို ကောင်းကင်ဖွင့်ယဇ်ပလ္လင်ဝင်္ကပါကို ဖော်ဆောင်ရန်လည်း အချိန်လိုအပ်၏။ ဤအခိုက်အတန့်တွင် ပထမဆုံး တိုက်ခိုက်နိုင်သူအနေဖြင့် အနိုင်ရန် အခွင့်အရေး ရပေလိမ့်မည်။
ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ ခြေဖဝါးအောက်တွင် ကောင်းကင်ဖွင့်လှစ်ခြင်းယဇ်ပလ္လင်၏ ပုံရိပ် ထင်ဟပ်လာသည်။ သူတို့ သုံးဆယ့်ငါးဦးသည် စိတ်ချင်းဆက်နေသည့်အလား ကောင်းကင်ဖွင့်ယဇ်ပလ္လင် ဝင်္ကပါကို အသက်သွင်းနေသည့် အရှိန်မှာ စိတ်ကူးမှန်းဆနိုင်သည်ထက်ပင် ပို၍ လျင်မြန်နေ၏။
ကျူစန်းထုံက သံဆူးတုတ်ကို ကိုင်လျက် ပြေးဝင်သွားကာ ကောင်းကင်ဖွင့်လှစ်သူ တစ်ဦး၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ သွေးများ ဖွားခနဲ လွင့်စင်ပန်းထွက်လာ၏။
ထိုကောင်းကင်ဖွင့်လှစ်သူ၏ ဦးနှောက်စများကား ကြွေသွားသော ပန်းပွင့်တစ်ပွင့်ပမာ အရပ်လေးမျက်နှာသို့ လွင့်စင်သွားသည်။ သူ၏ မျက်နှာသည် နှစ်ခြမ်းကွဲသွား၏။ ဦးခေါင်းခွံက ဟက်တက်ကွဲသွားသော်လည်း သူက သွားဖြီးရယ်နေဆဲ ဖြစ်သဖြင့် အားလုံးမှာ အသည်းခိုက်သည်အထိ ကျောစိမ့်သွားကြသည်။
ကျူစန်းထုံမှာ အံ့ဩနေသည်။ “မသေသေးဘူးလား”
ဦးခေါင်း ဟက်တက်ကွဲသွားသော ကောင်းကင်ဖွင့်လှစ်သူ၏ ကျောနောက်တွင် ဗုံကြီးတစ်လုံး ဖွဲ့တည်လာသည်။ ၎င်း ဗုံခနဲ မြည်ဟည်းသွားလျှငချင်း ကျူစန်းထုံမှာ သွေးအန်လိုက်ရသည်။ ဗုံသံ ဆယ့်ရှစ်ချက် ဆက်တိုက် မြည်ဟည်းလာသောအခါ ကျူစန်းထုံ၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ပိုင်းပြတ်သွားတော့သည်။
ကလေးမလေး၏ ခန္ဓာကိုယ်က လည်ပတ်သွားပြီး သူမ၏ တာအိုသစ်ပင်ပေါ်မှ တာအိုသစ်သီးများ ဝှီးခနဲ ပျံသန်းထွက်လာသည်။ တာအိုသစ်သီးများ လည်ပတ်သွားပြီး သစ်သီးများထဲမှ အပ်ချည်မျှင် ထောင်ပေါင်းများစွာ ထွက်ပေါ်လာကာ ကောင်းကင်ဖွင့်လှစ်သူတစ်ဦး၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ထိုးဖောက်သွား၏။
ကလေးမလေးက လက်ဆန့်ကာ ကြိုးမျှင်များကို ဆွဲလိုက်သည်။ သို့သော် ထိုကောင်းကင်ဖွင့်လှစ်သူသည် သူမ ထင်ထားသလို အစိတ်စိတ်အမွှာမွှာ ကွဲထွက်မသွားခဲ့ပေ။
ကလေးမလေး ထိတ်လန့်သွား၏။ ကြိုးများကို စွန့်ပစ်၍ ထွက်ပြေးရန် ကြံလိုက်စဉ် ထိုကောင်းကင်ဖွင့်လှစ်သူက သူမကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာချေပြီ။ သူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံးတစ်လုံး ပွင့်လာပြီး အလင်းတန်းတစ်တန်း ထွက်လာသည်။
ကလေးမလေး၏ ခန္ဓာကိုယ်ထဲမှ ဝါးပင်နုများ ထိုးဖောက်ထွက်ပေါ်လာပြီး တဟုန်ထိုး ကြီးထွားလာကာ သူမ၏ ခန္ဓာကိုယ်ကို ဝါးတောထဲတွင် စိုက်သွားစေသည်။
“တာအိုသစ်ပင်နဲ့ တာအိုသစ်သီးက ခေတ်နောက်ကျသွားပြီ” ထိုကောင်းကင်ဖွင့်လှစ်သူက မှင်သေသေ ပြော၏။
