← Chapters

မိသားစု ပြန်လည်ဆုံစည်းခြင်း

Vol. 13 Ch. 177

မိသားစု ပြန်လည်ဆုံစည်းခြင်း

Vol. 13 Ch. 177

အခန်း(၁၇၇)  :  မိသားစု ပြန်လည်ဆုံစည်းခြင်း

ထိုလူများက မိသားစုများနှင့် ပြန်လည်ဆုံတွေ့သွားစဉ် အစစ်အမှန် အုပ်ချုပ်သူယန်းချန်က သူတို့အားလုံးကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ သူက တခြားလူအိုကြီးများနှင့် စစ်ဆေးမှု အသေးစိတ်အကြောင်း ဆွေးနွေးဖို့ အလျှင်လိုနေသည်။

ထိုစစ်ဆေးမှုအတွင်း သူ့အနေနှင့် သခင်လေး တစ်ကမ္ဘာလုံးကို တစ်ခုပြီး တစ်ခု ပိုကောင်းလာအောင်၊ ပိုထိရောက်မှုရှိလာအောင် ဖြည်းဖြည်းချင်း မည်သို့ ပြောင်းလဲခဲ့ကြောင်း စောင့်ကြည့်နေခဲ့သည်။ သူ ကြားထားသည့် သတင်းအချက်အလက်အရ ထိုဖြစ်စဉ်ကို သခင်လေးက ခေတ်မီတိုးတက်ခြင်းဟု ခေါ်ဝေါ်လေသည်။

ယန်းချန်က စိတ်ဝိညာဉ်ခရီးလမ်းအပြီးတွင် ဝမ်ဝေ့နှင့် စကားဝိုင်းအား ရုတ်ချည်း အမှတ်ရသွားသည်။ ထိုစဉ်က သူ့အနေနှင့် သခင်လေးသည် ကမ္ဘာကြီးကို ပြောင်းလဲရန် ပဏာမအစီအစဉ်တစ်ခု ရှိထားမှန်း တွေးခဲ့မိသည်။ သို့သော်လည်း တိုက်ပွဲတိုင်းပြည်ကမ္ဘာမှ အဖြစ်အပျက်များကို မြင်ခါမှ ယန်းချန်သည် ဝမ်ဝေ့ လေချည်းသပ်သပ် မဟုတ်ဘဲ လက်တွေ့အကောင်အထည် ဖော်ဖို့ရာအထိ အစီအစဉ်ရှိထားကြောင်း သိလာသည်။

သူက ထိုစစ်ဆေးမှုဖြင့် သူ့အတွေးအခေါ်များကို စမ်းသပ်ခဲ့သည်။ ထို့ကြောင့် ယန်းချန်က ဝမ်ဝေ့သည် ထိုကျင့်ကြံသူများကို အစပိုင်း နေ့စဉ်ဘဝ၌ ကျင့်ကြံရေးစွမ်းအားထဲ ပေါင်းထည့်ဖို့ ဖိအားပေးခဲ့ရကြောင်း သိထားသည်။ သို့သော်လည်း အချိန်ကြာလာသည့်အခါ မက်လုံးများနှင့် ဆွဲဆောင်မှုများက ကမ္ဘာကို ဖြည်းဖြည်းချင်း ပြောင်းလဲသွားစေပြီး ကျင့်ကြံသူများကလည်း ဝမ်ဝေ့၏ လက်အောက်၌ မဟာရှားကို တည်ဆောက်ဖို့ ပျော်ပျော်ရွင်ရွင် ကူညီလာကြသည်။

အများစုက သူတို့ကိုယ်ပိုင်အတွေးများ ရလာကြပြီး တချို့က သေမျိုးများနှင့် စကားပြောဆိုကာ သူတို့လိုအပ်ရာများကို သီးသန့်အသုံးအဆောင်များ ဖန်တီးပေးခဲ့ကြသေးသည်။

ယေဘုယျအားဖြင့် ကျင့်ကြံသူအများစုက သူတို့စွမ်းရည်ဖြင့် သေမျိုးများကို ကူညီရသည်မှာ ပျော်ရွင်လာကြသည်။ အကြောင်းမှာ သူတို့အား အောင်မြင်သည့် ခံစားချက်မျိုး ရစေ၍ ဖြစ်သည်။

ရလဒ်ကရော ….

