အိမ်
Vol. 13 Ch. 176
အခန်း(၁၇၆) : အိမ်
အိမ်ပြန်ရောက်လာ၍ ပျော်နေသူမှာ ဝမ်ဝေ့ တစ်ယောက်တည်း မဟုတ်ပေ။ သူ့အဖွဲ့သားအားလုံး ဖြစ်၏။ ကမ္ဘာဆီ ဝင်ရောက်လာပြီးနောက် မိခင်(ကမ္ဘာ)က သားသမီးတွေကို ကြိုဆိုလိုက်သလိုမျိုး ဝမ်းမြောက်ရွင်လန်းဖွယ် ခံစားချက်မျိုး ရုတ်ချည်း လွှမ်းခြုံသွားလေသည်။
အဖွဲ့က အိမ်ကို ၁၅ နှစ်ကြာမြင့်ပြီးမှ ပြန်ရောက်လာကြစဉ် အားကောင်းသည့် စိတ်စွမ်းအားတစ်ခုက သူတို့အနား ရုတ်ချည်း ပေါ်ထွက်လာသည်။ ထို့နောက် ထိုစိတ်စွမ်းအားက ထျဲ့ကန်နှင့် ယူစစ်ယွီ၏ ခန္ဓာကိုယ်ထဲ ကြောက်စရာကောင်းလောက်အောင် ကျူးကျော်လာသည်။
ကံကောင်းစွာဖြင့် သူတို့က အစစ်အမှန်အုပ်ချုပ်သူ ယန်းချန် ပြောထားသည့် စကားကို ရုတ်ချည်း အမှတ်ရသွားကာ အသက်ပြင်းပြင်းရှုလိုက်ကြပြီး ကိုယ့်ဘာသာ တည်ငြိမ်အောင်ထိန်းလိုက်ကြသည်။ သို့သော်လည်း သူတို့က အပေါ်ယံ၌သာ တည်ငြိမ်ကြသည်။
ထိုအထွတ်အထိပ် စိတ်စွမ်းအားက ဝိညာဉ်၊ စိတ်ဝိညာဉ်နှင့် မှတ်ဉာဏ်များအထိ သူတို့ခန္ဓာကိုယ်အနှံ့ စစ်ဆေးသွားလေသည်။
ထိုအထွတ်အထိပ် စိတ်စွမ်းအားက အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်တာအို ဖြစ်ပေသည်။ နယ်ခြားတချို့ ကမ္ဘာထဲ ဝင်ရောက်လာတိုင်း သူတို့က ကမ္ဘာကို အန္တရာယ်ပေးနိုင်လား စစ်ဆေးကြည့်ဖို့က သူ့အလုပ် ဖြစ်၏။
ထို့ကြောင့် ထိုလူနှစ်ယောက်ကို သတိထားမိသည်နှင့် စတင်စစ်ဆေးခြင်း ဖြစ်သည်။ ထိုအရာက အဆုံးမဲ့လေဟာနယ်ထဲမှ အားကောင်းသော တည်ရှိမှုတချို့မှ ထည့်သွင်းထားသည့် ကျိန်စာရှိ၊ မရှိပါ သေချာအောင် သူတို့ခန္ဓာကိုယ်နှင့် ဝိညာဉ်အထိ စစ်ဆေးလိုက်သည်။
ထို့နောက် အသင်္ချေအင်ပါယာကမ္ဘာနှင့် ဆက်သွယ်နိုင်ဖို့အတွက် တခြားအားကောင်းသည့် ကမ္ဘာများဆီမှ စေလွှတ်လိုက်သည့်သူ မဟုတ်ကြောင်း သေချာစေရန် သူတို့မှတ်ဉာဏ်များအထိပါ စစ်ဆေးလိုက်၏။
ကောင်းကင်တာအို၏ စေ့စပ်တိကျမှုကို ကြည့်ခြင်းဖြင့် ဘယ်အရာကို လိုက်ရှာရမည်မှန်း အတွေ့အကြုံအရ သိနေမှန်း သိသာလှသည်။ ထျဲ့ကန်နှင့် ယူစစ်ယွီတို့အတွက် သူတို့လျို့ဝှက်ချက်အကုန် ထိုးဖောက်မြင်ခံရသည့် ခံစားချက်က အတော်လေးဆိုးရွားနေသည်။
သို့သော်လည်း ဖြစ်စဉ်က မကြာမြင့်လိုက်ပေ။ မိနစ်အနည်းငယ်ကြာပြီးနောက် ပြီးဆုံးသွားသည်။ ထို့နောက် ထျဲ့ကန်နှင့် ယူစစ်ယွီ ခန္ဓာကိုယ်ထဲ များပြားလွန်းသည့် ဝိညာဉ်စွမ်းအားများ စတင်ဝင်ရောက်လာသည်။
“တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံလိုက် … ဒါက ကောင်းကင်တာအိုရဲ့ ဆုလာဘ်ပဲ” အကြီးအကဲချုပ်ယန်းချန်က ပြောလိုက်သည်။
နှစ်ယောက်သား ချက်ချင်း တုံ့ပြန်ကာ ညွှန်ကြားချက်အတိုင်း လိုက်လုပ်လိုက်သည်။
“ ဒီနှစ်ယောက်က ဘာလို့ဆုချီးမြင့်ခံရတာလဲ” လီကျွင်းက အကြီးအကဲချုပ်အား မေးလိုက်သည်။ တကယ်တော့ သူသာလျှင် အဖြေကို သိချင်နေကြခြင်း မဟုတ်ပေ။ အားလုံးက သိချင်နေကြ၏။
သူတို့က ထိုနှစ်ယောက်၏ ဇစ်မြစ်ကို စစ်ဆေးသည့် ကိစ္စအား နားလည်သော်လည်း ကောင်းကင်တာအိုက အဘယ်ကြောင့် ဆုချီးမြင့်ရသနည်း။
“သူတို့ပါရမီကြောင့်ပေါ့” အသံချိုချိုလေး ရုတ်တရက် ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုသူက ယန်းချန် မဟုတ်ပေ။
အားလုံးက အသံလားရာကို ကြည့်လိုက်သည့်အခါ ဝမ်ဝေ့၏ မိခင်ဖြစ်သူ ယုယန်ကို တွေ့လိုက်ရသည်။ သူမက တစ်ယောက်မှ သတိမထားမိစေဘဲ အဖွဲ့နား ရောက်လာခဲ့လေသည်။
ထိုစဉ် ယုယန်က အဖွဲ့အား ပြုံးပြလိုက်ပြီးနောက် တခြားသူများ၏ အကြည့်ကို ဂရုမစိုက်ဘဲ ဝမ်ဝေ့အား ဖက်ထားလိုက်သည်။
သို့သော်လည်း ယခင်နှင့် မတူသည်က ဝမ်ဝေ့သည် မရှက်တော့သလို ရှုံ့မဲ့မဲ့လည်း မဖြစ်နေတော့ပေ။ သူက သူ့အမေ ရင်ခွင်ထဲ ဝင်ကာ ပြန်ဖက်ထားလိုက်သည်။ နှစ်ဘဝနေထိုင်ခဲ့သူအနေနှင့် မိသားစုနှင့် နေရမည့်အချိန်က မည်မျှအရေးပါကြောင်း သိထားလေသည်။
ကျင့်ကြံရေးလောက၌ သီးသန့်ကျင့်ကြံမှုတစ်ခုတည်းကပင် နှစ်ထောင်ချီ ကုန်ဆုံးသွားနိုင်သည်။ ပို၍အရေးကြီးသည်က ကျင့်ကြံရေးလောကသည် စိတ်ကူးထားသည်ထက် ပို၍ အန္တရာယ်များ၏။ ဘယ်အချိန် ဘာဖြစ်သွားမလဲ မည်သူမှ မသိနိုင်ပေ။ ထို့ကြောင့် သူက သူ့မိသားစုကို အတော်လေး အလေးထားသည်။
“ဒေါ်လေး … ”
“ဂိုဏ်းချုပ်ကတော် ”
ယုယန်ကို မှတ်မိကြသည့် လူအားလုံးက သူမကို နှုတ်ဆက်လာသောကြောင့် သူမက ပြန်ခေါင်းညိတ်ပြလိုက်သည်။
“အမေ ပါရမီဆိုတာ ဘာကိုပြောတာလဲ” ဝမ်ဝေ့က ယခင်ခေါင်းစဉ်အကြောင်း သိချင်နေဆဲ ဖြစ်၏။
“ကောင်းကင်တာအိုက ကမ္ဘာထဲဝင်လာတဲ့ နယ်ခြားတွေအတွက် သူတို့ပါရမီပေါ် မူတည်ပြီး ဆုချီးမြင့်လိမ့်မယ်။ အဲဒါက လူတွေ ဒီကမ္ဘာထဲ ဆက်နေပြီး ကောင်းကျိုးပြုနိုင်ဖို့ မက်လုံးတစ်မျိုးပဲလေ ”