တစ်ချိန်တည်းမှာပင် အမျိုးသမီးက ၀င်ရောက်တိုက်ခိုက်သည်။ သူမက အဝတ်လျှော်တုတ်ကို ဝှေ့ယမ်း ရိုက်ချလိုက်၏။ ချက်ချင်းဆိုသလို သူမ၏ အနောက်ရှိ ရှေးဟောင်းရေတွင်းထဲမှ ရောင်စုံအလင်းတန်းများ ကောင်းကင်သို့ ဖြာတက်လာသည်။
သူမကား အလွန်တရာ အင်အားကြီးမားကာ တုံးယန်အောက်က်ပင် မနိမ့်ကျပေ။ မကြာခဏ ရေခပ် အဝတ်လျှော်လေ့ရှိသော ထိုရေတွင်းသည် သူမ၏ မဟာတာအိုကိန်းအောင်းရာ နေရာဖြစ်၏။ သူမ တည်ရှိခဲ့သော စကြဝဠာခေတ်တွင် သူမသည်လည်း အထင်ရှားဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။
သို့သော် သူမကို ကောင်းကင်ဖွင့်လှစ်သူ သုံးဦး၏ တိုက်ခိုက်မှုက ကြိုဆိုနေသည်။ အမျိုးသမီးမှာ တိုက်ကွက် ထုတ်ဖော်လိုက်သည့်အချိန်မှာပင် ကောင်းကင်ဖွင့်လှစ်သူ သုံးဦးကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး နောက်သို့ လွင့်ထွက်သွားသည်။
“ဘာလို့ ဒီလောက် ထူးဆန်းတဲ့ ကောင်းကင်နတ်သိုင်းတွေ… ဒီလောက် ထူးဆန်းတဲ့ မဟာတာအိုတွေ ရှိနေရတာလဲ”
သူမ၏ ဦးနှောက်မှာ ထုံကျင်နေသည်။ ကောင်းကင်ဖွင့်လှစ်သူ သုံးဦး၏ ကောင်းကင်နတ်သိုင်းများကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူတို့ အသုံးပြုသည့် မဟာတာအိုကိုလည်း သူမ တစ်ခါမှ မကြားဖူးချေ။ ရလဒ်အနေဖြင့် ပထမဆုံးတိုက်ကွက်မှာပင် ဒဏ်ရာ အပြင်းအထန် ရခဲ့ချေပြီ။
တစ်ဖက်တွင် အဘွားအိုနှင့် အဘိုးအိုတုံးယန်တို့သည်လည်း ကောင်းကင်ဖွင့်လှစ်သူများနှင့် အပြန်အလှန် တိုက်ခိုက်နေကြသည်။
၇ စင်းမြောက် စကြဝဠာခေတ်တုန်းက အဘိုးအိုတုံးယန်သည် တျန်းတုတွင် တတိယအဆင့် ဖြစ်ပြီး သူ့အထက်တွင် တျန်းတုအရှင်သခင်နှင့် လျှို့ဝှက်ဆန်းကြယ်သော လင်တို့သာ ရှိ၏။ သူသည်လည်း ကောင်းကင်ဖွင့်လှစ်သူ တစ်ဦး ဖြစ်ကာ တစ်ချိန်က သခင်လေးတစ် မဟာဥသျှောင်တန်းတူ နာမည်ကျော်ခဲ့သည်။
သူ့မှာ ဤကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ တာအိုနတ်သိုင်းနှင့် ကောင်းကင်နတ်သိုင်းများကို နားလည်သည်ဟု ထင်ထားခဲ့၏။ သို့သော် သူ ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်။ ယခင်က ကောင်းကင်ဖွင့်လှစ်သူများ၏ ကောင်းကင်နတ်သိုင်းများသည် ယခုလက်ရှိ ကောင်းကင်ဖွင့်လှစ်သူများနှင့် လုံး၀ ကွဲပြားခြားနားနေချေပြီ။
ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို မတွေ့မြင်နိုင်တော့ချေ။
ဖောင်း… ဖောင်း
သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားပြီး လေထဲတွင် အက်ကွဲသွားသည်။ သူ့မှာ ကြံရာမရ ဖြစ်နေ၏။
သူကိုယ်တိုင်ပင် ကောင်းကင်ဖွင့်လှစ်သူများ၏ သိုင်းပညာအား နားမလည်နိုင်တော့ပေ။