အလွန်ချမ်းသာကြွယ်ဝစည်ပင်သည့် တိုင်းပြည်တစ်ခု ဖြစ်လာပြီး လူဦးရေလည်း ပေါများလာသည်။ ပို၍ အရေးကြီးသည်က ဆေးပညာ၊ အဆောင်အစီအရင်နှင့် ပြုပြင်မွမ်းမံရေး ပညာရပ်များလိုမျိုး အတတ်ပညာများ၌ တိုးတက်လာကြသည်။

ကျွမ်းကျင်တတ်မြောက်သူများ အတူတကွ လုပ်ဆောင်သည့်အခါ သူတို့၏ ဗဟုသုတနှင့် အတွေ့အကြုံကို မျှဝေကြရင်း ထိုနယ်ပယ်များက အံ့မခန်းနှုန်းဖြင့် ဖွံ့ဖြိုးလာသည်။

ထို့ကြောင့် ယန်းချန်က အသင်္ချေအင်ပါယာကမ္ဘာသာ သခင်လေး ညွှန်ကြားမှုအောက် စတင်ဖွံ့ဖြိုးတိုးတက်လာလျှင် ဘယ်လိုဖြစ်လာမည်ကို စတင်မြင်ယောင်ကြည့်လာသည်။

ယခင်က ပြောခဲ့ဖူးသလိုမျိုး သူတို့နေထိုင်မှုဘဝက များစွာ တိုးတက်လာပြီး ရှေးဟောင်းဧကရာဇ်ခေတ်ကာလပင် ယှဉ်နိုင်မည် မဟုတ်တော့ပေ။

ဒီဖွံ့ဖြိုးမှုကနေ ဘယ်သူက အကျိုးမြတ်အများဆုံး ရမှာလဲ … သူတို့ တာအိုအခွင့်အလမ်းဂိုဏ်းပေါ့ …

ယန်းချန်က ဤခေတ်သစ်၏ အစပိုင်းတွင် အင်အားကြီးဂိုဏ်းအများစုက သခင်လေးဘက်မှ နေဖို့ တုံ့ဆိုင်းနေကြလိမ့်မည်မှန်း မြင်နေမိသည်။ သို့သော်လည်း သူတို့တာအိုအခွင့်အလမ်းဂိုဏ်းက အကုန်ထောက်ပံ့ပေးနိုင်လေသည်။

“စောစောထတဲ့ ငှက် အစာဝဝစားရတယ်” ဆိုတဲ့ ဆိုရိုးရှိသည် မဟုတ်ပါလော။

ထိုသို့လုပ်ခြင်းဖြင့် တခြားသူများ မပါဝင်ခင် သူတို့တာအိုအခွင့်အလမ်းဂိုဏ်းက ရှေ့ဆုံးမှ နေရာယူထားသောကြောင့် ကျန်အင်အားစုများ သူတို့ကို လိုက်မီမည် မဟုတ်ပေ။

ယန်းချန်က ထိုအင်အားစုများသည် သူတို့ဂိုဏ်း ရရှိမည့် အကျိုးမြတ်များကို မြင်လာသည့်အခါ စိတ်ပြောင်းလာလိမ့်မည် ဖြစ်ကြောင်း ရာနှုန်းပြည့် ယုံကြည်ထားသည်။

အဲဒီဂိုဏ်းတွေ ဘယ်လိုပြုမူမလဲဆိုတာ သူ ဘယ်လိုသိနေတာလဲ …

စစ်ဆေးမှုအတွင်း ဖြစ်ပျက်ခဲ့သမျှ အပြောင်းအလဲများအပေါ် သူတို့တုံ့ပြန်မှုကို ကြည့်ခြင်းဖြင့် သိနိုင်လေသည်။ သူတို့အတွက် မဟာရှားတိုင်းပြည်အတွင်း အပြောင်းအလဲများက သူတို့အတွက် အံ့လောက်ဖွယ် အတွေးအခေါ်များဖြစ်ပြီး မဟာရှားက တခြားတိုင်းပြည်များထက် သာလွန်နေသည်။

လူအများစုက ဝမ်ဝေ့သည် ကျင့်ကြံသူများနှင့် သေမျိုးများကို ရောနှောဖို့ အများကြီး လုပ်ဆောင်ခဲ့ရမည်ဟု တွေးမိကြသည်။ ထိုအရာက သူတို့အတွက် အရှက်ရဖွယ် ဖြစ်၏။ ထို့ကြောင့် ယန်းချန်က သူ့သက်တူရွယ်တူများ၏ အမြင်နိမ့်ကျမှုကို တိတ်တဆိတ်သာ ကဲ့ရဲ့မိလိုက်သည်။