ဝမ်ဝေ့က ဆိုလိုရင်းကို နားလည်သွားသည်။ ဤကမ္ဘာ၏ ကောင်းကင်တာအိုက တခြားကမ္ဘာမှ ပါရမီရှိသူများကို ကတိကဝတ်နှင့် မက်လုံးများသုံးကာ ဆွဲခေါ်ထားခြင်း ဖြစ်၏။ ယခင်ဘဝ၌ တချို့နိုင်ငံများက သူတို့သိပ္ပံနှင့် နည်းပညာ၊ စီးပွားရေးအပါအဝင် ပညာရပ်ပိုင်းများ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဒီလိုမျိုး အများအပြား လုပ်ဆောင်ခဲ့ကြသည်။
အဆင့်တက်လှမ်းသည့် ဖြစ်စဉ်က မိနစ်ပိုင်းမျှသာ ကြာမြင့်လေသည်။ သို့သော်လည်း သူတို့နှစ်ယောက်၏ အပြုံးများမှတဆင့် ဆုလာဘ်ကို ကျေနပ်နေသည်ထက် ပိုကြောင်း မြင်တွေ့နိုင်သည်။
ယူစစ်ယွီက သူမအံ့ဖွယ်ပလ္လင်တွင် အံ့ဖွယ်သွေးကြော ၃၀၀ ကျော်အထိ ရေးထွင်းနိုင်ခဲ့သောကြောင့် သူမ အုတ်မြစ်နှင့် ခွန်အားက သိသိသာသာ တိုးတက်လာခဲ့သည်။
သံမဏိလက်သီးဘုရင်ဟောင်း ထျဲ့ကန်အတွက်မူ သူ့အံ့ဖွယ်သွေးကြောများက ၃၃၀ အထိ ရောက်ရှိသွားသည်။ ပို၍ အရေးကြီးသည် သူက ကံကြမ္မာကောင်း ချီက ဘယ်အရာကို ဆိုလိုကြောင်း သိရှိသွားလေသည်။ သူသာ သင့်တော်သည့် ကျင့်စဉ်ဖြင့် သီးသန့်လေ့ကျင့်လိုက်ပါက သဘာဝလွန်နယ်ပယ်အဆင့်သို့ အချိန်မရွေး တက်လှမ်းနိုင်လိမ့်မည်။
ထိုနှစ်ယောက်၏ ကိစ္စများအပြီးတွင် တစ်ဖွဲ့လုံးက ဂိုဏ်းဘက် ထွက်လာလိုက်ကြသည်။ သူတို့ ဝင်ပေါက်ရောက်သည်နှင့် ဂိုဏ်းချုပ်ဝမ်ထျန်းနှင့် အကြီးအကဲများက သူတို့ကို စောင့်ကြိုနေကြောင်း မြင်လိုက်ရလေသည်။
သူတို့ ရောက်လာသည့်အခါ လီကျွင်း၏ အမေက သူ့သားကို စတင်ပွေ့ဖက်ထားလိုက်သည်။ တကယ်တော့ ယန်းလီလင်းလည်း ခြွင်းချက် မဟုတ်ပေ။ ဝမ်ဝေ့၏ တည်တည်ငြိမ်ငြိမ် အမူအရာနှင့် မတူဘဲ သူတို့နှစ်ယောက်က ရှက်နေကြသည်။
မဟာအကြီးအကဲ လီကျန်းကလည်း သူ့သား ပခုံးကို ပုတ်ကာ ပြုံးလိုက်သည်။ မဟာအကြီးအကဲယန်းမိန်ကလည်း သူ့တူမကို ပြုံးပြလိုက်သည်။
ဝမ်ထျန်းအတွက်မူ သူ့သားကို ခြုံငုံကြည့်လိုက်ပြီး “ ကောင်းတယ် ကောင်းတယ် … အဖေ စစ်ဆေးမှုထက် သာအောင် လုပ်နိုင်ခဲ့တာပဲ”
ထို့နောက် သူ့ဇနီးသည်အတိုင်း အတုခိုးကာ ဝမ်ဝေ့ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။