တစ်ဖက်တွင် အဘွားအိုလည်း တစ်ချိန်တည်းနီးပါး ရှုံးနိမ့်သွားသည်။ ကောင်းကင်ဖွင့်လှစ်သူ တစ်ဦး၏ ခြေထောက်ဖြင့် မျက်နှာကို နင်းခံထားရပြီး အသတ်ခံရပေတော့မည်။
ထိုအခိုက်အတန့်တွင် ချင်မူက ကျောက်ပြားတောအုပ်၏ ၀င်္ကပါကို အသက်သွင်းကာ လက်ညှိုးထိုးလိုက်သည်။
ထိုကောင်းကင်ဖွင့်လှစ်သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး မှော်စွမ်းအင် တစ်စက်မှ မကျန်တော့သည်အထိ ဖိနှိပ်ခံလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ဝှီးခနဲ ပျံတက်ကာ လွင့်ထွက်သွားသည်။
ဘုန်း
သူ၏ ရုပ်ခန္ဓာသည် အနီးဆုံး ကျောက်ပြားနှင့် ဆောင့်မိသွားပြီး ရုပ်ခန္ဓာနှင့် မူလဝိညာဉ်နှစ်ခုစလုံး ကျောက်ပြားထဲသို့ နစ်ဝင်ပေါင်းစည်းသွား၏။ သူကား ကျောက်ပြားထဲတွင် ပိတ်မိသွားလေသည်။
ချင်မူ ခြေလှမ်းရွှေ့လိုက်သည့်အခါ ကျောက်ပြားတောအုပ်ကြီး၀င်္ကပါ ပြောင်းလဲသွား၏။ ဧရာမကျောက်ပြားကြီးများက အဆက်မပြတ် ရွေ့လျားနေပြီး ချင်မူ ဒုတိယအကြိမ် လက်ညှိုးထိုးလိုက်သည့်အချိန်၌ အခြား ကောင်းကင်ဖွင့်လှစ်သူ တစ်ဦးလည်း လွင့်ထွက်သွားပြီး ဒုတိယကျောက်ပြားထဲသို့ နစ်ဝင်သွားသည်။
ကျန်ကောင်းကင်ဖွင့်လှစ်သူများက ချင်မူထံသို့ ပြေးဝင်လာကြသည်။ ချင်မူက တာအိုအသုဘခေါင်းတလားကို ပတ်လျှောက်ရင်း အင်္ကျီလက်စ ခါလိုက်ရာ အခြားကောင်းကင်ဖွင့်လှစ်သူ တစ်ဦးမှာ ငယ်သံပါအောင် အော်ဟစ်လိုက်ရသည်။ သူသည်လည်း လွင့်ထွက်သွားပြီး တတိယကျောက်ပြားထဲသို့ နစ်ဝင်သွားချေပြီ။
အပြုံးမျက်နှာနှင့် ရှီကျင်းက ခန္ဓာကိုယ်ကို လှုပ်ခါ၍ ကောင်းကင်ဖွင့်လှစ်ခြင်းယဇ်ပလ္လင် ၀င်္ကပါကို အသက်သွင်းလိုက်သည်။ ကျန်ကောင်းကင်ဖွင့်လှစ်သူများ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်များက သူ၏ ရုပ်ခန္ဓာ၊ မူလဝိညာဉ်နှင့် တစ်သားတည်း ပေါင်းစည်းသွား၏။ သူ၏ ခန္ဓာကိုယ်မှာ ဖောင်းကားကြီးထွားလာပြီး ကောင်းကင်နှင့် မြေကြီးကို ဖွင့်လှစ်နိုင်သော ဘီလူးကြီးတစ်ကောင်အသွင် ဖြစ်လာသည်။
ကောင်းကင်ဖွင့်လှစ်သူသုံးဦး ချင်မူ၏ချုပ်နှောင်ခြင်း ခံလိုက်ရသဖြင့် ကောင်းကင်ဖွင့်လှစ်ခြင်း ယဇ်ပလ္လင်ဝင်္ကပါမှာ မပြည့်စုံတော့ချေ။ သို့သော် ချင်မူ၏ သိုင်းအဆင့်က သခင်လေးအဆင့်သို့ မရောက်သေးသဖြင့် ရှီကျင်းကား ကျောက်ပြားတောအုပ်ကို ဖျက်ဆီးနိုင်သည်ဟု ယုံကြည်ထား၏။
ထိုအချိန်တွင် ဧရာမပုဆိန်ကြီးတစ်လက်က ပေါင်းစည်းတော့မည့် သုံးဆယ့်နှစ်ဦးကို တစ်ချက်တည်း ခုတ်ချလိုက်သည်။
ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်နှစ်ဦးစလုံး လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည််။ ၀င်္ကပါမှာ ချက်ချင်း ပျက်စီးသွားချေပြီ။