တကယ်တော့ သူတို့က တိုက်ပွဲတိုင်းပြည်ကမ္ဘာ၏ သိုင်းပညာသည် ကျင့်ကြံဆင့်နိမ့်သူများအတွက် အကျိုးရှိကြောင်း ရှာမတွေ့ခဲ့ကြပေ။ သူတို့၏ စိတ်ဝိညာဉ်အပေါ် နားလည်နိုင်စွမ်းက အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် တက်လှမ်းဖို့ အကူအညီကြီး ဖြစ်နိုင်မှန်း မသိကြပေ။

သူတို့၏ ဘဝင်မြင့်မှုနှင့် မောက်မာမှုများက သူတို့ကို အမြင်ကန်းသွားစေသောကြောင့် တာအိုအခွင့်အလမ်းဂိုဏ်းကသာ အကျိုးမြတ်များစွာ ရလာလိမ့်မည်။

“အကြီးအကဲချုပ် ပင်ပန်းသွားပါပြီ။ ကျေးဇူးတင်ပါတယ် ”

“ဂိုဏ်းချုပ် ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ သခင်လေးကို ကာကွယ်ပေးဖို့ ကျုပ်တာဝန်ပါပဲ။ ကျုပ် ဒါကို ပြီးမြောက်ဖို့ ဝမ်းမြောက်ဝမ်းသာ သေနိုင်ပါတယ်” ယန်းချန်က အပြုံးလေးဖြင့် ပြောလာသည်။ ထို့နောက် သူက အကြီးအကဲချုပ် စုဝေးရာ တောင်နောက်ဆီ ပြန်သွားလိုက်သည်။

……………

ဝမ်ထျန်းနှင့် သူ့မိသားစုက ဝမ်မိသားစုမျိုးနွယ် တောင်ထိပ်ဆီ ပြန်ရောက်လာပြီး သူ့အဘိုးနှင့်အတူ ညစာအတူတူစားကြသည်။

ညစာစားပြီးနောက်တွင် ဝမ်ချန်က သူ့မြေးကို ကျေကျေနပ်နပ် ကြည့်လိုက်ရင်း  “ဝေ့အာ … ယန်းချန်ရဲ့ တင်ပြချက်အရ မင်းက ဒီစစ်ဆေးမှုကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မင်း အစီအစဉ်တွေအများစုက အခု ထုတ်ဖော်လိုက်လို့ မဖြစ်သေးဘူး”

“ဘာလို့လဲ ”

“ ဧကရာဇ်မျိုးဆက်ဆိုတာက မင်း ရင်ဆိုင်ရတဲ့ ဆွေကြီးမျိုးကြီးတွေနဲ့ အတူတူပဲ။ ဗဟုသုတကို လက်ကိုင်ထားပြီး သူတို့အင်အားကို ထိန်းထားတာကို ကြည့်လေ … အဲဒါကြောင့် သူတို့က ဘယ်သူ့ကိုမှ အနေအထား၊ အဆင့်အတန်း ပြောင်းလဲခွင့် ပြုမှာ မဟုတ်ဘူး။ အဲဒါကြောင့် မင်း စစ်ဆေးမှုထဲမှာ လုပ်ခဲ့သလိုမျိုး လုပ်ချင်ရင် မင်းရဲ့ အင်အားက သေချာတဲ့ အနေအထားတစ်ခု ရောက်နေရမယ် ”

ဝမ်ဝေ့က မျှော်လင့်ထားပြီးသား ဖြစ်၍ သက်ပြင်းချလိုက်သည် “နောက်ဆုံးတော့လည်း ကျွန်တော် တာအိုကို သက်သေပြနိုင်ခြင်း၊ မပြနိုင်ခြင်းပေါ်မှာ မူတည်နေတာပဲ ”

သို့သော်လည်း ဝမ်ချန်က ခေါင်းခါကာ  “ရိုးရိုးဧကရာဇ် ဖြစ်တာက လုံလောက်တာထက် အလှမ်းဝေးနေသေးတယ်။ မင်းက သာမန်ဧကရာဇ်ထက် အားကောင်းပြီးတော့ ထာဝရဧကရာဇ် ဖြစ်လာရမယ် ”

“ ထာဝရဧကရာဇ်လား ”