ဝမ်ဝေ့က သူ့အဖေကို ဆွံ့အစွာ ကြည့်လိုက်သည်။ သူ့အကြည့်များက အဖေက လူကြီးဖြစ်နေပြီကို ဘာလို့ ထူးထူးဆန်းဆန်း ပြုမူနေတာလဲဟူ၍ ဖြစ်၏။ သူက သူ့အမေ၏ အပြုအမူများကို နားလည်သော်လည်း လူအိုကြီးက ကလေးဆန်ဆန် ပြုမူနေသည်ကို နားမလည်နိုင်ပေ။
သို့သော်လည်း ဝမ်ထျန်းက သူ့သား အကြည့်ကို လျစ်လျူရှုထားပြီး ဆံပင်ကို ဆက်ပွတ်သပ်နေသည်။
တကယ်တော့ ဝမ်ထျန်းက ကလေးလိုမျိုး ပြုမူနေသည့် အကြောင်းအရင်း ရှိလေသည်။ အကြောင်းမှာ သူက အထွတ်အထိပ်နယ်ပယ်အဆင့် နီးကပ်လာ၍ ဖြစ်သောကြောင့် သူ့ပင်ကိုယ် ရိုးရိုးရှင်းရှင်း သဘာဝဆီ ပြန်ရောက်သွားခြင်း ဖြစ်ပေသည်။
သူက ကလေးလိုမျိုး ပြုမူနေသည်မှာ မိုးမြေနှင့် သဟဇာတ ဖြစ်သွားပြီး မိုးမြေ စည်းမျဉ်းများအကြောင်း နားလည်နိုင်စေရန် သူ့စိတ်အခြေအနေက အလွန်ရိုးရှင်းကာ အပြစ်ကင်းသည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားရသည်။
ဝမ်ဝေ့က သူ့အဖေကို လျစ်လျူရှုထားလိုက်ပြီးနောက် မေးလိုက်သည် “အဖေ့ စစ်ဆေးမှုတုန်းက ဘာလုပ်ခဲ့လို့လဲ”
သူက ခဏကြာစဉ်းစားလိုက်ပြီးနောက် “အဖေက အထွတ်အထိပ်ဓားဂိုဏ်းကို တည်ထောင်ခဲ့ပြီးတော့ တစ်ကမ္ဘာလုံးကို ဓားတာအို ဖြန့်ဝေပေးခဲ့တာ …”
“ရလဒ်ကရော ”
“ အဖေ အောင်မြင်ခဲ့တာပေါ့။ ဒါပေမဲ့ အလယ်မှာ အလဟဿဖြစ်တာနည်းနည်းတော့ ရှိတယ်”
ဝမ်ထျန်းက သူ့ဇနီးကို ကြည့်လိုက်ပြီး “မင်း အမေက တစ်ကမ္ဘာလုံးက လူတွေအားလုံးကို စုဝေးပြီးတော့ အဖေ့ဂိုဏ်းကို ဝိုင်းထားခဲ့တာလေ … ကံဆိုးတာက မင်းအမေက အဖေနဲ့ အဖေ့နောက်လိုက် ဓားသမားတွေအတွက် ပြိုင်ဘက် မဟုတ်ခဲ့ဘူး”
ထိုစဉ် ယုယန်က နှာခေါင်းရှုံ့ကာ “ ရှင် အဲဒီတိုက်ပွဲမှာ အသက်ရှင်ကျန်နေတာက ကောင်းကင်ရွေးချယ်ခံအားလုံး မဟာမိတ်ကို ထိန်းချုပ်ချင်လို့ အချင်းချင်း ပြန်တိုက်နေကြလို့လေ ”
“ဘယ်လိုအသက်ရှင်နေတယ်ဆိုတာ အရေးမကြီးပါဘူး” ဝမ်ထျန်းက ကျိတ်ရယ်လိုက်ပြီး “ ပြီးတော့ ဖြစ်စဉ်က အရေးမပါဘူး။ ရလဒ်ပဲ အရေးကြီးတာလို့ ရှင်မပဲ ပြောခဲ့တာလေ”
ယုယန်က သူမယောက်ျားကို ကြည့်လိုက်ပြီး “ဒီနေ့ အပြင်ထွက်အိပ်ချင်တာလား”
ဝမ်ထျန်းက အေးဆေးပြုံးလိုက်သော်လည်း ဘာမှပြန်မပြောတော့ပေ။ သို့သော်လည်း ဝမ်ဝေ့က သူ သိချင်သည့်အရာကိုသာ တန်းမေးလိုက်သည်။
“အဲဆို နောက်ဆုံးအနိုင်ရသူက ဘယ်သူလဲ ”
“နောက်ဆုံးအနိုင်ရသူလို့ မရှိဘူး။ သား အဖေနဲ့ အမေတို့ နှစ်ယောက်လုံးက နောက်ပိုင်း မဟာမိတ် ဖြစ်သွားကြတာ” ယုယန်က ပြန်ဖြေလိုက်သည်။