ချင်မူက အခွင့်အရေးကို အရယူကာ ကျောက်ပြားတောအုပ်ကို အသက်သွင်းလျက် ကောင်းကင်ဖွင့်လှစ်သူ တစ်ဦးချင်းစီကို ကျောက်ပြားများထဲသို့ အတင်းအကျပ် ထိုးသွင်းဖိနှိပ်လိုက်သည်။
“ခေါင်းဆောင်… ခင်ဗျား တကယ် ရောဂါဖြစ်တာပါလား”
အပြုံးမျက်နှာ ရှီကျင်း၏ မျက်နှာပေါ်ရှိ အပြုံးသည် နောက်ဆုံးတွင် ပြောင်းလဲသွားပြီး ပုံပျက်ပန်းပျက် ဖြစ်လာသည်။ သူက ထိုက်ယီကို ပြော၏။ “ခင်ဗျား ကုသမှု ခံယူဖို့ လိုအပ်နေတယ်…”
ချင်မူက လက်ကျန်မှော်စွမ်းအင်များကို စုစည်းကာ လက်ဝှေ့ယမ်းလိုက်သည်။ အပြုံးမျက်နှာရှီကျင်း၏ ခန္ဓာကိုယ်လည်း လွင့်ထွက်သွားပြီး သုံးဆယ့်ငါးခုမြောက် ကျောက်ပြားထဲသို့ နစ်ဝင်သွား၏။
ချင်မူမှာ မောဟိုက်စွာ အသက်ရှူနေရသည်။ ကျောက်ပြားတောအုပ်သည် သူ၏ မှော်စွမ်းအင်များကို ဆက်လက် စုပ်ယူနေသဖြင့် သူ မခံနိုင်တော့ချေ။ ထိုအချိန်တွင် ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦး၏ မျက်နှာများမှာ ကျောက်ပြားမျက်နှာပြင်ပေါ်တွင် ကပ်နေပြီး သူ ခံနိုင်ရည်ကုန်သွားမည်ကို စိုက်ကြည့်နေကြသည်။
ချင်မူ့အနေဖြင့် ဤမျှ ကြီးမားသော ကျောက်ပြားတောအုပ်ကို ထိန်းချုပ်ရန် မှော်စွမ်းအင်များစွာ သုံးစွဲရ၏။ တစ်ချိန်တည်းမှာပင် သူ၏ ချီစွမ်းအင်များကို ကမ္ဘာဦးဖရိုဖရဲသင်္ကေတများအဖြစ် ပြောင်းလဲကာ ပျောက်ဆုံးနေသော ကျောက်ပြားနေရာတွင် အစားထိုး၍ သူ၏ ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားရသေးသည်။
ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးကို တစ်ခါတည်း ချုပ်နှောင်နိုင်ခဲ့ခြင်းက အံ့ဩစရာ ကောင်းသော်လည်း ချင်မူ၏ မှော်စွမ်းအင်အားလုံးလည်း ကုန်ခမ်းသွားခဲ့၏။
“သခင်လေးဖရိုဖရဲ… မင်းက အတိတ်ကလိုပဲ… အခုထိ တဇွတ်ထိုးဆန်နေတုန်းပဲ… ဘာပဲ လုပ်လုပ် အကျိုးဆက်ကို ဘယ်တော့မှ မစဉ်းစားဘူး”
အပြုံးမျက်နှာရှီကျင်း၏ မျက်နှာသည် ကျောက်ပြားမျက်နှာပြင်တွင် ကပ်နေပြီး သူ၏ အကြည့်တွင် မည်သည့် ခံစားချက်မှ မရှိပေ။ သူ၏အသံက ကျောက်ပြားထဲမှ ထွက်ပေါ်လာသည်။ “မင်း ကြာကြာ တောင့်မခံနိုင်တော့ဘူး… အဲ့ဒီအချိန်ကျ ငါတို့ လွတ်မြောက်လာလိမ့်မယ်… မင်း လုပ်ခဲ့သမျှ အားလုံးက သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်”
ချင်မူက ရုတ်တရက် တင်ပျဉ်ခွေထိုင်လိုက်ရာ သူ၏ အနောက်တွင် ဖရိုဖရဲခန်းမ ပေါ်ထွက်လာ၏။ လောကသစ်ပင်သည် ပျံသန်းထွက်လာပြီး ဖရိုဖရဲနန်းတော်ထဲသို့ ဆင်းသက်၍ မြစ်များမှတစ်ဆင့် စွမ်းအင်တို့ကို စုပ်ယူရင်း ပြန်လည်အားဖြည့်နေသည်။
“ကျုပ်သာ ခင်ဗျားတို့ကို နှိမ်နင်းချင်တယ်ဆိုရင် ခင်ဗျားတို့ ပြားပြားဝပ်နေတဲ့အထိ နှိမ်နင်းပစ်မယ်”
ချင်မူ ထိုသို့ပြောလိုက်သည်နှင့် ထိုက်ယီ၏ လက်ကြီးတစ်ဖက်က သူ၏ ပခုံးပေါ်သို့ ရုတ်တရက် ကျရောက်လာတော့၏။