“ ဒီလိုဗဟုသုတက မင်း သိဖို့ စောနေသေးတယ်။ ထာဝရဧကရာဇ်က မဟာဧကရာဇ်တွေကြားမှာ အမြင့်ဆုံးဆိုတာ မှတ်ထား … ဒီကမ္ဘာ နှစ်သန်းချီတစ်လျှောက်၊ မရေတွက်နိုင်တဲ့ ခေတ်ကာလတွေတစ်လျှောက်၊ ဒီကမ္ဘာထဲ လျှောက်လှမ်းခဲ့ကြတဲ့ မဟာဧကရာဇ်သောင်းသန်းချီကြားထဲ ထာဝရဧကရာဇ် အရေအတွက်က လက်နှစ်ဖက်တည်းနဲ့ ရေတွက်လို့ ရတယ်”

ဝမ်ဝေ့က ထိုအကြောင်းကို ကြားပြီး မျက်ခုံးပင့်ကြည့်လိုက်သည်။ သူက ထာဝရဧကရာဇ်၏ အဓိပ္ပါယ်ကို မှန်းဆမိလိုက်၏။ ဤကမ္ဘာထဲ ကျင့်ကြံကြသည့် မဟာဧကရာဇ်များကြား တချို့က တခြားလူများထက် ထူးကဲနေခဲ့သည်။

သူတို့ ရရှိထားသည့် အောင်မြင်မှုများက ဒဏ္ဍာရီလာ ဖြစ်ပြီး သူတို့တည်ရှိမှုနှင့် ပတ်သက်၍ ထာဝရဆန်းကြယ်မှုကို ချန်ထားရစ်ခဲ့သည်။

ဝမ်ဝေ့က သူ့အဘိုးသည် ထိုသို့သော ဧကရာဇ်မျိုး ဖြစ်မှသာ သူ့အစီအစဉ်အားလုံးကို အကောင်အထည်ဖော်နိုင်မည့် အခွင့်အရေးရလာမည် ဖြစ်ကြောင်း ပြောနေမှန်း သိလိုက်သည်။ ထို့ကြောင့် သူက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

“ မင်း ပြန်ခေါ်လာတဲ့ လူနှစ်ယောက်ကို ဘာလုပ်မှာလဲ” ဝမ်ထျန်းက ရုတ်တရက် ထမေးလိုက်သည်။

“ ထျဲ့ကန်ကိုတော့ ဘယ်လက်ရုံးအဖြစ် လေ့ကျင့်ပေးဖို့ စီစဉ်ထားတယ်။ အဲဒါဆို ဂိုဏ်းက သူ့ကို အမြင့်မားဆုံး ထောက်ပံ့ပေးနိုင်တယ်။ ဒါပေမဲ့ သူ့သစ္စာရှိမှုကို ရာနှုန်းပြည့် မသေချာသေးဘူး။ အဲဒါကြောင့် ခဏလောက်တော့ သူ့ကို စောင့်ကြည့်ဖို့ လူလွတ်ထားတာ ကောင်းလိမ့်မယ်” ဝမ်ဝေ့က စဉ်းစားရင်း ဖြေလိုက်သည်။

“ယူစစ်ယွီကိုတော့ သူမက အေးအေးချမ်းချမ်း ကျင့်ကြံချင်တဲ့ စိတ်ဆန္ဒကလွဲရင် ဘာရည်မှန်းချက်မှ မရှိဘူး။ အဲဆိုတော့ သူမ လိုအပ်တာလေး ထောက်ပံ့ပေးထားပြီးတော့ လွှတ်ထားပေးလိုက်ပါ ”

ဝမ်ထျန်းက သူ့သား၏ အကြံပြုချက်ကို လက်ခံလိုက်သည်။ ယူစစ်ယွီက ပြန်လည်ကောင်းကျိုးပြုသည့် ကိစ္စအတွက်မူ အရေးမကြီးပေ။ သူတို့ဂိုဏ်းက တစ်ယောက်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ အရင်းအမြစ် လုံလောက်သည်ထက် ပိုပေသည်။ ထို့အပြင် ဝမ်ထျန်းက သူ့သားသည် ဒီလိုဆုံးဖြတ်လိုက်သည့် အကြောင်းအရင်းအား မှန်းဆမိ၏။