“ ဘာမဟာမိတ်လဲ … ရှင်မက ငါ့ကို မဟာမိတ် မဖွဲ့ရင် ဓားမော့တာအို ဖြန့်ပြီး ငါနဲ့ တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာလေ”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး နားမလည်နိုင်ဖြစ်သွားသည် “အဲဒါက ဘယ်လိုခြိမ်းခြောက်မှု ဖြစ်လို့လဲ”
ဝမ်ထျန်းက သူ့သားကို ကြည့်ကာ “ ဓားလေ့ကျင့်ရတာက ဓားမော့ လေ့ကျင့်ရတာက မတူဘူး။ ဓား စလေ့ကျင့်ဖို့ အရမ်းခက်ပေမဲ့ ကျွမ်းကျင်ဖို့ လွယ်ကူတယ်။ ဓားမော့ကျ စတင်လေ့ကျင့်ဖို့ လွယ်ပြီး ကျွမ်းကျင်ဖို့ ခက်တယ်။ အားအကောင်းဆုံး ဓားပါရမီရှင်တစ်ယောက်တောင် ဓားအသုံးပြုတာ ကျွမ်းကျင်ပြီး တိုက်ခိုက်စွမ်းရည် ရလာဖို့ အနည်းဆုံး နှစ်နှစ်ကျော် လိုတယ်။
ဒါပေမဲ့ ဓားမော့ကျ မတူဘူး။ သာမန်လူကတောင် ရက်သတ္တပတ်နည်းနည်းလောက် လေ့ကျင့်ပြီးတာနဲ့ ဓားမော့ကိုင်ပြီး အသုံးပြုနိုင်ပြီ။ မင်းအမေသာ ဓားမော့တာအိုကို ကမ္ဘာအနှံ့ ဖြန့်လိုက်ရင် ဓားတာအိုက တစ်ကမ္ဘာလုံးကို အုပ်စိုးဖို့ အချိန်တွေအများကြီး ကြာတော့မှာလေ … သက်တံရောင် ချီကံကောင်းမှုကို ရောက်ဖို့လည်း အချိန်တွေကြာသွားတော့မှာ …
အဲဒါကြောင့် သူမနဲ့ တိုက်ခိုက်တာထက် မဟာမိတ်ဖွဲ့လိုက်တာက နှစ်ယောက်လုံးအတွက် အကျိုးမြတ်ရလာမှာလေ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သော်လည်း ကိစ္စများက မရိုးရှင်းကြောင်း ခန့်မှန်းမိလိုက်သည်။ သူ့အဖေက အမေကို ထိုစဉ်ကတည်းက သဘောကျနေလောက်၍သာ အပေးအယူကို လက်ခံလိုက်ခြင်း ဖြစ်ပေမည်။
ဝမ်ဝေ့က သူ့အနေနှင့် ဘယ်တော့မှ လက်ခံနိုင်မည် မဟုတ်မှန်း သိပေသည်။ သူက ပွင့်ပွင့်လင်းလင်း ညှိနှိုင်းမည် ဖြစ်ကာ အတင်းအကျပ် ဖိအားပေးမည် မဟုတ်ပေ။
ထိုအရာကို ဖုန်းဟွမ်၏ အပေးအယူကိစ္စကို ဖြေရှင်းရာ၌ မြင်နိုင်လေသည်။ သူက လက်ခံလိုက်မည့်အစား တိုက်ပွဲအကြောင်းပြကာ မျက်နှာတည့်တည့် ဖြတ်ရိုက်ခဲ့သည်။ ထိုအရာက ဝမ်ဝေ့သည် အာဃာတ ထားတတ်မှန်း သိသာစေသည်။
သို့သော်လည်း မတတ်နိုင်ပေ။ လွတ်မြောက်မှုကို လိုလားသူတစ်ဦးအနေနှင့် ထိုအရာက သူ့အတွက် အကျိုးရှိပြီး အကျိုးအမြတ် ဖြစ်ထွန်းစေလျှင်ပင် သူ့ကို အတင်းအကျပ်လုပ်ဖို့ တွန်းအားပေးသည်ကို မမုန်းတီးဘဲ မနေနိုင်ပေ။