ညစာစားပြီးသည့်နောက်တွင် ယုယန်က သူမသားကို ပွေ့ဖက်ကာ စစ်ဆေးမှုအကြောင်း စတင်မေးမြန်းတော့သည်  “ အဲဒီမိန်းကလေး သုံ့လီဖန်းကို ဘာလို့ခေါ်မလာခဲ့တာလဲ။ အမေက မြေးဝဝကစ်ကစ်လေး ချီဖို့ အသင့်ဖြစ်နေပါပြီ ”

ဝမ်ဝေ့က သူ့အမေအား ဆွံ့အစွာ ကြည့်လိုက်သည်  “သုံ့လီဖန်းက ကျွန်တော်အတွက် မိန်းကလေး မဟုတ်ဘူး။ ပြီးတော့ သူမက ရည်မှန်းချက်ပြည့်ဖို့ အဲဒီကမ္ဘာမှာပဲ နေရစ်ဖို့ ရွေးချယ်ခဲ့တာ … မြေးကိစ္စကတော့ အမေ လက်ကျန်တစ်ဘဝလုံး ချီနိုင်ပါ့မလား မသိတော့ဘူး ”

“ဘာ … သားက အမေ့ကို မြေး မွေးပေးဖို့ အစီအစဉ်မရှိဘူးလား” ယုယန်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ ဤသည်က သူမအတွက် လောလောလတ်လတ် သတင်း ဖြစ်၏။

“ တစ်သက်လုံးတော့ မဟုတ်ပါဘူး။ ကျွန်တော် တာအိုလမ်းစဉ် မအောင်မြင်ခင်အထိတော့ ကလေးယူဖို့ မစီစဉ်ထားဘူး။ အဲဒီနည်းနဲ့ ကျွန်တော် စိတ်အာရုံ မထွေပြားတော့ဘူး။ ကျွန်တော့်ကလေးတွေလည်း ကြောက်ခမန်းလိလိ ပါရမီနဲ့ မွေးဖွားလာကြလိမ့်မယ်။ မဟာဧကရာဇ်ကိုတောင် မွေးထုတ်ပေးနိုင်လောက်မလား မသိဘူး …

အစကနေ ပြန်ပြောရရင် ကျွန်တော် ကလေးယူဖို့ အသင့်ဖြစ်တဲ့အခါ အချိန်ဘယ်လောက်ကြာသွားလောက်မယ် ထင်လဲ ”

ယုယန်က သူ့သားကို ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်ကာ  “ အဲဆိုတော့ မင်းက အမေနဲ့ အဖေကို ထွေးပွေ့ဖို့ မြေးလေးတစ်ယောက်တောင် မွေးမပေးဘဲ တဖြည်းဖြည်း အသက်ကြီးအိုမင်းသွားတာကို ကြည့်နေမယ်ပေါ့လေ ”

“အမေကလည်း အဲလိုတွေ စိုးရိမ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ မိသားစု ထဝရရှင်သန်သူ ဖြစ်လာဖို့ အချိန်တစ်ခုပဲ ကြာမှာ … ပြီးတော့ အမေ၊ အဖေနဲ့ အဘိုးတစ်ခုခု ဖြစ်သွားခဲ့ရင်တောင် ကျွန်တော် အားကောင်းလာတဲ့အခါကျ သံသရာစက်ဝန်းကို ဖြတ်ပြီး အမေတို့အားလုံးကို ပြန်ခေါ်ဖို့က အသေးအမွှားလေး ဖြစ်သွားမှာပါ ”

ယုယန်က သူ့သားစိတ်ကို မပြောင်းနိုင်ကြောင်း သိ၍ သက်ပြင်းချလိုက်သည်။ သူက ဆုံးဖြတ်ချက် ချသည့်အခါ ခေါင်းမာတတ်လေသည်။ ထို့ကြောင့် သူမက ထိုအကြောင်း ထပ်မပြောတော့ပေ။

အိမ်ပြန်ရောက်လာပြီးနောက် ဝမ်ဝေ့က လအနည်းငယ်ကြာ မိသားစုနှင့်အတူ အချိန်ဖြုန်းခဲ့သည်။ သူက စစ်ဆေးမှုအပြီးတွင် ခန္ဓာကိုယ်နှင့် စိတ်ကို အနားပေးဖို့ လိုအပ်နေ၏။

ထို့နောက် သူက သဘာဝလွန်နယ်ပယ်အဆင့် ရောက်ဖို့ သီးသန့်လေ့ကျင့်မှု စတင်လိုက်သည်။

All Chapters